နေ့ရောညပါ တစ်ရက်လုံးလုံး ကျွင်းချင်းမှာ သေမင်းနှင့် အသက်လုကာ ကုတင်ပေါ်တွင် လဲလျောင်းနေခဲ့ရသည်။ လာရောက်၍ သွေးကြောများ စမ်းသပ်ကြည့်သည့် သမားတော်တိုင်း၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အထင်းသားပေါ်လွင်နေခဲ့ကာ အားလုံး၏ ဆုံးဖြတ်ချက်မှာ တစ်ခုတည်းသာ ဖြစ်လေသည်။ ကျွင်းချင်းသည် သေမင်းတံခါးဝသို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည် ဟူ၍ပင် ဖြစ်ချေသည်။
ကျွင်းရှန်းမှာ တစ်ညတည်းနှင့် ဆယ်နှစ်ခန့် အိုမင်းသွားသကဲ့သို့ ဖြစ်နေခဲ့သည်။ သားဖြစ်သူ၏ ဘေးတွင် ထိုင်ရင်း သမားတော်များ အားလုံးကို နန်းတော်သို့ ပြန်ကြရန် လက်ကာပြလိုက်တော့သည်။ ထို့နောက် မျက်နှာအား လက်ဝါးနှစ်ဖက်ဖြင့် အုပ်ကာ ဝမ်းနည်းပူဆွေးစွာ ထိုင်နေတော့သည်။
....................
"ဒါ တကယ်ပဲလား"
စာကြည့်ဆောင်တွင် ထိုင်နေသော ဧကရာဇ်မင်းမြတ်သည် ကျွင်းချင်း၏ အခြေအနေအား လာရောက်တင်ပြနေသော သမားတော်၏ စကားများအား နားထောင်နေခဲ့သည်။ သူ၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိဘဲ လေးနက် တည်ကြည်စွာ နားထောင်နေခြင်း ဖြစ်ပေသည်။
"ဒီအစေခံ လိမ်ပြောဝံ့ပါဘူး ကျွင်းချင်းရဲ့ အဆိပ်က တကယ်ပဲ ထကြွလာပြီး နှလုံးကိုပါ တိုက်ခိုက်နေပါပြီ"
ဟု သမားတော်မှ အမှန်အတိုင်း တင်ပြလိုက်လေသည်။
"နှမြောစရာပဲ နှင်းတောင်ဂျင်ဆင်းနဲ့ အနီရောင် လင်ဇီးတို့ကို လင်းစံအိမ်တော်ဆီ ပို့ပေးဖို့ အမိန့်ပေးလိုက်"
ဧကရာဇ်မင်းမြတ်သည် အလွန် ရက်ရောဟန် ပြလိုက်လေသည်။ နှင်းတောင်ဂျင်ဆင်းနှင့် အနီရောင် လင်ဇီး နှစ်မျိုးစလုံးမှာ အသက်အား ရှည်စေရန် အသုံးပြုသော ရှားပါးသည့် ဆေးဖက်ဝင်အပင်များ ဖြစ်ကြကာ ကျွင်းချင်းမှာ အသက်မရှည်နိုင်တော့မည်အား လူတိုင်း သိမြင်နေကြပြီ ဖြစ်သည်။
"မှန်လှပါ ဧကရာဇ်မင်းမြတ်"
"ထွက်သွားတော့"
ဧကရာဇ်မင်းမြတ်မှ လက်ကာပြလိုက်လေသည်။ သမားတော် ထွက်သွားသောအခါ ဧကရာဇ်မင်းမြတ်သည် ထိုင်ခုံအား မှီချလိုက်ပြီးနောက် စားပွဲပေါ်ရှိ စာလိပ်အမျိုးမျိုးအား လှန်လှောကြည့်နေရင်း သူ့နှုတ်ခမ်းထောင့်တွင် အပြုံး ယောင်ယောင်လေး တစ်ခု ပေါ်လာခဲ့သည်။
လင်းစံအိမ်တော် တစ်ခုလုံး အုံ့မှိုင်းညှိုးနွမ်းနေခဲ့သည်။ ကျွင်းချင်းမှာ ကုတင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေခဲ့ကာ သူ၏ အသက်ရှူသံမှာ အလွန်ပင် တိုးညင်းလှပေသည်။ နီရဲနေသည့် မျက်လုံးများဖြင့် ကျွင်းရှန်မှာ သူ့ဘေးတွင် ထိုင်နေခဲ့သည်။
"ဘာလို့ ရုတ်တရက်ကြီး ဒီလိုဖြစ်ရတာလဲ ဒီနှစ်တွေ တစ်လျှောက်လုံး မင်း အကောင်းကြီးပါပဲ ဘာလို့ အဆိပ်က ရုတ်တရက် ထဖောက်လာရတာလဲ"
ကျွင်းရှန် နားမလည်နိုင်အောင် ဖြစ်နေရတော့သည်။ ဤနှစ်များ တစ်လျှောက်လုံးတွင် သူ၏ အခြေအနေသည် တည်ငြိမ်နေခဲ့ခြင်း ဖြစ်သည်။ မည်သည်ကများ အဆိပ်အား ကြွတက်လာစေရန် လှုံ့ဆော်လိုက်လေသနည်း။
ဘေးတွင် ရပ်နေသော ထိုသူမှာ မျက်နှာထား တင်းမာနေခဲ့ကာ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
"လတ်တလော စံအိမ်တော်ထဲကို မသင်္ကာစရာ လူတွေ ဝင်လာသေးလား"
ကျွင်းရှန်းမှ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ ထိုသူမှ ခေါင်းယမ်းလိုက်ပြီးနောက် ကုတင်ပေါ်တွင် လဲလျောင်းနေသည့် ကျွင်းချင်းကို ကြည့်လိုက်မိသည်။ သူ၏ စိတ်ထဲတွင် အတွင်း တိုက်ပွဲများ ဆင်နွှဲနေခဲ့ရလေသည်။
ကျွင်းချင်း သတိမလစ်မီတွင် ကျွင်းဝူရှဲ့ ဤနေရာသို့ ရောက်လာခဲ့ကြောင်းအား မည်သူ့ကိုမျှ မပြောရန် သူ့အား အထူးတလည် မှာကြားထားခဲ့သည်။ မည်သို့ပင် ဖြစ်စေကာမူ ကျွင်းဝူရှဲ့သည် သူ့အား ဒုက္ခပေးမည်မဟုတ်ဟု ကျွင်းချင်း၏ ရင်ထဲမှ အခိုင်အမာ ယုံကြည်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ အသက် နည်းနည်းစောက ကုန်ဆုံးသွားရုံပဲဟု သဘောထားခဲ့ခြင်း ဖြစ်သည်။ သူ၏ တူမလေးအား လင်းစံအိမ်တော်အား ပိုမို၍ ရုန်းရင်းဆန်ခတ် ဖြစ်စေမည့် အကြံအစည်များ အတွင်း ပါဝင်ပတ်သက်နေသည် ဟု မည်သူ့ကိုမျှ အထင်မခံလိုချေ။
သို့သော် ယခုအခါ သမားတော်အားလုံးမှ သူ၏ အသက် ရှင်သန်ရန် အချိန်သိပ်မကျန်တော့ကြောင်း အတည်ပြုထားပြီး ဖြစ်သည်။ ဤကိစ္စအား ထာဝရ ဖုံးကွယ်ထားရတော့မည်လော။ ထိုသူမှာ ဝေခွဲမရဖြစ်နေခဲံသည်။ အကယ်၍ အခြားလူ တစ်ယောက်သာ ဆိုလျှင် သူ တိုက်ရိုက် စစ်ဆေးမေးမြန်း ပြီးနေလောက်ပြီ ဖြစ်သည်။ သို့သော် ကံဆိုးစွာဖြင့် တရားခံမှာ ကျွင်းဝူရှဲ့ ဖြစ်နေခဲ့သည်။
အကယ်၍ ကျွင်းချင်း တကယ်ပဲ သေဆုံးသွားခဲ့လျှင် လင်းစံအိမ်တော် အတွက် အနာဂတ်ဆိုတာ မရှိတော့ချေ။
"ဒါ ဒီမှာ ဘာတွေဖြစ်နေတာလဲ"
ရုတ်တရက် အံ့သြနေသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုသူနှင့် ကျွင်းရှန်တို့ နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း လှည့်ကြည့် လိုက်သောအခါ ကြောင်မည်းလေး တစ်ကောင်အား ပွေ့ချီထားခဲ့ကာ တံခါးဝတွင် အံ့အားတကြီးဖြင့် သံသယ ဖြစ်နေသည့် မျက်နှာထားနှင့် ကျွင်းဝူရှဲ့အား တွေ့လိုက်ရလေသည်။
"ဝူရှဲ့"
ကျွင်းရှန်း၏ အက်ကွဲနေသော အသံမှာ ဝမ်းနည်းပူဆွေးမှုများ အပြည့် ပါဝင်နေခဲ့သည်။ ထိုသူသည် တုန်ရီနေသော လက်သီးအား ဆုပ်လိုက်ပြီးနောက် ပြောချင်နေသော စကားများအား မြိုချလိုက်လေတော့သည်။
"မင်းဦးလေး အဆိပ်သင့်တာ ပြန်ထလာခဲ့ပြီ"
ကျွင်းရှန်းမှ မျှော်လင့်ချက်မဲ့စွာ မျက်လုံးများအား မှိတ်လိုက်ရင်း သူမအား ဖြည်းညှင်းစွာ ပြောပြလိုက်လေသည်။
‘အဆိပ်သင့်တယ်’
ထိုစကားအား ကြားလိုက်ရချိန်တွင် ကျွင်းဝူရှဲ့ အနည်းငယ် အံ့သြသွားမိသည်။ သူမသည် အံ့သြနေသော ကျွင်းရှန်နှင့် ထိုသူအား လျစ်လျူရှုလိုက်ကာ ကုတင်ဆီသို့ ချက်ချင်း သွားလိုက် ပြီးနောက် ကျွင်းချင်း၏ သွေးခုန်နှုန်းအား စမ်းသပ်ကြည့်လိုက်မိသည်။
သူ၏ သွေးခုန်နှုန်းသည် အလွန်အားနည်းနေပြီး ဖြစ်ကာ ခွဲခြားသိမြင်ရန်ပင် ခက်ခဲလှပေသည်။ ကျွင်းချင်း၏ မျက်နှာမှာ ဖြူရော်နေခဲ့ကာ အမည်းရောင်အရာများ ရောနှောနေသည့် ချွေးများ ဖုံးလွှမ်းနေခဲ့သည်။ ဤလက္ခဏာများ အားလုံးသည် အဆိပ်သင့်ခြင်း၏ ဖော်ပြချက်များနှင့် ကိုက်ညီနေခဲ့သည်။
အကယ်၍ အခြားသူများသာဆိုလျှင် ပြင်းထန်သော အဆိပ်သင့်ခြင်းဟု ကောက်ချက်ချကြလိမ့်မည် ဖြစ်သည်။ သို့သော် ကျွင်းဝူရှဲ့သည် မည်သူနည်း။ ခြားနားချက် တစ်ခုအား သူမ ချက်ချင်း ရှာတွေ့သွားခဲ့သည်။
ကျွင်းချင်း၏ သွေးခုန်နှုန်းက အားနည်းနေသော်လည်း အလွန် တည်ငြိမ်နေခဲ့သည်။ ကျွင်းဝူရှဲ့သည် စောင်ကို ချက်ချင်း ဖယ်ရှားလိုက်ပြီးနောက် ခေါင်းအုံးကိုပါ ဆွဲဖယ်လိုက်လေသည်။
"ဝူရှဲ့ သမီး ဘာလုပ်နေတာလဲ"
"ဦးလေး ဘာမှမဖြစ်ဘူး"
ကျွင်းဝူရှဲ့၏ စိတ်ထဲတွင် ကုသရေး အပေါ်၌သာ အာရုံစိုက်နေသဖြင့် သူမ၏ ရုတ်တရက် လုပ်ရပ်များနှင့် စကားများသည် ဘေးတွင် ပါးစပ် အဟောင်းသားနှင့် ရပ်နေကြသည့် သူများအပေါ် မည်မျှ သက်ရောက်မှု ရှိသွားသည်အား မသိလိုက်ချေ။
***