ကျွင်းချင်း၏ အခြေအနေမှာ လူတိုင်း ထင်ထားသည်ထက် ဆိုးရွားမနေခဲ့ချေ။ အဆိပ်များသည် ရိုးတွင်းခြင်ဆီ အထိ ထိုးဖောက် ဝင်ရောက်သွားပုံ ပေါ်သော်လည်း ကြာစေ့သည် အရိုးများအား ဆေးကြောပေးခဲ့ကာ အဆိပ်များကိုလည်း ဖယ်ရှားပေးသောကြောင့် ထိုအဆိပ်များမှာ ချွေးများနှင့်အတူ ခန္ဓာကိုယ်ရှိ ချွေးပေါက်များမှတစ်ဆင့် အပြင်သို့ ထွက်လာခဲ့ခြင်း ဖြစ်သည်။
လုပ်ငန်းစဉ် မပြီးဆုံးမီ ဤသို့ စွန့်ပစ်အဆိပ်များ စုပုံလာခြင်းသည် လူအများအား အထင်လွဲစေခဲ့ကာ ကြောက်မက်ဖွယ် ကောင်းသော အဆိပ်ပမာဏသည် နှလုံးအား ထိခိုက်သွားပြီဟု ထင်မှတ်သွားကြကာ သေဆုံးတော့မည့် အချိန် နီးကပ်လာခဲ့ပြီဟု ဆုံးဖြတ်ကာ မှတ်ချက်ပေးလိုက်ကြခြင်း ဖြစ်သည်။
အမှန်တကယ်တွင် ထိုမျှ အန္တရာယ်မရှိလှပေ။ ကျွင်းဝူရှဲ့သည် အဆိပ်ဖြေခြင်း လုပ်ငန်းစဉ်အား ချောမွေ့စေရန် ကျွင်းချင်းအား ပက်လက် အနေအထားတွင် ထားလိုက်လေသည်။ ထို့နောက် အပ်စိုက်ပေးရန် အတွက် အိတ် တစ်အိတ်အား လျင်မြန်စွာ ထုတ်ယူလိုက်ပြီးနောက် ရှည်လျား သေးသွယ်သော အပ်တစ်ချောင်းအား ဆွဲထုတ်လျှက် အဓိက သွေးကြော ဆုံမှတ်တစ်ခုအား တိကျစွာ စိုက်သွင်းလိုက်လေသည်။
သူ၏ သွေးလှည့်ပတ်မှုအား မြန်ဆန်စေရန်နှင့် လုပ်ငန်းစဉ်အား အရှိန်မြှင့်တင် ပေးလိုက်ကာ သူ၏ ဝေဒနာအား စောစောစီးစီး အဆုံးသတ်ပေးရန် ရည်ရွယ်ချက်ဖြင့် ပိတ်ဆို့နေသည့် အခြားသော အမှတ် အနည်းငယ်ကိုပါ ပွင့်သွားစေရန် ဆက်လက်၍ လုပ်ဆောင်လိုက်တော့သည်။
ကျွမ်းကျင်ပိုင်နိုင်စွာ အပ်များအား အသုံးပြု၍ ကုသပေးနေစဉ် သူမမှာ ပတ်ဝန်းကျင်အား မေ့လျော့လျှက် ကိုယ့်ကမ္ဘာနှင့်ကိုယ် လွင့်မျောနေလေတော့သည်။ သူမ အပ်အား စတင်၍ ဆွဲထုတ်လိုက်ချိန်တွင် ထိုသူမှာ ဆက်လက် သည်းမခံနိုင်တော့ဘဲ သူမအား တားဆီးနိုင်ရန် ရှေ့သို့ တက်လာစဉ် အံ့သြသင့်နေသော ကျွင်းရှန်မှ လက်ကာပြလိုက်ကာ တားဆီးလိုက်လေသည်။
သူတို့သည် ကုတင်ဘေးတွင် ရပ်လျှက် သူမ၏ သွေးကြောများအား ကျွမ်းကျင်တိကျစွာ ဖွင့်ပေးနေသည်ကိုသာ တိတ်ဆိတ်စွာ စောင့်ကြည့် နေကြလေတော့သည်။ သူတို့အားလုံး ကျွင်းဝူရှဲ့ ကြီးပြင်းလာသည်အား မြင်ခဲ့ကြသော်လည်း သူမ၏ ဆေးပညာ စွမ်းရည်မှာ ဤမျှ ကောင်းမွန်လိမ့်မည်ဟု တစ်ခါမျှ မထင်မှတ်ခဲ့ကြပေ။
"အခန်းထဲမှာ မီးဖိုဆယ်လုံး ပြင်ဆင်ပြီး တံခါးနဲ့ ပြတင်းပေါက်တွေကို ပိတ်လိုက်ပါ"
ဟု သူမမှ အေးအေးဆေးဆေးပင် အမိန့်ပေးလိုက်လေသည်။
"မင်း ဘာတွေ လုပ်နေတာလဲ သူက မင်းဦးလေးလေ သူ သေတော့မယ်ဆိုတာကို မင်း မမြင်ဘူးလား"
ထိုသူမှ မနေနိုင်တော့ပဲ အော်ဟစ်လိုက်မိတော့သည်။ သူသည် ဆက်ပြီး သည်းမခံနိုင်တော့ချေ။ ကျွင်းချင်းသည် အလွန် ဖျားနာနေခဲ့ပြီ ဖြစ်ကာ သူ၏ ချွေးများသည် အိပ်ရာခင်းများ ကိုပင် စိုရွှဲနေသည် အချိန်တွင် သူမသည် သူ့အား မီးဖိုဆယ်လုံးနဲ့ အခန်းထဲမှာ အောင်းထား ချင်သေးသည်။
ကျွင်းဝူရှဲ့မှ လှမ်းကြည့်လိုက် ပြီးနောက် အေးစက်သော အသံဖြင့် ပြောလိုက်လေသည်။
"ငါ အရူးတွေနဲ့ စကားမပြောဘူး"
သူ၏ မျက်နှာထား မည်မျှ ဆိုးရွားနေသည်အား သူမ ဂရုမစိုက်ပေ။ သူမ၏ ကြောင်မည်းလေးအား ပွေ့ချီလျှက် ထွက်သွားတော့သည်။
ကျွင်းချင်း၏ အဆိပ်ဖြေခြင်း လုပ်ငန်းစဉ်တွင် မှားယွင်းမှု မရှိသော်လည်း သူ၏ ခန္ဓာကိုယ် အောက်ပိုင်းမှာ အချိန်အတော်ကြာ မလှုပ်မရှား ဖြစ်နေခဲ့သဖြင့် ခန္ဓာကိုယ်မှာ အလွန်ပင် အားနည်းနေခဲ့သည်။ သူ၏ ကိုယ်တွင်းအင်္ဂါများ အားလုံးသည်လည်း ကစဉ့်ကလျား ဖြစ်နေသဖြင့် အရိုးများအား ဆေးကြော ပြီးသော်လည်း သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည်
ယခင်အတိုင်း သို့မဟုတ် ယခင်ကထက်ပင် ပိုကောင်းအောင် ပြန်လည် တည်ဆောက်ပေးနိုင်ရန် အတွက် သူမ၏ ကူညီပေးမှုများ လိုအပ်နေသေးပေသည်။ ယခု သူမ၏ အဓိက ပန်းတိုင်မှာ ကျန်ရှိနေသော အဆိပ်များအားလုံးအား အတိုတောင်းဆုံး အချိန်အတွင်း ဖယ်ရှားပစ်ရန် ဖြစ်သည်။
ထို့ကြောင့် သူ၏ ကိုယ်တွင်းစနစ်အား တည်ငြိမ်စေရန်နှင့် အားဖြည့်ပေးနိုင်ရန် အတွက် ဆေးညွှန်းအား သွားယူရန် သူမ ချက်ချင်း ထွက်သွားခဲ့ခြင်း ဖြစ်သည်။
ကျွင်းချင်း၏ အခန်းတွင်း၌ ထိုသူ၏ မျက်နှာမှာ မီးသွေးခဲလို မည်းမှောင်နေခဲ့ကာ ကျွင်းရှန်းမှာလည်း လေးနက်သော မျက်နှာထားဖြင့် ရှိနေသဖြင့် လေထုမှာ အလွန် မွန်းကျပ်နေခဲ့လေသည်။
သေမင်းတမန်ကဲ့သို့ ဖြူလျော်နေသော မျက်နှာဖြင့် ကုတင်ပေါ်တွင် လဲလျောင်းနေသည့် ကျွင်းချင်းအား ကြည့်ရင်း ကျွင်းရှန်းမှာ အနည်းငယ် ဝေခွဲမရ ဖြစ်နေ ပြီးနောက် နောက်ဆုံးတွင် အမိန့်ပေးလိုက်လေသည်။
"မီးဖိုဆယ်လုံး ပြင်ဆင်လိုက် တံခါးတွေနဲ့ ပြတင်းပေါက်တွေ အားလုံးကို လုံအောင် ပိတ်ထား"
"လင်းဝမ် သခင်မလေးကို သခင်လေး အသက်နဲ့ ကစားခွင့် ပေးလိုက်တော့မလို့လား"
သူသည် ကျွင်းရှန်းအား မယုံနိုင်စရာ အကြည့်ဖြင့် ကြည့်လိုက်မိသည်။ ကျွင်းရှန်းမှ သက်ပြင်းချလိုက်လေသည်။
"အခြား သမားတော်တွေ ပြောတာကို မင်း ကြားပြီးပြီပဲ သူ့ကို ကုဖို့ နည်းလမ်းမရှိတော့ဘူးတဲ့ သူတို့အားလုံး သူ့ကို လက်လျှော့ လိုက်ကြပြီမလား ဘယ်လောက်ပဲ ရယ်စရာကောင်းနေပါစေ မျှော်လင့်ချက် ရောင်ခြည်လေး တစ်စ ရှိနေတယ်ဆိုတဲ့ အချက် ရှိနေရင်တောင် ငါ ကြိုးစားကြည့်အုန်းမှာပဲ ငါ့မှာ သားတစ်ယောက်ပဲ ကျန်တော့တာ သူ့ကိုပါ ငါ့အနားကနေ ဒီလောက် လွယ်လွယ်နဲ့ ထွက်သွားခွင့် မပြုနိုင်ဘူး အခွင့်အရေးက တစ်သန်းပုံ တစ်ပုံပဲ ရှိနေပါစေ ငါ ဆုပ်ကိုင်ထားအုန်းမှာပဲ"
သူသည် ကျဉ်းထဲကျပ်ထဲသို့ ရောက်နေခဲ့ပြီး ဖြစ်ကာ ထွက်ပေါက် မရှိတော့ချေ။ အရာအားလုံးအား စွန့်စားရန် သူ ဆန္ဒရှိနေခဲ့သည်။ မည်သို့ပင် ဖြစ်စေ သူ့တွင် နောက်ထပ် ဆုံးရှုံးစရာ မည်သည့်အရာမှ မကျန်တော့ချေ။
မြေးဖြစ်သူ၏ အပ်စိုက် ပညာစွမ်းရည်အား မြင်တွေ့လိုက်ရသောအခါ သူ၏ ရင်တွင်း၌ မျှော်လင့်ချက် ရောင်ခြည်လေး တစ်စ ပြန်လည်၍ တောက်ပလာခဲ့ပြန်သည်။ သူ၏ မျှော်လင့်ချက်အား မိသားစု အပေါ်၌သာ ပုံထားလိုက်ချင်တော့သည်။
“အရှင့်ရဲ့ မျှော်လင့်ချက်တွေ အားလုံးကို သူ့လို ကလေးမလေး အပေါ်မှာ ပုံထားတော့မလို့လား သူက ဆေးပညာနဲ့ ပတ်သက်ခဲ့တာ ဘယ်လောက်ကြာသေးလို့လဲ ဒါက အရမ်းလွန်နေပြီ ဒါက လူ့ အသက်တစ်ချောင်းနဲ့ ကစားနေတာပဲ ချင်းယွမ်ဂိုဏ်းချုပ်ရဲ့ တပည့်က အခု တော်ဝင်နန်းတော်မှာ နေနေတယ် မဟုတ်ဘူးလား ဧကရာဇ်မင်းမြတ် သဘောမတူရင်တောင် သူ့ကို ကြိုးတုပ်ပြီး ဒီကို ဆွဲခေါ်လာခဲ့မယ်"
ဟု ထိုသူမှ ခါးသီးစွာ ငြင်းခုံလိုက်မိသည်။ ကျွင်းရှန်းမှ ခေါင်းယမ်းလိုက်ကာ ပြောလိုက်သည်။
"ကျွင်းချင်းက အဆိပ်မိတာ အရမ်းပြင်းထန်တယ် ချင်းယွမ် ဂိုဏ်းချုပ်တောင် မဖြေနိုင်ခဲ့တာကို သူ့တပည့်က ဘာလုပ်နိုင်မှာတဲ့လဲ မင်း သူ့ကို ကြိုးတုပ်ပြီး ဆွဲခေါ်လာရင်တောင် ဘာထူးမှာလဲ အလကားပါပဲ"
***