ထိုသူသည် အံကြိတ်လျက် ကုတင်ဘေးတွင် လဲကျမတတ် နုံးချိစွာ မှီထားလိုက်တော့သည်။ မကြာမီမှာပင် အခန်းတွင်းသို့ မီးဖိုများ ရောက်ရှိလာပြီး အခန်းအပြည့် ချထားလိုက်ပြီးနောက် အစေခံများသည် တံခါးနှင့် ပြတင်းပေါက် အားလုံးကို အလျင်အမြန် ပိတ်ဆို့ လိုက်ကြတော့သည်။
ရုတ်တရက် မြင့်တက်လာသည့် အပူရှိန်ကြောင့် ကျွင်းရှန်းနှင့် ထိုသူတို့မှာ မိမိတို့၏ ဝိဉာဉ်စွမ်းအားများကို ထုတ်ဖော်ကာ ခန္ဓာကိုယ်အား အကာအကွယ် ပေးထားရသဖြင့် သူတို့၏ ကိုယ်ပေါ်တွင် အပူဒဏ်အား ကာကွယ်ရန် ပါးလွှာသည့် စွမ်းအင် အလွှာပါးလေးများ ဖုံးလွှမ်းသွားကြတော့သည်။
ကျွင်းချင်း၏ ကိုယ်ပေါ်မှ အမည်းရောင် အညစ်အကြေးများ ရောနှောနေသည့် ချွေးများမှာ တရဟော စီးကျလာခဲ့ကာ တစ်ကိုယ်လုံး ရွှဲနစ်သွားလေတော့သည်။ ရေကန်ထဲမှ ဆွဲတင်လိုက်ရသူ တစ်ဦး ကဲ့သို့ပင် တူညီနေတော့သည်။ ကြမ်းပြင်ပေါ်သို့ ကျလာသည့် ချွေးစက်များမှာလည်း အပူရှိန်ကြောင့် ချက်ချင်း အငွေ့ပျံသွားကာ တစ်ခန်းလုံးတွင် အခိုးအငွေ့များဖြင့် ပြည့်နှက်သွားလေတော့သည်။
တံခါးပွင့်သံ နှင့်အတူ ကျွင်းဝူရှဲ့သည် သူမ ကိုယ်တိုင် ဖော်စပ်ထားသည့် ဆေးရည် တစ်ခွက်အား ကိုင်ဆောင်ထားလျှက် အခန်းထဲသို့ ဝင်လာခဲ့လေသည်။ ကြောင်မည်းလေးသည်လည်း သူမ၏ ဘေးတွင် ကပ်ပါလာခဲ့သည်။ သူမသည် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ကျွင်းချင်း ရှိရာသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်လေသည်။
ရုတ်တရက် သူမ၏ လက်ကောက်ဝတ်အား တစ်စုံတစ်ယောက်မှ တင်းကျပ်စွာ ဆုပ်ကိုင် လိုက်လေသည်။ ထိုသူသည် သူမအား တားဆီးရန် ရှေ့သို့ အပြေးတက်လာခြင်း ဖြစ်သည်။
"သူက မင်းရဲ့ ဦးလေးလေ"
သူသည် သူမအား ရန်လိုသော အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။ ဤ အခြေအနေအားလုံး၏ အစမှာ သူမ ကျွင်းချင်းအား ကျွေးလိုက်သော ကြာစေ့ကြောင့် ဖြစ်သည်ဟု ကျွင်းရှန်းကို မပြောပြထား သော်လည်း သူ၏ စိတ်ထဲတွင်မူ သူမ၌ တာဝန်ရှိသည် ဟု မှတ်ယူထားဆဲ ဖြစ်ပေသည်။
သူမမှ ကျွင်းချင်းအား တမင် ဒုက္ခပေးရန် ကြံစည်သည်ဟု မယုံကြည်လိုသည့်တိုင် လက်ရှိ ဖြစ်ပျက်နေသည့် အမှန်တရားမှာမူ မျက်ဝါးထင်ထင် ရှိနေသေးပေသည်။
"လွှတ်"
သူမသည် မျက်မှောင်ကြုတ်လျက် အေးစက်စွာ ပြောလိုက်တော့သည်။ ထို့နောက် သူမ၏ လက်အား ခါထုတ်ကာ ထိုသူ၏ လက်မှ ရုန်းထွက်လိုက်တော့သည်။ လူနာအား ကုသနေစဉ် အတွင်း အကြိမ်ကြိမ် အနှောင့်အယှက်ပေးပြီး မေးခွန်းထုတ်ခံရခြင်းအား သူမ အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်နေမိပြီ ဖြစ်သည်။
ထိုသူသည် မျက်နှာပျက်ပျက်နှင့်ပင် အခန်းထောင့်တွင် တိတ်ဆိတ်စွာ ရပ်နေရင်းဖြင့် ကျွင်းဝူရှဲ့မှ ကျွင်းချင်းအား အမည်းရောင် ဆေးရည်များ တိုက်ကျွေးနေသည်ကိုသာ စောင့်ကြည့်နေရတော့သည်။
ဆေးရည်များ သောက်ပြီး သည့်တိုင် ကျွင်းချင်းမှာ ကုတင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေဆဲ ဖြစ်ကာ မည်သည့် တုံ့ပြန်မှုမျှ မရှိသေးချေ။
အချိန်များ တဖြည်းဖြည်း ကုန်လွန်လာသည် နှင့်အမျှ အခန်းတွင်းရှိ ပြင်းထန်သော အပူရှိန်မှာ ကျွင်းဝူရှဲ့ အတွက် ကြီးမားသော ညှဉ်းပန်း နှိပ်စက်မှု တစ်ခု ဖြစ်လာခဲ့သည်။ သူမသည် ဝိဉာည်စွမ်းအားကို စတင်၍ မကျင့်ကြံရသေးသဖြင့် ထိုမျှ ပြင်းထန်လှသော အပူဒဏ်မှ ကာကွယ်ရန် စွမ်းအင် အကာအကွယ်လည်း မရှိပေ။
သူမ၏ ချွေးများမှာ တရဟော စီးကျလာခဲ့ကာ ပါးလွှာသည့် ဝတ်စုံမှာလည်း ချွေးများ ရွှဲနစ်နေလေတော့သည်။ သို့သော် သူမသည် မည်သို့မျှ မတုန်လှုပ်ဘဲ ကျွင်းချင်း၏ သွေးခုန်နှုန်း အပြောင်းအလဲတိုင်းအား အသေးစိတ် အာရုံစိုက်လျှက် ငြိမ်သက်စွာ ထိုင်နေလေသည်။ ကြောင်မည်းလေးမှာ ကုတင်ပေါ်သို့ ခုန်တက်လိုက်ကာ ကျွင်းချင်းအား တစ်လှည့် ကျွင်းဝူရှဲ့အား တစ်လှည့် ကြည့်လိုက်လေသည်။
"မြောင်"
(ခန္ဓာကိုယ် အခြေအနေက တည်ငြိမ်နေပုံပဲ)
ကျွင်းဝူရှဲ့မှ ခေါင်းအား အသာအယာ ညိတ်ပြလိုက်လေသည်။
တစ်နာရီခန့် ကြာသောအခါ ယခင်တွင် ထွက်ရှိလာခဲ့သည့် နောက်ကျိ ညစ်ပတ်သည့် ချွေးများနှင့် မတူဘဲ ကြည်လင် တောက်ပသော ချွေးစက်များ ထွက်ပေါ် လာလေတော့သည်။ ကျွင်းဝူရှဲ့မှ အစေခံများအား ချက်ချင်းခေါ်လိုက်ကာ မီးဖိုအားလုံးကို ဖယ်ရှားစေပြီးနောက် အခန်းအား လေဝင်လေထွက် ကောင်းမွန်စေရန် အတွက် လုပ်ဆောင်ရန် ခိုင်းစေလိုက်တော့သည်။
"ရေနွေးပြင်ဆင်ပြီးတော့ ဒုတိယသခင်လေးကို လူကိုယ်တိုင် သန့်ရှင်းရေးလုပ်ပေးဖို့ ကူညီပေးလိုက်ကြ"
ဟု သူမမှ အမိန့်ပေးလိုက်လေသည်။ အခန်းပြင်ပရှိ လူတိုင်းသည် သူမအား အံ့သြသော အကြည့်များဖြင့် ကြည့်နေကုန်ကြသည်။ သူတို့၏ သခင်မလေးမှ မည်သည့်အရာများ ထပ်မံ၍ လုပ်ဆောင်ဦးမည်နည်း။ တိုင်းပြည်ရှိ သမားတော်တိုင်းမှ လက်လျှော့ထားရသည့် ဒုတိယသခင်လေး၏ အခြေအနေအား သူမမှ သမားတော်လုပ်၍ ကုနေခြင်း ဖြစ်နေခဲ့သည်လား။
အစေခံများမှာ ဝေခွဲမရ ဖြစ်နေသဖြင့် ကျွင်းရှန်းအား လှမ်းကြည့်လိုက်ကြရာတွင် ကျွင်းရှန်းမှ ခေါင်းညိတ်ပြမှသာ အခန်းထဲသို့ အလုအယက် ဝင်ရောက်ကာ သန့်ရှင်းရေး လုပ်ပေးကြတော့သည်။
"ရှင် ကျွန်မဆေးခန်းကိုသွားပြီး စားပွဲပေါ်မှာ ကျွန်မထားခဲ့တဲ့ ဆေးအိုးကို ယူခဲ့ အဲဒါကို ရေနွေးထဲထည့်ပြီး ဒုတိယသခင်လေးကို သုံးနာရီကြာအောင် ရေစိမ်ပေးထားလိုက်"
သူမက သူမနှင့် အနီးဆုံးတွင် ရပ်နေသည့် ထိုသူအား လှမ်း၍ ခိုင်းစေလိုက်လေသည်။ ဤလုပ်ငန်းစဉ် တစ်ခုလုံးတွင် ကျွင်းရှန်းသည် ဘေးမှ တိတ်ဆိတ်စွာ ရပ်ကြည့်နေခဲ့ကာ သူမ၏ စီစဉ်မှုများအား တစ်ခါမျှ ဝင်ရောက် မနှောင့်ယှက်ခဲ့ချေ။ ပင်ပန်းနွမ်းနယ်နေသည့် မျက်လုံးများဖြင့် မြေးဖြစ်သူအား ကြည့်နေရင်းဖြင့် သူ၏ ရင်ထဲတွင် သက်ပြင်းချကာ ဝမ်းမြောက်မိနေလေသည်။
သူမလုပ်သမျှသည် အောင်မြင်သည် ဖြစ်စေ မအောင်မြင်သည် ဖြစ်စေ အနည်းဆုံးတွင် သူမသည် အကောင်းဘက်သို့ ပြောင်းလဲ လာခဲ့ပြီ မဟုတ်ပါလော။
အရာရာအား စီစဉ်ပြီး သွားသောအခါ ကျွင်းဝူရှဲ့သည် သူမ၏ ဝတ်စုံတွင် အစွန်းအထင်း များစွာ ပေကျံနေသည်အား သတိပြုမိသွားလေသည်။ ၎င်းတို့မှာ ကျွင်းချင်း၏ ကိုယ်တွင်းမှ ထွက်လာသော အမည်းရောင် အညစ်အကြေးများ ဖြစ်ပြီး အလွန် နံစော်နေခဲ့လေသည်။ သူမသည် ရေချိုးရန် မိမိအခန်းသို့ အမြန် ပြန်လာခဲ့လိုက်တော့သည်။ သူမသည် ဤကဲ့သို့သော အနံ့အသက်ဆိုးများအား အလွန်ပင် မုန်းတီးလှပေသည်။
***