ကျွင်းချင်းမှာမူ ကျွင်းဝူရှဲ့ အထူး ပြင်ဆင် ပေးထားသည့် ဆေးရည်ထဲတွင် စိမ်နေရလေသည်။ သူ သတိမရသေးသော်လည်း အခြေအနေ တိုးတက်လာသည်မှာ အထင်အရှားပင် ဖြစ်သည်။ အသက်ရှူသံမှာ ယခင်ကကဲ့သို့ မတိုးညင်းတော့ဘဲ ဖြူလျော်နေသည့်တိုင် ယခင်ကဲ့သို့ သေဆုံးခါနီး လူတစ်ယောက်လို အခြေအနေမျိုး မဟုတ်တော့ပေ။ ထိုသူသည် ဤအခြေအနေအား မြင်နေရသော်လည်း ကျွင်းဝူရှဲ့အပေါ် စိတ်ထဲ၌ အစာမကြေဖြစ်နေဆဲ ဖြစ်သောကြောင့် ရင်အား ကော့ကာ မာန်တင်းထားဆဲပင် ဖြစ်သည်။
ကျွင်းရှန်းမှာလည်း သားဖြစ်သူ၏ ဘေးတွင် အမြဲရှိနေခဲ့ကာ အခြေအနေ တိုးတက်လာသည်အား မြင်သောအခါမှသာ သက်ပြင်းချလျှက် စိတ်အေး သွားရလေတော့သည်။
"ဝူရှဲ့ကလည်း သူ့တူမပဲဟာ အရင်က နည်းနည်း နုနယ်ခဲ့ပေမဲ့ အခုတော့ သူလည်း ကြီးပြင်းလာပြီပဲ မင်းတို့ သူမအပေါ်မှာ အမြင် မစောင်းသင့်တော့ပါဘူး နောက်ဆို သူမ ဘေးကင်းကင်းနဲ့ ကြီးပြင်းလာဖို့အတွက် မင်းတို့ရဲ့ အကာအကွယ်ကို သူမ လိုအပ်လာလိမ့်မယ်"
ဟု သူမှ စိတ်ရှည်စွာ ရှင်းပြလိုက်တော့သည်။ ထိုသူသည် ကျွင်းဝူရှဲ့အား သိပ်သဘောမကျသည်ကိုလည်း သူ သိမြင်နေခဲ့သည်။ ထို့ကြောင့် သူတို့ကြားရှိ အာဃာတများအား တတ်နိုင်သမျှ လျှော့ချပေးလိုခြင်း ဖြစ်ပေသည်။
ထိုသူမှာမူ မည်သည်ကိုမှ ပြန်လည်၍ မတုန့်ပြန်သော်လည်း ကျွင်းချင်း၏ မျက်နှာတွင် သွေးရောင်လေးများ ပြန်လည် စိုပြေလာသည်အား မြင်ရသည်နှင့် အခန်းထဲမှ ချက်ချင်း ထွက်ခွာ သွားလေတော့သည်။
ရေချိုးလိုက်ကာ ဝတ်စုံသစ် လဲလှယ် ပြီးနောက် ကျွင်းဝူရှဲ့သည် ဆေးခန်းထဲတွင် ထိုင်လျှက် လက်တစ်ဖက်မှ လက်ဖက်ရည်ခွက်အား ကိုင်ထားရင်းဖြင့် ကျန်လက်တစ်ဖက်မှာမူ ဆေးဖက်ဝင်အပင်များ၏ အမည်များအား အားသွန်ခွန်စိုက် ရေးမှတ် နေလေတော့သည်။
ကျွင်းချင်း၏ အခြေအနေမှာ တည်ငြိမ်သွားပြီ ဖြစ်သော်လည်း ယခင်ကကဲ့သို့ ကျန်းမာ သန်စွမ်းလာနိုင်စေရန်မှာ အားထုတ်မှုများစွာ လိုအပ်နေသေးသည်။ ထို့ကြောင့် သူမသည် လိုအပ်သော ဆေးညွှန်းများအား အလုပ်ရှုပ်ခံကာ ရေးသားနေရခြင်း ဖြစ်သည်။
ဆေးများနှင့် လိုက်ဖက် ညီစေရန်အတွက် သူမသည် စားသောက်ရမည့် အစားအသောက် စာရင်းကိုပါ ပူးတွဲရေးသားခဲ့သည်။ တစ်ခုနှင့်တစ်ခု အားဖြည့်ပေးခြင်းဖြင့် ခန္ဓာကိုယ်အား ပြန်လည် ပြုစုပျိုးထောင်ကာ ကျန်းမာရေး ပြန်လည်ကောင်းမွန်မှုကိုလည်း မြန်ဆန်စေရန် အတွက် ဖြစ်ပေသည်။ ထိုအချိန်တွင် တံခါးခေါက်သံ တစ်သံသည် သူမ၏ အတွေးများအား အနှောင့်အယှက် ပေးလိုက်လေသည်။
"ဝင်ခဲ့"
တံခါး ပွင့်လာသောအခါ သူမအား အမြဲ အနှောင့်အယှက် ပေးနေသည့် အရပ်ရှည်ရှည်နှင့် ထိုသူအား တွေ့လိုက်ရလေသည်။ သူမ မျက်မှောင်ကြုတ်လိုက်မိသည်။
"ရှင့်မှာ ပြောစရာရှိရင် အခုပြော မရှိရင် ထွက်သွားတော့"
မိသားစုဝင်များ မှလွဲ၍ ကျန်သောသူများအား သူမ ဂရုမစိုက်ချေ။ သူမ စိတ်ထဲရှိသည်ကို အားမနာတမ်း ပွင့်ပွင့်လင်းလင်း ပြောဆိုလေ့ ရှိပေသည်။ သူမ စကားဆုံးသည်နှင့် သူမရှေ့တွင် ရပ်နေသော ထိုသူမှာ ဗုန်းခနဲ အသံမြည်အောင် ဒူးတစ်ဖက် ထောက်လိုက်လေတော့သည်။
"လွေ့လင်းစစ်တပ်ရဲ့ ဗိုလ်မှူးကြီး လုံချီဟာ သခင်မလေးအပေါ် အကြီးအကျယ် စော်ကားမိခဲ့ပါတယ် သခင်မလေး စိတ်ကြိုက် အပြစ်ပေးနိုင်ပါတယ်"
ဟု ထိုသူမှ ခေါင်းအား အနည်းငယ် ငုံ့လျက် တည်ကြည် လေးနက်စွာ ပြောလိုက်လေသည်။
လွေ့လင်းစစ်တပ်ရဲ့ ဗိုလ်မှူးကြီး
သူမသည် လုံချီအား လှမ်းကြည့်လိုက်လေသည်။ ထိုသူသည် သူမ ဦးလေးဘေးတွင် အမြဲ တိတ်တိတ်ဆိတ်ဆိတ် ရှိနေခဲ့ကာ ဂရုတစိုက် ပြုစု စောင့်ရှောက် ပေးနေသည်ကိုလည်း သူမ အမြဲ မြင်တွေ့ခဲ့ရဖူးသည်။ သူသည် အစေခံ (သို့မဟုတ်) ကိုယ်ရံတော်နှင့် မတူကြောင်း သိမြင်ခဲ့သော်လည်း လွေ့လင်းစစ်တပ်၏ ဗိုလ်မှူးကြီး တစ်ဦး ဖြစ်နေလိမ့်မည်ဟု တစ်ခါမျှ မတွေးမိခဲ့ချေ။သို့သော်...
"ဆိုတော့..."
ကျွင်းဝူရှဲ့မှ မျက်မှောင်ကြုတ်လျက် မေးလိုက်လေသည်။ လုံချီမှာ မည်သည့် စကား တစ်ခွန်းမျှ မပြောဘဲ ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေဆဲ ဖြစ်သည်။ သူမအပေါ် အမြင်စောင်းခဲ့သည်မှာလည်း အမှန်ပင် ဖြစ်ပေသည်။ ကျွင်းချင်းအား သူမ အဆိပ်ခတ်ခဲ့သည် ဟုပင် သူ အကြီးအကျယ် သံသယ ဝင်ခဲ့မိသေးသည်။ သို့သော် ကျွင်းချင်းအား သူမ မည်မျှ ဂရုတစိုက် ကုသပေးခဲ့သည်ကိုလည်း မြင်တွေ့လိုက်ရပြီးနောက် ကုသမှု၏ ရလဒ်များကိုပါ တွေ့မြင်လိုက်ရသောအခါ သူ မှားယွင်းခဲ့ကြောင်း သိရှိသွားလေတော့သည်။
လွေ့လင်းစစ်တပ်၏ စည်းကမ်းမှာ အလွန်ပင် တင်းကျပ်လှသဖြင့် သူသည် မိမိကိုယ်တိုင် အပြစ်ပေးခံရန် အတွက် လာရောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ တပ်သားတိုင်း၏ စိတ်ထဲတွင် စွဲမြဲနေသည့် သံမဏိ စည်းကမ်း တစ်ခုလည်း ဖြစ်သည်။ အမှားလုပ်မိလျှင် အပြစ်ပေးခံရမည်။
"ဘာကိစ္စမှ မရှိရင်လည်း သွားလို့ရပြီ"
သူမသည် သူ၏ ရာထူး (သို့မဟုတ်) တောင်းဆိုမှုအပေါ် မည်သည့် စိတ်ဝင်စားမှုမျှ မရှိချေ။ ဤလူသည် သူမအား အကြိမ်ကြိမ် အနှောင့်အယှက် ပေးခဲ့သော်လည်း ၎င်းမှာ ကျွင်းချင်းအပေါ် စိုးရိမ်ပူပန်မှုကြောင့် ဖြစ်သည်ကိုလည်း သိသဖြင့် ထိုသူ ရိုင်းစိုင်းခဲ့သည်များအား သူမ စိတ်ထဲ မထားခဲ့သလို ဂရုလည်း မစိုက်ခဲ့ချေ။
သူသည် ထိုအနေအထားအတိုင်း ခဏမျှ ဆက်နေ ပြီးနောက် မတ်တပ်ရပ်လျှက် အခန်းထဲမှ ထွက်ခွာ သွားလေတော့သည်။ ယခုတစ်ကြိမ်တွင်တော့ သူသည် သူမအပေါ် အလွန်ရိုသေသွားခဲ့ပြီ ဖြစ်ကာ တံခါးမပိတ်မီ အနည်းငယ်ပင် ဦးညွှတ်သွားခဲ့သေးသည်။
"ဝိုး ကိုမရှိတဲ့ အချိန်မှာ မင်း ဘာတွေများ ထူးထူးခြားခြား လုပ်လိုက်တာလဲ ကြည့်ရတာ စိတ်ဝင်စားစရာပဲ"
နောက်ပြောင်ကျီစယ်လိုသော အငွေ့အသက်များ ပါဝင်နေသည့် ပဟေဠိဆန်သည့် အသံတစ်ခု တံခါးဝမှ ထွက်ပေါ် လာခဲ့တော့သည်။
***