ကျွင်းဝူရှဲ့ အနည်းငယ် ထိတ်လန့်သွားပြီးနောက် မျက်မှောင်ကြုတ်ကာ လှမ်းကြည့်လိုက်လေသည်။ သူသည် အနီးဆုံးရှိ ထိုင်ခုံသို့ အေးအေးလူလူ လျှောက်သွားလိုက်ကာ ထိုင်ချလိုက်ပြီးနောက် လက်တစ်ဖက်ဖြင့် ခေါင်းအား ပျင်းရိစွာ ထောက်လျက် သူမကို ဆွဲဆောင်မှုရှိသည့် အပြုံးတစ်ခုဖြင့် ပြုံးပြလိုက်လေသည်။
သူ၏ ရှည်လျား နက်မှောင်လှသည့် ပိုးသား ဆံနွယ်များသည် ဘေးသို့ ဝဲကျနေခဲ့ကာ သူ၏ လှပခန့်ညားသည့် မျက်နှာအား ဝန်းရံထားခဲ့သည်။ ထိုမြင်ကွင်းသည်ပင် အပြစ်တစ်ခုလို ဖြစ်နေခဲ့သည်။
ကျွင်းဝူရှဲ့သည် လွန်ခဲ့သော ရက်အနည်းငယ် ကတည်းမှ သူ့အား မတွေ့ခဲ့ရသဖြင့် သူ၏ တည်ရှိမှုကိုပင် မေ့လုနီးပါး ဖြစ်နေခဲ့သည်။ ယခုကဲ့သို့ ရုတ်တရက် ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။
သူ ပေါ်လာသည်နှင့်အတူ ရင်းနှီးနေလှသော သွေးညှီနံ့အား သူမ ခပ်သဲ့သဲ့ ရလိုက်ပြန်သည်။ ဆေးဖက်ဝင်အပင်များ၏ အနံ့ပြင်းပြင်းများဖြင့် ဖုံးကွယ် ထားသော်လည်း သူမ၏ ထက်မြက်သော နှာခေါင်းသည် ထိုအနံ့အား ဖမ်းမိနေဆဲပင် ဖြစ်သည်။
ကျွင်းဝူယောင်မှ သူမအား ကြည့်လျှက် ပျော်ရွှင်နေသော်လည်း သူမမှာမူ နှာခေါင်းအား လက်ဖြင့် ပိတ်ကာ မျက်မှောင်ကြုတ် လိုက်သည်အား မြင်သောအခါ သူ၏ အပြုံးမှာ ပျက်ယွင်းသွားလေတော့သည်။
"နောက်တစ်ခါ အနံ့တွေကို လုံးဝ မဖျောက်ဘဲ ကျွန်မ ဆေးခန်းထဲကို ဝင်လာခွင့်မရှိဘူး"
ဟု သူမမှ သတိပေးလိုက်လေသည်။ သူ မည်သည့် နေရာမှ လာသည် ဆိုသည်အား သူမ ဂရုမစိုက်ပေ။ သူမနှင့် လင်းစံအိမ်တော်အား မထိခိုက်သရွေ့ သူ ကြိုက်နှစ်သက်ရာ ပြုလုပ်နိုင်ပေသည်။ ကျွင်းဝူယောင်သည် ဝမ်းနည်းသွားသကဲ့သို့ မျက်နှာပေးဖြင့် ဖြည်းဖြည်းချင်း ထရပ်လိုက်တော့သည်။
အနံ့က ခွဲခြားရ ခက်လောက်အောင် ဖျော့တော့ လှသည့်အပြင် ဤနေရာတွင် ဆေးနံ့များသည်လည်း ပြင်းထန်လှပေသည်။ ဤမျှ များပြားလှသော အနံ့များ ကြားထဲမှ ထိုအနံ့အား ဖမ်းမိရန် သူမ၏ နှာခေါင်းသည် မည်မျှအထိ ထက်မြက်နေရလေသနည်း။
"မင်း အဲဒီအနံ့ကို ဒီလောက်တောင် မုန်းတာလား"
သူ ရယ်မောလျှက် မေးလိုက်သည်။
"ဟုတ်တယ်"
သူ သူမထံသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်အား သူမ မြင်လိုက်ရလေသည်။ သူ နီးကပ်လာသည် နှင့်အမျှ သူမ မသိစိတ်ဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိတော့သည်။ လူနာအား ကုသနေချိန် မဟုတ်လျှင် ဤအနံ့သည် သူမအား အလွန်အမင်း ပျို့အန်ချင်စိတ် ဖြစ်စေပေသည်။
"တကယ်ပဲ တောင်းပန်ပါတယ်"
ကျွင်းဝူရှဲ့မှ သူ့အား သိသိသာသာပင် ရှောင်ဖယ်နေသည်အား မြင်သောအခါ သူ၏ မျက်နှာတွင် မကောင်းဆိုးဝါးဆန်သည့် အပြုံးတစ်ခု ဖြတ်ပြေးသွား ပြီးနောက် ရုတ်တရက် ပျောက်ကွယ် သွားတော့သည်။ သူမ မည်သည်ကိုမှ ပြန်လည်၍ မတုန့်ပြန်နိုင်လိုက်ခင်မှာပင် သန်မာလှသည့် လက်မောင်းတစ်စုံ၏ ပွေ့ဖက်ခြင်းအား ခံလိုက်ရလေသည်။
သူမ၏ နုနယ်သော မျက်နှာလေးမှာ သူ၏ ရင်ခွင်ကျယ်ကြီး အတွင်းသို့ အတင်းအကျပ် ဖိကပ်ခံလိုက်ရပြီးနောက် သွေးညှီနံ့မှာ သူမ၏ နှာခေါင်းအတွင်းသို့ ယခင်ကထက် အဆပေါင်းများစွာ ပြင်းထန် စူးရှစွာ တိုးဝင် လာလေတော့သည်။ ကျွင်းဝူရှဲ့မှာ ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်သွားလျှက် မှင်သက်နေမိတော့သည်။
"လွှတ်စမ်း"
"လိမ္မာပါကွာ နောက်တစ်ခါ မင်း အဲဒီအနံ့ကို မရစေရဘူး"
ကျွင်းဝူယောင်သည် လွှတ်မပေး သည့်အပြင် သူမအား ပို၍ပင် တင်းကျပ်စွာ ဖက်ထား လိုက်သေးသည်။ အလွန် သေးငယ်ပြီး နူးညံ့လွန်းသဖြင့် ဘေးကင်းခုံခြုံသည့် နေရာတွင်သာ ပုန်းနေတတ်သည့် တိရစ္ဆာန်လေး တစ်ကောင်နှင့်သာ တူညီနေလေတော့သည်။ သို့သော် သူ ဖက်ထားသည့် ထိုအကောင်ပေါက်လေးတွင် ထက်မြက်လှသည့် အစွယ်များ ရှိနေခဲ့ကာ ယခုအချိန်တွင် ထိုအစွယ်လေးများအား အပြင်သို့ ထုတ်ပြနေပုံရလေသည်။
သူမသည် အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင်လို ပြုမူခံနေရကာ သူမ၏ ခေါင်းကိုပါ ပွတ်သပ် ခံနေရသဖြင့် အလွန်ပင် ဒေါသထွက် နေမိတော့သည်။ သူမ လတ်လတ်ဆတ်ဆတ် လဲလှယ်ထားသည့် ဝတ်စုံမှာမူ ယခုတွင် သွေးညှီနံ့များ စွဲကျန်ရစ်ခဲ့ပြန်ပြီ ဖြစ်သည်။ နောက်ဆုံးတွင် သူ သူမအား လွှတ်ပေး လိုက်သောအခါ သူမသည် ဆေးခန်းထဲမှ အမြန် ပြေးထွက်သွားခဲ့ကာ ခန္ဓာကိုယ်အား အကြိမ်ကြိမ် ဆေးကြော သန့်စင်ပြီးမှသာ ပြန်ထွက် လာလေတော့သည်။
သူမ၏ သခင်ထံမှ အစွန့်ပစ်ခံလိုက်ရသည့် ကြောင်မည်းလေးမှာ ကျွင်းဝူယောင်အား စိုက်ကြည့် နေရုံမှလွဲ၍ မည်သို့မှ မတတ်နိုင်ချေ။ ကျွင်းဝူယောင်မှာမူ ထွက်ပြေးသွားသည့် ကျွင်းဝူရှဲ့၏ အရိပ်လေးကိုသာ ကြည့်လျှဥ် မရယ်မောဘဲ မနေနိုင်တော့ချေ။ ကြောင်မည်းလေးသည် အလွန် ပြင်းထန်လှသော စွမ်းအင်လှိုင်းများအား ခံစားလိုက်ရသဖြင့် ဤလူမှာ မည်မျှ အန္တရာယ်ရှိကြောင်း သိရှိသွားလေတော့သည်။ ၎င်းသည်လည်း သခင်ဖြစ်သူ၏ ခြေရာအတိုင်း ဆေးခန်းထဲမှ ချက်ချင်း ထွက်ပြေး သွားတော့သည်။
‘သခင်ရေ ဒီအရူးနဲ့ ကျွန်တော့်ကို တစ်ယောက်တည်း ထားမသွားပါနဲ့’
..........
နောက်ဆုံးတွင် ကျွင်းချင်း နိုးလာခဲ့ပြီ ဖြစ်သည်။ သူ၏ ကုတင်ဘေးတွင် ထိုင်နေသည့် ရင်းနှီးသည့် ပုံရိပ်တစ်ခုအား သူ မသဲမကွဲ မြင်နေရလေသည်။ အမြင်အာရုံများ တဖြည်းဖြည်း ပြန်လည် ကြည်လင် လာသောအခါ စိုးရိမ်ပူပန်မှုများကြောင့် အိုမင်းသွားပုံရသည့် သူ၏ ဖခင်ကြီးအား တွေ့လိုက်ရတော့သည်။
"အဖေ"
ကျွင်းချင်းသည် ထထိုင်ရန် ကြိုးစား လိုက်သော်လည်း သူ၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ အရိုးများမှာ အပိုင်းပိုင်းအစစ ကျိုးကြေသွားသကဲ့သို့ ခံစားရသဖြင့် မလှုပ်ရှားနိုင်ခဲ့ပေ။
"မလှုပ်နဲ့ ပြန်လဲလျောင်းနေလိုက်"
ကျွင်းရှန်မှ ချက်ချင်းပင် လက်ကမ်းကာ တားလိုက်လေသည်။
"ကျွန်တော့်မှာ ဘာတွေဖြစ်ခဲ့တာလဲ"
တစ်ကိုယ်လုံး ကျိုးကြေမတတ် နာကျင်နေပြီးနောက် မလှုပ်ရှား နိုင်သော်လည်း သူ၏ စိတ်ထဲတွင်မူ တစ်စုံတစ်ရာကြောင့် သက်သောင့်သက်သာရှိမှုကိုလည်း ခံစားနေရပြန်သည်။
"မင်းက မင်းအဖေ ငါ့ကို သေမတတ် ကြောက်အောင် လုပ်လိုက်တာပဲကွ"
ကျွင်းချင်းသည် ကုတင်ဘေးတွင် ထိုင်ကာ စိတ်မကောင်း ဖြစ်နေသော ဖခင်ဖြစ်သူအား ကြည့်လျှက် မည်သို့မှ ပြန်လည် မတုန့်ပြန်နိုင်တော့ဘဲ ငြိမ်သက်နေလေတော့သည်။
***