ခြံဝင်းထဲတွင် နန်ပါးထျန်း၏အသံ ပဲ့တင်ထပ်နေခဲ့သည်။ နန်ပါးထျန်း၏အော်သံကြောင့် အပြင်တွင် စောင့်ကြပ်နေသည့် အစောင့်လေးဦးသည် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကြည့်လိုက်ကြပြီး ခြံဝင်းထဲသို့ အပြေးဝင်သွားကြသည်။
သူတို့မြင်တွေ့ရသည်မှာ သာမန်ခြံဝင်းငယ်လေး၊ သာမန်အိပ်ဆောင်အခန်းနှင့် ရူးသွပ်နေသည့် နန်ပါးထျန်းတို့ဖြစ်သည်။
ထို့နောက် ဘာမှထပ်မရှိတော့ပေ။ သခင်မလည်း မရှိတော့။ သခင်မ၏အစေခံ သုကျွမ်းလည်း မရှိတော့ပေ။
နန်ပါးထျန်းသည် တုန်ယင်နေသည့် အစောင့်လေးဦးကို သွေးနီရောင်မျက်လုံးကြီးများဖြင့် စူးရဲစွာ စိုက်ကြည့်လျက် မေးမြန်း၏။
“လူတွေ ဘယ်ရောက်သွားလဲ။ ငါ့ဇနီးဘယ်ရောက်သွားလဲ”
“ခေါင်းဆောင် သခင်မက ခြံဝင်းထဲမှာပဲ ရှိနေခဲ့တာပါ။ ကျွန်တော်တို့ တစ်နေ့လုံး တစ်ခဏလေးမှ မျက်ခြေမပြတ်စေဘဲ စောင့်ကြပ်နေခဲ့တာပါ။ သခင်မ သခင်မက လေထဲမှာ ပျောက်ကွယ်သွားတာတော့ မဖြစ်နိုင်ပါဘူး”
“လေထဲပျောက်ကွယ်သွားတာတော့ မဖြစ်နိုင်ဘူး။ ဒါဆို သူအခု ဘယ်မှာလဲ”
“ငါ့ကိုပြောစမ်း ပြောစမ်း”
အစောင့်လေးဦးသည် သူတို့ထံ လျင်မြန်သည့်အရှိန်ဖြင့် ချဉ်းကပ်လာနေသည့် ခေါင်းဆောင်ကို မျက်နှာမူ၍ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မြေပြင်ပေါ် ဒူးထောက်ချလိုက်ကြသည်။
“ခေါင်းဆောင် အသက်ချမ်းသာပေးပါ”
“မင်းတို့ကို အသက်ချမ်းသာပေးရမယ်တဲ့လား။ မင်းတို့က ရိုးရှင်းလွယ်ကူတဲ့ အလုပ်တာဝန်လေးကိုတောင် မကိုင်တွယ်နိုင်ဘဲနဲ့၊ မင်းတို့ အသက်ရှင်ဖို့ မထိုက်တန်ဘူး”
ဘုန်းခနဲအသံနှင့်အတူ နန်ပါးထျန်းသည် လက်ဝါးသိုင်းကွက်ဖြင့် အစောင့်တပ်သားနှစ်ဦး၏ ဦးခေါင်းများကို ခွဲချေပစ်လိုက်သည်။ သွေးနီရောင်ရေခဲမှုန်များ မြေပြင်ထက် ပြန့်ကျဲသွား၏။
ထိုမြင်ကွင်းတွင် ကျန်အစောင့်နှစ်ဦးမှာ သေမတတ် ကြောက်လန့်သွားကြသည်။ သူတို့သည် ထရပ်ကာ အသက်လုထွက်ပြေးခဲ့ကြသော်ငြား အဘယ်သို့များ လွတ်မြောက်နိုင်ပါမည်နည်း။
နန်ပါးထျန်းသည် ထိုအစောင့်နှစ်ဦးကို အလွယ်တကူပင် လိုက်မှီသွားခဲ့ပြီး တစ်ယောက်ကို လက်ဝါးသိုင်းကွက်ဖြင့် ရိုက်သတ်လိုက်သည်။ ထို့နောက် ကြောက်ရွံ့မှုကြောင့် ခြေထောက်များ ပျော့ခွေလဲကျနေသည့် နောက်တစ်ယောက်ကို လှည့်ကြည့်လိုက်သည်။ ထိုအစောင့်သည် မြေပြင်တွင် ဒူးထောက်လျက် အသက်ချမ်းသာပေးပါရန် တောင်းပန်နေခဲ့သည်။
“ခေါင်းဆောင် ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ”
ထိုအခိုက်အတန့်၌ နန်ပါးထျန်း၏ သွေးနီရောင်မျက်လုံးများသည် အစောင့်၏ တောင်းပန်တိုးလျှိုးမှုအား အာရုံမစိုက်နိုင်ပေ။ အစောင့်ထံ တည့်တည့်ချဉ်းကပ်သွားပြီး ထိုအစောင့်၏အသက်ကို နုတ်ယူလုနီးတွင်…
အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ခေါင်းဆောင် ခဏနေပါဦး”
နန်ပါးထျန်းသည် အသံလာရာ ဝင်ပေါက်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ထန်ဇီယွဲ့သည် သူ့ထံ အလျင်စလို ပြေးလာနေ၏။ ထန်ဇီယွဲ့သည် ရူးသွပ်နေသည့် နန်ပါးထျန်းနှင့် အလောင်းသုံးလောင်း၊ ဗလာကျင်းနေသည့် ခြံဝင်းတို့ကို အကဲခတ်ကြည့်လိုက်သည်။
ထို့နောက် အခြေအနေကို ချက်ချင်းနားလည်သွားပြီး ထန်ဇီယွဲ့သည် ချက်ချင်း အရိုအသေပြုလိုက်သည်။
“ခေါင်းဆောင် ကျေးဇူးပြုပြီး စိတ်ထိန်းပါဦး။ သခင်မ ပျောက်သွားတာ အကြောင်းအရင်းတစ်ခုခု ရှိပါလိမ့်မယ်။ ဒီအစောင့်လေးယောက်က သခင်မကို စောင့်ကြပ်နေကြတဲ့သူတွေဆိုတော့ အရင်ဆုံး သူတို့ကို အခြေအနေကို မေးမြန်းရအောင်ပါ”
နန်ပါးထျန်းသည် မျက်လုံးများ နီရဲနေဆဲဖြစ်၏။ သို့သော် ထန်ဇီယွဲ့၏စကားများကိုတော့ ဖမ်းဆုပ်မိလိုက်သဖြင့် အနည်းငယ် စိတ်တည်ငြိမ်သွားခဲ့သည်။ ထန်ဇီယွဲ့မှ ပြောသည်။
“ခေါင်းဆောင် ကျွန်တော်မေးကြည့်ပါရစေ”
“ကောင်းပြီ”
နန်ပါးထျန်း ခေါင်းညိတ်သဘောတူလိုက်ရာ ထန်ဇီယွဲ့သည် အစောင့်ကို မေးမြန်းသည်။
“လက်ရှိအခြေအနေကို မင်းလည်းမြင်တာပဲ။ မင်း အမှန်အတိုင်းပြောမှ အသက်ရှင်နိုင်ဖို့ အခွင့်အရေးရှိမှာ။ မင်းသာ သခင်မကို ရှာတွေ့အောင် ကူညီပေးနိုင်ရင် အသက်ရှင်လိမ့်မယ်။ မဟုတ်ရင်တော့ နတ်ဘုရားဆင်းလာရင်တောင် မင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူး”
အစောင့်သည် အကြိမ်ကြိမ်အခါခါ ခေါင်းညိတ်၏။
“ကျွန်တော့်အသက်ကို ကယ်တင်ပေးတဲ့အတွက် ခန်းမအရှင်သခင်ထန်ကို ကျေးဇူးတင်ပါတယ်”
ထန်ဇီယွဲ့မှ ပြောသည်။
“ငါ့ကို ကျေးဇူးတင်မနေနဲ့ဦး။ ငါမင်းကို မေးမယ်။ ဒီနေ့ ငါတို့ထွက်သွားပြီးတော့ ပုံမှန်မဟုတ်ဘဲ ထူးဆန်းနေတာမျိုး ရှိခဲ့လား”
“မရှိပါဘူး။ အားလုံးပုံမှန်ပါပဲ။ ကျွန်တော်တို့တွေ ခေါင်းဆောင်က ဒီနေ့ ချန်ကျိုစစ်ကို ဖြုတ်ချမယ့်အကြောင်းကိုတောင် ပြောနေခဲ့ကြသေးတယ်။ အဲဒီအထိလည်း အားလုံးပုံမှန်ပါပဲ။ အို ဟုတ်သား၊ မနက်တုန်းက မိန်းကလေးသုကျွမ်းထွက်လာပြီး သစ်သီးတချို့ ယူသေးတယ်။ နောက်တော့ ပြန်ဝင်သွားတာပါပဲ”
“သစ်သီးထွက်ယူတာလား”
ထန်ဇီယွဲ့ မျက်မှောင်ကြုတ်လိုက်သည်။
အဲဒီအချိန်တုန်းက သစ်သီးယူခဲ့တယ်ဆိုတော့ ထွက်ပြေးဖို့ အစီအစဉ်မရှိဘူးပဲ။ ဆိုတော့ ထွက်ပြေးတာက အမှတ်မထင် ဖြစ်သွားခဲ့တာ ဒါမှမဟုတ် ကြိုတင်မှန်းဆမထားတဲ့ အဖြစ်အပျက်တစ်ခုခုကြောင့် ထွက်ပြေးဖြစ်ခဲ့တာပဲ။
“မိန်းကလေးသုကျွမ်း သစ်သီးထွက်ယူတာအပြင် တခြား ထူးဆန်းတာ သတိထားမိသေးလား”
“မရှိပါဘူး။ အဲဒီတစ်ကြိမ်ပဲ ထွက်လာပြီးတော့ နောက်ထွက်မလာတော့ပါဘူး။ ကျွန်တော်တို့လည်း တစ်ချိန်လုံး စောင့်ကြပ်နေခဲ့တာပါ”
“ဘယ်သူမှထွက်မလာဘူး။ ဒါဆို ဝင်သွားတဲ့သူရော ရှိသလား”
ထန်ဇီယွဲ့ မေးမြန်းသည်။
အစောင့်မှ ပြန်ပြောသည်။
“မရှိပါဘူး။ ဘယ်သူမှ အထဲမဝင်ခဲ့ပါဘူး။ ခေါင်းဆောင် တားမြစ်ထားတာမို့ ကျွန်တော်တို့ မလိုက်နာဘဲ မနေရဲပါဘူး။ တစ်ယောက်ယောက် အထဲဝင်ဖို့ကြိုးစားခဲ့ရင်လည်း ကျွန်တော်တို့ သတိထားမိခဲ့မှာပါ”
ထန်ဇီယွဲ့ ခေါင်းညိတ်လိုက်သည်။
“အဲဒီတော့ မင်းပြောတာက ဘယ်သူမှ ဝင်မသွားခဲ့ပေမဲ့ သခင်မက ပျောက်သွားခဲ့တယ်ပေါ့လေ”
“ကြည့်ရတာ ခေါင်မိုးပေါ်ကနေ ထွက်ပြေးသွားတာထင်တယ်”
သို့ဖြင့် ထန်ဇီယွဲ့ ခေါင်မိုးပေါ် ခုန်တက်သွားလိုက်သည်။ နန်ပါးထျန်းလည်း နောက်မှ လိုက်လာသည်။ ထန်ဇီယွဲ့သည် ခေါင်မိုး၏ အုတ်ကြွပ်များကို စစ်ဆေးကြည့်သည်။
အုတ်ကြွပ်များသည် အကုန်အကောင်းပကတိဖြစ်၏။ သို့သော် ထပ်မံရှာဖွေကြည့်ချိန်တွင် ကျိုးနေသည့် အုတ်ကြွပ်တစ်ခုကို ရှာတွေ့ခဲ့သည်။ ကျိုးထားသည်မှာ မကြာသေးပေ။
“ဇီယွဲ့… မင်း တစ်ခုခုရှာတွေ့ပြီလား”
နန်ပါးထျန်းမှ မေးသည်။
“ဒီကိုကြည့်ပါ ခေါင်းဆောင်”
“ဒီအုတ်ကြွပ်ကျိုးထားတာ အချိန်မကြာသေးပါဘူး။ ဒီနေ့ကျိုးခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဆိုလိုတာက ဒီနေရာကို တစ်ယောက်ယောက် ခိုးဝင်ခဲ့ပါတယ်…”
“ပြီးတော့ သခင်မကို ပြန်ပေးဆွဲသွားခဲ့တာပဲ”
ထန်ဇီယွဲ့၏စကားကို နန်ပါးထျန်းမှ ကြားဖြတ်ပြောလိုက်သည်။ သို့ဖြင့် မျက်လုံးများ နီရဲလာပြန်၏။
“သောက်သူခိုးကောင်၊ ငါနန်ပါးထျန်းရဲ့အမျိုးသမီးကို ခိုးယူရဲတယ်ပေါ့လေ။ ငါ မင်းကို အလွတ်မပေးဘူးကွ”
ခေါင်းဆောင်၏ထိုသို့အခြေအနေကို မြင်တွေ့နေရသည့် ထန်ဇီယွဲ့သည် ပါးစပ်အဟောင်းသားဖြင့် ပြောစရာစကားရှာမရ ဖြစ်နေခဲ့သည်။
ခေါင်းဆောင် ပြန်ပေးဆွဲခံရတာ မဟုတ်ပါဘူး။ ပြန်ပေးဆွဲမှုဆိုရင် တရားခံက အပေးအယူလုပ်ဖို့ တောင်းဆိုချက်ကို သေချာပေါက် ပြောထားခဲ့မှာပါ။ ဒါပေမဲ့ အခုတော့ တရားခံက ဘာမှမချန်ခဲ့တာမှ စာတစ်စောင်တောင် မချန်ခဲ့ပါဘူး”
ဘယ်လိုပြန်ပေးသမားမျိုးက ဓားစာခံကိုပဲ ခေါ်သွားပြီး ဘာမှ မတောင်းဆိုရတာလဲ။
သခင်မက… တရားခံလိုချင်တဲ့အရာ ဖြစ်မနေသ၍ပေါ့။
ဆိုလိုသည်မှာ ပြန်ပေးသမား၏ ပစ်မှတ်သည် သခင်မ ဖြစ်နေခဲ့ခြင်းပင်…
ထန်ဇီယွဲ့သည် မေးစေ့ကိုပွတ်သပ်လျက် စဉ်းစားနေခဲ့သည်။ လွန်ခဲ့သည့်ရက်က ခေါင်းဆောင်သည် သခင်မတွင် ကိုယ်ဝန်ရှိနေသည်ဟု သံသယဝင်ခဲ့ကာ လျိုယီးရှိုကို သွေးကြောစမ်းသပ်စေခဲ့ရာ ကိုယ်ဝန်တုရောဂါဟု ပြောခဲ့သည်။
ကိုယ်ဝန်တုရောဂါဟူသည် အမှန်တကယ် ကိုယ်ဝန်ဆောင်နေသူတစ်ဦး၏ ရောဂါလက္ခဏာများအားလုံးကို ခံစားရသည့် ရောဂါဖြစ်သည်။ ၎င်းမှာ မှားသည်မှန်သည်ကို လျိုယီးရှိုမှအပ အခြားမည်သူမျှ မသိကြပေ။
သခင်မက တကယ်ကိုယ်ဝန်ရှိနေတာများလား။
အမှန်လို့ထင်ရတဲ့ အတုအယောင်အောက်မှာ အမှန်တရားကို ဖုံးကွယ်ထားတာလား။
ထန်ဇီယွဲ့သည် နန်ပါးထျန်းကို ကြည့်လိုက်သည်။ နန်ပါးထျန်းသည် စိတ်အားထက်သန်စွာ အော်ဟစ်နေ၏။
“ဘယ်လိုသားရဲတိရစ္ဆာကောင်က ငါ့ဇနီးကို ခေါ်သွားရဲတာလဲ။ ငါ အဲဒီလူကိုသတ်ပစ်မယ် သတ်ပစ်မယ်”
ထန်ဇီယွဲ့သည် အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သော်ငြား မျက်လုံးများတွင် သနားကရုဏာအငွေ့အသက်များ ထင်ဟပ်နေခဲ့သည်။
အောင်မြင်တဲ့အမျိုးသားတစ်ယောက်ဟာ တန်ဖိုးမရှိတဲ့ ဇနီးမယား သို့မဟုတ် မသိတတ်တဲ့ သားသမီးကို ပိုင်ဆိုင်ရတတ်တယ်တဲ့။ ခေါင်းဆောင်က သိုင်းလောကသူရဲကောင်းတစ်ယောက်ဖြစ်ပြီး မျန့်ရွှေမှာ ထိပ်တန်းပုဂ္ဂိုလ်ကြီးအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့တဲ့သူပဲ မဟုတ်လား။
ဒီနေ့လည်း ခေါင်းဆောင်ကို ကြည့်ပါလေ။ အခက်အခဲတွေကို နောက်မဆုတ်တမ်း ရှေ့တိုးကျော်ဖြတ်တတ်တဲ့လူတစ်ယောက်ပေမဲ့ ဇနီးပျောက်သွားတယ်ဆိုတော့ ပြန်ရှာဖွေနေခဲ့တယ်”
***