“ရှောင်ဟူ”
ချန်ကျဲ့သည် ရှောင်ဟူကို ဆက်မပြောစေရန် တမင်ဟန့်တားလိုက်သည်။
ထိုအခါ လျိုလောင်ကွေ့မှ ချန်ကျဲ့ကိုကြည့်၍ ပြောသည်။
“ဟေး ကျိုစစ်၊ ရှောင်ဟူကို အပြစ်မတင်ပါနဲ့။ အဆင်ပြေပါတယ်။ နန်ပါးထျန်းဘက်က အဆင်အခြင်မဲ့ပြုမူရဲရင် ငါတို့လည်း သူ့ကို ကြောက်ရွံ့နေဖို့ မလိုအပ်ဘူး။ ဘယ်လိုမှမဖြစ်တော့ရင် စီရင်စုအုပ်ချုပ်ရေးမှူးဆီ သွားပြီး သူ့ကို စွဲချက်တင်မယ်”
ထိုအခါ ချန်ကျဲ့သည် ဘေးရှိ လက်ဖက်ရည်အိုးကို ကောက်ယူကာ လျိုလောင်ကွေ့ကို လက်ဖက်ရည်တစ်ခွက် ငှဲ့ထည့်ပေးရင်း ပြောသည်။
“ခေါင်းဆောင်လျို ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ၊ လက်ဖက်ရည်သုံးဆောင်ပါဦး။ သင်္ဘောမထွက်ရတာက ခေါင်းဆောင်လျိုကို အများကြီးထိခိုက်နစ်နာစေမှန်း ကျွန်တော်သိပါတယ်။ အကယ်၍ ချောင်ကုန်သည်အဖွဲ့မှာ တကယ်ပဲ ငွေကြေးအကျပ်အတည်းဖြစ်လာရင် ကျွန်တော် ငွေချေးပေးနိုင်ပါတယ်။ ဒါပေမဲ့ နန်ပါးထျန်းကို စွဲချက်တင်ဖို့ကတော့ ကျွန်တော် ပါဝင်မပေးနိုင်မှာ စိုးမိပါတယ်”
“ဘာလို့လဲ”
လျိုလောင်ကွေ့သည် ချန်ကျဲ့ကို နားမလည်နိုင်စွာ ကြည့်နေ၏။
ချန်ကျဲ့ ခဏရပ်လိုက်ပြီးနောက်မှ ပြောသည်။
“အကြောင်းအရင်းနှစ်ခုရှိတယ်။ တစ်အချက် နန်ပါးထျန်းက ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ကျွန်တော့်ရဲ့ကျားဖြူခန်းမက သူ့ရဲ့အခွဲတစ်ခုပဲ။ ရာထူးအရဆို ကျွန်တော်က သူ့ရဲ့လက်အောက်ငယ်သားပဲ။ လက်အောက်ငယ်သားက အထက်လူကြီးကို စွဲချက်တင်တဲ့အကြောင်း အပြင်လူတွေ နားထဲ ရောက်သွားရင် ကျုပ်ချန်ကျိုစစ်က အထက်အောက်အစဉ်အဆက်ဆိုတာကို နားမလည်တဲ့ စက်ဆုပ်ဖို့ကောင်းတဲ့လူလို့ သမုတ်ကြလိမ့်မယ်”
“ဒါက…”
လျိုလောင်ကွေ့သည် ပြောစရာစကားရှာမရ ဖြစ်သွားခဲ့သည်။ သို့သော် ခဏအကြာတွင် ပုံမှန်ပြန်ဖြစ်သွားခဲ့ကာ ပြောလာ၏။
“ကျိုစစ် မင်း ဒါက တုံးအအ ပြုမူနေတာပဲ။ နန်ပါးထျန်းက မင်းကို သေစေချင်နေတာကို မင်းက အထက်အောက်အစဉ်အဆက်တွေ ဘာတွေကို ဂရုစိုက်နေရသေးလား။ မင်းဘာလို့ ဒီလောက်တောင် အတွေးအခေါ် ခေတ်နောက်ကျရတာလဲ”
ချန်ကျဲ့သည် လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး ပြောသည်။
“ကျွန်တော်ကတော့ ချန်ကျိုစစ်က မရိုးသားမဖြောင့်မတ်တဲ့သူဆိုတာထက် နန်ပါးထျန်းက အကြင်နာတရားကင်းမဲ့ရက်စက်တဲ့သူဆိုတာကိုပဲ ပိုနှစ်ခြိုက်ပါတယ်။ ခေါင်းဆောင်လျိုအနေနဲ့ နားလည်ပေးဖို့ မျှော်လင့်ပါတယ်”
ထိုအခါ လျိုလောင်ကွေ့သည် ချန်ကျဲ့ကိုကြည့်ကာ ခြေဆောင့်ချလိုက်ပြီး ပြောသည်။
“မင်းက အရမ်းဖြောင့်မတ်လွန်းနေတယ်။ မင်းဒီလိုလုပ်နေတာ အနိုင်ကျင့်ခံရရုံပဲ ရှိလိမ့်မယ်”
ချန်ကျဲ့သည် ဘာမှပြန်မပြောဘဲ ပြုံးနေခဲ့သည်။
လျိုလောင်ကွေ့သည် လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး ပြောသည်။
“ငါကတော့ မင်းလိုဖြောင့်မတ်မှုမျိုး ရှိမနေဘူး ကျိုစစ်။ နန်ပါးထျန်းက ငါ့ကို ဒေါသထွက်အောင်လုပ်ရင် ငါကတော့ သခင်ကြီးယဲ့လုဆီ သွားပြီး စွဲချက်တင်မှာပဲ”
ထိုစကားအဆုံး၌ ချန်ကျဲ့သည် လျိုလောင်ကွေ့နှင့် ခွက်ချင်းတိုက်လိုက်သည်။ ရှောင်ဟူသည် မြင်ကွင်းအစအဆုံးကို ဘေးမှ စောင့်ကြည့်နေခဲ့သည်။
ထို့နောက် လျိုလောင်ကွေ့မှ ပြောသည်။
“ဟုတ်သား ကျိုစစ်။ မင်းပြောတော့ နန်ပါးထျန်းကို စွဲချက်မတင်နိုင်ရတဲ့ အကြောင်းအရင်းနှစ်ခုရှိတယ်ဆို။ ဒီအချက်ပြီးတော့ နောက်တစ်ချက်က ဘာလဲ”
ချန်ကျဲ့ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောသည်။
“တွန်းကန်အား မရှိလို့”
“တွန်းကန်အားတဲ့လား”
လျိုလောင်ကွေ့မှ မေးသည်။
ချန်ကျဲ့ရယ်မောလိုက်ပြီး ပြောသည်။
“ဟုတ်ပါတယ်။ နန်ပါးထျန်း အခုလုပ်နေတာတွေက သခင်ကြီးယဲ့လုရဲ့ အမိန့်အောက်မှာ လုပ်ဆောင်နေတာပါ။ သခင်ကြီးယဲ့လုရဲ့တံဆိပ်ပြားနဲ့ လုပ်ဆောင်နေတာဖြစ်ပြီး သူ့နောက်မှာ သခင်ကြီးယဲ့လုရှိနေပါတယ်။ ခေါင်းဆောင်လျို သူ့ကို စွဲချက်တင်မယ်ဆိုရင် ခေါင်းဆောင်လျိုက ဘယ်သူ့ကို အားကိုးအားထားပြုနိုင်မှာပါလဲ”
“ငါ သူ့ကို ငါ့တို့သင်္ဘောဆိပ်ကို ပိတ်တဲ့အတွက် ချောင်ကုန်သည်အဖွဲ့သားထောင်ချီကို ငတ်မွတ်စေမှုနဲ့ စွဲချက်တင်မယ်”
ချန်ကျဲ့မှ ပြန်ပြောသည်။
“အဲဒါဆို သခင်ကြီးယဲ့လုက အခုက မိန်ဂိုဏ်းကို ဖမ်းဆီးရမယ့် အရေးကြီးအချိန်မို့လို့ နန်ပါးထျန်းက သူ့အမိန့်ကို လိုက်နာလုပ်ဆောင်နေတာပါလို့ ပြောလိမ့်မယ်။ သခင်ကြီးယဲ့လုက ခေါင်းဆောင်လျိုအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ မျှော်လင့်ထားမှာပဲ။ အဲဒါကြေင့် ခေါင်းဆောင်လျိုက ပူးပေါင်းပေးမှာလား မပေးဘူးလား”
“ငါ”
လျိုလောင်ကွေ့သည် ဘာမျှမပြောနိုင်တော့ပေ။ သို့သော် ချန်ကျဲ့ကိုကြည့်၍ ပြောသည်။
“အဲဒီတော့ ငါက ငါ့အဖွဲ့သားညီနောင်တွေ ငတ်မွတ်သေကြေကုန်တာကို ဒီတိုင်းထိုင်ကြည့်နေရမှာလား”
ထိုအခါ ချန်ကျဲ့ ရယ်မောလိုက်သည်။
“ခေါင်းဆောင်လျိုရဲ့ သင်္ဘောဆိပ်တွေပဲ အပိတ်ခံထားရတာ မဟုတ်ပါဘူး။ ချောင်ကုန်သည်အဖွဲ့၊ ငါးဖမ်းကုန်သည်အဖွဲ့နဲ့ ကျားဖြူခန်းမ အကုန်လုံး အပိတ်ခံထားရတာပါ။ ဒီအထဲမှာမှ ချောင်ကုန်သည်အဖွဲ့နဲ့ ငါးဖမ်းကုန်သည်အဖွဲ့က ကုန်သည်အဖွဲ့အတွက် အရေးအကြီးဆုံးဖြစ်တဲ့ သံသတ္တုတွင်းလုပ်ငန်းကို ရပ်နားထားရတာပါ။ အဲဒီတော့ မှီခိုအားထားနိုင်တဲ့ စီးပွားရေးလုပ်ငန်းက ရေကြောင်းကုန်သွယ်ရေးနဲ့ ဆားလုပ်ငန်းပဲ”
“ဆားလုပ်ငန်းအကြောင်းကိုတော့ ထားလိုက်ရအောင်။ အဲဒီက ဝေစုတွေက ဘာမှ သိပ်မပြောင်းလဲဘူး၊ တစ်လကို ငွေတုံးထောင်ဂဏန်းဝင်ရုံလေးပဲ။ အဲဒီတော့ ကုန်သည်အဖွဲ့တွေရဲ့ အသုံးစရိတ်တွေကို ရေကြောင်းကုန်သွယ်ရေးအပေါ် အဓိက အားထားကြရတယ်”
ချန်ကျဲ့ ဆက်ပြောသည်။
“နန်ပါးထျန်းက မုလန်လူမျိုးတွေကို ထာရာမိသားစုရဲ့အုတ်ဂူတွေကို တူးဖော်မိတဲ့အတွက် လျော်ကြေးငွေအဖြစ် ငွေတုံးနှစ်သောင်းပေးဖို့ ကတိပေးထားတယ်။ အဲဒီ ကွာဟသွားမယ့် ငွေတုံးနှစ်သောင်းကို နန်ပါးထျန်းက ဘယ်လိုပြန်ဖြည့်မှာလဲ”
“ဟမ်”
လျိုလောင်ကွေ့သည် အာရုံစိုက်နားထောင်နေ၏။ ချန်ကျဲ့ ဆက်ပြောသည်။
“အဲဒီတော့ နန်ပါးထျန်းက ငွေပြန်ဖြည့်ဖို့ အသည်းအသန်လိုအပ်နေတယ်။ အဲဒီငွေတွေကို သူ ဘယ်က ရမလဲ”
လျိုလောင်ကွေ့သည် အနည်းငယ် စိတ်လှုပ်ရှားလာခဲ့၏။
“မင်းဆိုလိုတာက..”
“ကျွန်တော် ဘာမှမပြောခဲ့ပါဘူး”
လျိုလောင်ကွေ့သည် လက်သီးယှက်အရိုအသေပြု၍ ပြောလာသည်။
“ငါနားလည်ပြီ။ ဟားဟား ကျိုစစ် မင်းက တကယ် ထက်မြက်တာပဲ။ မင်းကြောင့်သာ မဟုတ်ရင် နန်ပါးထျန်းက ဒီလိုအခြေအနေအထိ ရောက်နေတာကို ငါတွေးမိမှာ မဟုတ်ဘူး။ ငါလှည့်စားခံလိုက်ရတော့မလို့ပဲ”
ချန်ကျဲ့မှ ပြောသည်။
“ခေါင်းဆောင်လျို ကျွန်တော် တကယ် ဘာမှမပြောခဲ့ပါဘူး”
“နားလည်ပြီ နားလည်ပြီ။ ဒါက မင်းနဲ့ မသက်ဆိုင်ပါဘူး။ နန်ပါးထျန်းနဲ့ ငါနဲ့ကြားက ကိစ္စပါ။ ငါ သူ့ကို လုံးဝ အလွတ်မပေးဘူး။ သူက ညစ်ပြီး ကစားချင်မှတော့ ငါလည်း သူ့ကို အခက်တွေ့အောင် လုပ်ပေးရမှာပေါ့”
လျိုလောင်ကွေ့မှ ပြန်ပြောသည်။
ချန်ကျဲ့ ရယ်မောလိုက်သည်။
“ဟား အဲဒီလိုဆိုမှတော့ အစ်ကိုကြီးလျိုအနေနဲ့ ကျွန်တော့်နဲ့အတူ အဖော်ပြုပြီး လက်ဖက်ရည်သုံးဆောင်ပေးပါဦးလား”
“ဒါပေါ့ ဒါပေါ့။ ဒီလက်ဖက်ရည်အရသာက တကယ်သောက်ကောင်းတယ်ကွ”
ချန်ကျဲ့မှ မေးသည်။
“ခေါင်းဆောင်လျို ပြန်တဲ့အခါ ကျွန်တော် နည်းနည်းလောက် ထုပ်ပိုးထည့်ပေးလိုက်ရမလား”
“ကောင်းတာပေါ့။ ကျိုစစ်ရဲ့အိမ်တော်က လက်ဖက်ရွက်က တကယ်မှော်ဆန်တယ်— လူကို ဥာဏ်ကောင်းအောင် လုပ်ပေးနိုင်တယ်လေ ဟားဟား”
လျိုလောင့်ကွေ့မှ ပြောသည်။
ချန်ကျဲ့လည်း အတူရယ်မောလိုက်သည်။
“ဟားဟား…”
နှစ်ဦးသား ရယ်မောနေကြစဉ် အပြင်ဘက်မှ အလောတကြီးခြေသံများ ရုတ်တရက် ထွက်ပေါ်လာ၏။
စစ်ရှီး အလျင်စလို ရောက်လာပြီး ပြောသည်။
“ခန်းမအရှင်သခင် မကောင်းတော့ဘူး။ ခေါင်းဆောင်နန်က လူခုနစ်ရာ၊ရှစ်ရာလောက်ကို ဦးဆောင်လာပြီး ကျားဖြူခန်းမကို ဝိုင်းထားတယ်”
“ဘာ”
ထိုသတင်းစကားတွင် ချန်ကျဲ့၏ လက်ဖက်ရည်ခွက်ကိုင်ထားသည့် လက်မှာ ရပ်တန့်သွားခဲ့သည်။
လျိုလောင်ကွေ့ မျက်မှောင်ကြုတ်လိုက်ပြီး မေး၏။
“နန်ပါးထျန်း ရူးသွားပြီလား။ သူက ဘာကိစ္စ မင်းရဲ့ကျားဖြူခန်းမကို ဝိုင်းထားရတာလဲ ကျိုစစ်။ သူ တစ်ခုခုကြံစည်နေတာများလား”
လျိုလောင်ကွေ့သည် စစ်ရှီးအား မေးခွန်းထုတ်နေသည့် အကြည့်များဖြင့် ကြည့်နေခဲ့သည်။ စစ်ရှီးသည် စိတ်ရှုပ်ထွေးလျက် ပြောပြရန် အခက်တွေ့နေလေသည်။ ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“ဘာမှဖုံးကွယ်ဖို့မလိုဘူး။ အစ်ကိုကြီးလျိုက ငါ့အစ်ကိုလိုပဲ။ လွတ်လွတ်လပ်လပ်ပြောလို့ရတယ်။ မပြောနိုင်တဲ့အရာ ဘာမှမရှိဘူး။ ငါ့ရဲ့ကျားဖြူခန်းမက ခေါင်းဆောင်လျိုအပေါ် လျို့ဝှက်ချက်မထားဘူး”
စစ်ရှီးမှ ပြန်ဖြေသည်။
“ဟုတ်ကဲ့ပါ ခန်းမအရှင်သခင်။ ခေါင်းဆောင်ခေါ်လာတဲ့အဖွဲ့သားတွေက ကျားဖြူခန်းမကို နင်းခြေပြီး သခင်မကို ကယ်တင်မယ်လို့ အော်ဟစ်နေကြပါတယ်”
ချန်ကျဲ့၏မျက်ခုံးများ ပို၍တွန့်ချိုးသွား၏။
“ကျားဖြူခန်းမကို နင်းခြေမယ်ဆိုတာကိုတော့ ငါနားလည်နိုင်ပါတယ်။ ဒါပေမဲ့ သခင်မကို ကယ်တင်မယ်ဆိုတာက ဘာကြီးလဲ။ နန်ပါးထျန်းရဲ့ဇနီး ငါးဖမ်းကုန်သည်အဖွဲ့ရဲ့သခင်မက ကျားဖြူခန်းမမှာ ဘယ်လိုလုပ်ရှိနေမှာလဲ”
ချန်ကျဲ့၏စကားသံမှာ သံသယအပြည့်ဖြင့် ဖြစ်သည်။
လျိုလောင်ကွေ့သည်လည်း စစ်ရှီးကို ထူးဆန်းစွာကြည့်လျက် မေးသည်။
“မင်း နားကြားမှားတာတော့ မဟုတ်ပါဘူးနော်”
စစ်ရှီးမှ ပြန်ပြောသည်။
“တခြားအရာတွေကို နားကြားမှားကောင်း မှားနိုင်ပေမဲ့ ဒါကတော့ မမှားပါဘူး။ အပြင်ကလူတွေက သူတို့ရဲ့သခင်မက ခန်းမအရှင်သခင်ရဲ့ ပြန်ပေးဆွဲခံရပြီး ကျားဖြူခန်းမကို ခေါ်ဆောင်သွားခံရတယ်လို့ ပြောနေကြပါတယ်”
***