ချန်ကျဲ့သည် စစ်ရှီးအား နားမလည်နိုင်ဟန်ဖြင့် ကြည့်နေခဲ့သည်။
“ငါကလား။ ငါက ဟွမ်သခင်မကို ပြန်ပေးဆွဲခဲ့တယ်တဲ့လား”
“ဟုတ်ပါတယ်။ ခန်းမအရှင်သခင်က ဟွမ်သခင်မကို ပြန်ပေးဆွဲခဲ့ပါတယ်တဲ့”
ချန်ကျဲ့မှ ပြောသည်။
“ငါက ဘာကိစ္စ ဟွမ်သခင်မကို ပြန်ပေးဆွဲရမှာလဲ။ နန်ပါးထျန်းကို ခြိမ်းခြောက်ဖို့လား။ ငါ ငါက အဲဒီလိုယုတ်ညံ့တဲ့လုပ်ရပ်ကို လုပ်မယ့်လူမလို့လား”
ဘေးမှ နားထောင်နေသည့် လျိုလောင်ကွေ့သည် မထိန်းချုပ်နိုင်စွာ ထရယ်မိလျက် ပြောသည်။
“ကျိုစစ်က ဟွမ်သခင်မကို ပြန်ပေးဆွဲပါတယ်လို့ တွေးရလောက်တဲ့အထိဆို နန်ပါးထျန်းတစ်ယောက် အရမ်းဒေါသထွက်နေတာ ဖြစ်ရမယ်။ ဒါနဲ့ ငါ လတ်တလော ကြားမိထားသေးတယ်။ ဟွမ်သခင်မက ကိုယ်ဝန်ရှိနေတယ်ဆိုလားပဲ”
“ဗျာ”
ထိုသတင်းသည် နန်ပါးထျန်း၏အိမ်တော်အတွင်းမှ လူများသာလျှင် သိနိုင်သည့်သတင်းဖြစ်လေရာ လျိုလောင်ကွေ့မှ ထိုသတင်းကို သိထားခြင်းသည် နန်ပါးထျန်း၏အိမ်တော်အတွင်း၌ လျိုလောင်ကွေ့၏သူလျှိုများ ရှိနေသည်ဟု ဆိုလိုပေသည်။
ချန်ကျဲ့သည် ခံစားချက်ကို ပြန်လည်ထိန်းချုပ်လိုက်ရသည်။ ထိုစဉ် လျိုလောင်ကွေ့မှ ပြောသည်။
“ဒါပေမဲ့ နောက်တော့ အဲဒါက ကိုယ်ဝန်တုရောဂါဖြစ်နေတယ်တဲ့လေ။ အဲဒီတုန်းက ငါ အတော်လေး စိတ်ပျက်သွားခဲ့တာ”
“စိတ်ပျက်တယ်တဲ့လား”
ချန်ကျဲ့ နားမလည်နိုင်စွာဖြင့် လျိုလောင်ကွေ့ကို ကြည့်နေခဲ့သည်။ လျိုလောင်ကွေ့သည် လျှို့ဝှက်ဆန်းကြယ်စွာ ပြောပြလာ၏။
“ကျိုစစ်၊ နန်ပါးထျန်းက သိုင်းကျင့်ကြံရင်းနဲ့ ကျောက်ကပ်ချီစွမ်းအင် ပျက်စီးသွားလို့ မျိုးဆက်မပြန့်ပွားနိုင်တော့တဲ့အကြောင်းကို မင်းသိလား။ ဆိုလိုတာက ဟွမ်သခင်မသာ တကယ် ကိုယ်ဝန်ရှိနေတာဆိုရင် ဖြစ်နိုင်တာက ဟားဟားဟား နန်ပါးထျန်းတစ်ယောက် ဖောက်ပြန်ခံလိုက်ရပြီလို့ ဆိုလိုတာပဲ မဟုတ်လား။ ငါ အဲဒီလိုဖြစ်ဖို့ အရမ်းမျှော်လင့်နေခဲ့တာလေ”
“ကိုယ်ဝန်တုရောဂါဖြစ်နေတာ နှမြောဖို့ကောင်းလိုက်တာကွာ။ တကယ်ကိုယ်ဝန်သာဆိုရင် အရမ်းစိတ်ဝင်စားဖို့ကောင်းမှာပဲ။ ဘယ်သူရဲကောင်းလေးကများ နန်ပါးထျန်းကို ဖောက်ပြန်ခံရအောင် လုပ်နိုင်ခဲ့လဲဆိုတာ ငါသိချင်မိပါရဲ့။ အဲဒီလိုတွေ တွေးကြည့်ရုံနဲ့တင် ငါအရမ်း မျှော်လင့်စောင့်စားမိတယ်”
လျိုလောင်ကွေ့သည် စဉ်းလဲသည့် အပြုံးကြီးဖြင့် ပြောခဲ့သည်။ လျိုလောင်ကွေ့သည် နန်ပါးထျန်း ကံဆိုးလျှင် ပျော်ရွှင်ဝမ်းမြောက်၏။
ထိုအချိန်၌ ချန်ကျဲ့သည် နေရာတွင်ထိုင်၍ လက်ဖက်ရည်သောက်နေသည်။ မျက်နှာအမူအရာသည် တည်ငြိမ်အေးဆေးနေမြဲပင်။
သို့သော် ရှောင်ဟူသည်တော့ နေမထိထိုင်မသာဖြစ်နေလျက် မည်သို့မျှ သဘာဝကျသည့်ဟန်ပန် ဖြစ်မနေချေ။
သို့ဖြင့် လျိုလောင်ကွေ့သည် ရှောင်ဟူကို လှည့်ကြည့်၍ မေးလိုက်သည်။
“ရှောင်ဟူ မင်းမျက်နှာက အဲဒါဘာဖြစ်နေတာတုန်း”
လျိုလောင်ကွေ့သည် ရှောင်ဟူ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းပြီးနောက်တွင် ရှောင်ဟူနှင့် ယခင်ထက်ပို၍ ရင်းနှီးလာခဲ့သဖြင့် လုံးလုံးလျားလျား သူစိမ်းများ မဟုတ်တော့ပေ။
ထို့ကြောင့် ရှောင်ဟူ၏ ထူးဆန်းနေသည့် မျက်နှာအမူအရာကို မြင်သောအခါ မေးမြန်းလိုက်ခြင်းဖြစ်သည်။
ရှောင်ဟူသည် ခေါင်းခါရမ်းလျက် ပြန်ပြော၏။
“အိုး ဘာမှမဟုတ်ပါဘူး။ ကျွန်တော်က ဒီတိုင်း နန်ပါးထျန်း မျိုးဆက်မပြန့်ပွားနိုင်တဲ့အကြောင်းကို ပထမဆုံးကြားဖူးတာမလို့ နည်းနည်း အံ့ဩသွားလို့ပါ”
လျိုလောင်ကွေ့မှ ပြောသည်။
“ဘာလျှို့ဝှက်ထားစရာမှ မရှိပါဘူး။ နန်ပါးထျန်းက ရေခဲစိတ်စွမ်းအင်သိုင်းကို ကျင့်ကြံပြီး ငါက မီးစွမ်းအင်ကို ကျင့်ကြံတယ်။ နှစ်ခုစလုံးက အင်အားကြီးမားပြင်းထန်တဲ့ သိုင်းကျင့်စဉ်တွေပဲ။ နည်းနည်းလေး လွဲချော်လိုက်တာနဲ့ ခန္ဓာကိုယ်ကို အလွယ်တကူ ထိခိုက်စေနိုင်တယ်။ နန်ပါးထျန်းက ကုန်သည်အဖွဲ့ခေါင်းဆောင်ရာထူးကို ရဖို့ လုပ်ဆောင်တဲ့ဖြစ်စဉ်အတွင်းမှာ ရေခဲစိတ်စွမ်းအင်သိုင်းကို အတင်းဖိအားပေးကျင့်ကြံခဲ့လို့ ကျောက်ကပ်ချီစွမ်းအင် ပျက်စီးသွားပြီး မျိုးဆက်မပြန့်ပွားနိုင်တဲ့သူ ဖြစ်သွားရတာပဲ”
“ဒါပေမဲ့ နန်ပါးထျန်းက အဲဒီအကြောင်းကို ဖုံးကွယ်ဖို့အတွက် မျန့်ရွှေရဲ့ အလှပဆုံးမိန်းကလေးကို လက်ထပ်ယူခဲ့တယ်။ လင်မယားအရာလည်း မမြောက်နိုင်ဘဲနဲ့ အဲဒီမိန်းကလေးကို အိမ်ထဲမှာ အမြဲပိတ်လှောင်ထားတာ မိန်းကလေးမှာ ဘယ်လောက်နှမြောဖို့ကောင်းလိုက်သလဲ”
နန်ပါးထျန်း၏ စကားအဆုံးသတ်သွားသော်ငြား ချန်ကျဲ့သည် ဘာမျှမပြောပေ။ ရှောင်ဟူသည် ချန်ကျဲ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လျိုလောင်ကွေ့ကို ပြန်ကြည့်လိုက်ပြီး မေးသည်။
“ခေါင်းဆောင်လျို ခေါင်းဆောင်ရဲ့မီးစွမ်းအင်ကျင့်စဉ်မှာ တစ်ခုခုလွဲမှားသွားခဲ့ရင်ရော ဘယ်လိုဖြစ်မှာလဲ”
လျိုလောင်ကွေ့မှ ပြန်ပြောသည်။
“ငါ့ကျင့်စဉ်ကလည်း ကျောက်ကပ်ချီကို ပျက်စီးစေနိုင်တာပဲ။ ဒါပေမဲ့ ငါက အမြဲ ဂရုစိုက်ကျင့်ကြံတယ်လေ”
“အာ ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခေါင်းဆောင်လျို”
ရှောင်ဟူမှ ပြောသည်။
ထိုအချိန်၌ ချန်ကျဲ့သည် လျိုလောင်ကွေ့ကို ကြည့်နေခဲ့သည်။ ထို့နောက် အမြန်အကြည့်လွှဲလိုက်ပြီး စိတ်ထဲမှ တွေးနေခဲ့သည်။
“ဘာမှ မထိခိုက်ထားပါဘူးလို့ ခင်ဗျားဘယ်လိုသေချာနိုင်မလဲ။ ခင်ဗျားရဲ့ဇနီး၈ယောက်မှာ သားသမီးဆိုလို့ လျိုစုန့်တစ်ယောက်ပဲရှိတာ မဟုတ်ဘူးလား။ ကျန်တဲ့ဇနီးတွေမှာ သားသမီးမထွန်းကားဘဲနဲ့။ အာ ဒီလိုစဉ်းစားကြည့်လိုက်တော့ လျိုစုန့်က ခင်ဗျားရဲ့ သားအရင်းရော ဟုတ်ရဲ့လားနော်”
ချန်ကျဲ့ အတွေးထဲနစ်မြောနေစဉ် အပြင်ဘက်မှ အော်ဟစ်ကျိန်ဆဲသံများသည် အတွင်းထဲအထိ စီးဝင်လာခဲ့သည်။ ကြည့်ရသည်မှာ အပြင်ဘက်ဂိတ်တံခါး ပွင့်သွားပြီး ကျူးကျော်သူများသည် ဒုတိယဂိတ်တံခါးသို့ ရောက်ရှိနေပြီ ဖြစ်လိမ့်မည်။
ထိုအခါ ချန်ကျဲ့၏မျက်နှာ တင်းမာခက်ထန်သွား၏။
“အစ်ကိုကြီးလျို ကျွန်တော်တို့ အပြင်ထွက်ကြည့်လိုက်ကြမလား”
“ဒါပေါ့ ဘယ်လိုစိတ်လှုပ်ရှားစရာကိစ္စလဲဆိုတာ ငါသေချာပေါက် လိုက်ကြည့်ရမှာပေါ့”
နှစ်ဦးသည် အကြည့်ချင်းဖလှယ်ပြီးနောက် အပြင်သို့ ထွက်လာခဲ့ကြသည်။ ဒုတိယဂိတ်တံခါးသို့ရောက်သောအခါ အရှေ့ဂိတ်တံခါးသည် ဖျက်စီးခံထားရပြီး ကျားဖြူခန်းမအဖွဲ့သားများသည် ရွေးချယ်စရာမရှိဘဲ ဒုတိယဂိတ်တံခါးဆီ ဆုတ်ခွာခဲ့ကြရသည်။ ကျားဖြူခန်းမအဖွဲ့သားများမှာ နန်ပါးထျန်းကို ရင်ဆိုင်ရခြင်းကြောင့် တုန်လှုပ်နေကြကြောင်း သိသာလှသည်။
ကျားဖြူခန်းမအဖွဲ့သားများသည် နန်ပါးထျန်း၏ဖိအားကို ခံနိုင်ရည်ကုန်ဆုံးလုနီးအချိန်တွင် ချန်ကျဲ့၊ လျိုလောင်ကွေ့၊ ရှောင်ဟူနှင့် စစ်ရှီးတို့ အပြင်ထွက်လာခဲ့သည်။
အလွန်အမင်း ရန်လိုနေသည့် နန်ပါးထျန်းကို မြင်သောအခါ လျိုလောင်ကွေ့သည် မထိန်းချုပ်နိုင်စွာ လှောင်ပြောင်သရော်တော့သည်။
“ဟား ဟား ဟား… ခေါင်းဆောင်နန်က အာဏာပြလိုက်တာဗျာ။ မနက်တည်းက ရှုံးပွဲတွေဆက်နေလို့ နေ့လယ်ခင်းမှာ မာနလေးပြန်ကောက်ဖို့ ရောက်လာတာများလား”
လျိုလောင်ကွေ့၏စကားသံတွင် နန်ပါးထျန်း ရပ်တန့်သွားပြီး ပြောသည်။
“လျိုလောင်ကွေ့ ခင်ဗျားက ဒီမှာဘာလုပ်နေတာလဲ”
“ဟမ့် မင်းက ငါ့သင်္ဘောဆိပ်တွေကို ချိတ်ပိတ်ထားတော့ ငါက ဘယ်သွားရဦးမှာလဲ။ ကျိုစစ်နဲ့ပဲ လက်ဖက်ရည်သောက်ရင်း အချိန်ဖြုန်းရတော့တာပေါ့”
နန်ပါးထျန်း မျက်လုံးမှေးကျဉ်းလိုက်သည်။
“လျိုလောင်ကွေ့ ခင်ဗျားဘေးဖယ်နေ။ ဒီနေ့ကိစ္စက ခင်ဗျားနဲ့မဆိုင်ဘူး။ ခင်ဗျား ဝင်မပါတာ အကောင်းဆုံးပဲ”
“ရို့ ရို့ ရို့ ငါ့ကိုခြောက်နေတာလား။ လာစမ်းပါ မင်းအစွမ်းအစကို ပြပေးလိုက်။ ငါမင်းကို မကြောက်ဘူး”
လျိုလောင်ကွေ့ကြောင့် နန်ပါးထျန်းမှာ မျက်နှာကြီး မည်းမှောင်သွားလျက် ပြောသည်။
“ခင်ဗျား ဖယ်နေစမ်းပါ၊ ကျုပ်က ချန်ကျိုစစ်ကို လာရှာတာ”
ထိုအခါ ချန်ကျဲ့ လျိုလောင်ကွေ့ကို ခေါ်လိုက်သည်။
လျိုလောင်ကွေ့သည် ရှေ့တိုးလာသည့် ချန်ကျဲ့ကိုမြင်သောအခါ လက်ပိုက်လျက် ချန်ကျဲ့မှ နန်ပါးထျန်းအား ရိုသေလေးစားမှုဖြင့် အရိုအသေပြုသည့်မြင်ကွင်းကို ကြည့်နေခဲ့သည်။
“ခေါင်းဆောင်”
နန်ပါးထျန်းသည် မျက်လုံးများ နီရဲလျက် ပြော၏။
“ချန်ကျိုစစ် မင်းနောက်ဆုံးတော့ ထွက်လာရဲပြီးပဲ”
ချန်ကျဲ့သည် အံ့အားသင့်ဟန်ဖြင့် ချက်ချင်းအရိုအသေပြုလျက် ပြန်ပြောသည်။
“ခေါင်းဆောင် အဲဒါဘာကိုဆိုလိုတာပါလဲ။ ကျွန်တော် ထွက်လာရဲပြီဆိုတာက ဘာအဓိပ္ပာယ်ပါလဲ။ ခေါင်းဆောင် ဒီနေ့ ကျားဖြူခန်းမဆီကနေ ဘာလိုချင်တာပါလဲ။ ဒီမနက်က အဖြစ်အပျက်ကြောင့်ပါလား။ အဲဒီအတွက် လက်စားလာချေတာပါလား”
“အဲဒါဆိုရင်တော့ ကျွန်တော် သခင်ကြီးယဲ့လုဆီ အကြောင်းကြားပြီး သခင်ကြီးယဲ့လုရဲ့ ဆုံးဖြတ်ချက်ကို တောင်းခံပါမယ်”
“ချန်ကျိုစစ် ဟန်ဆောင်မနေနဲ့တော့။ ငါ့ဇနီးကို မြန်မြန်ထုတ်ပေးစမ်း။ မဟုတ်လို့ကတော့ ငါ ဒီနေ့ ကျားဖြူခန်းမကို နင်းခြေဖျက်စီးပစ်မယ်”
နန်ပါးထျန်းသည် စိတ်ရှည်သည်းခံနိုင်စွမ်း ကုန်ဆုံးနေသဖြင့် ချန်ကျဲ့အား တိုက်ရိုက်ပြောခဲ့သည်။ ချန်ကျဲ့မှ အံ့အားသင့်စွာ ပြန်ကြည့်လိုက်ပြီး ပြောသည်။
“ခေါင်းဆောင်နန် ဘာကိုဆိုလိုတာပါလဲ။ ဘာဇနီးကို ပြောနေတာပါလဲ”
“အခုထိ ဟန်ဆောင်နေတုန်းပဲလား။ ငါ့ဇနီး ဟွမ်ဝမ်အာလေ။ မင်း သူ့ကို ဖမ်းခေါ်သွားတာ မဟုတ်ဘူးလား”
နန်ပါးထျန်းသည် ချန်ကျဲ့ကို လက်ညှိုးထိုးလျက် ပြောသည်။ ချန်ကျဲ့သည် သိသိသာသာပင် စိတ်ရှုပ်ထွေးသွားလျက် ပြန်ပြောသည်။
“ခေါင်းဆောင် ဘာလို့ အဲဒီလိုပြောရတာပါလဲ။ ခေါင်းဆောင်ရဲ့ဇနီးက ခေါင်းဆောင်ရဲ့အိမ်တော်မှာ ရှိနေမှာပေါ့။ ဘာလို့ ဒီမှာလာရှာနေရတာပါလဲ။ မသိတဲ့သူတွေက ကျွန်တော်နဲ့ ဟွမ်သခင်မကြားမှာ မသင့်တော်တဲ့ဆက်ဆံရေးရှိနေတယ်လို့ ထင်သွားပါဦးမယ်။ ခေါင်းဆောင် ကျွန်တော့်ကို ဒီလို မတရားစွပ်စွဲလို့ မရပါဘူး။ ကိုယ့်ဇနီးရဲ့ဂုဏ်သိက္ခာကို ကိုယ်ကိုယ်တိုင် ညှိုးနွမ်းအောင် မလုပ်သင့်ဘူးလေဗျာ”
***