ချန်ကျဲ့၏စကားအဆုံး၌ လျိုလောင်ကွေ့သည် မထိန်းချုပ်နိုင်စွာ ရယ်မောတော့သည်။
“ဟားဟားဟား… နန်ပါးထျန်း မင်းက တကယ် တကယ်ဟာသပဲ။ ချန်ကျိုစစ်ရဲ့အိပ်ရာမှာ မင်းရဲ့ဇနီးကို လာရှာနေတာ၊ ဘာလဲ မင်းဇနီးက မင်းလိုအသုံးမကျတဲ့သူကို ငြီးငွေ့သွားလို့ နောက်တစ်ယောက်ပြောင်းသွားလို့လား။ ဒါမှမဟုတ် မင်းတို့နှစ်ယောက်ကွာရှင်းလိုက်ပြီးတော့ မိန်းကလေးငယ်လေးကို လွတ်လပ်ခွင့်ပေးလိုက်ပါလား”
“လျိုလောင်ကွေ့ ခင်ဗျား သေချင်နေတာပဲ”
လျိုလောင်ကွေ့၏ပါးစပ်မှာ အမှန်တကယ်ပင် အဆိပ်ပြင်းလှသည်။ စကားလေးနှစ်ခွန်း၊သုံးခွန်းဖြင့်ပင် နန်ပါးထျန်း၏ချက်ကောင်း သွားထိပါးပြီးနေလေပြီ။ ထို့နောက်တွင်မူ နန်ပါးထျန်း၏ လက်အမူအရာတစ်ခုတွင် အေးစိမ့်လာခဲ့သည်။ နန်ပါးထျန်းသည် စွမ်းအင်ပြောင်းလဲခြင်းအထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် လက်ဟန်တစ်ချက်တွင် မြူနှင်းမှုန်များကို ဖန်တီးနိုင်လေသည်။
ဤသည်မှာ ချီစွမ်းအင်ကို သတ်မှတ်ထားသည့်ပမာဏအထိ ထုတ်သုံးနိုင်မှသာ အသုံးပြုနိုင်သည့် ချီစွမ်းအင်ကို အစိုင်အခဲတစ်ခုအဖြစ် ပြောင်းလဲနိုင်စွမ်းသည့် အသက်နုတ်တိုက်ကွက်တစ်မျိုး ဖြစ်သည်။
ထို့နောက် နန်ပါးထျန်းသည် လျိုလောင်ကွေ့ကို လက်ဝါးရိုက်ချက်ဖြင့် တိုက်ခိုက်လိုက်သည်။ ထိုအခါ လျိုလောင်ကွေ့သည်လည်း အားနာမနေပေ။ လက်နှစ်ဖက်ယှက်၍ မီးလျံများ အဆက်မပြတ် ထုတ်လွှတ်တိုက်ခိုက်သည်။
ထို့နောက် နန်ပါးထျန်းအား မီးလျံဓားဖြင့် ခုတ်ပိုင်းတိုက်ခိုက်သည်။
လျိုလောင်ကွေ့သည် ချီစွမ်းအင်ဖြင့် ဖန်တီးသည့် မီးလျံဓားကို အပြည့်အဝ မလုပ်ဆောင်နိုင်သေးပါချေ။ ထိုသို့ပြုလုပ်နိုင်ရန်အတွက် ကျင့်ကြံသူသည် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သို့ ရောက်ရှိရန် လိုအပ်၏။
ထိုအချိန်၌ လျိုလောင်ကွေ့၏မီးလျံဓားသည် နန်ပါးထျန်း၏ မြူနှင်းထုတ်လွှတ်သည့် လက်ဝါးသိုင်းကွက်ဖြင့် အရှိန်အဟုန်ပြင်းစွာ ထိခတ်သွားခဲ့သည်။
ထိုအခြေအနေကိုမြင်သော် ချင်းယင်သည် ရှေ့တက်တိုက်ခိုက်ပေးချင်၏။ သို့သော် ချန်ကျဲ့မှ သူ့ကို စိုက်ကြည့်လျက် ပြောသည်။
“မင်း မလှုပ်တာ ကောင်းလိမ့်မယ်”
ချင်းယင်၏ခန္ဓာကိုယ် တောင့်တင်းသွား၏။ မျက်နှာတွင်လည်း ကြောက်ရွံ့မှုများ ထင်ဟပ်သွားခဲ့ကာ သူသည် ချန်ကျိုစစ်နှင့် မယှဉ်နိုင်မည်ကို စိုးရိမ်နေခဲ့သည်။ သို့ဖြင့် တွန့်ဆုတ်သွားခဲ့၏။
ချန်ကျဲ့ စစ်ရှီးကို ညွှန်ကြားလိုက်သည်။
“သခင်ကြီးယဲ့လုကို သွားဖိတ်ခေါ်ချည်”
စစ်ရှီးမှ ပြန်ပြောသည်။
“ခန်းမအရှင်သခင်ရဲ့ညွှန်ကြားချက်အတိုင်း ကျွန်တော် စစ်ကူအခေါ်လွှတ်ထားပြီးပါပြီ”
ထိုအခါ ချန်ကျဲ့သည် ရှောင်ဟူကို အချက်ပြလိုက်သည်။
“ကောင်းပြီ ရှောင်ဟူ။ ချင်းယင်ကို စောင့်ကြည့်နေ”
ရှောင်ဟူမှ ပြောသည်။
“ဟုတ်ကဲ့”
ထိုစဉ် ခြံဝင်းအလယ်၌ နန်ပါးထျန်းနှင့် လျိုလောင်ကွေ့တို့သည် သိုင်းကွက် ၇ကွက်၊ ၈ကွက်ခန့် ဖလှယ်ပြီးကြလေပြီ။ သို့သော် လျိုလောင်ကွေ့သည် နန်ပါးထျန်းထက် ကျင့်ကြံဆင့်နိမ့်သောကြောင့် အရေးနိမ့်စပြုလာခဲ့သည်။
ချန်ကျဲ့သည် တိုက်ပွဲကြားထဲ ခုန်ဝင်ကာ အော်ပြော၏။
“ခေါင်းဆောင် မတိုက်ပါနဲ့တော့။ ရပ်လိုက်ပါတော့”
ချန်ကျဲ့သည် သူတို့နှစ်ဦး၏တိုက်ပွဲကို ဟန့်တားရန် ကြိုးပမ်းနေခြင်းကဲ့သို့ မြင်ရသော်ငြား တကယ်တမ်းတွင် ချန်ကျဲ့သည် လျိုလောင်ကွေ့ကို ကူညီ၍ နန်ပါးထျန်းကို တိုက်ခိုက်နေခြင်းဖြစ်သည်။ ချန်ကျဲ့သည် သံမဏိလက်ဝါးသိုင်းကို အသုံးပြုတိုက်ခိုက်ပြီး သူ၏ရေခဲစိတ်စွမ်းအင်သိုင်းအပေါ် နားလည်မှုကိုလည်း အသုံးချတိုက်ခိုက်ခဲ့သည်။
ချန်ကျဲ့သည် ဟွမ်ဝမ်အာကို နေရာချထားပေးပြီးနောက်တွင် ကျားဖြူခန်းမသို့ ပြန်လာခဲ့ပြီး ရေခဲစိတ်စွမ်းအင်သိုင်းကျမ်းကို စိတ်အားထက်သန်စွာ ဖတ်ခဲ့သည်။
နန်ပါးထျန်းအား မျန့်ရွှေ၏ နံပါတ်တစ်အင်အားအကြီးဆုံးဖြစ်စေခဲ့သည် ရေခဲစိတ်စွမ်းအင်သိုင်းသည် အမှန်တကယ်ပင် အင်အားကြီးမားပါ၏။ ရေခဲစိတ်စွမ်းအင်သိုင်း၏ အတွင်းအားသည် အလွန်ခက်ထန်ပြီး ထိန်းချုပ်ရန် ခက်ခဲသည်။ ထို့ကြောင့် ရန်သူနှင့် တိုက်ခိုက်နေချိန်တွင် သတိမထားပါက မိမိကိုယ်ကိုယ် ပြန်၍ ထိခိုက်စေနိုင်သည်။
ထို့ကြောင့်ပင် နန်ပါးထျန်းသည် ကျင့်ကြံဆင့် အမြန်တက်လှမ်းရန် ကြိုးပမ်းရင်းဖြင့် ကျောက်ကပ်ချီပျက်စီးသွားရပြီး ကုန်းကုန်းမဟုတ်သည့် ကုန်းကုန်းတစ်ယောက် ဖြစ်လာခဲ့ရခြင်း ဖြစ်သည်။
ချန်ကျဲ့သည် ပြန်ရောက်လာပြီးနောက် ရေခဲစိတ်စွမ်းအင်သိုင်းကို လေ့လာခဲ့ပြီး ၎င်းသိုင်း၏ အကြီးမားဆုံးပြစ်ချက်မှာ ထိန်းချုပ်ရန်ခက်ခဲခြင်းဖြစ်ကြောင်း နားလည်နိုင်ခဲ့သည်။ တိုက်ခိုက်နေစဉ်အတွင်း ထိန်းချုပ်မှုကင်းလွတ်သွားပါက ဘေးဒုက္ခကို သယ်ဆောင်လာပေလိမ့်မည်။
သို့သော် တိုက်ပွဲအတွင်း သူ၏အားနည်းချက်ကို တစ်ဖက်လူမှ မထိပါးမိသ၍ ထိန်းချုပ်မှုကင်းလွတ်ခြင်းငှာ မဖြစ်နိုင်သလောက်ပင်။ နန်ပါးထျန်း၏ အားနည်းချက်ကို ရှာတွေ့နိုင်ပါက သူ၏စွမ်းအင်စီးဆင်းမှုတွင် ပြဿနာပေါ်ပေါက်ကာ နန်ပါးထျန်းအား တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်မည့် အခွင့်အရေး ရရှိနိုင်ပေသည်။
ထိုသို့အတွေးဖြင့် ချန်ကျဲ့သည် နန်ပါးထျန်း၏ အားနည်းချက်ရှိမည့်နေရာကို စဉ်းစားအကဲခတ်ရင်း နန်ပါးထျန်း၏တိုက်ခိုက်မှုများကို ခုခံရန် ကြိုးပမ်းနေခဲ့သည်။
နန်ပါးထျန်းသည် လွန်စွာ ရက်စက်ကြမ်းကြုတ်၏။ ချန်ကျဲ့နှင့် လျိုလောင်ကွေ့တို့မှ အသက်နုတ်တိုက်ကွက်များကို အသုံးမပြုသည့်တိုင် သူသည်တော့ အသက်နုတ်တိုက်ကွက်များဖြင့် တိုက်ခိုက်နေခဲ့သည်။
သို့သော် နန်ပါးထျန်းသည် တိုက်ခိုက်ချိန်ကြာမြင့်လာသည်နှင့်အမျှ တစ်ခုခုမူမမှန်ဟု ခံစားမိလာခဲ့သည်။ လျိုလောင်ကွေ့သည် ယခင်နှင့် သိပ်မကွာခြားသဖြင့် ကိုင်တွယ်နိုင်စွမ်းရှိသေးသည်။ သို့သော် ချန်ကျိုစစ်သည်တော့ အဘယ်သို့နည်း။ ချန်ကျိုစစ်သည် သူ၏သိုင်းကွက်များကို ထိုးဖောက်မြင်နိုင်နေသည့်အလား သူ၏သိုင်းကွက်များကို ရှင်းပြ၍မရနိုင်သည့် သိုင်းကွက်များဖြင့် ပြိုကွဲပျက်စီးစေခဲ့သည်။ အကြိမ်တိုင်း အကြိမ်တိုင်းတွင် သူ၏ စွမ်းအင်စီးဆင်းမှုကို နှောင့်ယှက်ခဲ့သည်။
နန်ပါးထျန်း ချန်ကျဲ့ကို စိုက်ကြည့်လိုက်သည်။
“ဒီကောင်က ဘာလို့ ငါ့ရဲ့ စွမ်းအင်စီးဆင်းမှုနည်းလမ်းကို သိနေတာရတာလဲ”
“သူ…”
နန်ပါးထျန်းသည် မျက်ခုံးများ တွန့်ချိုးလျက် နစ်မွန်းနေသည့် ခံစားချက်ကြီး ဝင်ရောက်လာသည်။
ချန်ကျိုစစ်က ရေခဲစိတ်စွမ်းအင်ကျင့်စဉ်နည်းလမ်းတွေကို သိနေတာလား။
ချန်ကျဲ့သည်တော့ ဘာမှမပြောဘဲ နန်ပါးထျန်းနှင့် အပြန်အလှန် ဆက်လက်တိုက်ခိုက်နေခဲ့သည်။ သို့ဖြင့် နန်ပါးထျန်း၏ အတွေးများကို အတည်ပြုနိုင်ခဲ့သည်။
ချင်းယင်သည် ကြားဝင်တိုက်ခိုက်ပေးချင်သော်ငြား ရှောင်ဟူသည် သူ့ကို တားထား၏။ ချင်းယင်မှ ခေါ်လိုက်သည်။
“အားဟူ အားပေါင်”
သို့ဖြင့် ချင်းဟူနှင့် ချင်းပေါင်တို့သည်လည်း ချင်းယင်ကို တိုက်ခိုက်လာကြသည်။ ထို့နောက် ရှောင်ဟူမှ အော်ဟစ်သတိပေးလိုက်၏။
“ခန်းမအရှင်သခင် ဂရုစိုက်ပါ”
ထို့နောက် ရှောင်ဟူသည် ချင်းဟူ၊ ချင်းပေါင်တို့နှင့် အပြင်းအထန် တိုက်ခိုက်တော့သည်။
တစ်ဖက်တွင်လည်း ချင်းယင်သည် ချန်ကျဲ့ဆီသို့ ပြေးဝင်လာပြီး လက်ဝါးသိုင်းကွက်ဖြင့် ဦးတည်တိုက်ခိုက်သည်။ ချန်ကျဲ့လည်း လက်ဝါးသိုင်းကွက်တစ်ချက်ဖြင့် အမြန်တုံ့ပြန်လိုက်ရာ ချင်းယင်သည် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့သည်။
ချင်းယင်သည် သူနှင့် ချန်ကျဲ့ကြားရှိ အင်အားကွာဟချက်သည် ထိုမျှကြီးမားမည်ဟု မျှော်လင့်မထားခဲ့သဖြင့် အံ့ဩထိတ်လန့်သွားခဲ့သည်။ ထို့နောက် ချင်းယင်သည် အံတင်းတင်းကြိတ်၍ အော်ပြော၏။
“ခေါင်းဆောင် ကျွန်တော်လာကူညီပြီ”
ပြောပြီးသည်နှင့်ချက်ချင်း ချင်းယင်သည် တစ်ဟုန်တိုး ပြေးဝင်တိုက်ခိုက်ပြန်သည်။
သို့သော် ချင်းယင်သည် တိုက်ပွဲအတွင်း လူအရေအတွက် တိုးလာရုံမျှသာဖြစ်ပြီး သက်ရောက်မှု များများစားစား မရှိပေ။ သို့သော် နန်ပါးထျန်းခံစားနေရသည့် ဖိအားကိုမူ သိသိသာသာ ဖြေလျှော့ပေးနိုင်ခဲ့သည်။ တိုတောင်းလှသည့် အချိန်လေးအတွင်း၌ သူတို့လေးဦးသည် အတော်လေး လုံးထွေးသတ်ပုတ်ပြီးခဲ့လေပြီ။
တိုက်ပွဲမြင်ကွင်းကြောင့် နန်ပါးထျန်းခေါ်လာသည့် အဖွဲ့သားခုနစ်ရာသည်လည်း တိုက်ခိုက်ရန် ပြင်ဆင်ကြသည်။ သို့သော် မမျှော်လင့်စွာဖြင့် အပြင်ဘက်မှ အော်သံများကို ကြားလိုက်ရ၏။
“ညီနောင်တို့ တိုက်ကြ”
ထို့နောက် ကျိုးချူသည် လူလေးရာကျော်ကို ဦးဆောင်လာကာ စတင်၍ တိုက်ခိုက်တော့သည်။
စစ်ရှီးမှလည်း အော်ဟစ်ကြွေးကြော်၏။ သို့ဖြင့် နောက်ထပ် ကျားဖြူခန်းမအစောင့်တပ်သားတစ်ရာကျော်သည် တိုက်ပွဲအတွင်း ဝင်ရောက်လာခဲ့သည်။ တိုက်ပွဲသည် အရှိန်ပြင်းထန်လာခဲ့ပြီး နန်ပါးထျန်း၏အင်အားနှင့် ညီမျှသွားခဲ့လေပြီ။
တိုက်ပွဲသည် ခေါင်းဆောင်များ၏ တစ်ဦးချင်းတိုက်ပွဲမှသည် လူအင်အားအမြောက်အများပါဝင်သည့် တိုက်ပွဲကြီးအဖြစ်သို့ တမဟုတ်ချင်း ပြောင်းလဲသွားခဲ့သည်။
တိုက်ပွဲသည် အရှိန်မြင့်တက်လာ၏။ စစ်ရှီးသည် ဝင်ပေါက်တံခါးများအားလုံးတွင် အစောင့်များ နေရာချထားခြင်းဖြင့် အပြင်ခြံဝင်းရှိ တိုက်ပွဲသည် အတွင်းအဆောင်ခန်းမများထဲသို့ သက်ရောက်၍ အမျိုးသမီးများကို မထိခိုက်ရစေရန် ပြင်ဆင်ကာကွယ်သည်။
***