တိုက်ပွဲသည် အတော်ပြင်းထန်သည်။ ငါးဖမ်းကုန်သည်အဖွဲ့သားအချင်းချင်းကြားမှ တိုက်ပွဲဖြစ်ပြီး ဓားများ၊ သေနတ်များ အသုံးပြုတိုက်ခိုက်ခြင်း မဟုတ်ကြသော်လည်း တုတ်များ၊ တုတ်ကောက်များကို အသုံးပြု၍ တစ်ဖက်နှင့်တစ်ဖက် ရိုက်နှက်တိုက်ခိုက်ကြသောကြောင့် လူအများစုမှာ မျက်နှာများ ဖူးရောင်ပြီး ညိုမဲကွဲပြဲကုန်ကြသည်။
အခြေအနေမှာ အလွန်တရာ ရှုပ်ထွေးဆူပူနေခဲ့၏။
ထို့နောက်တွင်မူ မြင်းခွာသံများ ထွက်ပေါ်လာခြင်းနှင့်အတူ စကားသံတစ်သံကို ကြားလိုက်ရလေသည်။
“အားလုံး ရပ်ကြစမ်း”
ချီမုကောမှ အော်ပြောလိုက်ခြင်းဖြစ်သည်။ ချန်ကျဲ့နှင့် လျိုလောင်ကွေ့တို့က တစ်ဖက်၊ နန်ပါးထျန်းနှင့် ချင်းယင်တို့က တစ်ဖက် တိုက်ခိုက်နေကြသည်ကို မြင်လျှင် ချီမုကောသည် ဓားအိမ်ထဲမှ ဓားကို ဆွဲထုတ်ကာ သူတို့လေးဦး၏တိုက်ပွဲအလယ်သို့ ခုတ်ပိုင်းချလိုက်သည်။ အရှိန်အဝါကြီးလှသည့် ဓားရောင်ခြည်သည် လေးဦးကြားမှ ဖြတ်သန်းသွား၏။
ချန်ကျဲ့၊ နန်ပါးထျန်းနှင့် လျိုလောင်ကွေ့တို့သည် တိုက်ခိုက်မှုကို ချက်ချင်း ရပ်တန့်လိုက်ကြသည်။ ချီမုကော၏အင်အားသည်လည်း အကြောင်းအရာတစ်ခုဖြစ်သော်ငြား ယဲ့လုဖုန်းရောက်ရှိလာလျှင် တိုက်ပွဲအရှိန်သည် ယခုထက်ပို၍ အရှိန်မမြင့်နိုင်တော့ပေ။
ထို့ပြင် ချန်ကျဲ့သည် ဒီနေ့ ဒီနေရာတွင် နန်ပါးထျန်းနှင့် အသေအကြေတိုက်ခိုက်ရန် အစီအစဉ်မရှိပါချေ။
ခုနက တိုက်ပွဲမှတစ်ဆင့် ချန်ကျဲ့သည် နန်ပါးထျန်း၏အင်အားကို ပို၍ နက်ရှိုင်းစွာ နားလည်နိုင်ခဲ့သည်။ နန်ပါးထျန်း၏အင်အားသည် သာမန်စွမ်းအင်ပြောင်းလဲခြင်းအဆင့်မျှ မဟုတ်ဘဲ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်၏ အောက်ခြေကိုပင် ထိစပ်နေခဲ့လေပြီ။
ထို့ပြင် သူနှင့် နန်ပါးထျန်းကြားတွင် အင်အားကွာဟချက် ကြီးမား၏။ လျိုလောင်ကွေ့နှင့် ပူးပေါင်းတိုက်ခိုက်မှသာ ဖိနှီပ်နိုင်ရုံမျှ ရှိလေသည်။ တကယ့်ကို မျန့်ရွှေ၏ အင်အားအကြီးမားဆုံးပုဂ္ဂိုလ်ကြီး ပီသပါပေသည်။
ချန်ကျဲ့သည် နန်ပါးထျန်း၏ ရေခဲစိတ်စွမ်းအင်သိုင်း၏ စီးဆင်းမှုပုံစံကို ဖမ်းဆုပ်နိုင်ခဲ့သော်ငြား တိုက်ပွဲအတွင်း၌ နန်ပါးထျန်း၏ မထင်မှတ်ထားသည့် တိုက်ကွက်များကြောင့် အကြိမ်ရေမနည်း သတိလက်လွတ်ဖြစ်ခဲ့ရပေသည်။ နန်ပါးထျန်း၏ထောင်ချောက်ထဲ ကျရောက်လုနီးနီး ဖြစ်ခဲ့ရ၏။ ဤသည်မှာ သိုင်းကျမ်းကို အကြမ်းဖျင်းသာ ကြည့်ခဲ့ပြီး သေချာမလေ့လာခဲ့ခြင်းကြောင့်ဟု တွေးလိုက်သည်။
ကိစ္စများပြီးဆုံးသွားပါက ရေခဲစိတ်စွမ်းအင်သိုင်း သေချာစေ့စပ်စွာ လေ့လာပြီး ရန်သူနှင့် မိမိကိုယ်ကိုယ် ကောင်းစွာနားလည်သိရှိအောင် လုပ်ဆောင်ရပေမည်။ သို့မှသာ နောက်တစ်ကြိမ်တိုက်ပွဲတွင် အန္တရာယ်ကင်းမည်ဖြစ်သည်။
“အားလုံးပဲ မတိုက်ကြနဲ့တော့”
ချန်ကျဲ့နှင့် နန်ပါးထျန်းတို့မှ ဟန့်တားလိုက်ကြသည်။ ယဲ့လုဖုန်း၏စစ်သည်များ၏ အော်ဟစ်ဟန့်တားမှုများအောက်တွင် နှစ်ဖက်အဖွဲ့ကို လူခွဲနိုင်လိုက်သည်။ ထို့နောက် နှစ်ဖက်အဖွဲ့သည် အသီးသီး တန်းစီရပ်လျက် တစ်ဖက်နှင့်တစ်ဖက် မျက်နှာချင်းဆိုင်ထားကြသည်။
ထိုမြင်ကွင်းကြောင့် ယဲ့လုဖုန်းသည် ဒေါသပေါက်ကွဲ၍ ဆူပူကြိမ်းမောင်းတော့သည်။
“မင်းတို့တွေ ဒါဘာလုပ်နေကြတာလဲ။ ပုန်ကန်နေကြတာလား။ မြို့ထဲမှာ လူအင်အားအများကြီးနဲ့ တိုက်ခိုက်နေကြတာ မင်းတို့မျက်လုံးထဲ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ဆိုတာရော ရှိသေးရဲ့လား”
“ပြောစမ်း၊ ဒီတိုက်ပွဲကို ဘယ်သူစတာလဲ”
ထိုအခါ လျိုလောင်ကွေ့မှ ပြောသည်။
“နန်ပါးထျန်း သူ စတိုက်တာပါ။ သခင်ကြီးယဲ့လု၊ သခင်ကြီး ကျိုစစ်အတွက် တရားမျှတမှုရယူပေးရပါမယ်။ အဲဒီနန်ပါးထျန်းက စိတ်လွတ်သွားပြီ။ သူ့ဇနီးပျောက်သွားတာကို ကျိုစစ်ပြန်ပေးဆွဲတာပါဆိုပြီး လာစွပ်စွဲနေတာ။ ကျွန်တော် သူ့ကို မေးချင်မိပါတယ်— သူဒီလောက် အတပ်ပြောနေတာ သူက ကျိုစစ်ရဲ့အိပ်ရာအောက်ကို သွားစစ်ဆေးခဲ့လို့လားလို့”
ယဲ့လုဖုန်း နန်ပါးထျန်းကို ကြည့်လိုက်သည်။ နန်ပါးထျန်းမှ ပြောသည်။
“သခင်ကြီးယဲ့လု ကျွန်တော့်အတွက် တရားမျှတမှုရယူပေးရမယ်။ ချန်ကျိုစစ်က ကျွန်တော့်ဇနီးကို ခေါ်သွားတာပါ။ သူက တရားခံပါပဲ”
ချန်ကျဲ့သည် လက်သီးယှက်အရိုအသေပြုလျက် ယဲ့လုဖုန်းကို ပြောသည်။
“သခင်ကြီးယဲ့လု ကျွန်တော် ဘာမှမသိရပါဘူး။ ကျွန်တော် ဒီနေ့ ခေါင်းဆောင်လျိုနဲ့ လက်ဖက်ရည်သောက်နေတုန်းမှာ ခေါင်းဆောင်နန်ရောက်လာပြီး တခြားဘာမှမပြောဘဲ သူ့ဇနီးကို ပြန်ပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော့်မှာ လုံးဝ ကြောင်အသွားရတာပါ။ အဲဒီနောက်တော့ ခေါင်းဆောင်နန်က စတိုက်ခိုက်ပါတယ်။ ခေါင်းဆောင်လျိုက ကျွန်တော်ထိခိုက်မှာစိုးလို့ ဝင်တိုက်ခိုက်ပေးခဲ့ပါတယ်။ နောက်တော့ ခေါင်းဆောင်လျို အရေးနိမ့်နေတာကို မြင်တော့ ကျွန်တော်ကြားဝင်ပြီး တိုက်ပွဲကို ဟန့်တားဖို့ ကြိုးပမ်းခဲ့ပါတယ်။ အဲဒီလိုကနေ ဒီလိုတိုက်ပွဲကြီးဖြစ်သွားရတာပါ။ ခေါင်းဆောင်နန်ရဲ့ဇနီးကတော့ ကျွန်တော်လည်း မသိပါဘူး”
“ချန်ကျိုစစ် မင်းတကယ်ပဲ မသိဘူးလား။ ငါ့ဇနီးကို ခေါ်သွားတာ မင်းပဲဖြစ်ရမယ်။ ငါ့ဇနီးကို အခုချက်ချင်း ပြန်ပေးစမ်း”
ချန်ကျဲ့သည် အံ့အားသင့်လျက် ပြောသည်။
“သခင်ကြီးယဲ့လု ခေါင်းဆောင်နန်က ကျိုးကြောင်းမဆီလျော်ဘဲ ပြုမူနေပါတယ်။ ကျွန်တော် ဘယ်တုန်းက သူ့ဇနီးကို ပြန်ပေးဆွဲမိလို့လဲ။ ဒါ ကျွန်တော့်ကို မတရားစွပ်စွဲနေတာပါ”
ထို့နောက် ချန်ကျဲ့သည် နန်ပါးထျန်းကို လှည့်ကြည့်လိုက်သည်။
“ခင်ဗျားမှာ သက်သေရှိသလား”
နန်ပါးထျန်းမှ ပြန်ပြောသည်။
“သက်သေတဲ့လား။ ငါက ဘာလို့ သက်သေပြဖို့ လိုအပ်မှာလဲ။ ငါ့မှာ သက်သေမရှိဘူး။ ဒါပေမဲ့ ချန်ကျိုစစ်၊ ငါ့ဇနီးကို ခေါ်သွားတဲ့သူ မင်းပဲ သေချာတယ်”
“ဘာလို့သေချာနေရတာလဲ”
ချန်ကျဲ့မှ မေးသည်။
“အခုအချိန်မှာ ငါ့ကိုသေစေချင်နေတဲ့သူက မင်းနဲ့ ခေါင်းဆောင်လျိုပဲရှိတယ်။ ခေါင်းဆောင်လျိုက အမျိုးသမီးတစ်ယောက်ကို ပြန်ပေးဆွဲတာလိုမျိုးလုပ်ရပ်ကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ အဲဒီတော့ မင်းတစ်ယောက်ပဲ ကျန်တော့တယ်”
“ကျုပ်ကလား။ သခင်ကြီးယဲ့လု ကျွန်တော် မတရားစွပ်စွဲခံရတာပါ”
ချန်ကျဲ့ ယဲ့လုဖုန်းကို လှည့်ပြောလိုက်သည်။ ထိုအခါ ယဲ့လုဖုန်းမှ နန်ပါးထျန်းကို ပြောသည်။
“ဒါတွေက မင်းရဲ့ခန့်မှန်းချက်သက်သက်ပဲ မဟုတ်ဘူးလား”
“ကျွန်တော် ကျွန်တော်ခန့်မှန်းတာ မမှားနိုင်ဘူး”
နန်ပါးထျန်းမှ ပြောသည်။
ယဲ့လုဖုန်း ဒေါသူပုန်ထတော့သည်။
“အဓိပ္ပာယ်မရှိတာတွေ။ မင်းတို့အကုန်လုံးက ပြဿနာရှာနေကြတာပဲ။ နန်ပါးထျန်း မင်းရဲ့ဇနီး ပျောက်နေတယ်ဆိုရင် မင်းဒီမှာ ချန်ကျိုစစ်ကို စွပ်စွဲနေမယ့်အစား မင်းရဲ့ဇနီးကို လိုက်ရှာသင့်တာလေ။ မင်း တမင်ပြဿနာရှာတာ သိသာနေတာပဲ။ ငါပြောမယ် နန်ပါးထျန်း၊ မင်းက သက်သေမရှိဘဲနဲ့များ လူရာချီပါဝင်တဲ့ တိုက်ပွဲကို စတင်ရဲတယ်ပေါ့လေ။ မင်းစိတ်ထဲ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကို လေးစားမှုရော ရှိသေးရဲ့လား”
“ဒါက တရားလွန်လုပ်လွန်းတာပဲ”
ယဲ့လုဖုန်းသည် နန်ပါးထျန်းကို အပြင်းအထန် ပြစ်တင်ပြောဆိုခဲ့သည်။ နန်ပါးထျန်းသည် မကျေမနပ်ဖြစ်နေသော်လည်း ဘာမှပြန်မပြောပေ။ ထို့နောက် ယဲ့လုဖုန်းသည် နန်ပါးထျန်းကို လက်ညှိုးထိုး၍ အမိန့်ပေးသည်။
“အခုချက်ချင်း မင်း အဖွဲ့သားတွေကို ခေါ်ပြီး ထွက်သွားစမ်း။ ပြဿနာထပ်မရှာနဲ့တော့”
“မင်းတို့တွေလည်း လူခွဲကြတော့၊ သွားကြ”
“သခင်ကြီး ဒါက…”
ထိုအခါ နန်ပါးထျန်းသည် ချေပပြောဆိုလိုခဲ့သည်။ သို့သော် ထန်ဇီယွဲ့မှ ကြားဝင်ဟန့်တား၍ နန်ပါးထျန်းကို ဘေးသို့ ဆွဲခေါ်သွားပြီး ပြောသည်။
“ခေါင်းဆောင် မြက်ခင်းပြင်က မြွေကို ခြောက်လှန့်မနေပါနဲ့တော့။ ဒီကိစ္စကို ကျားဖြူခန်းမက ကျွန်တော်တို့ရဲ့သူလျှိုတွေ ဆက်စုံစမ်းပါစေ။ ကျွန်တော်တို့ ဒီလိုအဆင်အခြင်မဲ့ လုပ်နေတာထက် အဲဒါက ပိုကောင်းပါတယ်”
“ငါက အင်းပါ… ဒါဆိုလည်းကောင်းပြီ”
ထန်ဇီယွဲ့မှာ နောက်ဆုံးတွင်တော့ သက်ပြင်းချနိုင်လေပြီ။ တစ်ခါတလေတွင် အကျိုးအကြောင်းမကြည့်ဘဲ ထင်ရာစိုင်းတတ်သည့် နန်ပါးထျန်းသည် သူဘာပြောပြော နားမဝင်ချေ။ ယခုတွင်တော့ နားဝင်သွားခဲ့လေပြီ။
တကယ်တော်ပါသေးရဲ့။
အခြေအနေသည် ခုနကကဲ့သို့ မရှုပ်ထွေးတော့ပေ။
လူအုပ်ကြီးသည်လည်း တဖြည်းဖြည်းနှင့် လူစုခွဲသွားကြသည်။
ချန်ကျဲ့လည်း အတွင်းအဆောင်သို့ ပြန်လာခဲ့ပြီး မကြာမီတွင် စစ်ရှီးလည်း နောက်မှလိုက်လာသည်။
“ခန်းမအရှင်သခင် နန်ပါးထျန်းက ကျွန်တော်တို့အိမ်တော်ထဲက သူ့ရဲ့သူလျှိုတွေကို အသုံးပြုလာပါလိမ့်မယ်။ အဲဒီသူလျှိုတွေကို ဘယ်လိုလုပ်လိုက်ရမလဲ”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ဘာမှမလုပ်နဲ့။ သူတို့ကို စုံစမ်းခွင့်ပြုထားလိုက်ပါ။ ဟွမ်သခင်မက ဒီမှာရှိနေတာမှ မဟုတ်တာ၊ ဘာကြောက်စရာရှိသလဲ။ ပြီးတော့ အဲဒီသူလျှိုတွေရဲ့ပါးစပ်ကို အငှားသုံးပြီး နန်ပါးထျန်းကို စကားပါးလိုက်ဦး”
“ဟုတ် နားလည်ပါပြီ”
သူတို့စကားပြောနေစဉ် ရှောင်ဟူမှ ပြောသည်။
“အစ်ကိုကျိုစစ် ချောင်ဟုန်ယန်ရောက်နေပါတယ်”
“အို ဘယ်မှာလဲ”
“စာကြည့်ခန်းထဲမှာ လက်ဖက်ရည်သုံးဆောင်ရင်း စောင့်နေပါတယ်”
“သိပြီ။ မင်းလုပ်စရာရှိတာ သွားလုပ်တော့”
ထို့နောက် ချန်ကျဲ့သည် စာကြည့်ခန်းထဲသို့ အမြန်သွားလိုက်သည်။ ချောင်ဟုန်ယန်သည် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်တက်လှမ်းဆေးလုံး၏ ဆေးညွှန်းကို လာပေးခြင်း ဖြစ်ပေလိမ့်မည်။
***