ကျားဖြူခန်းမ စာကြည့်ခန်း၌
ချန်ကျဲ့၏စာကြည့်ခန်းသည် အတော်လေး ရိုးရှင်း၏။ စာအုပ်လေး လေးအုပ်မျှနှင့် ဂန္တဝင်စာပေ ငါးအုပ်ခန့်ကိုသာ ဟန်ပြထားရှိသည်။ ကျန်စာအုပ်စာရွက်များသည် ခန်မးအတွင်းပိုင်း အစီရင်ခံစာများနှင့် သူရေးဆွဲထားသည့် အစီအစဉ်များသာ ဖြစ်သည်။
ချောင်ဟုန်ယန်(ဟန်ဟယ့်)သည် ထိုင်ခုံတစ်ခုံတွင် ထိုင်နေကာ အစေခံမိန်းကလေးချွေ့ကျူသည် ဘေးတွင် ရပ်နေသည်။
လက်ရှိတွင် ယင်ဟုန်မိန်နှင့် ချွေ့ကျူတို့သည် ချန်ကျဲ့၏အတွင်းခန်းမ၏ အစေခံများဖြစ်ကြသည်။ ယင်ဟုန်မိန်သည် ခန်းမအရှင်သခင်၏ဇနီး၊ အိမ်တော်သခင်မ၏ အနီးကပ်အစေခံဖြစ်သောကြောင့် ချွေ့ကျူထက် ရာထူးပိုမြင့်သည်။ သို့သော် အပြင်ဧည့်သည်များ လက်ခံခြင်းကဲ့သို့ ကိစ္စရပ်များသည် ချွေ့ကျူ၏ တာဝန်ဖြစ်သည်။
ချွေ့ကျူသည် အရာရှိမိသားစုမှ ဆင်းသက်လာသူဖြစ်ရာ ဧည့်သည်ဧည့်ခံခြင်းနှင့် ပို့ဆောင်ခြင်းကိစ္စရပ်များတွင် အတွေ့အကြုံပိုများသည်။
ချွေ့ကျူသည် ဟန်ဟယ့်ကို လက်ဖက်ရည်တစ်ခွက်ထည့်၍ ဧည့်ခံပြီးနောက် လင်ဗန်းကို ကိုင်ဆောင်ကာ ပြုံးလျက် ဘေးတွင် ရပ်နေခဲ့သည်။
“မိန်းကလေး အလိုရှိတာကို မှာကြားနိုင်ပါတယ်”
ထိုအခါ ဟန်ဟယ့် ချွေ့ကျူကို တစ်ချက်ကြည့်လိုက်သည်။ ဤသည်မှာ ချန်ကျိုစစ်၏ စာကြည့်ခန်းဖြစ်ရာ လျို့ဝှက်ချက်များရှိနေနိုင်သဖြင့် သူမကို စာကြည့်ခန်းထဲ တစ်ဦးတည်း ထားခဲ့ခြင်းငှာ မသင့်တော်ပေ။ ထို့ကြောင့် အစေခံတစ်ဦးကို အခန်းထဲတွင်သာ ရပ်နေစေခြင်းဖြင့် သူမကို စောင့်ကြည့်နေစေခြင်းပင်။
ဟန်ဟယ့်သည်တော့ များများစားစား ဂရုမစိုက်ပါချေ။ ချန်ကျိုစစ်၏ စာဖတ်ခန်းထဲတွင် သူမ ခိုးကြောင်ခိုးဝှက်ကြည့်ချင်လောက်စရာ ဘာများရှိနိုင်ပါမည်နည်း။
အချိန်ခဏမျှစောင့်ဆိုင်းပြီးနောက်၌ အပြင်ဘက်ရှိ ဆူညံသံများ ရပ်တန့်သွားခဲ့သည်။ ချန်ကျိုစစ် ရောက်လာတော့မည်ထင်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် မကြာမီတွင် ချန်ကျိုစစ် စာကြည့်ခန်းထဲ ဝင်လာပြီး ဟန်ဟယ့်ကို အရိုအသေပြုနှုတ်ဆက်သည်။
“မိန်းကလေးဟုန်ယန် အကြာကြီးစောင့်လိုက်ရပါပြီ”
အခြားသူများရှိနေပါက ချန်ကျဲ့သည် သံသယကင်းလွတ်စေရန်အတွက် အကွာအဝေးထိန်းသိမ်းသည့်အနေဖြင့် ဟန်ဟယ့်အား မိန်းကလေးဟုန်ယန်ဟုသာ ခေါ်လေ့ရှိသည်။
ဟန်ဟယ့် ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ပြောသည်။
“ဒီနေ့ အတော်လေး စည်ကားနေတာပဲနော်။ ကျွန်မကြားမိတာ ခန်းမအရှင်သခင်ချန်က ခေါင်းဆောင်နန်ရဲ့ဇနီးကို ခိုးသွားခဲ့တယ်ဆိုပဲ”
အဟွတ် အဟွတ်…
ဟန်ဟယ့်၏စကားတွင် ဘေးတွင်ရပ်နေသည့် ချွေ့ကျူမှာ သီးသွားကာ ချောင်းဆိုးတော့သည်။ ချန်ကျဲ့လည်း ချွေ့ကျူကို ကြည့်လိုက်ပြီး ထွက်သွားရန် အချက်ပြလိုက်သည်။
“ဟုတ်ကဲ့”
ချွေ့ကျူသည် ထွက်ပြေးသည့်အလား ပြေးထွက်သွားခဲ့သည်။
ဘုရားရေ ဒီစကားတွေကို ငါကြားလိုက်သင့်ရဲ့လား။
ချွေ့ကျူသည် ပြေးထွက်လာခဲ့ပြီးနောက်တွင်လည်း တုန်ယင်နေဆဲဖြစ်သဖြင့် ခဏမျှ မိမိကိုယ်ကိုယ် တည်ငြိမ်အောင်လုပ်ပြီးမှသာ အတွင်းခြံဝင်းထဲ ပြန်သွားခဲ့သည်။ သို့သော် သူမ၏ အပြန်လမ်း၌ ခြံဝင်းအလုပ်သမားတစ်ဦးကို မြင်လိုက်ရသည်။
ထိုအမျိုးသားကို ချွေ့ကျူသိပါ၏။ ရိုးသားသည့်လူငယ်လေး ကျုဇစ် ဖြစ်ပေသည်။
ထိုစဉ် ကျုဇစ်သည် ချွေ့ကျူကို မြင်သွားပြီး ပြောလာသည်။
“အစ်မချွေ့ကျူ”
ချွေ့ကျူသည် ကျုဇစ်ကို တိုးတိုးနေရန် အချက်ပြလိုက်သည်။
“ရှူး တိုးတိုးနေ။ သခင်မ ကြားသွားဦးမယ်။ နင်ဘာလိုလို့လဲ”
ကျုဇစ်သည် ရိုးအစွာ ပြုံးလျက် ပြောသည်။
“အစ်မချွေ့ကျူ ဒီမှာကြည့်၊ အရင်တစ်ခါက အစ်မပြောခဲ့တဲ့ ရှန့်ဟုန်ဆိုင်က မျက်နှာချေလေ ဒီမှာ အစ်မအတွက် ယူလာတယ်”
ချွေ့ကျူ၏ မျက်လုံးများ တောက်ပသွား၏။ ဤသည်မှာ သူမ တစ်ချိန်လုံး လိုချင်နေခဲ့ပြီး မရယူနိုင်သေးသည့် ရှန့်ဟုန်ဆိုင်မှ မျက်နှာချေဖြစ်ပေသည်။ မမျှော်လင့်စွာဖြင့် အလုပ်သမားလေးတစ်ဦးသည် သူမအတွက် ဝယ်လာပေးခဲ့လေသည်။
ဤမျက်နှာချေနီမှာ စျေးမပေါပေ။ ငွေလေးစခန့် တန်ဖိုးရှိသဖြင့် ဤလူငယ်လေး၏ တစ်လစာ၏ ထက်ဝက်ခန့်ကုန်ကျပေသည်။
သူက ငါ့ကို ဘာလို့ မျက်နှာချေဝယ်လာပေးတာလဲ။ သူ ငါ့ကို ပိုးပန်းနေတာလား။
ဒါတော့ လက်ခံလို့မဖြစ်ဘူး။
ချွေ့ကျူသည် ကောင်းကောင်းမွန်မွန် လက်ထပ်နိုင်ရန် ရည်ရွယ်ချက်ထားရှိလေရာ အဆင့်အတန့်နိမ့်ပါးသူတစ်ဦးနှင့် လက်မထပ်လိုပါချေ။ ထိုသို့တွေးလိုက်ရင်း ချွေ့ကျူသည် ကျုဇစ်ကို တည့်တည့်ကြည့်၍ ပြောခဲ့သည်။
“ကျုဇစ် နင်ဘာလို့ ငါ့အတွက် ဒီလိုစျေးကြီးတဲ့ မျက်နှာချေကို ဝယ်လာပေးရတာလဲ။ ဒီမှာ ငါ့မှာ ငွေသုံးစရှိတယ်။ လိုတဲ့ တစ်စကိုတော့ ညမှ ငါလာပေးလှည့်မယ်နော်”
“အာ အစ်မချွေ့ကျူ ဘာလုပ်တာလဲဗျာ။ ကျွန်တော် အစ်မအတွက် မျက်နှာချေဝယ်လာပေးတာက ဒီတိုင်း သဘောရိုးနဲ့ပါ။ အစ်မ ကျွန်တော့်ကို ဒီလိုငွေပြန်ပေးတာက ကျွန်တော့်စေတနာကို စော်ကားလိုက်တာပါပဲ။ ကျွန်တော် မယူနိုင်ဘူး”
“နင် ရူးသွားပြီလား။ ဒီငွေလေးစက နင်နဲ့ နင့်အမေအတွက် လဝက်စာ အသားဝယ်ဖို့ လုံလောက်တယ်။ ဘာလို့ ငါ့အတွက် မျက်နှာချေဝယ်ပေးရတာလဲ”
ချွေ့ကျူသည် လောဘကြီးတတ်သည့်တိုင် စိတ်ထားမကောင်းသူတော့ မဟုတ်ပါချေ။ သူမသည် အဆင့်အတန်းအမြင့်တစ်ခုသို့ တက်လှမ်းချင်သည်မှန်သော်ငြား ဆင်းရဲနွမ်းပါးသူတစ်ယောက်ထံမှ ငွေဖြုန်းတီးခြင်းကဲ့သို့ လုပ်ရပ်မျိုးကို မပြုလုပ်နိုင်ပါချေ။
ကျုဇစ်မှ ပြန်ပြောသည်။
“အစ်မ အစ်မ အထင်လွဲနေပါပြီ။ ကျွန်တော်က အစ်မကို ဖြားယောင်းသွေးဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ပေးတာ မဟုတ်ပါဘူး။ ကျွန်တော်က ဘယ်လိုများ အစ်မနဲ့ လိုက်ဖက်နိုင်မှာတဲ့လဲ။ ကျွန်တော်က ဒီတိုင်း အစ်မကို ကျေးဇူးဆပ်ချင်လို့ပါ။ ကျွန်တော် ချန်အိမ်တော်မှာ တံမြက်လှည်းအလုပ်လုပ်နေတာ အခုဆို နှစ်လ၊သုံးလရှိပြီလေ။ ဒီအတောအတွင်းမှာ အစ်မက ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့တယ်မဟုတ်လား။ ကျွန်တော့်အမေ အမြဲပြောလေ့ရှိတယ်.. ကြင်နာမှုကို ပြန်ပေးဆပ်ရမယ်တဲ့။ အဲဒါကြောင့် ကျွန်တော် အစ်မအတွက် ဒီမျက်နှာချေကို ဝယ်လာပေးတာပါ။ တခြားရည်ရွယ်ချက် လုံးဝ မရှိပါဘူး။ အစ်မ စိတ်ချပါ”
“တကယ်လား”
ချွေ့ကျူသည် ကျုဇစ်၏မျက်လုံးများကို သေချာကြည့်နေခဲ့သည်။ ကျုဇစ်မှ ခေါင်းညိတ်သည်။
“တကယ်ပါ အစ်မ။ ကျွန်တော် တကယ် အစ်မအပေါ် တခြားရည်ရွယ်ချက် လုံးဝ မရှိပါဘူး။ ကျွန်တော်က အစ်မထက် အဆင့်အတန်းနိမ့်ပါးသူပါ။ အစ်မလို အဆင့်အတန်းမြင့်မားတဲ့သူတစ်ယောက်က ကျွန်တော့်လို ဆင်းရဲသားတစ်ယောက်ကို ဘယ်လိုလုပ်ပြီး နှစ်ကြိမ်ပြန်လှည့်ကြည့်လာမှာလဲ”
ချွေ့ကျူသည် ကျုဇစ်၏စကားများကို ပြန်လည်သုံးသပ်ကြည့်ပြီးနောက် ပြောသည်။
“အင်း ဒါဆိုရင်တော့ လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ နောက်ဆို ဒီလိုစျေးကြီးတဲ့ပစ္စည်းတွေ ဝယ်မလာနဲ့တော့။ ပြီးတော့ ငါ ဦးစီးမှူးစစ်ရှီးကို နင့်ကို တခြားအလုပ်တစ်ခု ပြောင်းစီစဉ်ပေးဖို့ ပြောလိုက်မယ်”
“ဟားဟား ကျေးဇူးတင်ပါတယ် အစ်မချွေ့ကျူ”
ကျုဇစ်သည် ချက်ချင်း ပျော်ရွှင်စွာ ပြုံးရယ်သည်။ ချွေ့ကျူမှ မေးသည်။
“တခြားကိစ္စရှိသေးလား။ မရှိတော့ရင် ငါသွားတော့မယ်”
“နေပါဦး အစ်မ။ ကိစ္စတစ်ခုရှိသေးတယ်ဗျ။ ကျွန်တော် ဒီတိုင်း သိချင်လို့မေးတာပါ။ ဒီနေ့အပြင်ဘက်မှာ ဆူညံပွက်လောရိုက်နေတာက ခန်းမအရှင်သခင်ချန်က ကုန်သည်အဖွဲ့ခေါင်းဆောင်ရဲ့ဇနီးကို အိမ်တော်ဆီ ခေါ်လာလို့ဆို။ အဲဒါက အဓိပ္ပာယ်မရှိတဲ့ ကောလာဟလတွေပဲ ဟုတ်တယ်မလား။ အဲဒါက လုံးဝ အမှန်မဖြစ်နိုင်ဘူးဆိုတဲ့ဘက်က ကျွန်တော် ငွေနှစ်စ လောင်းခဲ့တယ်။ ကျွန်တော် မရှုံးလောက်ပါဘူးနော်.. အစ်မရော ဘယ်လိုထင်လဲ”
ဟမ်
ချွေ့ကျူသည် ခဏမျှကြောင်အလျက် ကျုဇစ်ကို ကြည့်နေခဲ့သည်။ ထိုအခါ ကျုဇစ်သည် ထိတ်ပျာသွား၏။
“အစ်မ ကျွန်တော် ဒီတိုင်းပြောလိုက်တာပါ။ အများကြီး မတွေးလိုက်ပါနဲ့”
ချွေ့ကျူသည် မျက်လုံးတို့မှေးကျုံ့သွားကာ ကျုဇစ်ကို ဆူလိုက်သည်။
“ကျုဇစ် နင်ဘာလို့ ဒီလောက်အသက်ငယ်ငယ်လေးနဲ့ လောင်းကစားလုပ်ရတာလဲ။ ပိုက်ဆံရှာတယ်ဆိုတာ လွယ်ကူတာ မဟုတ်ဘူး။ ရူးရူးမိုက်မိုက်နဲ့ လောင်းကစားမလုပ်စမ်းနဲ့။ နင် လောင်းကစားရှုံးသွားရင် နင့်အမေ ဘယ်လိုလုပ်မလဲ”
“အာ အစ်မ ကျွန်တော်က ဒီတိုင်း အပျော်ကစားတာပါ။ နောက် ထပ်မကစားတော့ပါဘူး။ ကျွန်တော် အစ်မ စကားကို နားထောင်မှာပါ”
ကျုဇစ် သက်ပြင်းချလိုက်သည်။ ချွေ့ကျူမှ နှစ်သိမ့်သည်။
“ဘာမှမစိုးရိမ်ပါနဲ့။ ဒီနေ့ အိမ်တော်ထဲကို ဘယ်သူမှရောက်မလာဘူး။ နင် ရှုံးမှာ မဟုတ်ပါဘူး။ အခု အလုပ်ပြန်လုပ်တော့”
“ဟုတ်ကဲ့ ဟုတ်ကဲ့”
ကျုဇစ်သည် ချွေ့ကျူထွက်သွားသည်နှင့် ချက်ချင်း တံမြက်စည်း စလှည်းကျင်းသည်။ ချွေ့ကျူ၏မျက်လုံးများတွင် သံသယအငွေ့အသက်များ ဖြတ်ပြေးသွား၏။
ဒီကောင်လေးကတော့ ပြဿနာပဲ။
သူမတွေးလိုက်သည်။
ငါ ဒီအကြောင်းကို သခင်မဆီ ပြန်တင်ပြရမယ်။
ထိုသို့အတွေးဖြင့် ချွေ့ကျူသည် စူးယွင်ကျင်း၏ခြံဝင်းထဲသို့ ဦးတည်သွားခဲ့သည်။
ချွေ့ကျူသည် အရာရှိမိသားစုမှ ဆင်းသက်လာသူဖြစ်သောကြောင့် အိမ်တော်များ၏ အရှုပ်အထွေးများကို နားလည်ပြီး အလွန် သတိဝီရိယရှိသည်။ ထို့ကြောင့် သူမသည် သူမကို အိမ်တော်မှ မောင်းထုတ်ပစ်နိုင်လောက်သော ပြစ်မှုဖြစ်သည့် သခင်ကို ဆွဲဆောင်ချင်သည့် ပြစ်ချက်ရှိသော်ငြား သူမ၏ သတိဝီရိယရှိမှုသည် သူမအား နေရာခိုင်မြဲနေစေခဲ့သည်။
***