တကယ်တမ်းတွင် စစ်လက်နက်ပစ္စည်းများကို မုလန်လူမျိုး၏ ခေါင်းတလားထဲသို့ ထည့်ပြီး မြို့ပြင်သယ်ထုတ်ခဲ့ခြင်းမှာ အမှန်ဖြစ်သည်။
အားအာထိုက် မျက်နှာသာပေးသည့် ဖုန်းရွှေဆရာနှင့် မုလန်လူမျိုးများ ရွေးချယ်ထားသည့် သင်္ချိုင်းမြေ အားလုံးကို ချန်ကျဲ့မှ ရွေးချယ်ထားခြင်းဖြစ်သည်။
အားလုံးသည် ဤအကြံအစည်ကြီး ပြီးမြောက်အောင်မြင်စေရန် ဖြစ်သည်။
ဤအကြံအစည်ကြီးသည် ချန်ကျဲ့မှ လူအားလုံး၏ အာရုံကိုဆွဲဆောင်ပြီး မြို့ပြင်ထွက်ခြင်းနှင့် မုလန်လူမျိုးများ၏ ခေါင်းတလားများထဲ လက်နက်များထည့်ပြီး မြို့ပြင်သယ်ထုတ်ခြင်းမှ စတင်သည်။ ဟန့်လူမျိုးတို့၏ မြှုပ်နှံခြင်းဓလေ့ကို မသိကြသည့် မုလန်လူမျိုးများသည် မြို့ပြင်ရှိ သတ်မှတ်နေရာကို ရောက်ရှိသည်နှင့် ခေါင်းတလားများကို ရိုးရှင်း ပေးအပ်ခဲ့ပြီး တွင်းတူးကာ စတင်မြှုပ်နှံကြသည်။
မုလန်လူမျိုးများသည် မြှုပ်နှံ၍ပင် မပြီးသေးဘဲ ထွက်ခွာသွားခဲ့ကြသည်။ သူတို့သည် သူတို့၏လူမျိုးတူအိမ်နီးနားချင်းဖြစ်သည့် ထာရာမိသားစုတစ်စုလုံး သေဆုံးသွားခဲ့ခြင်းဖြစ်သည့်တိုင် မြှုပ်နှံခြင်းပြီးစီးသည်အထိ စောင့်ဆိုင်းခြင်းငှာ စိတ်မရှည်ကြပေ။
သို့ဖြင့် မြှုပ်နှံခြင်းကို မည်သူကမျှ အလေးမထားခဲ့ကြချေ။
မုလန်လူမျိုးများထွက်ခွာသွားပြီးနောက်၌ ချန်ကျဲ့၏လူများသည် ခေါင်းတလားများကို ဖွင့်ပြီး စစ်လက်နက်ပစ္စည်းများကို ထုတ်ယူသွားခဲ့သည်။ သို့သော် ထန်ဇီယွဲ့တွေးထားသည့် နည်းလမ်းအတိုင်း မျန့်ရွှေမြစ်တစ်လျှောက် သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ခြင်း မဟုတ်ပေ။
ထိုအစား လက်နက်များကို မြစ်ကြမ်းပြင်ထဲ နစ်မြုပ်စေခဲ့ခြင်းဖြစ်သည်။
နန်ပါးထျန်းနှင့်နောက်လိုက်များ ရောက်လာချိန်တွင် စစ်လက်နက်ပစ္စည်းများသည် မြစ်အောက်ခြေကြမ်းပြင်တွင် ရောက်ရှိနေပြီဖြစ်သည်။ မြစ်ကို ဖြတ်သန်းသွားလာနေစဉ် မြစ်ကြမ်းပြင်ကို သေချာကြည့်ရှုပါက ရှာတွေ့ကောင်း ရှာတွေ့နိုင်လိမ့်မည်။ သို့သော် ထိုအခြေအနေ၌ အားလုံးသည် ခေါင်းတလားများကိုသာ အာရုံစိုက်နေကြသောကြောင့် မြစ်ကြမ်းပြင်ကို မည်သူမျှ မကြည့်ခဲ့ကြချေ။
ထို့ပြင် သူတို့သည် မြစ်တစ်လျှောက် ရှာဖွေရာတွင် သောင်တူးဖော်၍ ရှာဖွေကြမည်လည်း မဟုတ်ပေ။
သူတို့ မြစ်ထဲကို ရှာကြလျှင်လည်း သူတို့အာရုံစိုက်ရှာဖွေကြမည်မှာ ထန်ဇီယွဲ့ပြောသည့်အတိုင်း သင်္ဘောငယ်များကိုသာ ရှာဖွေကြလိမ့်မည်။ ထန်ဇီယွဲ့မှ လက်နက်များကို သင်္ဘောငယ်များဖြင့် သယ်ယူပို့ဆောင်လိမ့်မည်ဟု တွေးထင်ခြင်းသည်လည်း ချန်ကျဲ့၏ တမင်ဖန်တီးထားသည့် လမ်းညွှန်မှုများကြောင့် ဖြစ်သည်။
ထန်ဇီယွဲ့ သင်္ဘောငယ်များကို သံသယဝင်ရသည့် အဓိကအကြောင်းအရင်းမှ ချန်ကျဲ့သည် ရှန်းထောင်ကူးတို့ဆိပ်ရှိ သင်္ဘောငယ်များ၏ လမ်းကြောင်းကို ရုတ်တရက် နှစ်ဆတိုးလိုက်သောကြောင့် ဖြစ်သည်။ ထန်ဇီယွဲ့သည် ချန်ကျဲ့ကို စောင့်ကြည့်နေခဲ့ရာ ချန်ကျဲ့၏သင်္ဘောငယ်များနှင့် ပတ်သက်ပြီး ပြောင်းလဲမှုကို ချက်ချင်း သတိထားမိသည်။ သို့ဖြင့် ချန်ကျဲ့၏ဇာတ်ညွှန်းထဲတွင် ထန်ဇီယွဲ့သည် လက်နက်များကို သင်္ဘောငယ်များဖြင့် အရင်သယ်ယူပြီး ထို့နောက်မှ ကုန်သည်သင်္ဘောများသို့ ပြောင်းတင်သည်ဟု ယူဆသွားခဲ့သည်။
သို့သော် ချန်ကျဲ့သည် ရေကြောင်းလမ်းကို အသုံးမပြုဘဲ ကုန်းလမ်းကို ပြောင်းလဲအသုံးပြုမည်ဟု ထန်ဇီယွဲ့ ထင်မထားခဲ့ပေ။
လူအားလုံးထွက်ခွာသွားပြီးနောက်၌ စွင်းထျဲချွေ့ဦးဆောင်သည့် မိန်ဂိုဏ်းသားများရောက်လာပြီး မြစ်ထဲဆင်းကာ စစ်လက်နက်ပစ္စည်းများကို မြစ်ထဲမှ ပြန်ဆယ်လာပြီးနောက် မြင်းလှည်းများကို အသုံးပြု၍ ကုန်လမ်းဖြင့် ညတွင်းချင်း သယ်ယူပို့ဆောင်ခဲ့ကြသည်။
ထိုအချိန်၌ ယဲ့လုဖုန်းနှင့် သူ့လူများအားလုံးသည် မျန့်ရွှေမြစ်ကြောင်းကိုစာ အာရုံစိုက်နေကြသောကြောင့် မိန်ဂိုဏ်းသည် ရေလမ်းအစား ကုန်းလမ်းဖြင့် သယ်ယူပို့ဆောင်ခဲ့ခြင်းကို လုံးဝ မစဉ်းစားမိကြပေ။ ဤသည်မှာ ချန်ကျဲ့၏အစီအစဉ် ဖြစ်သည်။
အရှေ့ကို ခြောက်ပြီး အနောက်မှ ထွက်သွားခြင်းပင်။
ချန်ကျဲ့ လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။ ဟန်ဟယ့်မှ ပြောသည်။
“ကဲ အခု ရှင့်ဘက်က ကတိတည်ခဲ့ပြီဆိုတော့ ကျွန်မတို့မိန်ဂိုဏ်းကလည်း ယုံကြည်စိတ်ချရပါတယ်– ဆေးညွှန်းက ဒီမှာပါ”
ဟန်ဟယ့်မှ ဆေးညွှန်းကို ထုတ်ပေးလာသည်တွင် ချန်ကျဲ့၏မျက်လုံးများ တောက်ပသွားခဲ့သည်။
ထို့နောက် ဟန်ဟယ့်မှ ပြောသည်။
“ဒါပေမဲ့ ကျွန်မတို့လုပ်ငန်း မပြီးဆုံးခင်မှာ ကျွန်မ ရှင့်ကို နောက်တစ်ကြိမ်ထပ်မေးပါရစေ။ ချန်ကျိုစစ် ရှင် ကျွန်မတို့မိန်ဂိုဏ်းထဲ မဝင်ချင်တာ သေချာလား။ ရှင့်ရဲ့ဉာဏ်ပညာ၊ ကြိုးစားအားထုတ်မှုတွေနဲ့ဆို သုံးနှစ်အချိန်အတွင်းမှာ ဟွမ်ကျိုးပြည်နယ်ဂိုဏ်းခွဲရဲ့ ခေါင်းဆောင်ဖြစ်လာမယ်လို့ ကျွန်မအာမခံနိုင်တယ်”
ထိုအခါ ချန်ကျဲ့သည် လက်သီးယှက်အရိုအသေပြုလျက် တုံ့ပြန်လိုက်သည်။
“ကျွန်တော့်ကို အကောင်းမြင်ပေးတဲ့အတွက် မိန်းကလေးဟုန်ယန်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က တစ်ဦးတည်း လွတ်လွတ်လပ်လပ်လုပ်ဆောင်ရတာကို အသားကျနေပြီမလို့ မိန်ဂိုဏ်းကို ဒုက္ခမများစေတော့ပါဘူး”
ထိုအခါ ဟန်ဟယ့်မှ ပြောသည်။
“တကယ်နှမြောစရာပဲ။ အင်း ဒါက ဆေးညွှန်းပဲ။ တခြားကိစ္စမရှိတော့ရင် ကျွန်မ သွားလိုက်ပါဦးမယ်”
ချန်ကျဲ့သည် ဆေးညွှန်းကို လက်ခံယူပြီးနောက် ဖွင့်ဖတ်ကြည့်သည်။
အင်း အစစ်ပဲ။
ထို့နောက် ဟန်ဟယ့်ကို ပြောလိုက်သည်။
“ညစာစားဖို့ နေသွားပါဦးလား”.
ဟန်ဟယ့်မှ ပြန်ပြောသည်။
“ညီမလေးက ညစာစားဖို့ ကျွန်မကို စောင့်နေလို့ပါ”
“သူ့ကိုပါ ခေါ်လိုက်လေ။ ညစာအတူစားရအောင်လို့”
ချန်ကျဲ့မှ အပြုံးဖြင့် ပြောနေသော်ငြား ဟန်ဟယ့်၏မျက်နှာသည်တော့ ပြောင်းလဲသွားပြီး ပြန်ပြောလာသည်။
“ကျွန်မညီမနဲ့ ဝေးဝေးနေလို့ ကျွန်မ ရှင့်ကို ပြောထားတယ်လေ”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ကောင်းပါပြီ ကောင်းပါပြီ။ မိန်းကလေး စိတ်လှုပ်ရှားဖို့ မလိုပါဘူး။ ကျွန်တော်နားလည်ပါတယ်။ ဒါဆိုနှုတ်ဆက်ပါတယ်၊ လိုက်မပို့တော့ဘူး”
ဟန်ဟယ့်ထွက်သွားပြီးနောက် ချန်ကျဲ့သည် ကျင့်ကြံဆင့်ကို သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သို့ တက်လှမ်းစေနိုင်သည့် ဆေးညွှန်းကို သေချာဖတ်ကြည့်သည်။ ၎င်းမှာ “ချီသွေးဆေးလုံး” ဖြစ်သည်။
ဤဆေးကို ဖော်စပ်ရန်အတွက် ဆေးဖက်ဝင်ပစ္စည်း၃၆မျိုးနှင့် အဓိကပါဝင်ပစ္စည်းနှစ်မျိုး လိုအပ်သည်။
ချန်ကျဲ့သည် ဆေးဖက်ဝင်ပစ္စည်းအမယ်များကို ဖတ်ရင်း စဉ်းစားတွေးတောနေခဲ့သည်။ လေ့လာကြည့်ပြီးနောက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ အချို့ဆေးများမှာ ရှားပါးသော်လည်း အများစုမှာ ရှာလို့ရနိုင်၊ ဝယ်ယူရနိုင်သည့် အမျိုးအစားများ ဖြစ်ကြသည်။
သို့သော် “သက်တမ်းတစ်ရာရှိ ငါးစာမြက်”ကဲ့သို့ အနည်းငယ် အားစိုက်ထုတ်ရှာဖွေရန် လိုအပ်သည့် အမယ်အချို့လည်း ပါဝင်သည်။
ငါးစာမြက်သည် ပုံမှန်အားဖြင့် မြစ်ဘေးတွင် ပေါက်လေ့ရှိသော အလွန်သေးငယ်သည့် မြက်ပင်လေးဖြစ်ပြီး တစ်နှစ်ခန့်ရှင်သန်ပြီးနောက် ညှိုးနွမ်းသွားလေ့ရှိသည်။ သက်တမ်းတစ်နှစ်ကျော်သည့် အပင်ကို ရှာဖွေရန် အလွန်ခက်ခဲ၏။ အချို့သော ထူးခြားသည့်ပတ်ဝန်းကျင်တွင်တော့ တစ်နှစ်သက်တမ်းရှိတတ်သည်။ သို့သော် သက်တမ်းတစ်ရာရှိသည့် ငါးစာမြက်သည်တော့ ရာစုနှစ်တစ်ခုကြာ ရှင်သန်နေခဲ့သည့် မြက်ပင်မျှင်လေးတစ်မျှင်ကို ဆိုလိုခြင်း ဖြစ်ပေလိမ့်မည်။
ခက်ခဲမှုအဆင့်သည် စိတ်ကူးမှန်းဆ၍ မရနိုင်လောက်အောင်ပင်။
ထို့ပြင် အခြား ရှာရခက်ခဲသည့် အမယ်များလည်း ထပ်ပါဝင်သေးသည်။
ချန်ကျဲ့သည် သူ့တွင် မရှိသည့် ဆေးအမယ်၅မျိုးကို စာရွက်တစ်ရွက်တွင် စာရင်းချရေးလိုက်သည်။
ကျန်ဆေးအမယ်များသည် ငွေသုံး၍ဖြစ်စေ၊ အခြားနည်းလမ်းတစ်မျိုးမျိုးဖြင့်ဖြစ်စေ ရရှိနိုင်သည်။ သို့သော် ဤဆေးအမယ်၅မျိုးသည်တော့ အခြားဆေးညွှန်းများထဲတွင် အဓိကပါဝင်ပစ္စည်းများ ဖြစ်ပေလိမ့်မည်။
ဆေးအမယ်အားလုံးကို ရယူခြင်းငှာ ခက်ခဲသော်ငြား ချန်ကျဲ့သည် ရယူနိုင်သည့် အခွင့်အရေးရှိသည်၊ အချိန်အနည်းငယ် လိုအပ်ရုံမျှသာ ဖြစ်သည်ဟု တွေးထားခဲ့သည်။
ထို့ပြင် ရရှိရန် အခက်ခဲဆုံးပါဝင်ပစ္စည်းမှာ အဓိကပါဝင်ပစ္စည်းနှစ်မျိုးဖြစ်သည်။
အဓိကပါဝင်ပစ္စည်းနှစ်မျိုးမှာ ရေစိမ်းသစ်သီးနီနှင့် ထိုက်ဆွေ့အသားတို့ ဖြစ်သည်။
ချန်ကျဲ့ မျက်လုံးမှေးကျုံ့လိုက်သည်။ ရေစိမ်းသစ်သီးနီဟူသည်ကို သူတစ်ခါမျှ မကြားဖူးပေ။ ထိုက်ဆွေ့အသားကိုတော့ သူသိပါ၏။ မြူခိုးတောထဲတွင် ထိုက်ဆွေ့အသားကြီး ရှိပေသည်။
ထိုက်ဆွေ့အသား၏ တည်နေရာကို သိသည့်တိုင် ၎င်းထိုက်ဆွေ့သည် အလွန်ကြမ်းတမ်းလွန်းသောကြောင့် အသားရယူရန် အလွန်ခက်ခဲသည်။ အရင်တစ်ခေါက်က မိမိမှာ ၎င်း၏ အစာဖြစ်လုလုနီးနီး ဖြစ်သွားခဲ့သည့် အဖြစ်အပျက်ကို ချန်ကျဲ့ မှတ်မိနေပါသေးသည်။
ယွမ်စန်းကျား အချိန်မီရောက်လာပြီး ကယ်တင်ပေးခဲ့ခြင်းကြောင့် မဟုတ်ခဲ့လျှင် ထိုက်ဆွေ့ဆေးလုံးဖော်စပ်ရန် မဆိုထားနှင့် ထိုက်ဆွေ့အသားကိုပင် ရယူနိုင်ခဲ့မည် မဟုတ်ပေ။
သို့ဖြစ်ရာ ထိုက်ဆွေ့အသားကို ယူရမည်ဟူသည် အန္တရာယ်ထဲ စွန့်စားရမည်ဟု ဆိုလိုခြင်းပင်။ ဝံပုလွေအငွေ့အသက်အဆင့်သို့ မရောက်သ၍ ထိုက်ဆွေ့အသားကို ရယူဖို့ မကြိုးစားနှင့်ဟု ယွမ်စန်းကျားမှ သတိပေးခဲ့ဖူးသည်။
ဝံပုလွေအငွေ့အသက်အဆင့်ကို ချန်ကျဲ့သိပါသည်။ ၎င်းမှာ ချီသွေးအငွေ့အသက်အဆင့်ဖြစ်ပြီး သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်၏ အထက်အဆင့်ဖြစ်သည်။
***