ဒါပေမဲ့ ငါက ဝံပုလွေအငွေ့အသက်အဆင့်ကိုထားဦး သိဒ္ဓိစွမ်းအင်လုံးအဆင့်ကိုတောင် မရောက်သေးတာကို။
ထိုသို့တွေးတောရင်း ချန်ကျဲ့မှာ ခေါင်းကိုက်လာရသည်။
မဟုတ်သေးဘူး မဟုတ်သေးဘူး…
ချန်ကျဲ့တွေးလိုက်သည်။
မိန်ဂိုဏ်းမှာ ထိုက်ဆွေ့အသား ရောင်းဖို့ရှိလားလို့ မေးကြည့်လိုက်လို့ရတာပဲ။
စျေးကွက်ထဲမှာ ထိုက်ဆွေ့အသားဝယ်ဖို့ကတော့ တော်ဝင်နန်းတော်က တင်းတင်းကျပ်ကျပ် တားမြစ်ထားလို့ ပုံမှန်အားဖြင့် မဖြစ်နိုင်ဘူး။
ဤသို့နှိုင်းယှဉ်နိုင်ပါ၏။ စစ်လက်နက်ပစ္စည်းများသည် စီရင်စုအုပ်ချုပ်ရေးမှူးယဲ့လုကို စိုးရိမ်ကြောင့်ကြစေနိုင်ကာ လက်နက်သယ်ယူပို့ဆောင်သည့် မိန်ဂိုဏ်းမိစ္ဆာများအားလုံးကို ဖမ်းဆီးရေးအတွက် နည်းလမ်းပေါင်းစုံကို အသုံးပြုပေလိမ့်မည်။
သို့သော် ထိုက်ဆွေ့အသားကို မှောင်ခိုရောင်းဝယ်ခြင်းသည် ယဲ့လုဖုန်း၏တာဝန်မဟုတ်တော့ပေ။ တောင်ပိုင်းဒေသ၏ အုပ်ချုပ်သူဘုရင်မင်းမြတ်မှ အထူးဂရုစိုက်သည့် အမှုတစ်ခုဖြစ်လာပေလိမ့်မည်။
ထိုအမှုကို တော်ဝင်နန်းတော်မှ တိုက်ရိုက် စုံစမ်းစစ်ဆေးလိမ့်မည်။
ထိုသို့တွေးလိုက်သော် ချန်ကျဲ့သည် အနည်းငယ် စိုးရိမ်ပူပန်လာမိ၏။ အခု ဆေးညွှန်းရှိပေမဲ့ ပါဝင်ပစ္စည်း မရှိပြန်ဘူး။ ဘယ်လိုလုပ်ရမလဲ။
ချန်ကျဲ့ ဆေးညွှန်းစာရွက်ကို လက်ထဲမှ ချလိုက်သည်။
လက်ဖက်ရည်တစ်ခွက်သောက်လိုက်ပြီးနောက်တွင် ချန်ကျဲ့သည် စိတ်ဓာတ်ကျမနေတော့ပေ။ ဆေးညွှန်းကိုတောင် ရယူခဲ့ပြီးဖြစ်ရာ အဓိကပါဝင်ပစ္စည်းနှစ်မျိုးကို ရယူနိုင်မည့်နည်းလမ်းလည်း ကျိန်းသေပေါက် ရှိလိမ့်မည်ပင်။
ထိုသို့တွေးလျက် ချန်ကျဲ့သည် သိုင်းကျမ်းတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှာ ဒီနေ့ ဟွမ်ဝမ်အာပေးခဲ့သည့် ရေခဲစိတ်စွမ်းအင်သိုင်းကျမ်းဖြစ်သည်။
ဒီနေ့သည် အတော်လေး အကျိုးအမြတ်များပြား၏။ ဆေးညွှန်းကိုတော့ လောလောဆယ် ဘေးဖယ်ထားရဦးမည်ဖြစ်သော်ငြား ရေခဲစိတ်စွမ်းအင်သိုင်းကိုတော့ ချက်ချင်းလက်ငင်း လေ့လာကြည့်နိုင်ပေသည်။ ဤသိုင်းကို ချန်ကျဲ့ မကျင့်ကြံရဲပါချေ။ သို့သော် ဤသိုင်းသည်လည်း သူနှင့် ဆက်နွယ်မှုအချို့ရှိနေလေရာ အနည်းငယ် ရင်းနှီးကျွမ်းဝင်နေခဲ့သည်။
ဒီနေ့ နန်ပါးထျန်းမှ ရေခဲစိတ်စွမ်းအင်သိုင်းအား အသုံးပြုသည့်မြင်ကွင်းကို ချန်ကျဲ့သည် တစ်နေရာရာမှာ မြင်တွေ့ခဲ့ဖူးသည်ဟု ခံစားခဲ့ရသည်။ သို့သော် မည်သည့်နေရာတွင် မြင်တွေ့ခဲ့ဖူးသည်ကို မမှတ်မိပေ။
ယခုတွင် များပြားလွန်းလှသည့် အလုပ်ချိန်များထဲမှ အားလပ်ချိန်လေး နည်းနည်းရှိလေရာ ဤရေခဲစိတ်စွမ်းအင်သိုင်းအကြောင်းကို ကောင်းကောင်းလေ့လာစဉ်းစားရပေမည်။ ဒီနေ့ နန်ပါးထျန်းနှင့်တိုက်ပွဲတွင် ချန်ကျဲ့သည် မိမိမှာ ဤသိုင်းကို သေချာနားမလည်သေးကြောင်း သိရှိခဲ့ရသည်။
သေချာပေါက်ပင် သိုင်းပညာတစ်ခုကို သေချာစေ့စပ်စွာ နားလည်လိုပါက ကိုယ်တိုင်ကျင့်ကြံရန် လိုအပ်ပါ၏။ သို့သော် ဤသိုင်းသည် နန်ပါးထျန်းကဲ့သို့ ကျောက်ကပ်ချီကို ပျက်စီးနိုင်ခြေမြင့်မားသောကြောင့် ချန်ကျဲ့ မကျင့်ကြံရဲပေ။ လှပသည့် ဇနီးသည်လေးရှိသည့်တိုင် ဘာမှမတတ်နိုင်ခြင်းသည် အသက်သေဆုံးရခြင်းထက် ဆိုးရွားပေလိမ့်မည်။
ချန်ကျဲ့မှ ဤရေခဲစိတ်စွမ်းအင်သိုင်းကို ကျင့်ကြံခဲ့ပါကလည်း ရလဒ်သည် နန်ပါးထျန်းထက် ဘယ်လောက်မှ ပိုမကောင်းမွန်နိုင်လောက်ပေ။
သို့သော် ဒီနေ့ခံစားခဲ့ရသည့် ခံစားချက်သည် မမှားယွင်းနိုင်ပေ။
ဤရေခဲစိတ်စွမ်းအင်သိုင်းကို သူအတော်လေး ရင်းနှီးနေသည်။ ထိုရင်းနှီးကျွမ်းဝင်သည့် ခံစားချက်သည် နူးညံ့သိမ့်မွေ့၏။
ချန်ကျဲ့သည် ရေခဲစိတ်စွမ်းအင်သိုင်းကျမ်းကို ဂရုတစိုက် ဖတ်ကြည့်ပြီးနောက် စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများကို သေချာကြည့်ရှုသည်။ စွမ်းအင်စီးဆင်းမှုလမ်းကြောင်း၏ ၈၀ရာခိုင်နှုန်းခန့်သည် ကျောက်ကပ်ကို ဖြတ်သန်းသွားသည်ဖြစ်ရာ ကျောက်ကပ်ချီပျက်စီးရခြင်းမှာ မထူးဆန်းတော့ပေ။ သို့သော် ဤသိုင်းကျမ်းသည် အနည်းငယ် မပြည့်စုံနေသည့်အလား ခံစားရသောကြောင့် ထူးဆန်းနေခဲ့သည်။
ဤသိုင်းသည် အခြားသိုင်းပညာတစ်ခု၏ တစ်စိတ်တစ်ပိုင်းဟု ခံစားနေရ၏။
နေဦး…
ချန်ကျဲ့ ရုတ်တရက် စဉ်းစားမိသွား၏။
သိုင်းပညာတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းဆိုရင် ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းများလား။
ချန်ကျဲ့သည် သူ လက်ရှိကျင့်ကြံနေသည့် အဓိကသိုင်းပညာဖြစ်သည့် ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်ကို စဉ်းစားမိလိုက်သည်။
၎င်းကျင့်စဉ်ကို အဓိက အပိုင်းလေးပိုင်း ခွဲခြားထားသည် မဟုတ်ပါလော။
ချန်ကျဲ့ လက်ရှိကျင့်ကြံနေသည်မှာ နွေဦးအက္ခရာကျင့်စဉ်(လီချွမ်း)ဖြစ်သည်။ အကယ်၍ ရေခဲစိတ်စွမ်းအင်သိုင်းသည် ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါက…
ဒါဆို လီသုန်းဖြစ်နိုင်တာပဲ။
လီသုန်းတွင် ၆ပိုင်းရှိသည်။
လီသုန်း၊ ရှောင်ရွှယ်၊ သာ့ရွှယ်၊ သုန်းကျစ်၊ ရှောင်ဟန်၊ သာ့ဟန်ဟူ၍ ဖြစ်သည်။
ရေခဲစိတ်စွမ်းအင်သိုင်းသည် ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်နှင့် ဆက်နွယ်နေမည်ဟု ချန်ကျဲ့ မမျှော်လင့်ထားခဲ့ပေ။ အကြောင်းမှာ သူ့တွင် လီသုန်းနှင့်ပတ်သက်ပြီး အကြမ်းဖျင်းအချက်များ ဘာမျှရှိမနေသောကြောင့် ဖြစ်သည်။
ဒါဆို ဒီသိုင်းက လီသုန်းကျင့်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပေါ့။
လီသုန်းနှင့်သက်ဆိုင်သည့် အတွင်းအားကျင့်စဉ်ဖြင့်သာလျှင် လီသုန်းကို ကျင့်ကြံနိုင်လိမ့်မည်။ သို့မဟုတ်ပါက အလွယ်တကူ ထိခိုက်နိုင်ပေသည်။
ဤသည်မှာ ချန်ကျဲ့၏ လီချွမ်းကျင့်စဉ်နှင့် အလားတူပင် ဖြစ်သည်။ အခြေခံအနေဖြင့် ယန်ချွမ်ကျင့်စဉ်ကို မကျင့်ကြံထားပါက လီချွမ်း၏ ကျန်သိုင်းကျင့်စဉ်များကို ကျင့်ကြံခြင်းငှာ အလွန်ခက်ခဲလိမ့်မည် ဖြစ်သည်။
ဆိုလိုသည်မှာ ရေခဲစိတ်စွမ်းအင်သိုင်းသည် လီသုန်းကျင့်စဉ်၏ သိုင်းကျင့်စဉ်တစ်မျိုး ဖြစ်နိုင်ခြေမြင့်မားပြီး လီသုန်းနှင့်သက်ဆိုင်သည့် အတွင်းအားကျင့်စဉ်ကို မကျင့်ကြံထားလျှင် ကျင့်ကြံသူကို ထိခိုက်စေလိမ့်မည်။ အထူးသဖြင့် ကျောက်ကပ်ချီကို ဖြစ်သည်။
ဒီလိုဆို ရှင်းသွားပြီပဲ။
မီးတို့ အပူစွမ်းအင်တို့ကလည်း လီချွမ်းကျင့်စဉ်နဲ့ သက်ဆိုင်တာပဲ မဟုတ်လား။ မမျှော်လင့်ဘဲ မျန့်ရွှေစီရင်စုမှာ ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်ရဲ့ သိုင်းကျင့်စဉ်အစိတ်အပိုင်းတွေ အများကြီး ပြန့်ကျဲပြီး ရှိနေတာပဲ။
သို့ဖြင့် ချန်ကျဲ့သည် ခေါင်းထဲရှိ အတွေးတစ်သီတစ်တန်းကြီးကို ရှင်းထုတ်လိုက်သည်။
သို့သော် ထိုသို့ရှင်းထုတ်ပြီးနောက်တွင် ထူးဆန်းသည့် စိတ်ကူးတစ်ခု ပေါ်ပေါက်လာခဲ့၏။ ယန်ချွမ်ကျင့်စဉ်ကို အခြေခံထားပြီး ရေခဲစိတ်စွမ်းအင်သိုင်းကို ကျင့်ကြံလိုက်ရင် ဘယ်လိုအကျိုးသက်ရောက်မှုမျိုး ဖြစ်လာမလဲ။
ထိုစိတ်ကူးထွက်ပေါ်လာသည်နှင့် တစ်ချိန်လုံး မဖျောက်ဖျက်နိုင်တော့ဘဲရှိရာ ချန်ကျဲ့သည် အလွန်စမ်းသပ်ကြည့်ချင်နေခဲ့သည်။
ဘာလို့ စမ်းမကြည့်ရမလဲ။
ချန်ကျဲ့သည် အလွန်တရာ စမ်းကြည့်ချင်နေသော်ငြား နောက်ဆုံးတွင် ထိုအတွေးကို လက်လျှော့လိုက်တော့သည်။ အဓိကအကြောင်းအရင်းမှာ ရေခဲစိတ်စွမ်းအင်သိုင်း၏ ဘေးထွက်ဆိုးကျိုးမှာ အလွန်ကြီးမားလွန်းသောကြောင့် ဖြစ်ပါ၏။
သူ၏ လှပသည့်ဇနီးလေး စူးယွင်ကျင်း၊ အချစ်အမုန်းဆက်ဆံရေးရှိသူ ဟွမ်ဝမ်အာနှင့် ကြမ်းကြမ်းတမ်းတမ်း ပြုမူတတ်သည့် ဟန်အမြွာညီအစ်မတို့ကို တွေးကြည့်မိလိုက်သော် စမ်းသပ်ချင်သည့် အတွေးမှာ ပျောက်သွားခဲ့သည်။
အင်း အလှလေးတွေ ဒီလောက်များတာ.. ငါဘာလို့ ကိုယ့်ဒုက္ခကိုယ်ရှာပြီး ရေခဲစိတ်စွမ်းအင်သိုင်းကို ကျင့်ကြံနေဦးမှာလဲ။
ငါသာ ကုန်းကုန်းဖြစ်သွားရင် သိုင်းလောကကို အုပ်စိုးနိုင်ရင်တောင် ဘာများ ပျော်စရာရှိဦးမှာလဲ။
သို့ဖြင့် ချန်ကျဲ့သည် လက်တွေ့မကျသည့် စိတ်ကူးအတွေးအားလုံးကို ခေါင်းထဲမှ ဖယ်ထုတ်ပစ်လိုက်သည်။
ချမ်းသာကြွယ်ဝတဲ့လူတစ်ယောက်က ခန်းမထဲမှာပဲ အမြဲထိုင်မနေဘူးတဲ့။ ငါ့ရဲ့ လက်ရှိသိုင်းပညာက လုံလောက်နေတာပဲ။ စိတ်လှုပ်ရှားမှုကို ခံစားချင်တာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ထဲ တွန်းပို့ဖို့ မလိုအပ်ပါဘူး။
အထူးသဖြင့် ဒီလိုပြစ်ချက်ဖြစ်မယ့် လုပ်ရပ်မျိုးကိုပေါ့။
ထိုသို့တွေးလျက် ချန်ကျဲ့သည် စမ်းသပ်မည့်အတွေးကို လက်လျှော့လိုက်တော့သည်။ ထိုစဉ် စစ်ရှီးမှ စာကြည့်ခန်းတံခါးကို ခေါက်လာသည်။
ချန်ကျဲ့ ခေါင်းမော့ကြည့်လိုက်ပြီး ပြောသည်။
“ဝင်ခဲ့”
စစ်ရှီး ဝင်လာပြီး ပြောသည်။
“ခန်းမအရှင်သခင် ခန်းမအရှင်သခင်ရဲ့ ညွှန်ကြားမှုအတိုင်း သူလျှိုတွေဆီ သတင်းဖြန့်ပြီးပါပြီ”
***