လန်ထင် ဧည့်သည်ဆောင်သို့ အဝတ်လာပို့သည်။ ဝတ်စုံကို အသုံးမလိုသော်လည်း လန်ထင်ကို ချက်ချင်းနှင်ထုတ်လျှင် ရိုင်းရာကျမည်။
"အထဲကိုဝင်ထိုင်ပါဦးလား ညီမလန်"
"ကောင်းပြီလေ"
လန်ထင် ဝင်လာသည်။ တံခါးဝမှ တစ်ဝက်စားထားသည့် ဝိညာဉ်သစ်သီးကို လန်ထင်မြင်သွားသည်။
"ခုနက လက်ချော်ပြီးကျသွားတာပါ"
လုယန် ဝိညာဉ်သီးကိုကောက်၍ တောင်ပန်စကားဆိုသည်။ ရေဖြင့်ဆေးကြောပြီး ဆက်စားသည်။
နှစ်ယောက်လုံး ထိုင်ခုံပေါ် ခုန်တက်ရသည်။ ကိုယ်ကျုံ့သွားသည့် ဖြစ်ရပ်အကြောင်း လုယန်စပြောသည်။
"သံလွင်ပင်ကို ဘယ်သူအဆိပ်ခတ်တာလဲ သိပြီလား"
ကိုယ်ကျုံ့အောင်လုပ်ခဲ့သည့် မိအောင်ဖမ်းပြီး ပြစ်ဒဏ်စီရင်ခိုင်းမည်ဟု လုယန်ကျိန်ဆိုထားသည်။
"မသိရသေးဘူး။ စစ်ဆေးကြည့်တော့ စုစုပေါင်း သံလွင်ပင် သုံးဆယ့်ခြောက်ပင်မှာ ကိုယ်ကျုံ့အာနိသင်ရှိနေတယ်။ သစ်ပင်သက်တမ်းတွေကလည်း မတူဘူး။ လမုန်လုပ်ဖို့သုံးတဲ့ သစ်ပင်တွေနဲ့ အကိုခုတ်လှဲခဲ့တဲ့ သစ်ပင်လည်း အဲဒီ့ထဲမှာပါနေတယ်"
လုယန် စိတ်ပျက်လက်ပျက် နားထင်ကို လက်ဖြင့်နှိပ်နေသည်။ လနန်းတော်တွင် သံလွင်ပင်များ အပြည့်ရှိသည်။ သစ်ပင်တစ်ပင်ကို ကျပန်းရွေးခဲ့သည်။ ရွေးလိုက်သည့်သစ်ပင်က အဆိပ်ခတ်ခံထားရသည့် သစ်ပင်ဖြစ်နေသည်။
ကံဆိုးလွန်းလှသည်။
လနန်းတော်ကလည်း ကံဆိုးမှုဟုသာ သတ်မှတ်သည်။ လုယန်နှင့်သက်ဆိုင်သည်ဟု မတွေးကြ။
အကယ်၍ သက်ဆိုင်သည်ဟုတွေးကြလျှင် ရွှဲ့ရှီလုန်ဘေးသို့ လုယန်ရောက်သွားနိုင်သည်။
"ဆေးကျိုဆောင်မှလည်း ပြဿနာတစ်ခုဖြစ်သွားတယ်။ အဖိုးတန်ဆေးပစ္စည်းတွေ အများကြီးပျောက်နေတယ်။ အဆိပ်သင့်သံလွင်ပင်တွေပေါ်မှာ ဆေးအကြွင်းအကျန်တစ်ချို့တွေ့တယ်။ ဆေးကျိုဆောင်ကို နှစ်လတစ်ကြိမ်စစ်ဆေးတယ်။ ပြီးမှ လိုအပ်တဲ့ဆေးပစ္စည်းတွေဝယ်ဖို့ တောင်အောက်ကိုဆင်းတယ်။
ဒါကြောင့် ဒီကြားထဲမှာ ဆေးမြစ်တွေပျောက်နေတာကို သတိမထားမိကြတာ"
"တကယ်အတွင်းလူလက်ချက်များလား"
ဆေးပစ္စည်းများသိမ်းထားသည်ါနေရာကို မှော်စက်ဝန်းအထပ်ထပ်ကာထားသည်။ ထိုမှော်စက်ဝန်းများကို ဖြတ်သန်း၍ ဆေးပစ္စည်းများခိုးနိုင်သူသည် မသေမျိုးဖြစ်လျှင်ဖြစ်။ မဟုတ်လျှင် အတွင်းလူသာဖြစ်ရမည်။
"ဆရာက သံသယရှိတဲ့လူတွေကို တစ်ယောက်ချင်းစစ်ဆေးနေတယ်။ အခုထိတော့ ဘာမှမထူးခြားသေးဘူး။ ပြီးတော့ သူခိုးက ဘာလို့သံလွင်ပင်တွေကိုစမ်းသပ်နေလဲ ဘာရည်ရွယ်ချက်ရှိနေလဲဆိုတာ ဆရာမခန့်မှန်းနိုင်သေးဘူး"
လန်ထင် သူ့ဆရာကို ကူညီချင်သော်လည်း ယခု ကလေးဘဝရောက်နေသည်ဖြစ်၍ ဘာမှအကူအညီမပေးနိုင်။
"အခုလောလောဆယ် သံသယရှိတဲ့လူတွေ ဘယ်နှယောက်ရှိလဲ"
ခန္ဓာကိုယ်ကျုံ့၍ ကျင့်စဉ်စွမ်းအားဆုံးရှုံးသွားသော်လည်း လုယန်၏ဦးနှောက်က ထက်မြက်နေဆဲဖြစ်သည်။ သဲလွန်စတစ်ချို့ ရှာကောင်းရှာနိုင်လိမ့်မည်။
ထိုကိစ္စကို လုယန်နှင့်ဆွေးနွေးလည်း အန္တရာယ်မရှိနိုင်ဟု လန်ထင်ယူဆသည်။
"သုံးယောက်ရှိတယ်။ ဆေးကျိုဆောင်တာဝန်ခံဟောင်း အကြီးအကဲမြောင်၊ လက်ရှိတာဝန်ခံ အကြီးအကဲမိန်၊ အကြီးအကဲမိန်ရဲ့ တပည့် အမပိုင်။ သူတို့သုံးယောက်ပဲ မဟာမှော်စက်ဝန်းကိုဖြတ်ပြီး ဆေးကျိုဆောင်ရဲ့ ဆေးပစ္စည်းဂိုဒေါင်ကို လွတ်လွတ်လပ်လပ်ဝင်ထွက်နိုင်တာ။
ဂိုဏ်းသခင်ဟောင်း ချွီလင်းလည်း မှော်စက်ဝန်းဖြတ်တဲ့နည်းကိုသိတယ်။ ဒါပေမယ့် သူကအခု အပြစ်သားခန်းမမှာ အကျဉ်းကျနေတာ။ သူတော့မဖြစ်နိုင်ဘူး။ အဖိုးတန်ဆေးမြစ်တွေကို ဘယ်သူခိုးသွားမှန်းမသိပေမယ့် ဘယ်အချိန်ခိုးသွားသလဲဆိုတာတော့ အတည်ပြုနိုင်တယ်"
"ဘယ်လိုအတည်ပြုတာလဲ"
"ဆေးဂိုဒေါင်ကိုသွားဖို့ မဟာမှော်စက်ဝန်းကိုဖြတ်တိုင်း မှတ်တမ်းတစ်ခုကျန်တယ်။ ဘယ်အချိန် ဘယ်သူက မှော်စက်ဝန်းကိုဖြတ်ပြီး ဘာဆေးပစ္စည်းတွေ ယူသွားသလဲဆိုတာတွေပေါ့။ မှတ်တမ်းအရ နှစ်လအတွင်း မဟာမှော်စက်ဝန်း ဆယ့်ခြောက်ကြိမ် ဖြတ်ခဲ့တယ်။
အမပိုင်က ရှစ်ကြိမ်၊ အကြီးအကဲမိန်က ခြောက်ကြိမ်၊ အကြီးအကဲမြောင်က နှစ်ကြိမ်။ ပြီးတော့ မှော်စက်ဝန်းပညာရှင်အကြီးအကဲက ဆေးဂိုဒေါင်မှော်စက်ဝန်းမှတ်တမ်းကိုလည်း စစ်ဆေးခဲ့တယ်။ ဒါပေမယ့် မှော်စက်ဝန်းအသက်ဝင်တာ ဆယ့်ခုနစ်ကြိမ်လို့ ပြနေတယ်။ တစ်ကြိမ်ပိုနေတာပေါ့။
အဲဒီ့တစ်ကြိမ်က သူခိုးဝင်တဲ့အကြိမ်ဖြစ်မယ်။ လူသုံးယောက်မှာထဲမှာ အဲဒီ့နေ့က ဘယ်သူအဲဒီ့ကိုသွားသလဲဆိုတာ ဆရာကစစ်ဆေးတယ်"
လန်ထင်က လက်တွေ့သရုပ်ပြဖို့ စားပွဲအလယ်ရှိ သစ်သီးပန်းကန်ထဲမှ ဝိညာဉ်သစ်သီးနှစ်လုံး ဆွဲယူရန်ကြိုးစားနေသသည်။ အနီတစ်လုံး အပြာတစ်လုံးဖြစ်သည်။ အခြေအနေကို နားလည်သဖြင့် လုယန်က တစ်ဝက်စားပြီးသား ဝိညာဉ်သစ်သီးကိုပေးလိုက်သည်။ လန်ထင် တတိယသစ်သီးကို လှမ်းယူဖို့မလိုတော့။
လန်ထင် ဝိညာဉ်သီးနှစ်လုံးနှင့် တစ်ဝက်ကျန်သည့် ဝိညာဉ်သီးကို အတန်းလိုက်ချသည်။
အနီရောင်ဝိညာဉ်သီးကို ရှေ့သို့တွန်းပို့သည်။
"အကြီးအကဲမြောင်က ကိုယ်ပွားပညာကျွမ်းကျင်တယ်။ သက်တူရွယ်တူတွေ သူ့ကိုယ်ပွားကို အတုအစစ်မခွဲနိုင်ကြဘူး။ သူအငြိမ်းစားယူပြီးနောက်ပိုင်း အဆင့်တက်ဖို့အတွက် အပြင်လောကမှာ အခွင့်အရေးသွားရှာတယ်။ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ပြီးခဲ့တယ်လဝက်လောက်က ဂိုဏ်းကိုသူပြန်ရောက်လာတယ်။
အကြွေးတွေ အများကြီးတင်နေလို့ ပိုက်ဆံချေးဖို့ ပြန်လာတာတဲ့။ ဒါပေမယ့် သူဝိညာဉ်ကျောက် ဘယ်လောက်ပိုင်ဆိုင်တယ် ဘယ်လောက်ချေးထားတယ်ဆိုတာ ဘယ်သူမှမသိကြဘူး။ ဆေးမြစ်ပျောက်တဲ့နေ့မှာ အကြီးအကဲမြောင်က တစ်ခြားအငြိမ်းစားအကြီးအကဲတစ်ယောက်နဲ့ စကားလက်ဆုံကျနေတယ်။ သူ့အိမ်တော်ကနေ လုံးဝမထွက်ဘူး"
လန်ထင် အပြာရောင်ဝိညာဉ်သစ်သီးကို ရှေ့သို့နည်းနည်းတိုးလိုက်သည်။
"လက်ရှိဆေးကျိုဆောင်တာဝန်ခံ အကြီးအကဲမိန်က အမြဲတမ်းအလုပ်များတယ်။ ခိုးမှုဖြစ်တဲ့နေ့မှာလည်း အဲလိုပဲ။ သူ့အခန်းထဲမှာ တစ်ချိန်လုံးနေပြီး ဆေးစပ်နည်းအသစ်တွေ၊ ဒီနှစ်လမုန့်ကို ဘယ်လိုပုံစံလုပ်ရင်ကောင်းမလဲဆိုတာတွေ စဉ်းစားနေတာတဲ့။
အတွေးသစ်အမြင်သစ်ရဖို့ အပြင်ကို နှစ်ခါပဲလမ်းလျှောက်ထွက်တယ်။ ဒါပေမယ့် ဆေးကျိုဆောင်အပြင်ဘက်မှာ သူ့ကိုတွေ့လိုက်တဲ့လူ ဘယ်သူမှမရှိဘူး"
ကျန်နေသည့် ဝိညာဉ်သစ်သီးတစ်ခြမ်းက ပြောစရာမလိုတော့။ အမပိုင်ကို ကိုယ်စားပြုသည်။
"အဲဒီ့နေ့က အမပိုင် ဆေးကျိုနေတယ်။ ဂိုဏ်းတူညီမသုံးယောက်က ဆေးကျိုဆောင်စက္ကူပြတင်းကနေတစ်ဆင့် သူ့ကိုလှမ်းမြင်တယ်။ အမပိုင်ကျိုနေတဲ့ဆေးက ကိုးနှလုံးကြာပန်းဆေးလုံးပါ။
အဲဒီ့ဆေးက တစ်နေကုန်ဖော်စပ်ရတယ်။ အဲဒီ့အချိန်အတွင်း ဆေးကျိုတဲ့မီးဖိုနားကခွာဖို့မပြောနဲ့။ အာရုံလွင့်လို့တောင်မရဘူး။ ကိုးနှလုံးကြာပန်းဆေးက ဖော်စပ်ရတာခက်တယ်။ အမပိုင်တောင် အောင်မြင်နိုင်ခြေ ဆယ်ရာနှုန်းပဲရှိတာ။
အဲဒီ့နေက သူအတော်လေးအခြေအနေကောင်းတယ်။ ဆေးလုံးရအောင်ဖော်စပ်နိုင်လို့ တစ်ခြားဂိုဏ်းတူညီမတွေအမတွေရှေ့မှာ ကြွားလုံးထုတ်ခဲ့တယ်တဲ့။
စုံစမ်းစစ်ဆေးချက်အရ အဖြေမသိသေးတဲ့ နောက်တစ်ချက်ရှိတယ်။ ဆေးပစ္စည်းတွေမပျောက်ခင် တစ်ပတ်အလိုက အမပိုင်နဲ့ အကြီးအကဲမိန် စကားများကြတယ်။ အမပိုင်က ဆေးစပ်ဖို့အတွက် အဖိုးတန်ဆေးပစ္စည်းသုံးမျိုးလိုတယ်။ သူ့ဆေးပညာတိုးတက်အောင် စမ်းသပ်ကြည့်ဖို့ပါ။
ဒါပေမယ့် သူ့ပညာမလုံလောက်သေးတော့ သေချာပေါက်မအောင်မြင်နိုင်ဘူးလို့တွေးပြီး အကြီးအကဲမိန်က အမပိုင်လိုချင်တဲ့ဆေးကို ထုတ်မပေးဘူး။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီ့ဆေးပစ္စည်းသုံးမျိုးလည်း အခိုးခံရတဲ့စာရင်းထဲမှာပါနေတယ်"
သူ့စကားနားထောင်ပြီးနောက် လုယန် စဉ်းစားနေသည်။ ထိုသုံးယောက်လုံး ခိုင်မာသည့်အလီဘိုင်မရှိကြောင်း နားလည်လာသည်။
အကြီးအကဲမြောင်က ကိုယ်ပွားပညာကျွမ်းကျင်သည်။ သူနှင့်သူ့ကိုယ်ပွားကို အတုအစစ် ခွဲခြားဖို့ခက်သည်။ အလီဘိုင်ပြဖို့ တစ်ခြားအကြီးအကဲတစ်ယောက်နှင့် စကားပြောနေခဲ့ခြင်းဖြစ်နိုင်သည်။
အကြီးအကဲမိန်က အခန်းထဲမှမထွက်ဟုဆိုသည်။ စိတ်ကူးစိတ်သန်းအသစ်ရဖို့ အပြင်သို့လမ်းလျှောက်ထွက်သည်။ သို့သော် မျက်မြင်သက်သေမရှိ။
အမပိုင်က ဆေးကျိုနေချိန် အာရုံလွင့်၍မရ။ သို့သော် ဂိုဏ်းတူညီမသုံးယောက်က စက္ကူပြတင်းပေါက်မှ (လူရိပ်ကိုသာ) လှမ်းမြင်ခြင်းသာဖြစ်သည်။ သူတို့မြင်သည့်လူသည် အမပိုင်ဟုတ်ချင်မှဟုတ်မည်။
ထို့ပြင် သူတို့အားလုံး အမှုကျူးလွန်နိုင်သည့် အကြောင်းရင်းများရှိနေသည်။
လုယန် ခေါင်းငုံ့စဉ်းစားသည်။ ဖြစ်နိုင်ခြေများကို သုံးသပ်ရင်း သူ့နှုတ်ခမ်းများကွေးညွှတ်သွားပြီး အပြုံးရိပ်ပေါ်လာသည်။
'မီးအိမ်အောက်မှ အမှောင်ရိပ်'ဆိုသည်မှာ ဤအဖြစ်မျိုးကို ဆိုလိုခြင်းဖြစ်မည်။
"အကို၊ တစ်ခုခုစဉ်းစားမိလို့လား"
လုယန်အမူအရာကိုကြည့်၍ သဲလွန်စတစ်ခုရပြီဖြစ်ကြောင်း လန်ထင်ရိပ်မိသည်။
"လန်ထင်၊ သူခိုးဘယ်သူလဲဆိုတာ ငါသိပြီ။ သုံးယောက်လုံး သံသယဝင်စရာကောင်းနေပေမယ့် တကယ်တော့ သူတို့မဟုတ်ဘူး။ သူတို့သုံးယောက်လုံး ဆေးဂိုဒေါင်ကိုဝင်တဲ့ မှတ်တမ်းတွေရှိတယ်။ ဂိုဒေါင်ထဲရောက်တဲ့အချိန် သူတို့လိုချင်တဲ့ ဆေးပစ္စည်းတွေ ယူသွားလို့ရတာပဲလေ။
မှော်စက်ဝန်းကို ဆယ့်ခုနစ်ကြိမ်မြောက်ဝင်ပြီး သဲလွန်စချန်ခဲ့စရာအကြောင်းမရှိဘူး။ တစ်ခုတည်းသောအဖြေက သူခိုးက သူတို့သုံးယောက်မဟုတ်လို့ပဲ။
ညီမလန်၊ နန်းတော်သခင်ဟောင်းချွီလင်းက ဆေးဂိုတောင်မှော်စက်ဝန်းကို ဘယ်လိုဖြတ်ရမလဲဆိုတာသိတယ်လို့ ပြောခဲ့တယ်နော်။ ဒီတော့ လက်ရှိနန်းတော်သခင်လည်း သိမှာပဲမဟုတ်လား"
လုယန် စိတ်တော့မကောင်း။ ထိုအဖြေသည် လန်ထင်အတွက် နားဝင်မချိုနိုင်သော်လည်း အမှန်တရားက အမှန်တရားသာဖြစ်သည်။ အဖြစ်မှန်ကို လန်ထင်ရင်ဆိုင်ရမည်။
"ဒီတော့ အဖြေကရှင်းနေပြီ။ အဲဒီ့သူခိုးဟာ လော်..."
သူ့စကားမဆုံးသေးမီ သိစိတ်နယ်မြေမှ နတ်မယ်က မသေမျိုးအာရုံဖြင့် မြင်ကွင်းတစ်ခုကိုကြည့်၍ အံ့တဩလှမ်းပြောသည်။
"အဲ...ဟိုကောင်မလေးပိုင်ယဲ့က သံလွင်ပင်တွေကို ဘာလုပ်နေတာလဲ"
***