တရားခံဘယ်သူမှန်းမသိဘဲ လုယန် ကိုယ့်အတွေးနှင့်ကိုယ် ဆင်ခြင်သုံးသပ်နေခဲ့သည်။ နတ်မယ်က သူ့ကိုယ်စား တရားခံကို တွေ့အောင်ရှာမည်ဟု စိတ်ပိုင်းဖြတ်၍ ဝိညာဉ်အာရုံတစ်ချိန်လုံးဖြန့်ထားသည်။
ကံကောင်းထောက်မစွာဖြင့် သဲလွန်စတစ်ခု သူတွေ့သည်။
"ဒါပေါ့လေ...ငါပဲဝါတာဝန်ယူပြီလိုက်ဆိုရင် မဖြေရှင်းနိုင်တဲ့အမှုဘယ်ရှိနိုင်မှာလဲ"
"ဘယ်သူလဲ၊ ပိုင်ယဲ့လား"
'နန်းတော်သခင်လော်'ဟု မပြောမီ နတ်မယ်၏စကားကြောင့် လုယန် အငိုက်မိသွားသည်။
"နောက်ကို ခင်ဗျားဘာမြင်တယ်ဆိုတာ ကျုပ်ကိုစောစောကြိုပြောပါနတ်မယ်"
ပိုင်ယဲ့ သံလွင်ပင်ကို ဆေးမခတ်မီကတည်းက နတ်မယ်ကြိုမြင်ခဲ့မည်ကို လုယန်သေချာသိသည်။
တရားခံက ပိုင်ယဲ့ဆိုလျှင်ပင် ဆေးကျိုဆောင်မှော်စက်ဝန်းကို သူဘယ်လိုဖြတ်ခဲ့သနည်း...
"သူခိုးဆိုတာ သက်သေနဲ့လက်ပူးလက်ကြပ် ဖမ်းရတာလေ။ အစောပိုင်းက သံသယဝင်ရုံလောက်ပဲရှိတာ။ ဟိုကောင်မလေးကို ငါမှားယွင်းစွပ်စွဲမိရင် ဘယ်လိုလုပ်မလဲ"
လုယန်နှင့်အတူ ဥပဒေအကြောင်း အချိန်ကြာမြင့်စွာ လေ့လာခဲ့ပြီးနောက် နတ်မယ်၏ဥပဒေအသိလည်း တိုးတက်လာသည်။
"အကို၊ အကိုလုယန်..."
လုယန် စကားတစ်ပိုင်းတစ်စရပ်၍ အသံတိတ်သွားသဖြင့် လန်ထင် အတော်တွေးရခက်သွားသည်။ လုယန်မျက်နှာရှေ့တွင် လက်ရမ်းပြနေသည်။
လုယန် အသိပြန်ဝင်လာသည်။ သူအခု အမှုကိုသုံးသပ်နေခြင်းဖြစ်ကြောင်း နားလည်လာသည်။ နတ်မယ်နှင့် စကားများနေရမည့်အချိန်မဟုတ်။
"ကဲပါ၊ ငါတာဝန်ယူလိုက်မယ်"
အဖြစ်မှန်ကို သူရှာတွေ့ခဲ့ခြင်းဖြစ်၍ အများရှေ့တွင် အမှုမှန်ဖော်ထုတ်သူလည်း သူသာဖြစ်သင့်သည်။
လုယန် နတ်မယ်ကိုမယှဉ်နိုင်။ ချက်ချင်းပူးကပ်ခံလိုက်ရသည်။
နတ်မယ်ပုံစံက အိပ်မက်မှလန့်နိုးလာသလို ဖြစ်နေသည်။
"အဲ...ခုနက ငါတို့ ဘယ်နားမှာရပ်သွားပါတာလဲ"
"အဲဒီ့သူခိုးဟာ လော်..ဆိုတဲ့နေရာရောက်ပြီးတော့ အကိုစကားရပ်သွားတာလေ"
လန်ထင်က လုယန်ကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်နေသည်။ သို့သော် ထုတ်တော့မပြော။
လုယန်ပုံစံက တစ်ခြားလူတစ်ယောက်လို ပြောင်းလဲသွားသည်ဟု သူခံစားနေရသည်။
နတ်မယ်သည် ပူးကပ်သည့်အတွေ့အကြုံ ဝါရင့်နေသူဖြစ်သည်။ နန်းမြို့တော်တွင် လုယန်အဖြစ်ဟန်ဆောင်ခဲ့သည်။ ထို့ကြောင့် ယခုလည်း လုယန်လို အပြည့်အဝ သရုပ်ဆောင်နိုင်သည်။ ကိုယ့်ကိုယ်ကို 'ငါမသေမျိုး'ဟု မပြောတော့။
"ဟိုသေးသေးကွေးကွေး ပိုင်ယဲ့ဆိုတဲ့ကောင်မလေးက တရားခံပဲလို့ ငါပြောမလို့ပါ"
နတ်မယ်က အခိုင်အမာကောက်ချက်ချသည်။
"တရားခံဆိုတာ အမှုဖြစ်တဲ့နေရာကို ပြန်လာလေ့ရှိတယ်။ ငါ့အထင်မမှားရင် သူ့အခု သံလွင်တောအုပ်ရဲ့ အပင်တန်းဆယ့်နှစ်၊ ဆယ့်သုံးခုမြောက်သံလွင်ပင်ကို ရောက်နေလောက်ပြီ"
လန်ထင် လုံးဝဆွံ့အသွားသည်။ ထိုမျှနေရာအတိအကျကို အကိုလု ဘယ်လိုခန့်မှန်းနိုင်သည်မသိ။ သူ့ဦးနှောက်ဖြင့် လိုက်မမီတော့။
တွေးခေါ်သုံးသပ်သည့်နေရာတွင် အကိုလုကို သူတကယ်မမီ။
ထို့ထက်ပိုအရေးကြီးသည်မှာ...
"ပိုင်ယဲ့ဆိုတာ ဘယ်သူလဲ"
ထိုနာမည်မျိုး လနန်းတော်တွင် လန်ထင်တစ်ခါမှမကြားဖူး။
"သူ့ကိုမသိဘူးလား။ သူငါ့ဆီကို ညတိုင်းလာပြီး ပုံပြင်နားထောင်တယ်လေ"
နတ်မယ်လေသံတွင် မကျေနပ်သည့်အရိပ်မျိုး ရောစွက်နေသည်။
ပိုင်ယဲ့သာ လုယန်၏ညပိုင်းအချိန်များကို လက်ဝါးကြီးမအုပ်ခဲ့လျှင် သူနှင့်လုယန် တစ်ညလုံး နှင်းလုံးပစ်တမ်းကစားနိုင်ခဲ့လိမ့်မည်။
"သူက အကို့ဆီကို ပုံပြင်နားထောင်ဖို့ ညတိုင်းလာတယ်ပေါ့"
လန်ထင် ပို၍အံ့အားသင့်သွားသည်။ ကျင့်ကြံမှုကိုဖျက်၍ အကိုလုဆီညတိုင်းလာပြီး ပုံပြင်နားထောင်သူ...
"ခဏနေဦး၊ ခဏနေဦး။ လန်ထင်ကဘာလို့ ညီမပိုင်ယဲ့ကို မသိရတာလဲ"
လုယန်က သိစိတ်နယ်မြေမှ လှမ်းမေးသည်။
ထိုသို့ဆိုလျှင် တကယ်မရှိသည့်လူကို သူညတိုင်းပုံပြင်ပြောနေခဲ့သလို ဖြစ်နေသည်။ အတော်ကြက်သီးထစရာကောင်းသည်။
"သူက သံလွင်ဘိုးဘေးရဲ့ကိုယ်ပွား ဒါမှမဟုတ် လနန်းတော်ရဲ့ လျှို့ဝှက်စွမ်းအားရှင်ဖြစ်မှာပေါ့။ ဒီကောင်မလေးလန်ထင် မကြားဖူးတာ မဆန်းပါဘူး"
ပိုင်ယဲ့၏သရုပ်မှန်ကို နတ်မယ်က ခပ်အေးအေးပြောသည်။ သံလွင်ဘိုးဘေးက သူ့အတွက် ဘာမှအရေးမပါသည့်လေသံမျိုးဖြစ်သည်။
"သံလွင်ဘိုးဘေး...ဟုတ်လား"
ပိုင်ယဲ့ပေးသည့် သံလွင်ပန်းတစ်အိတ်ကို လုယန်ပြန်သတိရလာသည်။ သူ့မူလခန္ဓာမှ ခူးဆွတ်ခဲ့ခြင်းဖြစ်သည်။
လုယန်အံ့ဩနေသည်ကို နတ်မယ်အရေးမစိုက်။ အမှန်တရားကိုသိသူဟူ၍ လနန်းတော်တွင် သူတစ်ယောက်သာရှိသည်။ သူ့ဉာဏ်ရည်က ထူးခြားသည့်အဆင့်တစ်ခုသို့ ရောက်နေသလိုခံစားရသည်။ ပိုင်ယဲ့ကိုအမိဖမ်းဖို့ ဆုံးဖြတ်လိုက်သည်။
"လောလောဆယ် ဒါတွေထားလိုက်ဦး။ ပိုင်ယဲ့ကို လိုက်ဖမ်းကြစို့"
နတ်မယ်က လက်ကိုဝှေ့ယမ်း၍ လန်ထင်ကိုဦးဆောင်ပြီး လော်ဟုန်ရှား၏အိမ်တော်သို့ ချက်ချင်းသွားသည်။
လုယန်သည် ကျင့်စဉ်စွမ်းအားမရှိ။ ပိုင်ယဲ့ကိုတွေ့လျှင်ပင် မိအောင်ဖမ်းနိုင်မည်မဟုတ်။ လော်ဟုန်ရှားအကူအညီလိုအပ်သည်။
သေချာစဉ်းစားကြည့်လျှင် လုယန်ပုံမှန်စွမ်းအားပြန်ရထားသည့်တိုင် ပိုင်ယဲ့ကို ဖမ်းနိုင်မည်မဟုတ်ပါ။
လော်ဟုန်ရှားလည်း သူ့ရှေ့တွင် ဝိညာဉ်သစ်သီးသုံးလုံးချ၍ ဆေးပစ္စည်းသူခိုးကို ဖော်ထုတ်ရန် ကြိုးစားနေသည်။
တံခါးခေါက်သံကြားလိုက်ရသည်။ သူတံခါးသွားဖွင့်သည်။ ဘယ်သူမှမရှိ။
"ဒီမှာပါ...ဒီမှာပါ"
လောဟုန်ရှား ငုံ့ကြည့်သည်။ ကလေးငယ်နှစ်ယောက်တွေ့ရသည်။
"ဆရာ၊ အကိုလုက တရားခံဘယ်သူလဲဆိုတာ စဉ်းစားမိပြီ။ ပိုင်ယဲ့ဆိုတဲ့ ကောင်မလေးတဲ့။ အရပ်က ကျွန်မလောက်ပဲ။ အခုသူ သံလွင်တောအုပ်ထဲမှာရှိတယ်"
ထိုနာမည်ကို လော်ဟုန်ရှား တစ်ခါမှမကြားဖူး။
သို့သော် သူ့မျက်နှာ ချက်ချင်းလေးနက်တည်ကြည်လာသည်။ ပိုင်ယဲ့ဘယ်သူဘယ်ဝါ စဉ်းစားနေဖို့ အချိန်မရှိ။ တရားခံ၏ သဲလွန်စရပြီဖြစ်၍ သံလွင်တောအုပ်ထဲမှပိုင်ယဲ့ကို ဖမ်းနိုင်ဖို့သာ အရေးအကြီးဆုံးဖြစ်သည်။
"သွားစို့"
လော်ဟုန်ရှား လေထဲသို့ ပျံတက်သွားသည်။ ထို့နောက် သူ့ဘေးတွင် လူနှစ်ယောက်ပါမလာမှန်း သိလိုက်ရသည်။ အောက်ကိုငုံ့ကြည့်သည်။ ကလေးနှစ်ယောက်က သံလွင်တောအုပ်ဆီ ပြေးလွှားနေသည်ကို မြင်လိုက်ရသည်။
လော်ဟုန်ရှား မြေပေါ်ဆင်းလာပြီး လက်ဖြင့်တစ်ယောက်တစ်ဘက်စီမ၍ သံလွင်တောအုပ်ဆီ သုတ်ချေတင်သည်။
"သွားကြစို့"
အလေးချိန်နှစ်ခု သယ်ထားရသော်လည်း လော်ဟုန်ရှား၏အမြန်နှုန်းက လျော့ပါးမသွား။ လေအေးဒဏ်ကြောင့် လုယန်တို့ခန္ဓာကိုယ်မထိခိုက်အောင် အလင်းစွမ်းအင်အကာအကွယ်တစ်ခုလည်း ဖန်တီးထားသည်။
သံလွင်တောအုပ်ဆီ ရောက်လာချိန်တွင် မိန်းမငယ်တစ်ယောက် သံလွင်ပင်ခြေရင်းတွင် တစ်စုံတစ်ခုလောင်းချရင်း တီးတိုးရေရွတ်နေသည်ကို မြင်လိုက်ရသည်။
"သူခိုး၊ မပြေးနဲ့"
လောင်ဟုန်ရှားက လုယန်တို့ကို အောက်သို့ချ၍ ချက်ချင်းလှုပ်ရှားသည်။
စွမ်းအင်အကာအကွယ်ကြောင့် လုယန်တို့ မြေပေါ်တွင် သုံးလေးကြိမ် ခုန်ဆောင့်သွားသည်။ သို့သော် ဒဏ်ရာတော့မရကြ။
လောဟုန်ရှားတိုက်ခိုက်လာသည်ကို မြင်သဖြင့် မိန်းမငယ်က တီးတိုးကျိန်ဆဲသည်။ သံလွင်ပင်စမ်းသပ်မှုကို အာရုံစိုက်နေသဖြင့် လော်ဟုန်ရှားချဉ်းကပ်လာသည်ကို သူမသိလိုက်။
မိန်းမငယ်က တိုက်ခိုက်လိုဟန်မရှိ။ ချက်ချင်းလှည့်ပြေးသည်။ ပြေနှုန်းက မြန်လွန်းသဖြင့် အရိပ်တစ်ခုကျန်နေခဲ့သည်။ ထို့နောက် လုံးဝမျက်ခြေပြတ်သွားသည်။
လော်ဟုန်ရှားမျက်စိရှင်သော်လည်း ထိုကောင်မလေးကို မီအောင်မလိုက်နိုင်ခဲ့။ သိစိတ်အာရုံကို သူဖြန့်သည်။ သို့သော် ဘာမှမတွေ့။
မိန်းမငယ်၏မျက်နှာပုံစံကို ပြန်တွေးရင်း သူမျက်မှောင်ကျုံ့နေသည်။
"မျက်နှာစိမ်းပဲ၊ အပြင်လူများလား"
.......
"တော်သေးတာပေါ့။ ရှောင်လော်က ငါ့ကိုမိတော့မလို့ပဲ"
သံလွင်ဘိုးဘေးကိုမီလျက် ပိုင်ယဲ့ အသက်ကိုမောပန်းစွာရှူနေသည်။ သူ့ကို လော်ဟုန်ရှား ဘယ်လိုတွေ့သွားမှန်းမသိ။
သူရှိသည့်နေရာကို အတိအကျသိနေသည့် ပုံစံမျိုးဖြစ်သည်။
"ဟဲဟဲ ပြေးချင်သေးတယ်ပေါ့။ မင်းပြေးလို့လွတ်မှာလား"
သူ့နောက်ဘက်မှ ကလေးတစ်ယောက်ရယ်သံပေါ်ာလသဖြင့် သူဖျတ်ခနဲလှည့်ကြည့်သည်။
"ဘယ်သူလဲ"
သူ့ဝိညာဉ်အာရုံကို ဖွင့်ထားခဲ့သည်။ တစ်ယောက်ယောက် ချဉ်းကပ်လာလျှင် သူသတိထားမိရမည်။
ထို့ပြင် ထိုလူက သူရှိသည့်နေရာကို ဘယ်လိုရှာတွေ့သည်မသိ။
"လုယန်လား"
ပိုင်ယဲ့ တအံ့တဩရေရွတ်လိုက်သည်။ ဘာကြောင့်လုယန်ဖြစ်နေသနည်း။
"ပိုင်ယဲ့မိန်းကလေး၊ ကျုပ်နဲ့အတူလိုက်ခဲ့ပြီး မင်းအမှားကိုဝန်ခံပါ"
နတ်မယ်က အောင်ပွဲရစစ်သူကြီးလေသံဖြင့် ရယ်၍ပြောသည်။ ပိုင်ယဲ့ ဘယ်လောက်မြန်သည်ဖြစ်စေ သူ့မသေမျိုးဝိညာဉ်အာရုံထက်တော့ မြန်နိုင်မည်မဟုတ်။
သက်သေနှင့်တစ်ကွဖမ်းမိသည်။ တကယ့်မဟာအောင်မြင်မှုကြီးဖြစ်သည်။
ပိုင်ယဲ့က အေးစက်စက်နှာခေါင်းရှုံ့လျက်
"ငါက ပိုင်ယဲ့မဟုတ်ဘူး။ ပိုင်ရိပါ"
သိစိတ်နယ်မြေတွင်ရှိနေသည့်လုယန်က ထိုနာမည်ကို ကြားဖူးသလိုလိုထင်မိသည်။ ထို့နောက် သူရုတ်တရက် မျက်လုံးပြူးသွားသည်။
"ပိုင်ရိ...ပိုင်ရိဆိုတာ လနန်းတော်ဂိုဏ်းတည်သခင်မ ကျွေးယွဲ့ဘိုးဘေးပဲမဟုတ်လား"
***