"နေပါဦး၊ နေပါဦး၊ နေပါဦး။ သူက ငါတို့လနန်းတော်ဂိုဏ်းတည်ဘိုးဘေး ကျွေးယွဲ့ပိုင်ရိလို့ ပြောလိုက်တာလား"
လော်ဟုန်ရှား ခေါင်းကိုလက်ဖြင့်အုပ်၍ ဒလဟောဝင်လာသည့် အချက်အလက်များကို ပြန်သုံးသပ်နေသည်။
"ဟုတ်ပါတယ်"
"ပြီးတော့ ဆေးမြစ်တွေခိုးခဲ့တာ သူပေါ့"
"ဟုတ်တယ်"
"မင်းတစ်နေကုန်လိုက်ဖမ်းပြီးမှ သူ့ကိုမိခဲ့တာပေါ့"
နတ်မယ် အလေးအနက်ခေါင်းငြိမ့်နေသည်။ လော်ဟုန်ရှားကို ကြည်လင်တောက်ပသည့် မျက်လုံးအစုံဖြင့် မော့ကြည့်သည်။
"ဒီတော့ ခင်ဗျားတို့ လနန်းတော်က သူ့ကိုဘယ်လိုပြစ်ဒဏ်မျိုးပေးဖို့ စီစဉ်ထားလဲ"
လော်ဟုန်ရှားဦးနှောက်က အမီမလိုက်နိုင်တော့။ အခြေအနေများက အပြောင်းအလဲမြန်လွန်းသည်။ သူတို့ဘိုးဘေးက ဘာကြောင့် ပြစ်ဒဏ်ကျခံရမည့် ရာဇဝတ်သားဘဝသို့ ရုတ်တရက် ရောက်လာသည်မသိ။
စဉ်းစားရခက်သည်။ ယုံနိုင်စရာမရှိ။ ရှုပ်ထွေးသည်။ ထိုခံစားချက်များအားလုံး လော်ဟုန်ရှားမျက်နှာတွင် ပေါ်လွင်နေသည်။
လော်ဟုန်ရှား ငေးကြောင်နေသည်ကိုကြည့်၍ အကင်းပါးသည့်နတ်မယ်က အခက်တွေ့နေသည့်အချက်ကို ချက်ချင်းရိပ်စားမိသည်။ နားလည်မှုအပြည့်ရှိသည့်လေသံဖြင့်
"သခင်မလော် ဆုံးဖြတ်ရခက်နေလို့ လက်လွှဲပေးချင်တာလား။ ကျုပ်နားလည်ပါတယ်။ အခက်အခဲဖြစ်နေရင် သူ့ကို ကျုပ်တို့တာအိုလမ်းစဉ်ဂိုဏ်းမှာ အကျဉ်းချထားလို့ရပါတယ်"
သိစိတ်နယ်မြေမှစောင့်ကြည့်နေသည့်လုယန် ရုတ်တရက် ချောင်းတဟွတ်ဟွတ်ဆိုးလာသည်။
"နတ်မယ်၊ အဲဒီ့စိတ်ကူးက သိပ်မကောင်းဘူးနော်"
လုယန် အာရုံလွှဲသည်။
"ဘာဖြစ်လို့လဲ"
သူ့စိတ်ကူးက ပြည့်စုံသည်ဟု နတ်မယ်ခံစားရသည်။
"နတ်မယ်၊ ခင်ဗျားမေ့နေပြီထင်တယ်။ ကျွေးယွဲ့ပိုင်ရိက သူ့ကိုယ်ပွားနဲ့ခွာလို့မရဘူး။ သူ့ကိုယ်ပွားကလည်း ပိုင်ယဲ့ရဲ့နယ်မြေကနေ ထွက်သွားလို့မရဘူး"
နတ်မယ်က ထိုကိစ္စကို ကြိုတွေးထားဟန်ရှိသည်။
"ဪ ဒါကလွယ်ပါတယ်။ သံလွင်ဘိုးဘေးကိုပါ ငါတို့တာအိုလမ်းစဉ်ဂိုဏ်းကို သယ်ခဲ့ရုံပေါ့။ ငါတို့ဂိုဏ်းမှာ နေရာလွတ်တွေ အများကြီးရှိပါတယ်"
လုယန် ဘာမှထပ်မပြောနိုင်မီ သူစိုးရိမ်နေသည့်အချက်ကို နတ်မယ်က သဘောပေါက်သွားဟန်ရှိသည်။
"ဪ...သိပြီ၊ မဟာနှင်းတောင်တန်းကထွက်ရင် သံလွင်ဘိုးဘေးသေသွားမှာလို့ နင်ပြောမလို့မဟုတ်လား။ ဒါကအသေးအဖွဲကိစ္စပါ။ မဟာနှင်းတောင်တန်းကိုပါ ငါတို့ဂိုဏ်းကို သယ်ခဲ့ပေါ့။ ဂိုဏ်းမှာ နေရာလွတ်တွေပေါပါတယ်"
နတ်မယ်က သံလွင်ဘိုးဘေးကို တာအိုလမ်းစဉ်ဂိုဏ်းထဲ စည်းရုံးသိမ်းသွင်းဖို့ထိ စဉ်းစားထားပြီးဖြစ်သည်။
"...အခုပြဿနာက ကျုပ်တို့ဂိုဏ်း နေရာလွတ်ရှိတာမရှိတာနဲ့ မဆိုင်ဘူးထင်တယ်"
တာအိုနှလုံးမခိုင်မာသည့် အကိုတိုင်အတွက် လုယန်စိုးရိမ်သည်။ ဂိုဏ်းပြန်ရောက်လျှင် သူအရိုက်ခံရမလားမသိ။
သူအပြစ်ကင်းကြောင်း ကျိန်ဆိုနိုင်ပါသည်။ ဤကိစ္စသည် သူနှင့်ဘာမှမဆိုင်။ နတ်မယ်လုပ်နေခြင်းသာဖြစ်သည်။
"ငါ့ကိုရော ဖမ်းမှာလား"
ပိုင်ယဲ့က မေးသည်။
ညရောက်လာလျှင် ခန္ဓာကိုယ်ကို သူထိန်းချုပ်ရမည်။ ကျွေးယွဲ့က နေ့ခင်းပိုင်းသာ ပေါ်လာနိုင်သည်။
အမှန်တော့ လော်ဟုန်ရှားနန်းတော်သို့ နတ်မယ်ခေါ်လာသူက ပိုင်ယဲ့ပင်ဖြစ်သည်။
နတ်မယ်ရှင်းပြထားပြီးဖြစ်၍ ပိုင်ယဲ့၏သရုပ်မှန်ကို လော်ဟုန်ရှားသိသည်။ ကျွေးယွဲ့နှင့်ပိုင်ယဲ့တို့၏ သရုပ်မှန်ကို အံ့ဩနေသဖြင့် လောကဝတ်စည်းမျည်းများကို မေ့နေကြောင်း လောဟုန်ရှား ရုတ်တရက်နားလည်လာသည်။
"သံလွင်ဘိုးဘေးကို ဂါရဝပြုပါတယ်"
"ငါ့ကို ပိုင်ယဲ့လို့ပဲခေါ်ပါ"
"ဘိုးဘေးပိုင်ယဲ့ကို ဂါရဝပြုပါတယ်"
ပိုင်ယဲ့ လူရှေ့သူရှေ့မထွက်ချင်သည်မှာ သူ့ကိုမြင်လျှင် လူအားလုံးက ထိုသို့အရမ်းကြည်ညိုလေးစားလွန်း၍ဖြစ်သည်။
လုယန်ကတော့ မဆိုးလှ။ သူ့နောက်ခံကို သိပြီးသည့်တိုင် ဆက်ဆံပုံပြောင်းမသွား။
"အားရိကိုနင်တွေ့ချင်ရင် မနက်ရောက်တဲ့ထိစောင့်မှရမယ်"
ပိုင်ယဲ့က ညာလက်မောင်းကို သစ်ပင်အဖြစ်ပြောင်းသည်။ ထိုသစ်ပင်က ရှည်ထွက်လာပြီး ခွေးခြေထိုင်ခုံအသွင် ဖြစ်လာသည်။ ထို့နောက် ဘယ်လက်ဖြင့်ခုတ်ဖြတ်လိုက်သည်။ ခွေးခြေနှင့်ခွဲထုတ်သည်။ သူ့လက်မောင်းက ပုံမှန်အတိုင်းပြန်ဖြစ်လာသည်။
လုယန် တအံ့တဩကြည့်နေသည်။ ညဘက် ပုံပြင်လာနားထောင်တိုင်း ပိုင်ယဲ့ယူလာသည့် ခွေးခြေထိုင်ခုံကို ပြန်သတိရလာသည်။ ကိုယ်ပိုင်ခန္ဓာကိုယ်ဖြင့် ဖန်တီးထားခြင်းဖြစ်သည်။
ခွေးခြေပေါ်တွင်ထိုင်၍ ပိုင်ယဲ့က နတ်မယ်ကို စိတ်အားထက်သန်စွာ လှည့်ကြည့်သည်။
"အကိုလုယန်၊ ပုံပြင်ဆက်ပြောပါ။ နန်းမြို့တော်ကိုဝင်တဲ့အပိုင်းရောက်ပြီ"
ပုံပြောသည့်အလုပ်ကို နတ်မယ်မကျွမ်းကျင်။ ထို့ကြောင့် သဘောထားကြီးကြီးဖြင့် ခန္ဓာကိုယ်ကို လုယန်အား ပြန်လွှဲပေးသည်။
"အရှေ့ပင်လယ်ခရီးက ပြန်လာတော့ လောင်မုန်က နန်းမြို့တော်ကိုလိုက်ခဲ့ဖို့ ငါ့ကိုအတင်းခေါ်တယ်...."
လော်ဟုန်ရှားလည်း လုယန်၏အတွေ့အကြုံများကို စိတ်ဝင်စားသည်။ မနက်အရုဏ်ချိန်ထိ အလကားထိုင်စောင့်နေမည့်အစား လုယန်ဇာတ်လမ်းကိုနားထောင်သည်က ပိုကောင်းသည်။
"ဒီတော့...စတုတ္ထမင်းသားပုန်ကန်တာကို ငါတိုင်လိုက်တယ်။ သူထောင်ကျသွားတယ်..."
"နောက်တော့ တတိယမင်းသားလည်း အဖမ်းခံရတယ်..."
"ပလ္လင်ခိုးတဲ့အတွက် အင်ပါယာရှားနဲ့ငါပါ ထောင်ကျလုနီးပါးပဲ..."
လုယန်၏ဇာတ်လမ်းများကို နားထောင်နေရင်း လော်ဟုန်ရှား မျက်ခုံးလှုပ်လာသည်။
လုယန်ပုံပြောနေသဖြင့် ညပိုင်းအချိန်က ကုန်မှန်းမသိကုန်သွားသည်။
ညမှနေ့သို့ကူးလာသည်။ လမင်းတွင် မီးတောက်များတဖြေးဖြေးပေါ်လာပြီး မနက်ခင်းသို့ ရောက်လာသည်။
"ရှောင်ယဲ့၊ အခု နင့်ခန္ဓာကိုယ်ကို ငါငှားဦးမယ်"
ရုပ်ရည်မပြောင်းလဲသော်လည်း နောက်ခံသရုပ်မှန် ပြောင်းလဲသည်။ ကျွေးယွဲ့၏မျက်လုံးအကြည့်က ပိုစူးရှလာသည်။ ပိုင်ယဲ့လို ရိုးရိုးအအပုံစံမဟုတ်တော့"
"ဘိုးဘေးကို ဂါရဝပြုပါတယ်"
သူစကားပြောနေသူသည် ကျွေးယွဲ့ဘိုးဘေးဖြစ်မှန်းသိသော်လည်း သေးသေးကွေးကွေးပုံစံက ပုံတူပန်းချီများထဲမှ ပြိုင်ဘက်ကင်းအလှပိုင်ရှင်နှင့် တစ်ထပ်တည်းမြင်နိုင်ဖို့ လော်ဟုန်ရှား အတော်အခက်တွေ့နေသည်။
"ရှောင်လော်၊ လောကဝတ်စည်းမျဉ်းတွေဆိုတာ ကျန်းပင်ကန်းတို့က သူတို့ရုံးတော်မှာ ချမှတ်ခဲ့တာပါ။ ငါတို့လနန်းတော်မှာ အဲလောက်စည်းမျဉ်းတွေအများကြီး လိုက်နာဖို့မလိုဘူး"
"ဟုတ်ကဲ့။ ဘိုးဘေး ဆေးဂိုဒေါင်ကိုသွားပြိး ဆေးမြစ်ခိုးတဲ့ကိစ္စက..."
"ဘာခိုးတာလဲ။ ဒီလနန်းတော်ကို ငါတည်ထောင်ခဲ့တာ။ ဒီတော့ ဆေးမြစ်တွေကလည်း ငါ့အပိုင်ပဲ"
"လနန်းတော်ကို ဘိုးဘေးတည်ထောင်ခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် နန်းတော်သခင်ရာထူးကို ဘိုးဘေးက ကျင်းချွမ်ကို လွှဲပေးခဲ့တယ်။ နန်းတော်ပိုင်ဆိုင်ခွင့်ကိုလည်း လွှဲပေးခဲ့တယ်။ သူပြီးတော့ တတိယ၊ စတုတ္ထနန်းတော်သခင်တွေ အဆက်ဆက်လွှဲပြောင်းပြီး ကျွန်မတို့မျိုးဆက်ကို ရောက်လာတယ်။
ဒီတော့ အတိအကျပြောရရင် လနန်းတော်ရဲ့ ပိုင်ဆိုင်မှုအားလုံးက အခုကျွန်မလက်ထဲမှာရှိတယ်။ ဆေးမြစ်တွေကို ခွင့်ပြုချက်မရှိဘဲသုံးတာဟာ ခိုးမှုကျူးလွန်တာပါပဲ"
"ငါ...ငါက နန်းတော်တည်ထောင်တဲ့လူလေ"
ကျွေးယွဲ့ စကားနိုင်လုဖို့ အင်အားမရှိတော့။
နတ်မယ်က ကျွေးယွဲ့ပြောချင်သည့်အဓိပ္ပါယ်ကို သဘောပေါက်သည်။ လုယန်ခန္ဓာကိုယ်ကို ပြန်လွှဲယူလိုက်သည်။
"ရာဇဝတ်ဥပဒေအရ သက်တမ်းခုနစ်သောင်းငါးထောင်ကျော်တဲ့ လူသားတွေဟာ ထောင်ဒဏ်ကင်းလွတ်ခွင့်ရှိပြီး ကျင့်ကြံသူတွေလည်း ဒီစည်းမျဉ်းနဲ့ အကျုံးဝင်တယ်လို့ ခင်ဗျားပြောချင်တာလား။
ခင်ဗျားသက်တမ်းက နှစ်တစ်ထောင်လောက်တောင် ရှိပုံမပေါ်ပါဘူး။ အရင်က ကိုယ့်ကိုယ်ကိုအေးခဲပြီး ဂူအောင်းခဲ့ဖူးလို့လား။ ဒီနှစ် ခင်းဗျားအသက်ဘယ်လောက်ရှိပြီလဲ။ ခုနစ်သောင်းငါးထောင်ပြည့်ပြီလား"
"တော်ပါတော့ တော်ပါတော့။ ငါထောင်ထဲကိုပဲ သွားပါ့မယ်"
"အမှန်တော့ ဒီခိုးမှုအတွက် ဘိုးဘေးထောင်ထဲကိုသွားစရာမလိုပါဘူး"
လော်ဟုန်ရှားကပြောသည်။
"လနန်းတော်ကို လျော်ကြေးပြန်ပေးပြီး အသနားခံစာတင်လိုက်ရင် ခံဝန်ကတိနဲ့ လွှတ်ပေးလို့ရပါတယ်။ ပြစ်ဒဏ်ကင်းလွတ်ခွင့်တောင်ရနိုင်တယ်"
ကျွေးယွဲ့ပျော်သွားသည်။
...နင်ငါ့ဘက်က ရပ်တည်ပေးမယ်ဆိုတာ ငါသိသားပဲ ရှောင်လော်...
လနန်းတော်ကို လျော်ကြေးပေး၍ အသနားခံစာတင်သည့်ကိစ္စသည် ဘာမှခက်ခဲသည်မဟုတ်။
"ဒါပေမယ့် သံလွင်ပင်ကို ဆေးခတ်လို့ အန္တရာယ်များတဲ့ နောက်ဆက်တွဲကိစ္စတွေဖြစ်လာတယ်။ ဒါဟာ အန္တရာယ်ရှိတဲ့ပစ္စည်း ဖြန့်ဝေမှုပဲ။ ကျူးလွန်ခဲ့တဲ့ အကြိမ်အရေအတွက်ကများတော့ ဘိုးဘေး အာမခံမရလောက်ဘူး"
"ငါက..."
ဥပဒေနားမလည်၍ ထိခိုက်နစ်နာရသည့်အဖြစ်ကို ကျွေးယွဲ့ ပထဆုံးအကြိမ် ရင်ဆိုင်လိုက်ရသည်။
နတ်မယ်က ထပ်သတိပေးသည်။
"ဥပဒေကိုနားမလည်လို့ပါလို့လည်း အကြောင်းပြလို့မရဘူး"
ထိုစဉ် လော်ဟုန်ရှားက နတ်မယ်ကိုလှည့်ပြောသည်။
"လုယန်၊ ရေပူစမ်းထဲကို မင်းအတင်းဝင်ခဲ့တာက ရာဇဝတ်မှုတော့မမြောက်ဘူး။ ဒါပေမယ့် အများပြည်သူနှောက်ယှက်မှုပဲ။ ဒါက စည်းကမ်းထိန်းသိမ်းရေးပိုင်းနဲ့ဆိုင်တယ်။ မင်းလည်း လေးငါးရက်တော့ ထောင်ကျမယ်"
လုယန်ကို လော်ဟုန်ရှားကြည့်နေသည်က ထိုအကြောင်းကြောင့်ဖြစ်သည်။
"ကျုပ်အဲဒီတုန်းက တရားခံလိုက်ဖမ်းနေတာပါ"
"ဒါပေမယ့် ရေပူစမ်းကိုဖြတ်သွားရလောက်အောင် အရေးပေါ်အခြေအနေမျိုးမဟုတ်ဘူးလေ"
"ကျုပ်က..."
ဥပဒေကိုနားလည်လျှင်လည်း သိပ်အကျိုးမထူးလှကြောင်း နတ်မယ်နားလည်လာသည်။
လုယန် နဖူးကို လက်ဖြင့်အုပ်လိုက်သည်။ အခြေအနေက ထိုသို့ဖြစ်လာမည်ကို သူသိနေသည်။ ဤအဖြစ်သည်လည်း ဘဝအတွေ့အကြုံဟု ခေါ်ရမည်ထင်သည်။
"စိတ်မပူပါနဲ့ရှောင်ယန်၊ ငါနင့်ကို ထောင်ထဲအဝင်မခိုင်းပါဘူး။ ဒီကိစ္စက နင်နဲ့ဘာမှမဆိုင်ဘူး"
နတ်မယ်က တာဝန်ယူစိတ်အပြည့်ဖြင့်ပြောသည်။
လုယန် အံ့အားသင့်သွားသည်။
"နတ်မယ်၊ ခင်ဗျားဘာကိုပြောချင်တာလဲ"
"ငါနင့်ခန္ဓာကိုယ်ကို လေးငါးရက်ယူပြီး နင့်ကိုယ်စား ထောင်ကျခံမယ်"
***