ဘာကွာခြားသွားမည်နည်း။
လုယန် တွေးနေသည်။
...နတ်မယ်၊ ခင်ဗျားကျုပ်နေရာဝင်ယူရင် ကျုပ်လည်းသိစိတ်နယ်မြေမှာပဲ နေရမယ်မဟုတ်လား။ ခင်ဗျားထောင်ကျခံလည်း ကျုပ်ကအပြစ်သားခန်းမကနေ ထွက်သွားလို့မှမရတာ...
သူတစ်ပါးကိုယ်စား အပြစ်ခံယူသည့် နတ်မယ်၏စိတ်ဓာတ်မျိုးက တကယ်ရှားသည်။
သိပ်တော့ အကျိုးမထူးလှ။
သို့သော် တန်းဖိုးကြီးသည်။
"ငါလည်း ထောင်ထဲဝင်ရမှာလား"
ပိုင်ယဲ့က ကျွေးယွဲ့နေရာကို အစားထိုးဝင်လာသည်။
"ညရောက်ရင် ဘိုးဘေးက ထွက်လာခဲ့ရုံပါပဲ"
လော်ဟုန်ရှားကပြောသည်။ ပိုင်ယဲ့ ဘာအမှားမှလုပ်မထား။ ဘယ်လိုထောင်ချ၍ဖြစ်မည်နည်း။
"အင်း..ဒါဆိုလည်း ပြီးတာပါပဲ"
ပိုင်ယဲ့ သိစိတ်နယ်မြေသို့ ပြန်ဝင်သွားသည်။ ကျွေးယွဲ့ကို ခန္ဓာကိုယ်လွှဲပေးသည်။
"သံလွင်ဘိုးဘေး။ မသွားပါနဲ့ဦး။ ဘိုးဘေးဆီက ခွင့်ပြုချက်တောင်းစရာရှိသေးလို့ပါ"
လော်ဟုန်ရှားက ပိုင်ယဲ့ကို ပြန်ခေါ်သည်။
"ဘာကိစ္စလဲ"
"အရင်က ဘိုးဘေးအသိစိတ်ဖွံ့ဖြိုးနေမှန်းမသိလို့ လနန်းတော်က ဘိုးဘေးဆီမှာ ခွင့်မတောင်းဘဲ သံလွင်ပင်ခုတ်ရောင်းခဲ့တယ်။ အဲလိုလုပ်ခဲ့တာကို တကယ်ရှက်မိပါတယ်။
အဲဒီ့သံလွင်ပင်တွေက ဘိုးဘေးပိုင်တာပါ။ သံလွင်ပင်ရောင်းလို့ရတဲ့ ဝိညာဉ်ကျောက်တွေကိုလည်း ဘိုးဘေးပဲရသင့်ပါတယ်။ ဒီတော့ ဘိုးဘေး ဘယ်အချိန်ကစပြီး သိစိတ်ဝိညာဉ်ပေါ်ခဲ့သလဲဆိုတာ ပြောပြပါ။
ကျွန်မတို့ စာရင်းဇယား အတိအကျတွက်ချက်ပြီး ဝိညာဉ်ကျောက်တွေ ပြန်ပေးပါ့မယ်"
လော်ဟုန်ရှားပြောနေသည့် စကားလုံးများ၏အဓိပ္ပါယ်ကို ပိုင်ယဲ့သိပ်နားမလည်။ သို့သော် သူ့ကိုဝိညာဉ်ကျောက်များပေးဖို့ကိစ္စဖြစ်ကြောင်း အကြမ်းဖျင်းတော့သိသည်။
"ဝိညာဉ်ကျောက်တွေ ငါ့အတွက်မလိုဘူး။ နင်တို့ပဲသိမ်းထားပါ။ သစ်ပင်ခုတ်ရောင်းတာကိုလည်း ပုံမှန်အတိုင်းပဲဆက်လုပ်ပါ"
"ဘိုးဘေးရဲ့ စိတ်သဘောထားက ကြီးမြတ်လွန်းပါတယ်"
လော်ဟုန်ရှား ဦးညွှတ်အရိုအသေပြုသည်။
မဟာနှင်းတောင်တန်းသံလွင်ဘိုးဘေး အသိစိတ်ဝင်ပြီး 'လူ'ဖြစ်လာချိန်တွင် မဟာနှင်းတောင်တန်း၏ သံလွင်ပင်များပိုင်ဆိုင်ခွင့်က ပိုင်ယဲ့လက်ထဲရောက်သွားသည်။ ထိုစဉ်က ပိုင်ယဲ့အကြောင်း လနန်းတော်ကမသိခဲ့။
ထို့ကြောင့် သစ်ပင်များခုတ်ရောင်းခြင်းသည် ရာဇတတ်မှုမမြောက်။ ရာဇဝတ်မှုကျူးလွန်လိုသည့် ရည်ရွယ်ချက်မရှိသောကြောင့်ဖြစ်သည်။
ယခု ပိုင်ယဲ့အကြောင်း သူတို့သိလာသည်။ ပိုင်ယဲ့ခွင့်ပြုချက်မရှိဘဲ သံလွင်ပင်များကို သူတို့ခုတ်ရောင်း၍မရ။
.....
အပြစ်သားခန်းမ။
"နန်းတော်သခင်၊ ဘာကိစ္စရှိလို့ရောက်လာတာလဲ"
ကြာနက်ဝတ်စုံဝတ်ထားသည့် အကြီးအကဲမိုရန် အတော်အံ့အားသင့်သွားသည်။
ပိုအံ့ဩရသည်က လော်ဟုန်ရှားနှင့်အတူ ကလေးနှစ်ယောက်ပါလာသောကြောင့်ဖြစ်သည်။
"နန်းတော်သခင်မှာ ကလေးတွေရှိတယ်ပေါ့"
အပြစ်သားခန်းမကို ကြီးကြပ်ဖို့ တာဝန်ယူထားရသဖြင့် မိုရန် အပြင်ထွက်ချိန်သိပ်မရ။ အပြင်လောကအဖြစ်အပျက်များကို သူမသိ။
သူ့စိတ်ထဲ အတွေးတစ်ခု ချက်ချင်းပေါ်လာသည်။ လော်ဟုန်ရှားနှင့်တာအိုရှင်ဝစီပိတ် လျှို့ဝှက်အချစ်ဇာတ်လမ်းတစ်ခု ရှိခဲ့ခြင်းဖြစ်မည်။ ဝစီပိတ်က ရန်သူများဝိုင်းနေသဖြင့် သူတို့အချစ်ဇာတ်လမ်းကို လူသိရှင်ကြား ကြေညာဖို့အဆင်မပြေ။
ထို့ကြောင့် တိတ်တိတ်ပုန်းတွဲခုတ်၍ တိတ်တိတ်ပုန်းသားသမီးများ ရလာခြင်းဖြစ်မည်။ ယခု ဝစီပိတ်က ကူးဖြတ်ခြင်းအဆင့်ရောက်လာသည်။ သူ့ရန်သူများကို ကြောက်စရာမလိုတော့။
ထို့ကြောင့် လော်ဟုန်ရှားလည်း သူတို့ပတ်သက်မှုကို တရားဝင်ကြေညာဖို့ ယုံကြည်ချက်ရှိလာပြီး သူ့ကလေးများကို အများရှေ့သို့ထုတ်ပြခြင်းဖြစ်မည်။
လော်ဟုန်ရှား မျက်ခုံးတစ်ချက်ခါသွားသည်။ မိုရန်၏အကြည့်က နည်းနည်းမူမမှန်သလိုခံစားရသည်။
ဂိုဏ်းတူညီမမိုရန်သည် စိတ်ကူးယဉ်အတွေးများသူဖြစ်သည်။ သူ့စိတ်ထဲဘာတွေးနေသည်ကို ဘယ်သူမှမသိနိုင်။
"အခုရက်ပိုင်း အမှားအယွင်းတစ်ခုဖြစ်လို့ လနန်းတော်တပည့်တွေအားလုံး ခန္ဓာကိုယ်ကျုံ့သွားတယ်။ လုယန်လည်း အတူတူပဲ။...ဒီကောင်လေးက လုယန်ပါ"
"အံ့ဩစရာပဲ။ ဒါဆိုလုယန်က အပြစ်သားခန်းမကို လာလည်တာလား"
"သူက ဒီမှာငါးရက်နေရမှာ"
မိုရန် မင်သက်မိသွားသည်။ လော်ဟုန်ရှားပြောလိုသည့်အဓိပ္ပါယ်ကို သူနားလည်သည်။
"မင်းက မင်းဆရာခြေရာကိုတကယ်နင်းပြီး ငါတို့အပြစ်သားခန်းမကို အလှည့်ကျဝင်ဖို့ ပြင်နေတယ်ပေါ့"
လုယန် "..."
အကြီးအကဲမိုရန်...ခင်ဗျားကျုပ်ကို နားလည်မှုနည်းနည်းလွဲနေပြီ။
"ပြီးတော့ ဒါကဘယ်သူလဲ"
"ဒီလူရဲ့သရုပ်မှန်ကို ထုတ်ပြောဖို့အဆင်မပြေဘူး။ သူက ခိုးမှုကျူးလွန်ခဲ့တဲ့လူလို့ပဲ သိထားပါ။ ထူးခြားတဲ့အခြေအနေတစ်ခုကြောင့် နေ့ခင်းပိုင်းပဲ အပြစ်သားခန်းမမှာ သူနေရမှာ။ ညဘက်ရောက်ရင် သူသွားချင်ရာသွားလို့ရတယ်"
ရုပ်ရည်သွင်ပြင်ကို အလေးထားသည့် ကျွေးယွဲ့သည် သူကောင်မလေးဘဝရောက်နေသည့်ကိစ္စကို တစ်ခြားလူများမသိစေချင်။ ထိုကိစ္စလျှို့ဝှက်ပေးထားဖို့ လော်ဟုန်ရှားကိုပြောခဲ့သည်။
"ဆွေမျိုးဦးစားပေးဝါဒလား"
နှစ်တစ်ထောင်ကြာအောင် အပြစ်သားခန်းမကို စောင့်ကြပ်ခဲ့သည့်မိုရန်အတွက် ထိုမျှလွတ်လပ်ခွင့်ရသည့်အကျဉ်းသားမျိုး တစ်ခါမှမတွေ့ဖူး။
လော်ဟုန်ရှား "..."
...ငါဘယ်လိုပြောရမလဲ...ဆွေမျိုးဦးစားပေးဆိုတာလည်း နည်းနည်းတော့မှန်နေတာပဲ...
ပုံမှန်ဆိုလျှင် အကျဉ်းသားများ ထောင်ထဲသွင်းရသည့်အလုပ်က မိုရန်၏တာဝန်ဖြစ်သည်။ သို့သော်ယခု လော်ဟုန်ရှားကိုယ်တိုင် ရောက်လာသဖြင့် သူဘာမှဝင်မစွက်တော့။ အရေးကြီးသည့်ကို နန်းတော်သခင်ကိုယ်တိုင် တာဝန်ယူသည်က ပိုကောင်းသည်။
အပြစ်သားခန်းမထဲရောက်ရောက်ချင်း ချွီလင်း၏ ဒေါသတကြီးအော်သံကို ကြားရသည်။
"တပည့်အလိမ္မာလေး။ မင်းဒီကိုလာရဲမယ်လို့ ငါထင်မထားဘူး။ ဆရာကိုတောင် ထောင်ချရဲတဲ့တပည့်။ တကယ်ရိုသေလေးစားမှုကင်းမဲ့ပြီး ကျေးဇူးကန်းတာပဲ"
"ပါးစပ်ပိတ်ထားစမ်း"
ကျွေးယွဲ့ အော်ငေါက်လိုက်သည်။
"ငါတောင် ငါ့အမှားအတွက် ဒီကိုလာရတယ်။ နင်ကဘာမို့လို့လဲ"
သာမန်အခြေအနေမျိုးတွင် လူတစ်ယောက်က ထိုစကားမျိုးလာပြောလျှင် ချွီလင်း ဒေါသအကြီးအကျယ်ထွက်မိမည်။ သို့သော် ဘာကြောင့်မှန်းမသိ။ ထိုကောင်မလေးအော်ငေါက်ချိန်တွင် အလိုလိုကြောက်စိတ်ဝင်လာသည်။ ဘာမှအတွန့်မတက်ရဲ။
"နင်ကဘယ်သူလဲ"
ချွီလင်း ကျွေးယွဲ့ကို တအံ့တဩကြည့်နေသည်။ ဘာကြောင့်ထိုကလေးမကို သူကြောက်နေမှန်းမသိ။
"နင်သိဖို့မတန်ပါဘူး"
"နင်..."
လော်ဟုန်ရှားက ချွီလင်းကို တစ်ချက်လှမ်းကြည့်သည်။
"ရှင်က ကျွန်မဆရာဆိုတော့ အကြံတစ်ခုပေးမယ်။ သူ့ကို ရိုရိုသေသေဆက်ဆံပါ။ မဟုတ်ရင် နောင်တရလိမ့်မယ်"
ချွီလင်း အေးစက်စက်နှာခေါင်းရှုံ့သည်။ ဘာမှထပ်မပြောတော့။
"မင်း...မင်းက အကိုလုယန်လား"
ရွှဲ့ရှီလုန် မျက်လုံးကိုပွတ်၍ ပြန်ကြည့်သည်။ သွေးဆက်နိုးထသည့်အကျိုးဆက်ကြောင့် သူ့အမြင်အာရုံချို့ယွင်းသွားသလားဟု ထင်နေသည်။
ပြီးခဲ့သည့်နှစ်ရက်က လုယန်သည် အရပ်ခြောက်ပေခန့်ရှိခဲ့သည်။ ယခု သုံးပေပင် ပြည့်မည်မထင်။
နတ်မယ်က လူစိမ်းသူစိမ်းရှေ့တွင် လုယန်၏ဂုဏ်သိက္ခာကို ထိန်းပေးရန်ကြိုးစားသည်။
"အဟမ်း...ကျုပ်က ထာဝရသက်ရှည်ကျင့်စဉ်ပညာ လေ့ကျင့်နေတာပါ။ ကျင့်ကြံရင်းနဲ့ ပြဿနာလေးတစ်ခုကြုံခဲ့တယ်။ နှစ်တိုင်း ဒီလိုခန္ဓာအရွယ်အစားကျုံ့တာမျိုး လေးငါးရက်ဖြစ်တယ်။
အပြင်လောကကြီးက အန္တရာယ်များလွန်းတယ်။ ရန်သူတွေကလည်း များတယ်လေ။ ဒါကြောင့် အပြစ်သားခန်းမကိုလာပြီး အကာအကွယ်ယူတဲ့သဘောပါ"
"ဪ အဲလိုလား"
ရွှဲ့ရှီလုန် နားလည်သွားသည်။
"ကျင့်ကြံတဲ့အချိန်ကျရင် ပိုဂရုစိုက်ပါ မိတ်ဆွေလု၊ ဒီကျင့်စဉ်ပညာက အတော်အန္တရာယ်များသလိုပဲ"
"တကယ်အဲလိုလား"
ရွှမ်ယွမ်ထန်ဟန်က သိပ်မသင်္ကာ။
"တကယ်အမှန်ပါပဲ"
နတ်မယ်က ဣန္ဒြေမပျက်ပြောသည်။ တရားရေးဝန်ကြီးတစ်ယောက် အကျဉ်းထောင်ကိုလာစစ်ဆေးသည့်ဂိုက်မျိုး ဖမ်ထားသည်။ သို့သော် ဘယ်လိုဂိုက်ဖမ်းသည်ဖြစ်စေ လက်ရှိလုယန်ပုံစံက ထိုဟန်ပန်မျိုး လုံးဝမပေါ်လွင်။
အရင်တစ်နေ့က လုယန်တွေ့ခဲ့သည့် ခိုးမှုနှင့်ထောင်ကျနေသူများ ယခုမရှိတော့။ နေရာအတော်လွတ်သွားသည်။ ထို့ကြောင့် ကျွေးယွဲ့နှင့်ကပ်လျက်ထောင်ခန်းတွင် နတ်မယ်နေရာရသည်။
အိပ်ယာပြင်ပြီးနောက် နတ်မယ်က အိပ်ယာပေါ် ပျော်ရွှင်စွာခုန်တက်သည်။ ထိုနေရာမျိုးနှင့် ထူးထူးဆန်းဆန်းရင်းနှီးနေသလို ခံစားရသည်။
"ငါ့သိစိတ်နယ်မြေမှာလိုပဲ ခံစားရတယ်။ ဒါပေမယ့် သိပ်တော့လည်းမတူဘူး။ သိစိတ်နယ်မြေထဲကအိပ်ယာက ပိုပြီးသက်တောင့်သက်သာရှိတယ်"
နတ်မယ်မျက်လုံးမှိတ်လိုက်သည်။ သိစိတ်နယ်မြေသို့ ပြန်သွားသည်။
"ရှောင်ယန်၊ နှင်းလုံးပစ်တမ်းကစားရအောင်"
လုယန် သက်ပြင်းချသည်။
"နတ်မယ်၊ ခင်ဗျားထောင်ကျတာနဲ့မကျတာ ဘာမှမကွာခြားသလိုပါပဲလား"
အရင်က အပြစ်သားခန်းမှ အကျဉ်းသားများသည် ကျင့်စဉ်အဆင့်အတော်နိမ့်သည်ဟု ဆိုနိုင်သည်။ ယခုထိုသို့မဟုတ်တော့။ မသေမျိုးတစ်ယောက်ပင် ရှိနေသည်။
"ဆရာ၊ လုယန်က ရေပူစမ်းကိုဖြတ်ပြီးနောက်ပိုင်း ပျောက်သွားတယ်။ သူအခက်အခဲကြုံနေတာများလား"
လန်ထင် လုယန်ကို တစ်နေ့နှင့်တစ်ည ရှာမတွေ့ခဲ့သဖြင့် စိုးရိမ်ပူပန်နေသည်။
"...အခက်ကြုံရောက်တယ်လိုလည်း ပြောလို့မရပါဘူး။ အခုသူက အပြစ်သားခန်းမမှာ ရောက်နေတာလေ"
"ဘယ်လို၊ အဲဒါ အခက်ကြုံတာမဟုတ်ဘူးလား"
သိပ်မကြာမီ လန်ထင်နားလည်လာသည်။ လုယန် ရေပူစမ်းထဲ ဖြတ်သွားသည့်ကိစ္စဖြစ်သည်။
ထိုသို့ဖြတ်သွားသည်မှာလည်း အကြောင်းတစ်ခုခုရှိ၍သာဖြစ်မည်။ အကိုလုယန်ကို သူယုံကြည်သည်။
"နင်သူ့နဲ့တွေ့ချင်ရင် အပြစ်သားခန်းမကိုသာ လိုက်သွားတော့"
သူ့တပည့်သည် ကုရာနတ္ထိ ဆေးမရှိတော့။ တာအိုလမ်းစဉ်ဂိုဏ်းသို့ မြန်မြန်ပို့လိုက်သည်က ပို၍ကောင်းသည်။
***