"အကိုလုယန်၊ အဆင်ပြေရဲ့လား"
လန်ထင် အပြစ်သားခန်းမသို့ ရောက်လာသည်။ ဝိညာဉ်သစ်သီး ခြင်းတစ်လုံးအပြည့်ဆွဲလာသည်။
"အဆင်ပြေပါတယ် ညီမလန်"
နတ်မယ်က ပြုံး၍ပြောသည်။ ဝိညာဉ်သစ်သီးမျိုးစုံပါသည့် ဝါးခြင်းကို သူသတိထားမိသည်။ လန်ထင်အတော်ကြိုးစားအားထုတ်ထားမှန်း သိသာသည်။
"ခင်ဗျားလည်း နည်းနည်းစားပါဦး"
ထောင်ကျဖက်ဖြစ်သည့် ကျွေးယွဲ့ကို နတ်မယ်က သစ်သီးတစ်လုံးပေးသည်။
ကျွေးယွဲ့ကမငြင်း။ ကျေးဇူးတင်စကားပြောပြီး ချက်ချင်းစားသည်။
နတ်မယ်က သစ်သီးတစ်လုံး ရွေးယူလိုက်သည်။ သစ်သီးပုံစံက လှပသည်။ သို့သော် ဘာသစ်သီးမှန်တော့မသိ။ လန်ထင်ကို သူလှမ်းပေးသည်။
"မင်းလည်းစားပါ ညီမလန်"
ခြင်းထဲမှ ဝိညာဉ်သစ်သီးများကို နတ်မယ် သုံးပိုင်းခွဲလိုက်သည်။
နတ်မယ်သစ်သီးစားသည်က ဝတ္တရားအရသာဖြစ်သည်။ သူတစ်ယောက်တည်း စားသောက်လေ့မရှိ။ အစားအသောက်ကောင်းမှန်လျှင် တစ်ခြားလူများကို မျှဝေရသည်။ ရှေးဟောင်းခေတ်က အောင်းလင်း၊ ကျန်းလျန်ယိတို့နှင့် အတူစားသောက်ခဲ့ရသည်ကို သူပြန်သတိရလာသည်။
သုံးယောက်သား အေးချမ်းသည့်ပတ်ဝန်းကျင်တွင် အတူထိုင်နေကြသည်။
လန်ထင်က ကျွေးယွဲ့ကို စိတ်ဝင်တစားကြည့်နေသည်။
"အကိုပြောတဲ့ ပိုင်ယဲ့ဆိုတာ ရှင်လား"
မှန်သည်။ ထိုမိန်းကလေးကို သူမသိ။ သို့သော် ဆေးဂိုဒေါင်သို့ဝင်သည့် မှော်စက်ဝန်းလျှို့ဝှက်ချက်များကို သိသည်ဆိုလျှင် ထိုလူသည် လနန်းတော်မှ ဘိုးဘေးတစ်ယောက်သာဖြစ်ရမည်။
သူ့ဆရာကိုလည်း ပိုင်ယဲ့အကြောင်းမေးကြည့်ခဲ့သည်။ သို့သော် လော်ဟုန်ရှားက သိပ်ပြောပြချင်ပုံမပေါ်။
ကျွေးယွဲ့ကလည်း သူ့သရုပ်မှန်ထုတ်ပြောရမည်ကို ရှက်သည်။ ထို့ကြောင့် ပိုင်ယဲ့နာမည်ကို ခဏသုံးသည်။
"ဟုတ်တယ်၊ ပိုင်ယဲ့ဆိုတာ ငါပဲ"
ကျွေးယွဲ့က ပိုင်ယဲ့ကို တိတ်တဆိတ်တောင်းပန်သည်။ သူ့ဘဝတွင် ပထမဆုံးအကြိမ် လိမ်ညာဖူးခြင်းဖြစ်သည်။
"ဒါနဲ့နတ်မယ်၊ ညီမလန်ကို သူ့မသေမျိုးခန္ဓာ ဘယ်လိုကျင့်ကြံရမလဲဆိုတာ နည်းနည်းလမ်းညွှန်ပေးနိုင်လား"
လုယန်က မေးသည်။ လနန်းတော်သို့ရောက်ကတည်းက လန်ထင်သူ့ကို ကောင်းကောင်းဂရုစိုက်ခဲ့သည်။ သူအကြွေးတင်နေသည်။
"သူ့ရဲ့ မူလမသေမျိုးခန္ဓာကိုပြောတလား"
"ဟုတ်ပါတယ်"
"အင်း..ကောင်းပြီလေ"
နတ်မယ်သိပ်စိတ်မပါသော်လည်း လုယန်တောင်းဆိုလာသဖြင့် သူတတ်နိုင်သမျှဖြည့်ဆည်းပေးရမည်။
"ညီမလန်၊ မင်းရဲ့မူလမသေမျိုးခန္ဓာကျင့်ကြံတာ ဘယ်လိုအခြေအနေရှိလဲ"
လန်ထင်မချိပြုံးပြုံးသည်။
"အကိုလုကို ဖုံးကွယ်မထားချင်ပါဘူး။ ကျွန်မနည်းနည်းအခက်တွေ့နေတယ်။ အစက ကျွန်မရဲ့ရွှေသန္ဓေ၊ နတ်ဝိညာဉ်နဲ့ မူလဝိညာဉ်တွေကို သန့်စင်ယင်ကျင့်စဉ်လမ်းဘက်ကို ဦးတည်ဖို့ရည်ရွယ်ခဲ့တာ။
ဒါပေမယ့် ကျွန်မရွှေသန္ဓေနဲ့ မူလဝိညာဉ်က ကိုယ်ပိုင်သိစိတ်ရှိနေသလိုပဲ။ သန့်စင်ယန်စွမ်းအားကို ဆက်မပြတ်စုပ်ယူနေတယ်။ ဒီတော့ ယန်စွမ်းအားပဲတဖြေးဖြေးတိုးလာတယ်။ မူလဝိညာဉ်ကို ယင်စွမ်းအားနဲ့ သန့်စင်ဖို့လည်း ကြိုးစားပြီးပြီ။ မရဘူး"
လနန်းတော်ကျင့်စဉ်ပညာများအားလုံးက ယင်ဓာတ်ကိုအလေးထားသည်။ သို့သော် သူ့ရွှေသန္ဓေ၊ နတ်ဝိညာဉ်နှင့် မူလဝိညာဉ်တို့က ယန်ဓာတ်လမ်းကြောင်းကို ဦးတည်နေသည်။ ထို့ကြောင့် သူ့ကျင့်စဉ်ပညာ တိုက်ခိုက်ရေးပညာအများစုကို တစ်ခြားဂိုဏ်းများမှ သင်ယူခဲ့ရသည်။ ထို့ကြောင့် သူစိုးရိမ်ပူပန်နေခြင်းဖြစ်သည်။
အကြီးအကဲအတော်များများကို သူမေးမြန်းကြည့်သည်။ ရှေးဟောင်းကျမ်းများ လေ့လာကြည့်သည်။ အကျိုးမထူး။ မူလမသေမျိုးခန္ဓာက အလွန်ရှားပါးသည်။ သင့်တော်သည့်ကျင်စဉ်နည်းမျိုး မှတ်တမ်းမကျန်ခဲ့။
အမှန်တော့ ကျွေးယွဲ့ကလည်း လန်ထင်ကို အတော်အလေးထားပါသည်။ မူလမသေမျိုးခန္ဓာနှင့်သင့်တော်သည့် ကျင့်စဉ်နည်းလမ်းများ လျှို့ဝှက်ရှာဖွေဖူးသည်။ သို့သော် တစ်ခုမှမတွေ့။
"အဲလောက်ဒုက္ခခံစရာမလိုပါဘူး ညီမလန်။ ညီမအခုသွားနေတဲ့လမ်းကြောင်းကလည်း မူလမသေမျိုးခန္ဓာကျင့်စဉ်ပညာရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။။ မူလဆိုတာဘာလဲ။ ယင်နဲ့ယန်မခွဲပြားခင် အခြေအနေကိုပြောတာပါ။ မင်းရဲ့ရွှေသန္ဓေနဲ့ မူလဝိညာဉ်က ယန်ဓာတ်သဘောရှိပေမယ့် မင်းခန္ဓာကိုယ်က သန့်စင်ယန်ဓာတ်ရှိတယ်လေ။
စုစည်းခြင်းအဆင့်ထိ တစ်ဆင့်ချင်းကျင့်ကျင့်ကြံပြီးရင် မူလဝိညာဉ်က ခန္ဓာကိုယ်နဲ့ ပေါင်းစပ်သွားမယ်။ အဲဒီအချိန်ကျရင် အားလုံး သူ့ဘာသာအစီစဉ်တကျဖြစ်သွားလိမ့်မယ်။
မူလမသေမျိုးခန္ဓာလည်း ပြည့်စုံတဲ့အခြေအနေကို ရောက်လာမယ်။ မင်းရဲ့မူလဝိညာဉ်ကို ယန်စွမ်းအင်များများစုပ်ယူဖို့သုံးတာ အကောင်းဆုံးပဲ။ စုစည်းခြင်းအဆင့်ရောက်တဲ့အခါ အများကြီးအကျိုးရှိလိမ့်မယ်"
နတ်မယ်က စိတ်အားထက်သန်စွာ အကြံပြုသည်။
"တကယ်လား"
လန်ထင်မျက်လုံးများ အရောင်တောက်လာသည်။ သူ့ရင်ထဲမှ စိုးရိမ်သောကများ ပျောက်ကွယ်သွားသည်။
"ဒီနည်းလမ်းကို မသေမျိုးကျမ်းစာမှတ်တမ်းတစ်ခုမှာ ငါတွေ့ခဲ့တာပါ"
နတ်မယ် သူ့ဘာသာတွေးနေသည်။ လန်ထင်က မသေမျိုးမှတ်တမ်းအကြောင်းမေးလာလျှင်လည်း သူချက်ချင်းရေးပြီး ထုတ်ပြလိုက်ရုံသာရှိသည်။
လုယန်စကားကို လန်ထင်သံသယဝင်စရာအကြောင်းမရှိ။ ခုနက 'တကယ်လား'ဆိုသည်က စကားအရ ပြန်မေးခြင်းသာဖြစ်သည်။
နတ်မယ်၊ ကျွေးယွဲ့တို့နှင့်အတူ အတော်ကြာအောင်စကားပြောပြီးနောက် လန်ထင် ထွက်သွားသည်။
"မင်းက ညီမလန်နဲ့ အတော်ရင်းနှီးပုံပဲ"
ကျွေးယွဲ့က ပြုံး၍မှတ်ချက်ပေးသည်။ လုယန်သည် နည်းနည်းထူးဆန်းပြီး လျှို့ဝှက်တတ်သည့်စရိုက်မျိုးရှိသည်ဟု သူခံစားရသည်။ သို့သော် စိတ်ရင်းကောင်းသည်။ အခွင့်ကြုံလျှင် ထိုနှစ်ယောက်ကို လက်ထပ်ပေးမည်ဟု တွေးနေသည်။
ထို့နောက် လနန်းတော်မှ နောက်ထပ်တပည့်တစ်ယောက် သစ်သီးခြင်းတစ်လုံးဆွဲ၍ ရောက်လာသည်။
ထိုမိန်းကလေး၏ ပုံမှန်ရုပ်သွင်ကို မြင်ဖူးသော်လည်း ယခုခန္ဓာကိုယ်ကျုံ့နေသဖြင့် လုယန် မှတ်မိအောင် အတော်ကြိုးစားလိုက်ရသည်။
လက်နက်သွန်းဆောင်မှ ဟဲမြောင်ဖြစ်သည်။
"ညီမဟဲ၊ ကျုပ်အဆင်ပြေပါတယ်။ ကျုပ်အတွက် အခုလိုစဉ်းစားပေးတာ ကျေးဇူးတင်ပါတယ်"
လုယန်၏လမ်းညွှန်မှုဖြင့် အခြေအနေကို နတ်မယ်သက်တောင်သက်သာ ကိုင်တွယ်နိုင်သည်။
"အဆင်ပြေတယ်ကြားရလို့ ဝမ်းသာပါတယ်"
ဟဲမြောင်က နတ်မယ်ကိုကြည့်ရင်း ရှက်ရွံ့ဟန်ဖြင့် ပါးနှစ်ဘက်နီရဲလာသည်။ နည်းနည်းရှက်တတ်သူဖြစ်၍ လုယန်နှင့် စကားများများမပြောရဲဘဲ ချက်ချင်းပြန်ထွက်သွားသည်။
"မင်းက ဟဲမြောင်နဲ့လည်း ရင်းနှီးတယ်ထင်တယ်"
ကျွေးယွဲ့က မပွင့်တပွင့်ပြုံး၍ မှတ်ချက်ပြုသည်။
နောက်တစ်ယောက် သစ်သီးခြင်းဆွဲ၍ ရောက်လာပြန်သည်။
"စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် အမအန်း။ ဒီအကျဉ်းထောင်က တကယ်တိတ်ဆိတ်အေးချမ်းတယ်။ ကျင့်ကြံဖို့နဲ့ ဆင်ခြင်သုံးသပ်ဖို့ အတော်ကောင်းတဲ့နေရာပါ။ ကြုံတောင်ကြုံခဲအခွင့်အရေးလို့တောင် ပြေလို့ရပါတယ်"
နတ်မယ်က လိမ္မာပါးနပ်စွာ တုံ့ပြန်သည်။
"အန်းချွေ့ရှားနဲ့လည်း ရင်းနှီးတာပဲလား"
ကျွေ့ဟွား၏အပြုံးက နည်းနည်းလျော့ပါးလာသည်။
ညီမ ရှားထန်...
ညီမ ဟွမ်ရှန်...
အမပုလျန်ရှင်း...
နတ်မယ်၏အခန်းတစ်ခုလုံး သစ်သီးခြင်းများပြည့်သွားသည်။
အစောပိုင်းက လန်ထင်လမ်းပိတ်ထားသဖြင့် လုယန်အနားသို့ကပ်ဖို့ သူတို့ရှက်နေကြသည်။ ယခု လုယန်က အပြစ်သားခန်းမသို့ ရောက်နေသဖြင့် လနန်းတော်တပည့်များအတွက် လွတ်လွတ်လပ်လပ် လာတွေ့ခွင့်ရသွားသည်။
ကျွေးယွဲ့ "..."
ကျမ်းစာတိုက်မှာ ငါထားခဲ့တဲ့ ဝတ္ထုစာအုပ်တွေကို မင်းတို့ဖတ်ထားတာ အလကားဖြစ်ကုန်ပြီလား။ ဒီကောင်လေးလုယန်က အဲလောက်ထူးခြားလို့လား။
သူက နောက်ခံနည်းနည်းပိုကောင်းတာရယ်၊ ပါရမီနည်းနည်းပိုထူးခြားတာရယ်၊ ကျင့်စဉ်အဆင့်နည်းနည်းပိုမြင့်တာရယ်၊ ထူးထူးခြားခြားအဖြစ်တွေ နည်းနည်းပိုကြုံဖူးတာရယ်၊ အကျင့်စာရိတ္တနည်းနည်းပိုကောင်းတာရယ်၊ ဗဟုသုတနည်းနည်းပိုများတာရယ်လောက်ပဲရှိတာပါ။
အဲဒါကလွဲရင် တစ်ခြားကျင့်ကြံသူတွေနဲ့ ဘာမှမကွာပါဘူး...
"သစ်သီးနည်းနည်းထပ်စားဦးမလား"
ကျွေးယွဲ့မကျေမနပ်ကြည့်နေသည်ကို နတ်မယ်သတိထားမိသည်။ သစ်သီးခြင်းများကို မျက်စိကျနေခြင်းဖြစ်မည်ဟု သူယူဆသည်။
"ငါထပ်မစားနိုင်တော့ဘူး"
"ဟုတ်ပါပြီလေ"
နတ်မယ် သူ့ဘာသာဆက်စားသည်။
သူသည် အလွန်အစားရွေးသည်။ ထိုဝိညာဉ်သစ်သီးများကို လုံးဝသဘောမကျ။ သို့သော် တစ်ခြားဘာမှလည်း လုပ်စရာမရှိ။ သစ်သီးခြင်းများကလည်း အခန်းအပြည့်ရှိနေသည်။ ထို့ကြောင့် အပျင်းပြေစားနေခြင်းဖြစ်သည်။
တစ်ခြားအကျဉ်းသားများက နတ်မယ်ကို မနာလိုဝန်တိုသည့်မျက်လုံးဖြင့် လှမ်းကြည့်နေကြသည်။
ထိုကောင်လေးသည် အပြစ်သားခန်းမသို့ အားလပ်ရက်လာအပန်းဖြေျမခြင်းလားမသိ..
"မိတ်ဆွေလုယန်၊ ဓားပညာနဲ့ပတ်သက်ပြီး မေးချင်တာလေးတွေရှိတယ်။ ကျုပ်ကို လမ်းညွှန်ပေးနိုင်မလား"
တစ်ဘက်ဘေးခန်းမှ ရွှဲ့ရှီလုန်ကပြောသည်။
နတ်မယ်ခဏစဉ်းစားသည်။ အမျိုးသမီးကျင့်ကြံသူများနှင့် သူကောင်းကောင်းဆက်ဆံတတ်သည်။ သို့သော် ဓားပညာအကြောင်း သိပ်မသိ။
"ရှောင်ယန်၊ ဒီတစ်ယောက်ကတော့ နင့်အလှည့်ပဲ"
လုယန် မျိုးဆက်သစ်နံပတ်တစ်ဟူသည့်နာမည်နှင့် တကယ်လိုက်ဖက်သည်။ နှစ်ပေါင်းကြာမြင့်စွာ အခက်တွေ့နေသည့် ရွှဲ့ရှီလုန်၏ ပြဿနာများကို လမ်းညွှန်ချက်နည်းနည်းသုံးရုံဖြင့် ဖြေရှင်းပေးနိုင်သည်။ ရှေ့ဆက်ရမည့်လမ်းကို ပြသနိုင်သည်။
"အကိုလုယန်၊ ဒီည ဇာတ်လမ်းတစ်ပုဒ်လောက်ပြောပါဦး"
ပိုင်ယဲ့စကားသံက သူတို့နောက်ဘက်မှပေါ်လာသည်။
ရွှဲ့ရှီလုန်ကိုသင်ပြရင်း နေ့မှညသို့ကူးပြောင်းသွားသည်။ ယခု ကိုယ်ပွားခန္ဓာကို ပိုင်ယဲ့က ထိန်းချုပ်နေသည်။
လုယန်နှင့်အတူရှိနေသဖြင့် ပိုင်ယဲ့အပြင်ထွက်စရာမလိုတော့။
"ပြောပါ့မယ်"
...ထူးဆန်းနေသလိုပဲ။ အပြင်မှာတုန်းက ငါအဲလောက်အလုပ်မများဘူး...အပြစ်သားခန်းမရောက်မှ အလုပ်ပိုများလာပါလား...
***