"ခံစားချက်ခုနစ်မျိုး အရိယဖလသန္ဓေလား။ အရိယဖလသန္ဓေစွမ်းအားနဲ့ ခံစားချက်တွေကို ထိန်းချုပ်နိုင်တဲ့သဘောလား"
မြေပေါ်တွင် ပိုးလောက်လန်းလိုတွန့်လိမ်နေပြီး မျက်နှာက ထူးထူးဆန်းဆန်းပြုံးရွှင်နေသည့် ရွှဲ့ရှီလုန်ကို လုယန်ကြည့်နေသည်။
ရွှဲ့ရှီလုန်နိုးလာလျှင် ဘယ်လိုဖြစ်မည်မသိ။ သေချင်စိတ်ပေါက်ချင်လည်း ပေါက်သွားနိုင်သည်။
"ဝေဒနာကို သည်းမခံနိုင်ရင် လက်ခံပြီး ပျော်စရာအဖြစ်ခံစားရမယ်ဆိုတာမျိုးလား"
"ရွှဲ့ရှီလုန်က ဒီလိုစိတ်ကျင့်စဉ်မျိုးကို နားလည်ထားတယ်ပေါ့။ တကယ်လေးစားစရာပဲ"
"သူက ငါတို့မျိုးဆက်ရဲ့ တကယ့်စံပြတစ်ယောက်ပါပဲ"
ရွှဲ့ရှီလုန်အဖြစ်ကိုကြည့်၍ အကျဉ်းသားများ လေးစားနေကြသည်။ ထူးခြားသည့် စိတ်ဓာတ်မျိုးရှိပြီး နောင်တစ်ချိန်အောင်မြင်လာမည်လူဟု ယူဆကြသည်။
"ဟုတ်တယ်။ ခံစားချက်ခုနစ်မျိုးအရိယဖလသန္ဓေက လူတစ်ယောက်ကို ပျော်အောင် ဒေါသထွက်အောင် ကြောက်လန့်အောင်..ဒါမျိုးတွေလုပ်နိုင်တယ်။ ရှေးဟောင်းခေတ်က ဒီလိုအရိယဖလမျိုးတည်ဆောက်နိုင်တဲ့လူတွေ အတော်များများရှိတယ်။
သုခုအရှင်ဆိုတဲ့တစ်ယောက်ကို ငါမှတ်မိသေးတယ်။ တစ်ခြားလူတွေရဲ့ စိတ်ခံစားချက်ကို သူ့စိတ်ကြိုက်ထိန်းချုပ်နိုင်တယ်။ တစ်ဘက်လူက အရိုက်ခံရရင်တောင် ဒေါသမထွက်ဘဲ ပျော်နေတာမျိုးပေါ့။ ဥပမာ ဘယ်သူ့ကိုမဆို သူ့ကိုချစ်လာအောင် ထိန်းချုပ်နိုင်တယ်။ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်ပေါ့။
သူ့စိတ်ထဲက အကြောက်တရားကိုလည်း ပယ်ဖျောက်နိုင်တယ်။ ဘယ်လောက်အန္တရာယ်ကြုံကြုံ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်တယ်။ နောက်တစ်မျိုးက သူ့ရန်သူကို ဝမ်းနည်းပြီး တိုက်ခိုက်ချင်စိတ်ပျောက်သွားအောင် လုပ်နိုင်တယ်။ ဒါမှမဟုတ် ဒေါသထွက်ပြီး ဆင်ခြင်ဉာဏ်ကင်းမဲ့အောင်လုပ်နိုင်တယ်။
သူ့စွမ်းအားကို သုံးနိုင်တဲ့အခြေအနေတွေ အများကြီးရှိတယ်"
"နောက်ပိုင်း သူဘာဖြစ်သွားလဲ"
"ကိုးဆမသေမျိုးနဲ့ တိုက်ခိုက်တယ်။ အဲဒီတုန်းက နှစ်ယောက်လုံး မသေမျိုးတစ်ဝက်အဆင့်တွေပေါ့။ စွမ်းအားချင်း သိပ်မကွာဘူး။ အနိုင်အရှုံးပေါ်ဖို့ ခက်ခဲတယ်။
သုခအရှင်က ကိုးဆမသေမျိုးကို ဝမ်းနည်းတဲ့အခြေအနေရောက်အောင် တွန်းပို့တယ်။ အဲဒါကြောင့်ပဲ သူဒုက္ခရောက်သွားတာ။
ဝမ်းနည်းစိတ်ဆိုတာက ဒေါသနဲ့ဆက်စပ်နေတာလေ။ ကိုးဆမသေမျိုးက ဝမ်းနည်းနေရာကနေ ရုတ်တရက်ဒေါသထွက်လာတယ်။ သွေးကြောတွေဖောင်းထပြီး မျက်လုံးတွေနီရဲလာတယ်။
ခံစားချက်ပေါက်ကွဲထွက်တော့ သူ့စွမ်းအားတွေတိုးလာတယ်။ နှစ်ခါလောက်မာန်သွင်းအော်ဟစ်ပြီးတော့ သုခအရှင်ကိုသတ်လိုက်တယ်။
အဲ...ပြီးတော့ ဟာရမ်ရွှေသန္ဓေတည်ဆောက်ခဲ့တဲ့လူကလည်း အဲဒီ့ခံစားချက်တာအိုလမ်းစဉ်ပဲ။ ဟာရမ်ကနေ 'အချစ်'ကို သူနားလည်လာတယ်။ ပြီးတော့ ခံစားချက်ခုနစ်မျိုးကို သဘောပေါက်လာတယ်။
ခံစားချက်ခုနစ်မျိုးအရိယဖလသန္ဓေရတော့ သူ့ကိုစွဲလန်းတဲ့မိန်းကလေးကျင့်ကြံသူတွေ ပိုများလာတယ်။ သူ့အဆုံးသတ်ကတော့ နင်သိထားတဲ့အတိုင်းပဲ။ မိန်းမတွေက သူ့အပေါ်အချစ်လွန်ကဲပြီး တစ်ယောက်တစ်ပိုင်းစီဖဲ့ယူကြတယ်။
အဲဒီတုန်းက ငါအဝေးကကြည့်နေတာ။ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို မိန်းကလေးတွေအားလုံး ကိုယ်စီကိုင်ထားတယ်။ သူတို့မျက်နှာနဲ့ခန္ဓာကိုယ်မှာ သွေးတွေစွမ်းပြီး အေးစက်စက်သွားဖြဲပြုံးနေကြတယ်။ တကယ်ကြောက်စရာကောင်းတယ်"
လုယန် တုန်လှုပ်သွားသည်။ ထိုမြင်ကွင်းမျိုးသည် တကယ်ခြောက်ခြားစရာကောင်းသည်ည်။ သူထိုသို့မကြုံရသည်မှာ များစွာကံကောင်းသည်။
သစ်သီးခြင်းထဲမှ ဝိညာဉ်သစ်သီးတစ်လုံးယူ၍ သူစားလိုက်သည်။
"အရသာ တော်တော်ကောင်းတာပဲ။ ဂိုဏ်းကိုပြန်ရင် အမယွမ်အတွက် လက်ဆောင်ဝယ်သွားဦးမယ်"
စားနေသည့်သစ်သီးက အဖြူရောင်သစ်သီးဖြစ်သည်။ အမျိုးအမည်တော့မသိ။ အတော်လေးအရသာရှိသည်။
"ဒါကိုကောင်းတယ်လို့ခေါ်တယ်ပေါ့။ ငါမသေမျိုးသစ်သီးတစ်လုံး စိုက်နိုင်တဲ့အချိန်ထိစောင့်ပါ။ တကယ့်အရသာအစစ်က ဘယ်လိုလဲဆိုတာ နင့်ကိုလက်တွေ့ပြမယ်"
အတွေးတိမ်သည့်လုယန်ကို နတ်မယ်နှာခေါင်းရှုံ့သည်။
"...ကျုပ်အမှတ်မလွဲရင် ခင်ဗျားရဲ့မသေမျိုးသစ်သီးအာနိသင်က အလောင်းမပုပ်မသိုးအောင် တားနိုင်တာမဟုတ်လား"
နတ်မယ်၏မသေမျိုးသစ်သီးသည် ဖုတ်ကောင်များစားသည့်အရာဖြစ်နိုင်သည်ဟု သူအမြဲတွေးခဲ့သည်။
"အာနိသင်က အာနိသင်၊ အရသာက အရသာပဲ။ ဒီိနှစ်ခုက ဘာမှမဆိုင်ဘူး"
နတ်မယ်ကိုယ်တိုင် စိုက်ပျိုးသည့် မသေမျိုးသစ်သီးသည် အာနိသင်ကို ထည့်မစဉ်းစားလျှင် အရသာက တကယ်ထိပ်တန်းဖြစ်သည်။
"ငါ့နောက်ကိုလိုက်ရတဲ့ အကျိုးကျေးဇူးတွေကိုသာ ခံစားစမ်းပါ။ ရှေးဟောင်းခေတ်တုန်းကဆိုရင် မသေမျိုးတွေနဲ့ ရှောင်လင်းတို့လူနည်းစုပဲ ဒီသစ်သီးကို မြည်းစမ်းခွင့်ရတာ"
လုယန် ပြန်မဖြေ။ အကျိုးကျေးဇူးခံစားရခြင်းလား ဒုက္ခခံနေရခြင်းလား သူမဝေခွဲတတ်။
သူ့လှုပ်ရှားမှုကို သတိထားမိသူမရှိမှန်းသိပြီးနောက် ကျွေးယွဲ့ စိတ်အေးလက်အေး ကျင့်စဉ်ဝင်သည်။
ခံစားချက်ခုနစ်မျိုးအရိယဖလသန္ဓေရဖို့ အဓိကကျသည့်သော့ချက်သည် လောကီလမ်းကိုလျှောက်ပြီး သေမျိုးလောက၏ ခံစားချက်များကို နားလည်အောင်ကြိုးစားရခြင်းဖြစ်သည်။
ဒေါသ၊ သောက၊ အကြောက်တရား၊ စက်ဆုပ်ရွံရှာမှု စသည့်ခံစားမျက်များပြည့်နေသည့် အပြစ်သားခန်းမသည် ကျင့်ကြံဖို့အကောင်းဆုံးနေရာဖြစ်သည်။
ပျော်ရွှင်စရာလည်းရှိပါသည်။
ကျွေးယွဲ့ ညာမျက်လုံးကိုဖွင့်၍ ညာဘက်ခန်းမှလုယန်ကို တစ်ချက်ကြည့်သည်။ ပျော်ရွှင်စရာက ထိုနေရာတွင်ရှိနေသည်။
"အကိုလုယန်၊ အဆင်ပြေရဲ့လား"
ဧည့်သည်တစ်ယောက်လာမှန်း သိလိုက်သဖြင့် မျက်နှာကိုပြုံးထားပြီး လုယန်ခေါင်းလှည့်ကြည့်သည်။
"အဆင်ပြေ...အဲ ညီမထောင်လား"
သရဲတစ်ကောင်မြင်လိုက်ရသလို ထင်မိသည်။ ထောင်ယော်ယဲ့က ဤနေရာသို့ ဘယ်လိုရောက်လာသည်မသိ။
"ဟုတ်ပါတယ်"
ထောင်ယော်ယဲ့က ကြည်လင်စွာပြုံး၍ပြောသည်။ အထုပ်တစ်ထုပ်ကိုင်ထားသည်။
"အကိုလုနဲ့မတွေ့ရတာ သိပ်မကြာသေးဘူး။ အခု အရမ်းသေးသွားပါလား"
ထောင်ယော်ယဲ့က ဆောင့်ကြောင့်ထိုင်၍ သံဘားတိုင်များကြားမှ လုယန်ကို လှမ်းပြောသည်။ သူ့စကားသံတွင် အပျော်ရိပ်လွှမ်းနေသည်။
"လနန်းတာ်ကို မင်းဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"
လုယန် မချိပြုံးပြုံးနေရသည်။ ထောင်ယော်ယဲ့ ဂိုဏ်းသို့ပြန်ရောက်လျှင် သူခန္ဓာကိုယ်ကျုံ့သည့်သတင်း လျှောက်ဖြန့်လိုက်မည်ကို စိုးရိမ်နေသည်။
အပြစ်သားခန်းမမှ လူအားလုံး သူ့အဖြစ်ကို သိကြသည်။ သို့သော် ထိုလူများသည် လောလောဆယ် ထောင်ထဲမှထွက်နိုင်ဦးမည်မဟုတ်။
သို့သော် ထောင်ယော်ယဲ့က ထိုလူများနှင့်မတူ။ သူ့လက်ရှိပုံစံကို မှတ်တမ်းယူသွားပြီး အိပ်မက်ရေပွက်ထဲ ထည့်သုံးချင်သုံးလိမ့်မည်။
"အကိုဒီကိုရောက်နေတယ်ကြားလို့ပါ။ ကျွန်မလည်း ဒီကိုရောက်ဖူးချင်တာနဲ့ အလည်လာခဲ့တာ။ အကိုဒီလိုအဖြစ်မျိး ကြုံနေမယ်ထင်မထားဘူး"
ထောင်ယော်ယဲ့ လုယန်ကို ကြည့်နေသည်။ သေးငယ်သည့်ဦးခေါင်းကို ပွတ်သပ်ချင်စိတ် မနည်းထိန်းထားရသည်။
လုယန်စိုးရိမ်နေသည့်အဖြစ်ကို ရိပ်စားမိသဖြင့် သူစပြောသည်။
"ဒါပေမယ့် စိတ်ချပါအကိုလု၊ အကိုခန္ဓာကိုယ်သေးသွားတဲ့အကြောင်း ဘယ်သူ့ကိုမှမပြောပါဘူး"
"ကျေးဇူးတင်ပါတယ် ညီမထောင်"
လုယန် အသက်ရှူချောင်သွားသည်။ ညီမထောင်သည် တကယ်ယုံကြည်အားထားရသည်။
ကျွေးယွဲ့က သူတို့နှစ်ယောက်၏ ခံစားချက်အပြောင်းအလဲကို လျှို့ဝှက်စောင့်ကြည့်နေသည်။ မှန်သည်။ အတော်လေး ပြဇာတ်ဆန်သည်။
"အကို၊ ဘာလို့ဒီမှာ သစ်သီးခြင်းတွေအများကြီးရှိနေတာလဲ။ အကိုအားလုံးကုန်အောင် စားနိုင်လို့လား"
သစ်သီးခြင်းများကိုကြည့်၍ ထောင်ယော်ယဲ့ တအံ့တဩပြောသည်။
လုယန် မချိပြုံးပြုံးသည်။ သူဘယ်လိုကုန်အောင်စားနိုင်မည်နည်း။
"အကိုမစားနိုင်ရင် ဒါတွေဒီမှာထားလို့ နေရာကြပ်တာပေါ့။ ညီမနည်းနည်းယူသွားမယ်။ ဂိုဏ်းကိုပြန်ရောက်ရင် ညီအကိုမောင်နှမတွေကို လက်ဆောင်ပေးလိုက်မယ်လေ"
"ဒါဆိုရင် ညီမထောင်ကိုပဲ ဒုက္ခပေးရတော့မယ်"
ထေင်ယော်ယဲ့ကပြုံး၍ သစ်သီးခြင်းတစ်ခုပြီးတစ်ခုယူသည်။
"အကို့ကိစ္စက ညီမကိစ္စပါပဲ။ ဒုက္ခလို့ မတွေးပါဘူး"
ထောင်ယော်ယဲ့က ပါလာသည်အထုပ်ကိုဖြေသည်။ အထပ်လေးခုပါသည့် နေ့လည်စာဘူးဖြစ်သည်။
"အကို၊ ကျွန်မ အခုရက်ပိုင်း အချက်အပြုတ်ပညာလေ့ကျင့်နေတာ။ အစားအသောက်နည်းနည်းအပိုလုပ်ထားတယ်။ အကိုကြိုက်မကြိုက်တော့မသိဘူး။ စားကြည့်ပါဦး"
"ညီမထောင်လုပ်ထားတဲ့ အစားအသောက်ဆိုမှတော့ အရသာက ပြိုင်ဘက်ကင်းပဲဖြစ်မှာပေါ့"
လုယန်က ပြုံး၍ပြောသည်။ အနည်းဆုံးတော့ ဝိညာဉ်သစ်သီးများ နေ့တိုင်းစားနေစရာမလိုတော့။
ခဏစကားပြောပြိးနောက် ထောင်ယော်ယဲ့က နှုတ်ဆက်သည်။
"ကျွန်မ လုပ်စရာကိစ္စလေးတွေရှိလို့ သွားတော့မယ်။ မနက်ဖြန်မှ အကို့ဆီ ထပ်လာခဲ့မယ်"
"ဖြေးဖြေးသွားပါ ညီမထောင်"
လုယန် လက်ပြနှုတ်ဆက်သည်။
ထောင်ယော်ယဲ့က အင်္ကျီလက်ထဲတွင် မှော်ဖန်လုံးတစ်ခုဝှက်ထားပြီး မှတ်တမ်းယူသွားသည်ကို လုယန်မသိလိုက်။
ထောင်ယော်ယဲ့၏ ဟင်းချက်လက်ရာက အတော်ကောင်းသည်။ ဝိညာဉ်ပြောင်းအဆင့်စားဖိုမှူးများနှင့်ပင် ယှဉ်နိုင်လောက်သည်။ အစားအသောက်များက အဟာရလည်းမျှတသည်။ အမျိုးအမည်စုံလင်သည်။ ကျင့်ကြံမှုအတွက် များစွာအကျိုးရှိသည်။
စားသောက်နေရင်း မေးခွန်းတစ်ခုကို သူစဉ်းစားနေသည်။
"ငါလနန်းတော်ကိုရောက်တာ ရက်အတော်ကြာပြီ။ ညီမထောင်က ဘာလို့အခုမှလာတွေ့တာလဲ။ တာအိုလမ်းစဉ်ဂိုဏ်းကနေ လနန်းတော်ကိုလာဖို့ အဲလောက်အချိန်ကြာပါ့မလား။
ဒါမှမဟုတ် သူငါ့အကြောင်းကို အရိုးရိုင်းဆီကနေတစ်ဆင့် သိခဲ့ရလို့များလား"
......
ထောင်ယော်ယဲ့ အပြစ်သားခန်းမထဲမှ ထွက်လာသည်။ စူးရှသည့်နေရောင်ခြည်ကိုကာဖို့ ညာလက်ကိုမြှောက်လိုက်သည်။ တံခါးဝါတွင် သူ့ကိုစောင့်နေသည့် လူတစ်ယောက်ရှိသည်။
"အကိုလုအခြေအနေကို ပြောပြဖို့ ညီမလန်က ငါ့ဆီအရင်ဆက်သွယ်လာမယ်လို့ ထင်မထားခဲ့ဘူး"
***