လုယန် လနန်းတော်သို့သွားသည့်ကိစ္စ အရိုးရိုင်းက တိုင်ပုဖန်ကိုသာပြောသည်။ တစ်ခြားဘယ်သူ့ကိုမှ အသိမပေးခဲ့။
လန်ထင်ထံမှ အရေးပေါ်သတင်းရပြီးနောက် လနန်းတော်သို့ ထောင်ယော်ယဲ့ ချက်ချင်းသွားသည်။ လုယန်ကို အနီးကပ်မြင်ခွင့်ရလျှင် သွားရသည့်ခရီးက ထိုက်တန်သည်။
လန်ထင် အေးစက်စက်နှာခေါင်းရှုံ့နေသည်။
"ဝန်ထမ်းမလုံလောက်လို့ပါ"
အပြစ်သားခန်းမတွင် လုယန်အကျဉ်းကျနေသဖြင့် လနန်းတော်တပည့်များလည်း သူ့ဆီ အဆက်မပြတ်လာလည်ကြသည်။ လန်ထင် အားလုံးကို တစ်ယောက်တည်းမထိန်းနိုင်သဖြင့် ထောင်ယော်ယဲ့ကို အကူအညီတောင်းသည်။
"ညီမလန်လည်း ဒီလောက်သေးသွားမယ်မထင်မိဘူး"
လူကြီးအသွင်ရှိနေသည့် ထောင်ယော်ယဲ့စိတ်ထဲ ဝါစဉ်ကြီးသူတစ်ယောက်လို ခံစားနေရသည်။ လန်ထင်လို ကလေးတစ်ယောက်နှင့် သူပြိုင်မငြင်း။
လန်ထင်က တည်ငြိမ်စွာ ပြန်ပြောသည်။
"သေးသွားလို့ဖြစ်လာတဲ့ ကောင်းကွက်တွေလည်းရှိပါတယ်။ ဥပမာ အကိုလုနဲ့ ငယ်ရည်းစားတွေအဖြစ် အတူကြီးပြင်းလာတာမျိုးလေ။ အပြစ်ကင်းတဲ့ ခြစ်ခြင်းမေတ္တာတို့ဘာတို့ပေါ့။ ဒီလိုအတွေ့အကြုံတွေကို ညီမထောင်နားလည်နိုင်မယ်မထင်ပါဘူး"
နှစ်ယောက်သား ထိုးနှက်ရမည့်အကွက်စဉ်းစားရင်း တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေသည်။
လန်ထင်က နဖူးကြောရှုံ့နေဆဲ။
"အဆိုးမြင်တာရယ်တော့မဟုတ်ဘူး။ အကိုလုအပေါ် မရိုးမသားစိတ်ဖြစ်နေတဲ့ လနန်းတော်တပည့်တွေ ဘယ်လောက်များမှန်းကိုမသိဘူး။ မနေ့က ဧည့်တွေ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လာကြတဲ့လူတွေ အတော်များတယ်။
အကိုလုယန် အပြင်ထွက်လာတဲ့အချိန်ကျရင်လည်း ဒီရင်းနှီးမှုကိုအကြောင်းပြပြီး သူ့ဆီလာလည်ကြဦးမှာပဲ"
"တကယ်ဒုက္ခများတာပဲ"
လုယန်ကို အပြိုင်ဆွဲဆောင်မည့် လန်ထင်လိုပြိုင်ဘက်တစ်ယောက် ရှိနေပြီးဖြစ်သည်။ လနန်းတော်မှ မိန်းကလေးများ လုယန်နှင့်ရင်းနှီး၍ ပြိုင်ဘက်အသစ်များဖြစ်လာလျှင် ယှဉ်ပြိုင်ဖို့ပိုခက်ခဲလာမည်။
"အခုအရေးကြီးဆုံးက အပြစ်သားခန်းမရောက်နေတဲ့ အကိုလုဆီ ဧည့်သည်လာမလည်နိုင်အောင် တားဖို့ပဲ"
"အကိုလု ကျင့်စဉ်ဝင်နေလို့ မနှောက်ယှက်ပါနဲ့လို ပြောလိုက်ရင်ရော"
ထောင်ယော်ယဲ့က အကြံပြုသည်။
"အလုပ်မဖြစ်နိုင်ဘူး။ အကိုလုထွက်လာရင် တစ်ခွန်းမေးလိုက်ရုံနဲ့ အလိမ်ပေါ်မှာပဲ။ ပြီးတော့ တစ်ခြားလူတွေဝင်လို့မရဘူးဆိုရင် ငါတို့လည်း ဝင်လို့ရမှာမဟုတ်ဘူး"
လုယန်နှင့် အပြစ်သားခန်းမလို သီးခြားနေရာတွင် တွေ့ဆုံနိုင်ဖို့အခွင့်အရေးက အတော်ရှားပါးသည်။ လုယန်ဆီ သွားလည်လျှင် ရင်းနှီးမှုတိုးလာနိုင်သည်။ သီးသန့်စကားများ ပြောနိုင်သည်။ ပြောဆိုရယ်မောနိုင်သည်။ ဘယ်သူမှ အလွယ်တကူလက်မလျှော့နိုင်သည့် အခွင့်အရေးဖြစ်သည်။
အားလုံးအဆင်ပြေမည့် အဖြေတစ်ခုကို သူတို့စဉ်းစားရမည်။
"အမလန်ထင်၊ ဒီမှာဘာရပ်လုပ်နေတာလဲ။ ဒါကဘယ်သူလဲ..."
စကားသံတစ်ခုကြောင့် သူတို့အတွေးပြတ်သွားသည်။
လန်ထင် လှည့်ကြည့်သည်။ ဆေးကျိုဆောင်မှ ဟဲမြောင်ဖြစ်သည်။
"ညီမဟဲမြောင်လည်း အကိုလုဆီ လာလည်တာလား။ ငါမိတ်ဆက်ပေးမယ်။ ဒါက တာအိုလမ်းစဉ်ဂိုဏ်းက ထောင်ယော်ယဲ့တဲ့။ အိပ်မက်ရေပွက်ကို တီထွင်ခဲ့တဲ့လူပေါ့"
ထောင်ယော်ယဲ့ လက်ကာပြပြီးတားသည်။
"အိပ်မက်ရေပွက်ကို ငါတစ်ယောက်တည်းတီထွင်ခဲ့တာမဟုတ်ပါဘူး။ အကိုလုယန်က ငါ့ကို အများကြီးကူညီခဲ့တယ်။ 'အိပ်မက်ရေပွက်'ဆိုတဲ့နာမည်တောင် သူပေးခဲ့တာပါ"
"တွေ့ရတာ ဝမ်းသာပါတယ် အမထောင်ယော်"
နာမည်ကျော်ထောင်ယော်ယဲ့ကို တွေ့ခွင့်ရသဖြင့် ဟဲမြောင်အံ့ဩတမ်းသာဖြစ်နေသည်။ အကိုလုယန်နှင့်လည်း အတော်ရင်းနှီးပုံရသည်။
"ကျွန်မက အကိုလုယန် အပြစ်သားခန်းမကို ရောက်နေတယ်ကြားလို့ လာလည်ရုံပါပဲ။ ဘာရယ်မဟုတ်ပါဘူး"
ထောင်ယော်ယဲ့ သက်ပြင်းချသည်။
"ငါအခုပဲ အကိုလုဆီက ပြန်လာတာ။ သူ့အခန်းမှာ သစ်သီးခြင်းတွေအပြည့်ပဲ။ သူခြေချဖို့နေရတောင်မရှိဘူး။ ဒီလောက်များတဲ့ ဝိညာဉ်သစ်သီးတွေကို သူတစ်ယောက်တည်း ဘယ်လိုကုန်အောင်စားနိုင်မှာလဲ...မဟုတ်ဘူးလား။
ပြီးတော့ အကိုလုဆီကို လနန်းတော်ဂိုဏ်းညီအမတွေ တစ်နေကုန်လာလည်နေကြတာ။ သူအရမ်းပင်ပန်းနေတယ်။ သူ့ဘေးမှာအကျဉ်းကျနေတဲ့လူတစ်ယောက်ကလည်း ကျန်းမာရေးသိပ်ကောင်းပုံမရဘူး။ ကြမ်းပြင်ပေါ်မှာ တွန့်လိမ်ပြီး အရူးလိုရယ်နေတယ်။
မနေ့ညက အကိုလု သိပ်အနားယူခဲ့ရပုံမပေါ်ဘူး။ ဒီမနက်ငါသူနဲ့သွားတွေ့တော့ လန်းလန်းဆန်းဆန်းသိပ်မရှိဘူး"
ဟဲမြောင်ထွက်သွားပြီးနောက် နောက်ထပ် လနန်းတော်တပည့်များ ထပ်ရောက်လာသည်။ အန်ချွေ့ဟွား၊ ရှထန်၊ ဟွမ်ရှန်၊ ပုလျန်ရှင်း..
ဘယ်သူမှ အပြစ်သားခန်းမထဲ ဝင်သည်ကိုမတွေ့ရ။ ထောင်ယော်ယဲ့နှင့်လန်ထန်ကလည်း တံခါးဝတွင် စိတ်အားထက်သန်စွာ စကားပြောနေကြသည်။ သူတို့နှစ်ယောက်ကြားမှဖြတ်ပြီး အထဲဝင်ရမည်ကိုလည်း အားတုံ့အားနာဖြစ်နေကြသည်။
"သူကဘယ်သူလဲ"
"ထောင်ယော်ယဲ့တဲ့။ အိပ်မက်ရေပွက် တီထွင်တဲ့သူလေ။ အကိုလုနဲ့ ဂိုဏ်းချင်းအတူတူပဲ။ သူလည်း အကိုလုဆီလာလည်တာ"
"ထောင်ယော်ယဲ့ဆိုတာသူလား"
အိပ်မက်ရေပွက်ဖန်တီးရှင်ဆိုသည့်စကားသည် ဝိညာဉ်ကျောက်များ အိတ်ထဲသို့ဒလဟောဝင်နေသည့်သဘောကို ဆိုလိုသည်။ သူ့ချမ်းသာကြွယ်ဝမှုကို သက်တူရွယ်တူများ မယှဉ်နိုင်။ စုစည်းခြင်းအဆင့်များပင် ယှဉ်နိုင်သူရှားလိမ့်မည်။
ထောင်ယော်ယဲ့၏ နောက်ခံကိုသိထားကြသည်။ လုယန်နှင့် ဘာလိုလိုဖြစ်ကြောင်း သတင်းကြားကြသည်။ ထို့ကြောင့် လနန်းတော်တပည့်များ ထောင်ယော်ယဲ့နှင့်ယှဉ်လျှင် စိတ်အားငယ်သလိုခံစားြရသည်။
"အကိုလုက အပြစ်သားခန်းမမှာ သိပ်အဆင်မပြေဘူးထင်တယ်။ လောလောဆယ် အကိုလုဆီ သွားမလည်ကြဖို့ နန်းတော်သခင်လော်ကိုသွားပြောရင် ကောင်းမလားစဉ်းစားနေတာ။ အဲဒါ အားလုံးအတွက် အဆင်ပြေလိမ့်မယ်"
"ဒါတော့လက်မခံဘူး"
လန်ထင်က ချက်ချင်းငြင်းသည်။ လနန်းတော်တပည့်များလည်း သူ့လေသံအတိုင်း သံယောင်လိုက်ကြသည်။
လုယန်ဆီ သွားမလည်ဖို့ နန်းတော်သခင်အမိန့်ထုတ်လျှင် သူတို့လည်း သွားခွင့်ရတော့မည်မဟုတ်။
ထောင်ယော်ယဲ့က လန်ထင်ကို စိတ်ဝင်စားဟန်ဖြင့်ကြည့်သည်။
"ညီမလန်က ငါ့ကိုဘာလို့တားနေတာလဲ။ လနန်းတော်တစ်ခုလုံးမှာ နင်တစ်ယောက်ပဲ အကိုလုနဲ့ အရင်းနှီးဆုံးဖြစ်နေလို့လား။ ဒါမှမဟုတ် သူနဲ့အတူ ဂိုဏ်းတာဝန်ထမ်းဆောင်ထမ်းဆောင်ခဲ့လို့လား။ အသက်အန္တရာယ်ကို ထည့်မစဉ်းတွက်ပဲ သူနဲ့အတူ နှလုံးမဲ့ဂိုဏ်းအကြီးအကဲကို တိုက်ခိုက်ခဲ့တာကြောင့်လား"
လန်ထင် သက်ပြင်းချသည်။
"ငါ့မှာ ဘာမှထွေထွေထူးထူးပြောစရာမရှိပါဘူး။ အကိုလုက ငါဖိတ်ခေါ်လာတဲ့ဧည့်သည်မို့ပါ။ တစ်ခုခုအမှားအယွင်းဖြစ်ရင် ငါ့တာဝန်ဖြစ်လာမယ်လေ။ မနေ့က နန်းတော်ညီအမတွေ အကိုလုဆီလာလည်တယ်။ အကိုလု ကောင်းကောင်းမနားရဘူး။ ဒါပေမယ့် ငါမတားခဲ့ဘူး။
အဲဒါက လနန်းတော်ဘက်က မှားတာပါ။ ဒီအမှားကို အချိန်မီပြင်ဆင်ချင်လို့ပါ။ အကိုလုဆီလာလည်တဲ့လူတွေ များလွန်းတယ်လို့ ညီမထောင်ထင်ရင် ဒီနေ့ကစပြီး အရေအတွက်လျော့အောင် လုပ်ကြတာပေါ့။ ငါပြောတဲ့အကြံကို စဉ်းစားကြည့်ပါ ညီမထောင်"
ထောင်ယော်ယဲ့ လန်ထင်ကို စိုက်ကြည့်နေသည်။ စိတ်ရင်းနှင့်ပြောနေခြင်းဟုတ်မဟုတ် သူဝေခွဲမရ။ နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချ၍ ပြောသည်။
"ကောင်းပြီလေ။ ဒီတစ်ခါတော့ နင့်ကိုငါယုံလိုက်မယ်"
နန်းတော်သခင်လော်ဆီ ထောင်ယော်ယဲ့ သွားမတွေ့တော့သဖြင့် လန်ထင်နှင့် တစ်ခြားလနန်းတော်တပည့်များ စိတ်သက်သာရာရသွားကြသည်။
လန်ထင်က ကျောက်တုံးကြီးတစ်ခုပေါ်တွင် မတ်တပ်ရပ်၍ လူစုသည်။
"နန်းတော်ညီအမတို့။ ခုနက ညီမထောင်ယော်နဲ့ ညှိနှိုင်းခဲ့တာကို မင်းတို့လည်းကြားမှာပါ"
လန်ထင်၏အဆင့်အတန်းကို အားလုံးအသိအမှတ်ပြုကြသည်။ လုယန်ကို သူဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ လုယန်နှင့်အတူ သေရေးရှင်ရေးအခြေအနေများ ဖြတ်ကျော်ခဲ့သည်။
ထောင်ယော်ယဲ့ကိုလည်း နန်းတော်သခင်နှင့်သွားမတွေ့ဖို့ တားဆီးခဲ့သည်။ သူတို့ကိုယ်စား ထောင်ယော်ယဲ့နှင့် ညှိနှိုင်းနိုင်ခဲ့ခြင်းဖြစ်သည်။
"အကိုလုက ငါတို့လနန်းတော် ဧည့်ဝတ်ကျေတာကို သိပြီးပါပြီ။ ဒါပေမယ့် သူ့ဆီကို ဆက်တိုက်လာလည်နေရင် သူ့အတွက် တကယ်အဆင်မပြေဘူး။ ငါပဲ ပင်တိုင်တာဝန်ယူပါ့မယ်။
အကိုလုလည်း ကောင်းကောင်းနားလို့ရအောင် အကောင်းဆုံးနည်းလမ်းကတော...အစားအသောက်တွေ မင်းတို့ပြင်ပေးပါ။ အားလုံးရဲ့ကိုယ်စား အကိုလုဆီ ငါသွားပို့ပေးမယ်။
အကိုလုလည်း အားလုံးရဲ့စေတနာကို နားလည်သွားအောင် ဘယ်သူချက်ပေးတဲ့ အစားအသောက်လဲဆိုတာ သူ့ကိုပြောပြမယ်"
လူအုပ်ကြားတွင် တီးတိုးစကားသံများထွက်လာသည်။ သူတို့ချက်ပြုတ်ပေးသည့်အစားအသောက်ကို အကိုလုစားပြီး စိတ်ထဲစွဲထင်သွားသည်ဆိုလျှင် သူတို့လက်ခံနိုင်သည်။
ထောင်ယော်ယဲ့ မျက်မှောင်ကျုံ့သွားပြီး ရှေ့ထွက်လာသည်။
"အကိုလုက သိပ်များများမစားနိုင်ဘူး။ အစားအသောက်များလွန်းရင် အလဟဿဖြစ်ကုန်မယ်။ တစ်နေ့သုံးနပ်ဆိုရင် လုံလောက်တယ်"
"ဒါဆို ချက်ပြုတ်မယ့်လူကို ဘယ်လိုရွေးမှာလဲ။ မဲနှိုက်မှာလား"
လန်ထင်က ချက်ချင်းပြန်ဖြေသည်။
"ငါတို့အကိုလုဆီသွားတာက သူကောင်းကောင်းနားပြီး ကောင်းကောင်းစားရသလားဆိုတာ စစ်ဆေးဖို့ပါ"
"အဲလိုဆို ဟင်းချက်စွမ်းရည်ပေါ်မူတည်ပြီး ရွေးချယ်ကြတာပေါ့။ လက်ရာအကောင်းဆုံး ချက်ပြုတ်နိုင်တဲ့လူ အကိုလုဆီ အစားအသောက်သွားပို့ခွင့်ရမယ်"
ထောင်ယော်ယဲ့၏ ရည်ရွယ်ချက်ကို လန်ထင်နားလည်သည်။ ဟင်းချက်ပြိုင်ပွဲလုပ်လျှင် လုယန်ဆီသွားတွေခွင့်အတွက် သူနှင့်လာယှဉ်ပြိုင်သူများကို တားဆီးနိုင်မည်။
လုယန်စွဲမက်စေမည့် အကောင်းဆုံးဟင်လျာချက်ပြုတ်ဖို့သာ ယှဉ်ပြိုင်ကြလိမ့်မည်။
***