"မစွန်စားရတဲ့ ကျင့်စဉ်လမ်းရယ်လို့ ဘယ်တော့မှမရှိဘူး။ ကျင့်စဉ်လမ်းပေါ်ရောက်တာနဲ့ တိုက်ပွဲတွေ၊ ကောင်းကင်ဆင်းရဲတွေ ကျရှုံးမှုတွေ ကြုံရမယ်။ မသေမျိုးတစ်ဝက်ဖြစ်ရင်တောင် ဒီအတိုင်းပဲ။
မသေမျိုးကောင်းကင်ဆင်းရဲဖြတ်တဲ့အချိန် ကျရှုံးနိုင်တယ်။ ဒါမှမဟုတ် အရိယဖလသန္ဓေက ထိန်းချုပ်မှုလွတ်သွားနိုင်တယ်"
နတ်မယ်က သဘာဝဖြစ်စဉ်တစ်ခုအကြောင်း အလေးအနက်ရှင်းပြနေသည်။
"ပိုင်ရိက သူနားမလည်နိုင်တဲ့ ခံစားချက်တစ်မျိုးကို နားလည်အောင်ကြိုးစားခဲ့တာဖြစ်မယ်။ ဒါကြောင့် ခံစားချက်အရိယဖလသန္ဓေက အထိန်းအချုပ်လွတ်သွားတာ။ အရိုင်းနယ်မြေမှာတုန်းက နင့်အဖြစ်ကို ပြန်တွေးကြည့်ပါ။
အချစ်ရေးကံမကောင်းဘူးလို့ နင်ညည်းနေခဲ့တာလေ။ အခုကြည့်လိုက်၊ နင့်အချစ်ကံဇာတာ ဘယ်လောက်ကောင်းလဲ။ နင့်ကိုကြိုက်နေတဲ့လူတွေ အများကြီးပဲ။ စကားမစပ်ပြောရရင် ဟာရမ်ရွှေသန္ဓေတည်ဆောက်ခဲ့တဲ့ကောင်လည်း သူမသေခင်က ဒီလိုအခြေအနေမျိုး ရင်ဆိုင်ခဲ့ရတယ်။
နင်ကိုယ်နင် ရှေးဟောင်းမသေမျိုးတစ်ဝက်တစ်ယောက်ရဲ့ ကိုယ်ပွားလို့ တွေးကြည့်လို့ရပါတယ်"
"ဒါပေမယ့် ကျုပ်က ဟာရမ်ရွှေသန္ဓေ တည်ဆောက်ခဲ့တာမှမဟုတ်တာ"
လုယန် စိတ်ပျက်လက်ပျက်ပြောသည်။
"အကိုလုယန်၊ ရပ်လိုက်ပါ"
"အကို့ကို ကျွန်မအရမ်းသဘောကျတယ်"
"ကျွန်မတို့နှစ်ယောက် ကျေးလက်တောရွာမှာ အနားယူပြီး တစ်သက်လုံးအတူနေသွားကြမယ်လေ"
လုယန် ခြေတစ်လှမ်းမှမရပ်ရဲ။ ခြေလှမ်းနည်းနည်းနှေးသွားလျှင် နန်းတော်ညီအမများ သူ့ကိုတွန်းလှဲကြမည်။ အဆုံးဝါးဆုံးကံကြမ္မာနှင့်ကြုံရမည်။
နောက်ဘက်မှ မိန်းကလေးများဆီ သူလှမ်းပြောသည်။ အချင်းချင်းသွေးထိုးပေးရန် ကြိုးစားသည်။
"ညီအမအားလုံးရဲ့ ခံစားချက်တွေကို ကျုပ်တန်ဖိုးထားပါတယ်။ ဒါပေမယ့် ကျုပ်ကတစ်ယောက်တည်းလေ။ ခင်ဗျားတို့က လူအများကြီး။ ကျုပ်ကိုဖမ်းမိရင်တောင် ဘယ်သူရသင့်တယ်ဆိုတာ ဘယ်လိုဆုံးဖြတ်မှာလဲ"
"အဲလိုဆို အကို့ကို ကျွန်မတို့ ခွဲယူရုံပေါ့"
လုယန် ကြက်သီးထသွားသည်။ ထိုနည်းလမ်းကို သူကောင်းကောင်းရင်းနှီးနေသည်။
"အဲ..ဟုတ်ပြီ၊ နာမည်ပြောင်းပြီး ငါ့ကံကြမ္မာကို ပြောင်းလဲလို့ရတာပဲ"
သူ့ဝှက်ဖဲကို ပြန်သတိရလာသည်။ ကံကြမ္မာပြောင်းပြန်လှန်စွမ်းအားပညာ။
ဝိညာဉ်အာရုံကို နောက်ဘက်သို့ဖြန့်လိုက်သည်။ လနန်းတော်ညီအမများက လုံးဝအရှိန်လျော့မသွား။
"လုယင်၊ ကျွန်မတို့ တစ်သက်လုံးအတူနေရအောင်။
"အကိုသေသေရှင်ရှင် အကိုက ကျွန်မအတွက်ပဲ"
"နတ်မယ်၊ ကံကြမ္မာစွမ်းအားက ဘာလို့အလုပ်မဖြစ်တာလဲ"
လုယန် အမြန်မေးသည်။
"ဘယ်အလုပ်ဖြစ်မလဲ။ နင့်ကိုနင်နာမည်ပေးတယ်ဆိုတာက ချန်ကောင်းကင်ဆင်းရဲလို အဆင့်နိမ့်ကောင်းကင်လျှပ်စီးတွေကိုပဲ အရူးလုပ်လို့ရမှာပေ့ါ။
အခုနင့်ကို ထိန်းချုပ်ထားတာက အရိယဖလသန္ဓေလေ။ ချန်ကောင်းကင်လျှပ်စီးထက် အများကြီးပိုအဆင့်မြင့်တယ်။ သူ့ကိုအရူးလုပ်လို့မရဘူး။
ကူးဖြတ်ခြင်းအဆင့်ထိ နင်ကျင့်ကြံနိုင်ရင်တော့ ဒီနာမည်ပြောင်းနည်းလမ်းနဲ့ ခံစားချက်အရိယဖလသန္ဓေကို အရူးလုပ်လို့ ရကောင်းရမှာပါ"
"ကျုပ်သာ ကူးဖြတ်ခြင်းအဆင့်ရောက်နေရင် သူများလိုက်ဖမ်းတာ ခံနေစရာလိုလို့လား။ ကျုပ်ကပဲ လိုက်ဖမ်းမှာပေါ့"
...မဟုတ်သေးဘူး။ ငါကဘာလို့ သူတို့ကိုလိုက်ဖမ်းရမှာလဲ...
နာမည်ပြောင်းပညာ အလုပ်မဖြစ်သဖြင့် မူလနာမည်ကိုသာ ပြန်ပြောင်းရသည်။
အရေးကြီးသည့်အချိန်ဖြစ်၍ ပျံသန်းမှုတားမြစ်ထားသည့် လနန်းတော်စည်းမျဉ်းကို သူဂရုမစိုက်နိုင်တော့။ ဓားဆေးကန်ပေါ်ခုန်တက်ပြီး ပျံသန်းသည်။
ဤအခြေအနေသည် နန်းတော်က ပျံသန်းခွင့်ပြုထားသည့် 'ထူးခြားသည့်အခြေအနေ'နှင့် အကျုံးဝင်လောက်သည်။
ဓားကျင့်ကြံသူဖြစ်၍ ဓားဆေးကန်ပေါ်ရောက်သည်နှင့် သူ့အမြန်နှုန်းက တစ်ရှိန်ထိုးမြင့်တက်လာသည်။ လိုက်ဖမ်းနေသည့်လူစုကို ချက်ချင်းနောက်ချန်ထားနိုင်ခဲ့သည်။ ကျယ်ပြန့်သည့် နှင်းပြင်ထဲတွင် မှုန်ဝါးဝါးအရိပ်တစ်ခုအဖြစ်သာ ကျန်ခဲ့သည်။
ရုတ်တရက် ဘေးဘယ်ညာနှစ်ဘက်မှ တိုက်ခိုက်မှုများဝင်လာသည်။ သူ့ကို ချုပ်နှောင်ရန်ကြိုးစားသည့် တိုက်ကွက်များဖြစ်သည်။ ကိုယ်ပိုင်သိစိတ်ဝိညာဉ်ရှိသည့် ဓားဆေးကန်က ချက်ချင်းအထက်သို့ရှောင်ထွက်သည်။ နှစ်ဘက်ညှပ်တိုက်သည့်စက်ကွင်းမှ ပွတ်ကာသီကာလွတ်သွားသည်။
သူ့ကိုအမိဖမ်းချင်သည့် နောက်ထပ်လနန်းတော်တပည့်နှစ်ယောက် ထပ်တိုးလာသည်။
"အခြေအနေမဟန်ဘူး။ ဒီအတိုင်းဆို နောက်ဆုံးကျရင် ငါအဖမ်းခံရမှာပဲ"
လုယန် နားလည်လာသည်။ ပျံသန်းနှုန်းမြန်ဆန်သော်လည်း ထိုမျှများပြားသည့် လိုက်ဖမ်းနေသူများ၊ ညှပ်ပူးညှပ်ပိတ်ဖမ်းနေသူများလက်မှ လွတ်အောင်ပြေးနိုင်မည်မဟုတ်။ အချိန်မရွေး အလစ်တိုက်ခိုက်ခံရနိုင်သည်။ သူ့စွမ်းအင်များ တဖြေးဖြေးလျော့သွားမည်။ တစ်ချက်မှားသည်နှင့် အဖမ်းခံရမည်။
ဓားဆေးကန်ကို အရှိန်ထပ်မြှင့်ဖို့ အမိန့်ပေးလိုက်သည်။ နောက်မှလိုက်ဖမ်းသူများကို ယာယီမျက်ခြေဖြတ်သည်။ ထို့နောက် အောက်သို့ခုန်ဆင်းပြီး မြေကြီးထဲသို့အောင်းသည်။
"သစ်ပင်စိုက်မှော်စွမ်းအား"
လုယန်နှစ်ယောက် မြေကြီးထဲမှထွက်လာသည်။ တစ်ယောက်က အစစ်။ တစ်ယောက်က သစ်ရွက်ဝတ်စုံဝတ်ထားသည့်ကိုယ်ပွား။
မူလဝိညာဉ်ပျံထွက်လာပြီး ကိုယ်ပွားထဲသို့ဝင်သွားသည်။ ထို့ကြောင့် ကိုယ်ပွားခန္ဓာကို သိစိတ်အာရုံခွဲ၍ ထိန်းချုပ်နေစရာမလိုတော့။
သစ်သားကိုယ်ပွားကို ဆင်တူဝတ်စုံတစ်ခု ပြောင်းပေးသည်။ ထို့နောက် ဓားဆေးကန်ထဲထည့်ပေးလိုက်သည်။ ဓားဆေးကန်က အဝေးသို့ ချက်ချင်းပျံထွက်သွားသည်။
"ဟိုမှာ အကိုလုယန်ပဲ"
"လိုက်ကြဟေ့"
လုယန် မြေအောက်တွင်ပုန်းနေသည်။ မူလဝိညာဉ် ရှက်ကိုးရှက်ကန်းဟန်ဖြင့် ထွက်ပြေးသည်ကိုကြည့်၍ သူတကယ်ကျေးဇူးတင်သွားသည်။
"မင်းအဖမ်းခံရလို့မဖြစ်ဘူး"
ဘယ်သူမှ သူ့နောက်သို့ လိုက်မလာတော့သဖြင့် လုယန်စိတ်ဖိအားများစွာ လျော့ကျသွားသည်။
အပြေးရပ်လိုက်သည့််တိုင် သူနှလုံးခုန်သံက မြန်နေဆဲဖြစ်သည်။ လိပ်ပြာလွင့်မတတ် သူထိတ်လန့်ခဲ့ရသည်။
"အပြစ်သားခန်းမကိုသွားရင်ကောင်းမလား...မသွားတော့ပါဘူးလေ။ ကျွေးယွဲ့ဘိုးဘေးကို အားကိုးလို့မဖြစ်ဘူး။ နန်းတော်သခင်လော်ကို အကူအညီသွားတောင်းရမယ်...
စုစည်းခြင်းအဆင့်တွေကိုတော့ ခံစားချက်အရိယဖလစွမ်းအားက မသက်ရောက်လောက်ဘူးထင်တာပဲ။ ခုနကငါ့နောက်ကို လိုက်လာတဲ့လူတွေထဲမှာ စုစည်းခြင်းအဆင့် တစ်ယောက်မှမပါဘူး"
စုစည်းခြင်းအဆင့်များအပေါ် ထိုစွမ်းအားမသက်ရောက်ဟု သူအခိုင်အမာကောက်ချက်မချရဲ။ ထောင်ချောက်ထဲ တိုးဝင်မိလျှင် သူသာလူဟားစရာဖြစ်မည်။
"ဧည့်ခန်းဆောင်ကို ပြန်ရောက်လာပြီထင်တယ်"
လုယန် မြေကြီးထဲမှ ခေါင်းပြူထွက်၍ မော့ကြည့်လိုက်သည်။ မြေအောက်မှပြေးလွှားရင်း သူနေသည့်ဧည့်ခန်းဆောင်ဆီ တကယ်ရောက်လာသည်။
"အရင်ဆုံး အခန်းထဲဝင်ပြီး အနားယူမှဖြစ်မယ်"
မြေကြိးထဲမှ ထွက်လိုက်သည်။ ဝိညာဉ်အာရုံမဖြန့်ရဲ။ လနန်းတော်တပည့်များ သတိထားမိသွားမည်ကို စိုးရိမ်သည်။
နားကိုသေချာစွင့်၍ နံရံများဆီ သူလျှောက်သွားသည်။ ဦးခေါင်းထက်မှ တံစက်မြိတ်များကြောင့် သူအကာအကွယ်ပိုရလာသည်။
အိမ်တံခါးဖွင့်ရန်ပြင်နေစဉ် သစ်သားတံခါးက ရုတ်တရက်ပွင့်သွားပြီး အေးစက်ဖြူဖွေးသည့်လက်တစ်ဘက်က သူ့ကိုအခန်းထဲသို့ ဖျတ်ခနဲဆွဲလိုက်သည်။ သူအတော်ထိတ်လန့်သွားသည်။
ကျောက်စိမ်းလက်ပိုင်ရှင်ကို မြင်လိုက်ရမှ သူစိတ်သက်သာရာရသွားသည်။ ကြောက်စိတ်မပြေသေးသည့်ရင်ဘတ်ကို လက်ဖြင့်ဖိထားသည်။
"ငါသေမတတ်ကိုလန့်သွားတာပဲ ညီမလန်"
"အကိုအဆင်ပြေရဲ့လား။ ခုနက လူတွေအများကြီး အကို့ကိုလိုက်ဖမ်းနေတာ မြင်လိုက်တယ်"
လန်ထင်က စိုးရိမ်တကြီးမေးသည်။
"အဆင်ပြေပါတယ်။ လှည့်ကွက်တစ်ခုသုံးပြီး သူတို့ကိုပ,ထုတ်လိုက်တယ်"
"အဆင်ပြေလို့ တော်သေးတာပေါ့"
လန်ထင်ကပြောသည်။ သူ့နှုတ်ခမ်းထောင့်တွင် မပွင့်တပွင့်အပြုံးရိပ်တစ်ခု ပေါ်လာသည်။ အခန်းတံခါးကို အသာပြန်ပိတ်သည်။
ကိုယ်နေသည့်နေရာ ပြန်ရောက်လာသဖြင့် လုယန်စိတ်အေးသွားသည်။ လန်ထင်ကိုကျောပေး၍ ပုံမှန်အတိုင်း သူပြောသည်။
"ကျွေးယွဲ့ဘိုးဘေးရဲ့ အရိယဖလသန္ဓေလွတ်သွားလို့ လနန်းတော်ကလူတွေအားလုံး ငါ့ကိုကြိုက်-..."
လုယန် မူမမှန်သည့်အချက်ကို ရုတ်တရက် တွေးမိလာသည်။ လန်ထင်လည်း 'လနန်းတော်မှလူအားလုံး'ထဲတွင် တစ်ယောက်အပါအဝင်ဖြစ်သည်မဟုတ်လော။
ထို့ပြင် လန်ထင်ဘာကြောင့် သူ့အခန်းထဲ ရောက်နေသနည်း...
"ဝှစ်"
လန်ထင်၏ အပြာင်ရောင်ဖဲကြိုးနှစ်ချောင်းလွင့်ပျံလာပြီး လုယန်ကို ချက်ချင်းရစ်ပတ်သွားသည်။
"ညီမလန်၊ မင်း..."
လုယန် နည်းနည်းမျက်နှာပျက်သွားသည်။ သူတကယ်ပေါ့ဆခဲ့ခြင်းဖြစ်သည်။
လန်ထင်က ဖြူဖွေးသေးသွယ်သည့်လက်ကို ဆန့်ထုတ်၍ လုယန်၏ ရင်ဘတ်ကို အဝတ်ပေါ်မှပွတ်သည်။ ထို့နောက် လုယန်ကို ကုတင်ပေါ်သို့ အသာအယာတွန်းလှဲသည်။
ထို့နောက် လုယန်အပေါ် ကိုယ်ချင်းဖိကပ်၍ နူးညံ့ချိုသာသည့်လေသံဖြင့် တိုးတိုးကပ်ပြောသည်။
"အကို၊ အကို့က ကျွန်မအပိုင်ပဲ"
အခန်းတံခါး ဝုန်းခနဲပွင့်သွားသည်။ စက္ကူထီးနီကိုင်ထားသည့် ထောင်ယော်ယဲ့ တံခါးဝတွင်ပေါ်လာသည်။ ဒေါသထွက်နေသည်။
"ညီမလန်၊ နင်က ထွက်ပြေးရဲတယ်ပေါ့"
"ထွက်ပြေးတော့ ဘာဖြစ်လဲ။ ဦးသူအရင်ယူကြေးပဲလေ"
ထောင်ယော်ယဲ့က ထီးကိုဓားအဖြစ်သုံး၍ လန်ထင်ကိုထိုးလိုက်သည်။ လန်ထင်က ဘယ်ကထုတ်လိုက်မှန်းမသိသည့် ပုဆိန်တစ်လက်ဖြင့် ရင်ဘတ်ရှေ့တွင် ကန့်လန်ခံ၍ စက္ကူထီးကို ကာကွယ်သည်။
ပုဆိန်က သူ့လက်ထဲတွင် ချောမွေ့စွာလှုပ်ရှားနေသည်။ ကောင်းကောင်းလေ့ကျင့်ထားမှန်း သိသာသည်။
မိန်းမနှစ်ယောက် တိုက်ခိုက်နေချိန်ကို အခွင့်ကောင်းယူ၍ လုယန် ကုတင်ပေါ်မှ ခုန်ဆင်းသည်။ ဖဲကြိုးများတုပ်နှောင်ခံထားရသဖြင့် ဖုတ်ကောင်လို ခုန်ဆွခုန်ဆွသွားရသည်။
"အကိုဘယ်ပြေးမလို့လဲ"
လန်ထင်က လုယန်ကိုဆွဲယူသည်။ လက်တစ်ဘက်ဖြင့်ထိန်းချုပ်ထားပြီး ကျန်လက်တစ်ဘက်ဖြင့် ထောင်ယော်ယဲ့ကို တိုက်ခိုက်သည်။
ထောင်ယော်ယဲ့က ထီးနီကိုဖွင့်ပြီး ပုံရိပ်နယ်မြေတစ်ခု ဖန််တိးသည်။ လန်ထင်မျက်လုံးများ ငေးကြောင်၍ ပုံရိပ်ယောင်စက်ကွင်းမိသွားသည်။
"အကိုလုယန်က ငါ့အပိုင်ပဲ"
ထောင်ယော်ယဲ့က အခွင့်အရေးလက်လွတ်မခံဘဲ လုယန်ကို ဆွဲယူသည်။
"စဉ်းတောင်မစဉ်းစားနဲ့"
လန်ထင်က ယာယီဖန်တီးထားသည့် ပုံရိပ်ယောင်ကို အလွယ်တကူချိုးဖျက်ပြီး ဖဲကြိုးများသုံး၍ လုယန်ကို ပြန်ဆွဲယူသည်။
မိန်းမနှစ်ယောက်ကြားတွင် လုယန် သက်မဲ့ပစ္စည်းတစ်ခုလို ဟိုလူးဒီလိမ့်ဖြစ်နေသည်။
မိန်းမနှစ်ယောက်က လက်ရည်ညီသည်။ လုယန်ကို ထိန်းထားသူက အရေးနိမ့်မည်မှန်း နားလည်လာသည်။ ထို့ကြောင့် စိတ်မပါ့တပါဖြင့် လုယန်ကို ခဏဘေးဖယ်ထားလိုက်သည်။
"လုယန်က ဘယ်သူမှမထိနဲ့"
တတိယလူတစ်ယောက် တံခါးဝတွင်ပေါ်လာသည်။ သူလည်း ဝင်တိုက်ခိုက်သည်။
"အမကျင်းဟုန်"
***