အနက်ရောင်လက်စွပ်ထဲမှလူက ကျင်းဟုန်အသံကို ကြားသည်။
"လနန်းတော်တပည့်တွေက သူတို့စိတ်ထဲကဆန္ဓတွေ ပြင်းထန်လာပြီး လုမျိုးရိုးကောင်လေးကို အပြိုင်လုနေကြတာပဲ။ ရှေးဟောင်းခေတ်က ဝမ်းနည်းစရာအဖြစ်အပျက်ကိုတောင် ငါပြန်သတိရလာတယ်။
ခံစားချက်အရိယဖလသန္ဓေကို မထိန်းချုပ်နိုင်တဲ့လူကြောင့်လား။ ဒါမှမဟုတ် လုယန်က ဟာရမ်ရွှေသန္ဓေနဲ့ ထူးခြားတဲ့ဆက်နွယ်မှုမျိုးရှိနေတာလား။ ရှေးဟောင်းပုဂ္ဂိုလ်တစ်ယောက်နဲ့ ဆက်သွယ်မိပြီး သူ့ကိုဟာရမ်ရွှေသန္ဓေတည်ဆောက်ဖို့ ကူညီပေးခဲ့လို့ ဒီနေ့လိုပြဿနာပေါ်လာတာများလား"
သူစကားသံက အေးဆေးတည်ငြိမ်သည်။
"တိုက်ပွဲထဲကို စုစည်းခြင်းကျင့်ကြံသူတွေ တစ်ယောက်မှ ဝင်မပါဘူးဆိုတော့ အဲဒီ့လူတွေက လုယန်ကို တပ်မက်စိတ်မရှိတဲ့သဘာပဲ။
ငါ့တပည့်၊ ဘယ်လိုအခြေအနေပဲကြုံကြုံ တိုက်ပွဲထဲကို မဝင်နဲ့။ ဒီကောင်လေးဟာ မင်းထင်ထားတာထက် ပိုအန္တရာယ်များတယ်"
"ဒါပေမယ့် ဆရာ၊ ကျွန်မ...ကျွန်မလည်း လုယန်ကို သဘောကျတယ်"
သူ့နှလုံးခုန်သံ တဒိန်းဒိန်းမြန်နေသည်ကို ကျူးဟုန်သတိထားမိသည်။ လုယန်အကြောင်းတွေးမိသည်နှင့် ထူးထူးဆန်းဆန်းပိုင်ဆိုင်လိုစိတ်များ ဖြစ်ပေါ်လာသည်။
မှန်သည်။ ဆရာက လုယန်နှင့် မပတ်သက်ဖို့ ပြောထားသည်။ သို့သော် လုယန်ဇာတ်လမ်းများကို သူကြားဖူးထားသည်။ နည်းနည်းသဘောကျသည့်စိတ်မျိုး ဖြစ်ခဲ့သည်။
ယနေ့ ထူးဆန်းသည့်အပြောင်းအလဲကြောင့် ထိုခံစားချက်များက ထိန်းချုပ်မရအောင် ပြင်းထန်လာသည်။
အနက်ရောင်လက်စွပ်ထဲမှ စကားသံထပ်ပေါ်လာသည်။
"အင်း...ဒါဆိုရင်လည်း လက်စွပ်ကမ္ဘာငယ်ထဲကို မင်းမြန်မြန်ဝင်ခဲ့တော့။ ငါထိန်းချုပ်ပေးမယ်..."
"ဆရာ့တပည့် ဒီတစ်ခါလောက် မိုက်မှားမိတာ ခွင့်လွှတ်ပေးပါတော့ ဆရာ"
"..."
လက်စွပ်ထဲမှလူ၏ မျက်ခုံးတစ်ချက်ခါသွားသည်။
"လုယန်က ငါ့အပိုင်ပဲ"
ကျင်းဟုန် ဓားမြှောင်နှစ်လက်ကိုင်၍ လန်ထင်နှင့်ထောင်ယော်ယဲ့ကို ကြားဖြတ်တိုက်ခိုက်သည်။ နှစ်ယောက်လုံး၏ တိုက်ကွက်များ ဖရိုဖရဲဖြစ်သွားသည်။
"အမကျင်းဟုန်က စွမ်းအားအစစ်ကို တစ်ချိန်လုံးဖုံးကွယ်ထားခဲ့တာပဲ"
လန်ထင် ချက်ချင်းသတိထားမိသည်။
ကြွားသည်တော့မဟုတ်။ လနန်းတော်လို ပါရမီရှင်များပေါ်များသည့်နေရာတွင် သူ့ပါရမီသည် ထိပ်တန်းဟုဆိုနိုင်သည်။ ဝိညာဉ်ပြောင်းအခြေခံဆင့်စွမ်းအားဖြင့် ဝိညာဉ်ပြောင်းအလတ်တန်းဆင့်မှ တိုက်ခိုက်စွမ်းအားကောင်းသည့် နာမည်ကြီးဂိုဏ်းတူအမများကို သူအနိုင်ယူနိုင်သည်။
သို့သော်ယခု ထိုအဆင့်တွင် သိပ်နာမည်မကျော်သည့် အမကျင်းဟုန်က သူနှင့်လက်ရည်တူတိုက်ခိုက်နေသည်။ ကျင်းဟုန်သည် ထင်သလောက်သိပ်မရိုးရှင်းလှ။
"စွမ်းအားကြီးတဲ့လူတွေပဲ စွမ်းအားကြီးတဲ့လူကို ပိုင်ဆိုင်ခွင့်ရှိတယ်"
ကျင်းဟုန်က သူ့စွမ်းအားအစစ်ကိုထုတ်ပြသည်။ နှစ်ယောက်တစ်ယောက်ရင်ဆိုင်ရသော်လည်း နောက်ဆုတ်မည့်လက္ခဏာမရှိ။
ကျင်းဟုန် (ငွေငန်းပျံ)ဟူသည့်နာမည်နှင့် တကယ်လိုက်ဖက်သည်။ ကျဉ်းမြောင်းသည့်နေရာတွင် အံ့ဩလောက်သည့်အမြန်နှုန်းဖြင့် လှုပ်ရှားနိုင်သည်။ ခွန်ဖုန်မျိုးနွယ်မှ မြန်နှုန်းမြှင့်ပညာသုံးသည့် ခွန်ဖုန်တစ်ယောက်ပင် သူ့ကိုမီမည်မထင်။
သုံးယောက်လုံး သဲကြီးမဲကြီးတိုက်ခိုက်နေသည်။ မြင်ကွင်းက တဖြေးဖြေးရှုပ်ထွေးလာသည်။ လုယန် ထွက်ပြေးဖို့အခွင့်ကောင်းရလာသည်။ တစ်လက်မကိုယ်ချုံ့ပညာကိုသုံး၍ ခန္ဓာကိုယ်ကို ချုံ့လိုက်သည်။
သို့သော် လန်ထင်၏ဖဲကြိုးစများက ထူးဆန်းသည့်မှော်စွမ်းအင်တစ်မျိုးဖြင့် အားဖြည့်ထားသည်။ သူကိုယ်ကျုံ့သလို ဖဲကြိုးကလည်းကျုံ့သွားသည်။ လုံးဝမလွတ်။
"ဖဲကြိုးစတွေကို ဖြတ်လိုက်ရမလား"
လန်ထင်က ထိုဖဲကြိုးစကို လက်နက်အဖြစ်အမြဲသုံးသည်။ ထိုဖဲကြိုးများက လန်ထင်၏အသက်နှောင်ရတနာဖြစ်နေမည်ကို သူစိုးရိမ်သည်။ မဆင်မခြင်ဖြတ်လိုက်လျှင် လန်ထင် ထိခိုက်သွားနိုင်သည်။
နတ်မယ်က သူ့ကိုအာမခံသည်။
"ဪ ဒါတော့စိတ်မပူပါနဲ့။ ဒီကောင်မလေးရဲ့ အသက်နှောင်မှော်ရတနာက သူ့လက်ထဲကပုဆိန်ပါ"
"ဘယ်လို"
လန်ထင်အပေါ် လုယန် လုံးဝအမြင်ပြောင်းသွားသည်။
မည်သို့ဖြစ်စေ ယခု ထိုအကြောင်းများ တွေးနေဖို့အချိန်မရှိ။ လန်ထင်မထိခိုက်လျှင် အားလုံးအဆင်ပြေသည်။
ချင်ဖုန်းဓားကိုဆွဲထုတ်၍ ဖဲကြိုးများကို အလွယ်တကူဖြတ်တောက်ပြီး ရုန်းထွက်လိုက်သည်။
.....
"အမ၊ ကျွန်မတို့ ဝင်တားကြရင်မကောင်းဘူးလား"
ကျူးဟုန်ကပြောသည်။ သူ့ရှေ့မှရေကြေးမုံတွင် လုယန်ခုန်ဆွခုန်ဆွသွားနေသည့်မြင်ကွင်း ကိုယ်ပွားခန္ဓာကို နန်းတော်တပည့်များလိုက်ဖမ်းနေသည့်မြင်ကွင်းများ ပေါ်နေသည်။
လော်ဟုန်ရှားက သိစိတ်အာရုံမှ ကျွေ့ယွဲ့ပို့လာသည့်သတင်းကို ရထားပြီးဖြစ်သည်။ အဖြစ်အပျက်ကို နားလည်သည်။ အေးစက်စက်နှာခေါင်းရှုံ့၍ သူပြန်ပြောသည်။
"ဘာလို့စိတ်လောနေတာလဲ။ ဟိုကောင်လေးလုယန် တကယ်အဖမ်းခံရမှ ဝင်တားကြတာပေါ့။ အပြစ်သားခန်းမမှာ သူပထမဆုံးထောင်ကျတဲ့နေ့က အခြေအနေကို နင်မမြင်လို့ပါ။
သူ့ကိုထောင်ဝင်စာလာတွေ့ကြတဲ့ ဂိုဏ်းတပည့်မတွေ ဒုနဲ့ဒေးပဲ။ အကြောင်းမသိတဲ့လူတွေဆို ငါတို့လနန်းတော်က သူ့ဟာရမ်မြေလို့တောင် ထင်ကြမှာ။ သူရူးရူးမိုက်မိုက် ဟာရမ်စလုပ်မလာအောင် နည်းနည်းခြောက်ထားမှဖြစ်မယ်"
......
"အကိုလု၊ မပြေးနဲ့"
ဖဲကြိုးဖြတ်ခံလိုက်ရသည်ကို လန်ထင်သတိထားမိသဖြင့် လုယန်နောက်သို့ ချက်ချင်းပြေးလိုက်လိုက်သည်။
သို့သော် ထောင်ယော်ယဲ့နှင့် ကျင်းဟုန်က သူ့ကိုအခွင့်အရေးမပေး။ တံခါးပေါက်တွင် ပိတ်ဆို့၍တားကြသည်။
"ကောင်းပြီလေ၊ သိပ်ကောင်းတာပေါ့။ နင့်တို့ငါ့ကို ဖိအားပေးနေကြတာပဲ"
လုယန်ဝတ်ရုံစကို ဖမ်းမိခါနီးမှ ထိုနှစ်ယောက်က ဝင်ရှုပ်သည်။ အကိုလုမရှိတော့သဖြင့် သူလည်းဣန္ဒြေသိက္ခာထိန်းနေစရာ အကြောင်းမရှိ။
မြေပေါ်တွင်ပြတ်ကျနေသည့် ဖဲကြိုးစများက အကောင်းပကတိအတိုင်း ပြန်ဆက်သွားသည်။ အသစ်စစ်စစ်လို ဖြစ်လာသည်။
လန်ထင်က ဂါဝန်အနားစကို တူလက်ကိုင်တွင်ချည်၍ ညင်သာစွာဝေ့ရမ်းလိုက်သည်။ ပုဆိန်က လေထဲတွင် တစ်ပတ်လည်သွားသည်။ ထွက်လာသည့်စွမ်းအားက ကြောက်စရာကောင်းသည်။
လုယန် အသဲအသန်ထွက်ပြေးနေရသည်။ လုံးဝမနားရဲ။ လန်ထင်တို့သုံးယောက် ပူးပေါင်းမိသွားလျှင် သူလုံးဝလွတ်တော့မည်မဟုတ်။
"ဧည့်သည်ဆောင်ကလည်း စိတ်မချရတော့ဘူး..."
"မကြောက်ပါနဲ့မောင်လေးလု၊ အမမင်းကို ကာကွယ်ပေးမယ်"
လူရိပ်တစ်ခု ရုတ်တရက်ပေါ်လာပြီး လုယန်ကို အဝေးသို့ဆွဲခေါ်သွားသည်။
လုယန် မော့ကြည့်လိုက်သည်။ ကျင်းဟုန်ဖြစ်နေသည်။
မဟုတ်သေး။ အမကျင်းဟုန်က ဧည့်သည်ဆောင်တွင် တိုက်ခိုက်ရင်းကျန်ခဲ့သည်မဟုတ်လော...
"ဧည့်သည်ဆောင်မှာ တိုက်ခိုက်နေတာက သူဖန်တီးထားတဲ့ ကိုယ်ပွားတစ်ခုပါ။ ဒီကောင်မလေးရဲ့ ကိုယ်ပွားပညာက အတော်ကောင်းတာပဲ။
လက်နက်သွန်းပညာကိုလည်း လေ့လာထားပုံရတယ်"
"မောင်လေးလု၊ လနန်းတော်ကထွက်ပြီး လောကကြီးထဲ အတူလျှောက်သွားရအောင်"
ကျင်းဟုန်က လုယန်ကို တင်းကြပ်စွာဖွင့်ထားသည်။ ဖွံ့ထွားသည့်ကျင်းဟုန်ခန္ဓာကိုယ်ကြောင့် လုယန်အသက်ရှူမဝဖြစ်လာသည်။
လက်နက်သွန်းပညာလေ့လာသူပီသသည်။ အံ့ဩစရာကောင်းလောက်အောင် သန်မာသည်။ လုယန်အတင်းရုန်းထွက်သည်။
ကျွေ့ယွဲ့ဘိုးဘေး...ခင်ဗျားလုပ်ခဲ့တဲ့ လုပ်ရပ်ကို လုံးဝခွင့်မလွှတ်ဘူး...
လုယန် ကျွေးယွဲ့ပိုင်ရိကို စိတ်ထဲတွင် အကြိမ်ကြိမ် ကျိန်ဆဲနေသည်။
...ခံစားချက်အရိယဖလ ထိန်းချုပ်မှုလွတ်လို့ လနန်းတော်တပည့်တွေ ခင်ဗျားကို သဘောကျလာတယ်ဆိုရင် ကျုပ်ဘာမှပြောဘူး..
အခုဘာလို့ သူတို့အားလုံးက ကျုပ်ကိုကြိုက်နေကြတာလဲ...
"တစ်လက်မကိုယ်ချုံ့ပညာ...မြေအောင်းစွမ်းအား"
လုယန် ခန္ဓာကိုယ်ကို ချက်ချင်းကျုံ့၍ မြေထဲသို့ အောင်းသွားသည်။ သို့သော် ကျင်းဟုန်ကလည်း မညံ့။ မှော်ပညာတစ်မျိုးသုံးလိုက်ဟန်ရှိသည်။ သူလည်းမြေကြီးထဲသို့ ဝင်သွားသည်။
သို့သော် သူမြေအောင်းသည့်နှုန်းက လုယန်ထက်ပိုမြန်သည်။
မြေအောက်တွင် ဓားပျံစွမ်းအား သုံးမရသဖြင့် လုယန် မတတ်သာဘဲ မြေပေါ်သို့ပြန်တက်လာရသည်။ မြေကြီးနှင့်ကပ်၍ ပျံသန်းသည်။
မြင့်မြင့်ပျံလျှင် တစ်ခြားလနန်းတော်တပည့်များ မြင်သွားမည်စိုး၍ဖြစ်သည်။
ကျင်းဟုန်က ကိုယ်တိုင်သွန်းလုပ်ထားသည့် လှေပျံတစ်ခုထုတ်သည်။ ပျသန်းနှုန်းက လုယန်၏ဓားပျံထက် မလျော့။
"လနန်းတော်ထဲကို ခိုးဝင်လာတဲ့လူရှိတယ်"
နတ်မယ်မျက်မှောင်ကျုံ့သွားသည်။
"ဘာရယ်...ဘယ်သူလဲ"
နတ်မယ်ရုတ်တရက်ပြောလာသည့်စကားကြောင့် လုယန်အံ့အားသင့်သွားသည်။
"ဘယ်သူလဲတော့မသိဘူး။ အနည်းဆုံး ကူးဖြတ်ခြင်းအဆင့်ရှိတဲ့ လူနှစ်ယောက်ပဲ။ ကောင်းတဲ့ရည်ရွယ်ချက်နဲ့လာတာ မဖြစ်နိုင်ဘူး"
"သူတို့ဘယ်လိုဝင်လာတာလဲ။ လနန်းတာ်ရဲ့ အကာအကွယ်မှော်စက်ဝန်းရှိတယ်မဟုတ်လား"
"သူတို့က အကာအကွယ်မှော်စက်ဝန်းကိုဖွင့်ပြီး လနန်းတော်ကလူတွေမသိအောင် ခိုးဝင်လာကြတာ။ ကဲ..အခု ဘယ်လိုလုပ်ကြမလဲ။ လနန်းတော်ကို အသိပေးကြမလား"
နန်းတော်တပည့်များ အစုလိုက်လိုက်ဖမ်းခံနေရသည့် ကိစ္စနှင့်ယှဉ်လျှင် အမည်မသိကူးဖြတ်ခြင်းအဆင့်နှစ်ယောက် ခိုးဝင်လာသည်က ဘာမှသိပ်အရေးမကြီးလှ။
"လနန်းတော်ကို တိုက်ရိုက်သတင်းပို့ရင် အဆင်မပြေလောက်ဘူး။ ကျုပ်ဒီအကြောင်း ဘယ်လိုသိတာလဲလို့မေးလာရင် ရှင်းပြရခက်လိမ့်မယ်။ ဒီတော့...အခုသူတို့ ဘယ်နေရာမှာလဲ ပြောပြပါနတ်မယ်"
"အခုမှ နန်းတော်ဂိတ်တံခါးကို ဖြတ်ဝင်လာကြတာ"
"ဒါဆိုရင် ကွက်တိပါပဲ"
လုယန် ခြေထောက်အောင်မှ ချင်ဖုန်းဓားကိုဦးတည်ရာပြောင်း၍ နန်းတော်ဂိတ်တံခါးဆီ ပျံသန်းသွားသည်။
သူ့အခြေအနေကို နန်တော်တစ်ခုလုံးစောင့်ကြည့်နေသည့် လော်ဟုန်ရှား မသိစရာအကြောင်းမရှိ။ ကျွေးယွဲ့ဘိုးဘေးလည်း သိလောက်သည်။ ထို့ကြောင့် ကျူးကျော်သူများရှိကြောင်း သူတို့မြင်အောင်ပြဖို့ ကြိုးစားနေခြင်းဖြစ်သည်။
ကျူးကျော်လာသူများက ကိုယ်ပျောက်စွမ်းအားသုံးထား၍ တိုက်ရိုက်မမြင်ရ။ နတ်မယ်က နေရာအတိအကျပြောသော်လည်း ကျယ်ပြန့်သည့် နှင်းလွင်ပြင်ကိုသာ လုယန်မြင်ရသည်။
ဝိညာဉ်အာရုံကို ဖြန့်ကြည့်သည်။ ဇွဲမလျှော့သေးသည့် ကျင်းဟုန်က ကြိုးတစ်ချောင်းသူ့ဆီပစ်လွှတ်လိုက်သည်ကို မြင်ရသည်။ သူအမြန်လှည့်ရှောင်သည်။ ကြိုးက ပစ်မှတ်လွဲပြီး နှင်းလွင်ပြင်ပေါ် ရိုက်ခတ်သည်။
"ဆိုးလိုက်တဲ့ကံ"
လူတစ်ယောက်ပေါ်လာသည်။ မကျေမနပ်ရေရွတ်၍ ကျင်းဟုန်၏ကြိုးကိုအစိတ်စိတ်အမွှာမွှာဖြစ်အောင် ပိုင်းဖြတ်လိုက်သည်။ သူသေချာပုန်းအောင်းနေခဲ့သည်။ သို့သော် ရုတ်တရက်ဝင်လာသည့်တိုက်ခိုက်မှုကို သူမခုခံ၍မဖြစ်။
"ကျူးကျော်သူတွေရှိနေပါလား"
လော်ဟုန်ရှား ချက်ချင်းထရပ်လာသည်။ လုံးဝမူမမှန်တော့ကြောင်း နားလည်လာသည်။ ရေကြေးမုံမှတစ်ဆင့် ထိုလူစိမ်းဆီချိန်ရွယ်၍ အစိမ်းရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်သည်။
***