လော်ဟုန်ရှားပစ်လိုက်သည့် အစိမ်းရောင်အလင်းတန်းက လေထုကိုဖြတ်သန်းပြေးဝင်သွားသည်။ သို့သော်ကျူးကျော်သူများရှေ့တွင် ကိုယ်ပျောက်အကာအကွယ်တစ်ခုရှိနေပုံရသည်။ အလင်းတန်းကို ခုခံကာကွယ်သည်။
"ငါတို့ကိုမြင်သွားကြပြီထင်တယ်...ဟားဟား"
နောက်ထပ်လူတစ်ယောက်ပေါ်လာသည်။ သွားဖြဲရယ်နေသည်။ လနန်းတော်မှလူများ မြင်သွားပြီဖြစ်၍ ဆက်ပြီးပုန်းခိုနေဖို့မလိုတော့။
ထိုပြဿနာက သိပ်အရေးမကြီး။ သူတို့၏မူလရည်ရွယ်ချက်ကလည်း ပြဿနာလာရှာခြင်းဖြစ်သည်။ ထင်ထားသည်ထက် အချိန်နည်းနည်းစောသွားသည်သာရှိသည်။
"နင်တို့ဘယ်သူလဲ"
လော်ဟုန်ရှားက အလင်းချုပ်သေတ္တာကိုင်၍ ချက်ချင်းရောက်လာသည်။ လူစိမ်းနှစ်ယောက်ကို စိုက်ကြည့်သည်။
သူ့တိုက်ခိုက်မှုကို ထိုလူများက အလွယ်တကူကာကွယ်နိုင်သည်ကိုကြည့်လျှင် အနည်းဆုံး ကူးဖြတ်ခြင်းအလတ်တန်းဆင့်များဖြစ်ပေလိမ့်မည်။
လနန်းတော်ကို အကြောင်းမကြားဘဲ ခိုးဝင်လာသည်ဖြစ်၍ ကောင်းသည့်ရည်ရွယ်ချက်ဖြင့် လာခြင်းမဖြစ်နိုင်။
"အမကျင်းဟုန်၊ မြန်မြန်ပြေးစိုး"
တိုက်ပွဲဖြစ်တော့မည်ကို ရိပ်စားမိသဖြင့် ငေးကြောင်နေသည့်ကျင်းဟုန်ကို ဘေးကင်းသည့်နေရာသို့ လုယန်ဆွဲခေါ်သွားသည်။ တိုက်ပွဲစက်ကွင်း လွတ်စေဖို့ဖြစ်သည်။
"စုစည်းခြင်းအဆင့်လောက်နဲ့ ငါတို့နာမည်ကို သိဖိုထိုက်တန်တယ်ထင်နေလား။ မျိုးဆက်သစ်ကျင့်ကြံသူတွေက ဂါရဝတရားတကယ်ခေါင်းပါးတာပဲ"
ပြုံးနေသည့်ကျင့်ကြံသူက မျက်လုံးပွင့်လာပြီး လော်ဟုန်ရှားကို စိုက်ကြည့်သည်။ သူ့မျက်လုံးသူငယ်အိမ်တွင် ကြောက်စရာကောင်းသည့် အနီရောင်အလင်းများ တောက်ပလာသည်။
လော်ဟုန်ရှား တုန်လှုပ်သွားသည်။ အဆုံးစမဲ့ငရဲတွင်းထဲ ကျသွားသလိုခံစားရသည်။ သွေးစိမ်းပင်လယ်နှင့် အရိုးစုများ သူ့အာရုံတွင် မြင်ယောင်လာသည်။
"နင်တို့နှစ်ယောက်က ဘာလို့စွမ်းအားနိမ့်တဲ့လူကို အနိုင်ကျင့်နေတာလဲ။ ကိုယ့်ကိုယ်ကို မရှက်ကြဘူးလား"
ငွေရောင်ဆံပင်နှင့် အဘွားအိုတစ်ယောက် လော်ဟုန်ရှားရှေ့တွင် ရုတ်တရက်ပေါ်လာသည်။ သူ့ကြိမ်တုတ်ကို တစ်ချက်ခေါက်လိုက်သည်။ လော်ဟုန်ရှားအာရုံမှ ပုံရိပ်ယောင်များချက်ချင်းပျောက်ကွယ်သွားသည်။
"ဘိုးဘေးဖန်"
ထိုအဘွားအိုသည် လနန်းတော်၏ ပင်မဒေါက်တိုင်တစ်ခုဖြစ်သည်။ နာမည်က ဖန်စီ။ ဝါစဉ်ကြီးလွန်းသဖြင့် စွန်းစီးကိုယ်တော်ကျဲ့ရှားပင် 'အကြီးအကဲ'ဟု ခေါ်ရသည်။
"ကူးဖြတ်ခြင်းအဆင့်တွေဆိုတော့ နင်တို့က နာမည်မရှိတဲ့လူတွေမဖြစ်နိုင်ဘူး။ သရုပ်မှန်ကိုဖုံးကွယ်ထားတာဟာ ကူးဖြတ်ခြင်းအဆင့်တွေရဲ့ ဂုဏ်ပုဒ်နဲ့မကိုက်ညီဘူး။ နင်တို့ဘယ်သူလဲ။ ဘာလို့ လနန်းတော်ကိုလာတာလဲ"
"ငါတို့က ကောင်းကင်အင်ပါယာသခင်အမိန့်နဲ့ နတ်ဆိုးနှိမ်နှင်းပြီး မကောင်းဆိုးဝါးတွေကို ရှင်းလင်းဖို့တာဝန်ယူထားတာ။ မင်းတို့ဆီလာတာက သံလွင်ဘိုးဘေးကို ငှားချင်လို့ပါ"
"ဒါဆိုနင်တို့က နတ်ဆိုးချုပ်သခင်နဲ့ နတ်ဆိုးနှိမ်သခင်လား"
မဟာချန်ခေတ်သည် ယုံကြည်မှုစွမ်းအား ထွန်းကားခဲ့သည်။ ကောင်းကင်အင်ပါယာချန်(ပထမအင်ပါယာချန်)မှစ၍ ကျင့်ကြံသူအားလုံး ယုံကြည်မှုစွမ်းအားကို ကျင့်ကြံသည်။ ယုံကြည်မှုစွမ်းအား၏ အကျိုးကျေးဇူးကို ခံစားလျှင် ထိုက်သင့်သည့် တာဝန်များကိုလည်း ထမ်းဆောင်ကြရသည်။
ဥပမာ ဤလူနှစ်ယောက်သည် ငြိမ်းချမ်းရေးကိုကာကွယ်ဖို့ နတ်ဆိုးများ မကောင်းဆိုးဝါးများ နှိမ်နှင်းဖို့ တာဝန်ယူရသည်။
အရှေ့ပင်လယ်တွင် ပေါ်လာခဲ့သည့် တောင်မြစ်သခင်သည် တိုက်ပွဲပေါင်းများစွာ ဆင်နွှဲ၍ နယ်မြေများစွာချဲ့ထွင်ခဲ့သည်။ တောင်တန်းများ မြစ်ချောင်းများတွင် နေထိုင်သူတို့၏ ပူဇော်မှုကို ခံယူခဲ့သဖြင့် တောင်မြစ်သခင်ဟု နာမည်တွင်ခဲ့ခြင်းဖြစ်သည်။
နတ်ဆိုးချုပ်သခင်နှင့် နတ်ဆိုးနှိမ်သခင်သည် တောင်မြစ်သခင်လောက် စွမ်းအားမကြီးသော်လည်း သူတို့ခေတ်သူတို့အခါက နာမည်ကျော်ကူးဖြတ်ခြင်းအလတ်တန်းဆင့် စွမ်းအားရှင်များဖြစ်သည်။
"သံလွင်ဘိုးဘေးကို ငှားမယ်တဲ့လား"
ဘိုးဘေးဖန်စီ အေးစက်စက်ရယ်လိုက်သည်။ လနန်းတော်ကို ထိုသို့ခိုးကြောင်ခိုးဝှက်ဝင်လာသူသည် ပစ္စည်းငှားဖို့လာခြင်းမဖြစ်နိုင်။
"အားတော့နာပါရဲ့။ သံလွင်ဘိုးဘေးက မဟာနှင်းတောင်ကနေ ထွက်သွားလို့မရဘူး။ ဒီတော့ ငှားလို့မရဘူး"
"ကိစ္စမရှိပါဘူး။ သံလွင်ဘိုးဘေးသေသွားရင်တောင် ဝိညာဉ်အားဖြည့်နိုင်တဲ့ အစွမ်းက ကျန်နေမှာပဲ။ အဲလောက်ဆို ငါတို့အတွက် အဆင်ပြေပါတယ်'
မဟာချန်၊ မဟာယုနှင့် မဟာရှားခေတ်ဦးပိုင်းကာလက သံလွင်ဘိုးဘေး လုံလောက်သည့်သက်တမ်း မရှိသေးသဖြင့် သူတို့လာမယူခဲ့။ အရည်အသွေးမမီသေး၍ဖြစ်သည်။ သို့သော်ယခု နှစ်သုံးသိန်းကြာခဲ့ပြီဖြစ်သည်။ သံလွင်ဘိုးဘေးလည်း အင်ပါယာနှင့်ထိုက်တန်သည့် မသေမျိုးရတနာအဖြစ်သို့ ရောက်နေလောက်သည်။
လနန်းတော်ဟုခေါ်သည့်ဂိုဏ်းကို သံလွင်ဘိုးဘေး၏ အစောင့်အကြပ်လောက်သာ သူတို့သဘောထားသည်။
"နင်တို့က သေချင်နေကြတာပဲ"
ဖန်စီ ဒေါသထွက်သွားသည်။ သံလွင်ဘိုးဘေးက လနန်းတော်၏အုတ်မြစ်ဖြစ်သည်။ အသိစိတ်ဖွံ့ဖြိုးပြီး သက်ရှိအစစ်ဖြစ်နေကြောင်း လော်ဟုန်ရှားက သတင်းပို့ထားသည်။ ထိုသစ်ပင်ကို လုံးဝအထိအခိုက်မခံနိုင်။
သူ့ကြိမ်တုတ်က နဂါးမြူတစ်ကောင်အဖြစ် အသွင်ပြောင်း၍ ကောင်းကင်အထက်တွင် ရစ်ခွေနေသည်။ ထွက်သက်တစ်ချက်မှုတ်ထုတ်၍ ကူးဖြတ်ခြင်းသခင်နှစ်ယောက်ကို ရေခဲရုပ်ထုဘဝပြောင်းပေးရန် အသင့်ဖြစ်နေသည်။
နတ်ဆိုးနှိမ်သခင် သက်ပြင်းချသည်။
"မျိုးဆက်သစ်တွေက မိုးမြေအကျယ်အဝန်းကို နားမလည်ကြဘူူးပဲ။ ငါတို့ကိုတောင် လာပြီးသွေးတိုးစမ်းရဲတယ်။ နတ်ဆိုးချုပ်သခင်၊ ဝါစဉ်ကြီးတဲ့လူတွေကို လေးစားတတ်အောင် သူတို့ကို သင်ပေးလိုက်စမ်းပါဦး"
နတ်ဆိုးချုပ်သခင်သည် နတ်ဆိုးသားရဲများ ဖမ်းဆီးသတ်ဖြတ်ရာတွင် ကျွမ်းကျင်သည်။ ကျန်းတစ်ထောင်အရွယ် လူ့ဘီလူးကြီးအဖြစ် အသွင်ပြောင်းသည်။ ကြီးမားသည့်တင်းပုတ်ကိုကိုင်၍ နဂါးဖြူကို ရိုက်ချသည်။ နဂါးဖြူက အော်ဟစ်ကြုံးဝါး၍ ရေခဲမှုန်များမှုတ်ထုတ်သည်။ နတ်ဆိုးချုပ်သခင် ရေခဲလုံးအဖြစ်ပြောင်းသွားသည်။
သို့သော် ရေခဲလုံးက ချက်ချင်းကွဲကြေသွားသည်။ နတ်ဆိုးချုပ်သခင် တင်းပုတ်ကိုလွှဲရမ်း၍ နဂါးဖြူကိုတိုက်ခိုက်သည်။
"ကူးဖြတ်ခြင်းနောက်ဆုံးအဆင့်လား"
ဖန်စီ ရင်ထိတ်သွားသည်။ တစ်ကြိမ်တိုက်ခိုက်ရုံဖြင့် ပြိုင်ဘက်၏ ကျင့်စဉ်အဆင့်ကို သူခန့်မှန်းနိုင်သည်။ ခုနက နတ်ဆိုးချုပ်သခင်ကို နတ်ဆိုးနှိမ်သခင်က အမိန့်ပေးခဲ့သည်။ သို့ဆိုလျှင် နတ်ဆိုးချုပ်သခင်ထက် ပိုစွမ်းအားကြီး၍သာဖြစ်မည်။ ကူးဖြတ်ခြင်းနောက်ဆုံးအဆင့်ဆိုလျှင်ပင် သူက ပို၍စွမ်းအားကြီးလိမ့်မည်။...သို့မဟုတ် မသေမျိုးတစ်ဝက်အဆင့်လည်း ဖြစ်နိုင်သည်။
ကူးဖြတ်ခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက် တိုက်ခိုက်ကြသည်။ မဟာနှင်းတောင်တန်းတစ်ခုလုံး တုန်ခါနေသည်။ မြေအောက်အပြစ်သားခန်းမပင် ယိမ်းထိုးလှုပ်ရှားလာသည်။
"အခုစနေကြပြီလား။ အချိန်နည်းနည်းတော့စောသားပဲ"
ချွီလင်းမျက်နှာတွင် အောင်မြင်သူအပြုံးမျိုးပေါ်လာသည်။
သူသည် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကျထားသူဖြစ်သည်။ အပြစ်သားခန်းမထဲမှ လုံးဝထွက်ခွင့်ရမည်မဟုတ်။ ထွက်လိုလျှင် တစ်ခြားနည်းလမ်းရှာရမည်။
အကျဉ်းသားအသစ်များထံမှ အပြင်လောကသတင်းများ သူစုံစမ်းခဲ့သည်။ ပြစ်ဒဏ်ကျခံပြီး ပြန်ထွက်သွားသူများကိုလည်း သတင်းပါးသည်။
ဥပမာ၊ ပြီးခဲ့သည့်ရက်ပိုင်းက ခိုးမှုဖြစ်ထောင်ကျနေသူတစ်ယောက် ပြန်လွတ်သွားသည်။ ထိုသူခိုးကို ဂိုဏ်းအကာအကွယ်မှော်စက်ဝန်းဖြတ်ကျော်နည်း ပြောပြလိုက်သည်။ ထိုသတင်းကို မှောင်ခိုဈေးထိပ်တန်းလေလံပွဲတွင်ရောင်းဖို့ အကြံပေးလိုက်သည်။ မဟာချန်ကျင့်ကြံသူ၊ ကောင်းကင်ရုံးတော်ဂိုဏ်း၊ နတ်ဆိုးနိုင်ငံ သို့မဟုတ် နဂါးနန်းတော်လို အင်အားကြီးအဖွဲ့အစည်းများကို သတင်းရောင်းနိုင်လျှင် ပို၍ကောင်းသည်။
ထိုသို့လေလံတင်ခိုင်းသည့်ရည်ရွယ်ချက်က လနန်းတော်တွင် ပြဿနာအကြီးအကျယ် ဖြစ်လာစေဖို့ဖြစ်သည်။ သို့မှသာ သူထွက်ပြေးလွတ်မြောက်ခွင့်ရမည်။
ဖန်စီသည် ကူးဖြတ်ခြင်းအလတ်တန်းဆင့်သာရှိသည်။ ကူးဖြတ်ခြင်းနောက်ဆုံးအဆင့် နတ်ဆိုးချုပ်သခင်ကို မယှဉ်နိုင်။ နတ်ဆိုးချုပ်သခင်က တင်းပုတ်ကိုလွှဲရမ်းတိုက်ခိုက်နေသည်။ သူပြိုင်ဘက်ကင်းဖြစ်ခဲ့သည့်ခေတ်ကာလကကို ပြန်ရောက်သွားသလို ခံစားရသည်။
တင်းပုတ်ရိုက်ချက် ကျလာသည်။ နဂါးဖြူကို အစိတ်စိတ်အမွှာမွှာခွဲချေနိုင်သည့်စွမ်းအားမျိုး ပါလာသည်။
ဖန်စီ မှော်ပညာတစ်မျိုး အမြန်ထုတ်သုံးပြီး တင်းပုတ်ကိုကာကွယ်သည်။ သို့သော် အလျင်စလိုထုတ်သုံးရသည့် မှော်ပညာသည် ပြင်းထန်သည့်တင်းပုတ်ရိုက်ချက်ကို ခုခံနိုင်ဖို့မလွယ်။
ထိုစဉ် ရုတ်တရက် နတ်ဆိုးချုပ်သခင်ရင်ထဲ၌ ပြင်းထန်သည့်ဝမ်းနည်းစိတ်မျိုးပေါ်လာသည်။ ဝမ်းနည်းစရာမှတ်ဉာဏ်များ သူ့ဦးနှောက်ထဲတွင် ပြည့်လျှံလာသည်။ ဘာစွမ်းအားမှ မထုတ်နိုင်တော့။ တင်းပုတ်က မြေပြင်ပေါ်ကျသွားသည်။ သူ့မျက်နှာကို လက်ဖြင့်အုပ်ပြီး ဝမ်းနည်းပက်လက်ငိုကြွေးနေသည်။
"ဘာလို့ နတ်ဆိုးနှိမ်သခင်က ရာထူးတိုးပြီး ငါကဒီနေရာအတိုင်းပဲ ရှိနေရတာလဲ။ သူက အကြီးအကဲတွေကို လာဘ်ထိုးခဲ့လို့လား။ ပြီးေတောင် တောင်မြစ်သခင်...ငါသူ့ကို လာဘ်ထိုးခဲ့တယ်။ ငါ့ကိုရာထူးတိုးအောင်ကူညီမယ်လို့ သူကတိပေးထားတယ်။ သူဘာလို့ရုတ်တရက်သေသွားရတာလဲ။
...ဟာ မဟုတ်သေးဘူး။ ငါဘာဖြစ်နေတာလဲ။ ဘယ်သူကငါ့ကို လာကစားနေတာလဲ"
သေးသေးကွေးကွေးလူတစ်ယောက် ကောင်းကင်အထက်တွင်ရပ်လျက် နတ်ဆိုးချုပ်သခင်ကို အထင်မကြီးဟန်ဖြင့် ငုံ့ကြည့်နေသည်။
"ငါ့ရဲ့လနန်းတော်ကိုလာပြီး ရှောင်ယဲ့ကို သတ်ဖို့ကြိုးစားတယ်။ ဒါတောင် ငါဘယ်သူလဲလို့ မေးနေသေးတယ်ပေါ့။ နင်တို့သက်ကြားအိုတွေက အတော်အရှက်မရှိကြတာပဲ"
ကျွေးယွဲ့ကိုမြင်သည်နှင့် နတ်ဆိုးချုပ်သခင်ရော နတ်ဆိုးနှိမ်သခင်ပါ အလိုလိုကြောက်စိတ်ဝင်လာကြသည်။ ခေါင်းအစခြေအဆုံး ကြက်သီးမွှေးညှင်းများထလာသည်။ သူတို့ခန္ဓာကိုယ် အလိုလိုတုန်ရင်လာသည်။ ခုခံဆန့်ကျင်ဖို့ လုံးဝစိတ်မကူးရဲ။
ထိုကောင်မလေး ဘယ်သူမှန်းမသိ။ ဘာကြောင့် ထိုကောင်မလေးတွင် အဆုံးစမဲ့စွမ်းအားများရှိနေသလို သူတို့ခံစားနေရသည်။ အတွေးတစ်ချက်ဖြင့် သူတို့ကို သတ်နိုင်သည့်လူတစ်ယေက်လို ခံစားနေကြရသည်။
အင်ပါယာချန်ကို ရင်ဆိုင်တွေ့နေရသလိုပင်ဖြစ်သည်။
"ကျွေးယွဲ့ဘိုးဘေးက အရိယဖလသန္ဓေကို ပြန်ထိန်းချုပ်နိုင်သွားပြီလား"
လုယန် စိတ်သက်သာရာရသွားသည်။ နန်းတော်ထဲတွင် ကြွက်တစ်ကောင်လို သူရှောင်ပြေးပုန်းအောင်းနေစရာမလိုတော့။
ကျင်းဟုန်၏စိတ်များလည်း ပုံမှန်ပြန်ဖြစ်လာသည်။ ရှက်ရွံ့စိတ်ကြောင့် ဆွဲခေါ်လာသည့် လုယန်၏လက်ထဲမှ ချက်ချင်းရုန်းထွက်သည်။
အဖြစ်အပျက်များကို ပြန်တွေးရင်း သူ့ပါးနှစ်ဘက်နီရဲလာသည်။ လုယန်မျက်နှာကို စေ့စေ့မကြည့်ရဲတော့။
အာရုံလွှဲသည့်အနေဖြင့် ခုနကဖြစ်သွားသည့်ကိစ္စအားလုံးကို လက်စွပ်ထဲမှပုဂ္ဂိုလ်ထံ လျှို့ဝှက်အစီရင်ခံနေသည်။
လက်စွပ်နက်ထဲမှ တည်ငြိမ်သည့်စကားသံက သူ့အာရုံသို့လွင့်ပျံလာသည်။
"ခံစားချက်ခုနစ်မျိုးအရိယဖလကို ဒီလိုသုံးလိုရမှန်းသိခဲ့ရင် ငါလည်းဒီအရိယဖလမျိုး တည်ဆောက်ခဲ့တာပေါ့"
နတ်မယ် မျက်ခုံးတစ်ဘက် မြင့်တက်သွားသည်။ ကျင်းဟုန်ဆိုသည့်ကောင်မလေးက လက်စွပ်နှင့်စကားပြောနေပြန်သည်။ ထိုလက်စွပ်ထဲတွင် လူတစ်ယောက်ရှိနေသလားမသိ...
***