"နတ်မယ်၊ ဘာဖြစ်တာလဲ"
"ဘာမှမဟုတ်ပါဘူး။ ကျင်းဟုန်ဆိုတဲ့ကောင်မလေး ခုနက သူ့လက်စွပ်နဲ့ စကားပြောနေလို့ပါ။ လက်စွပ်ထဲမှာ တစ်ယောက်ယောက်ရှိနေတယ်ထင်တယ်"
လုယန် စိတ်လှုပ်ရှားလာသည်။ ကျင်းဟုန်နှင့်သူ ဘဝတူရဲဘောရဲဘက်များလို ခံစားရသည်။
ကျင်းဟုန်၏လက်စွပ်ထဲတွင် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက် ရှိနေပုံရသည်။ အသံတိတ်နေလျှင် ကိစ္စမရှိ။ စကားစပြောသည်နှင့် တစ်ဘက်သားအပေါ် စိတ်ဖိအားပေးနိုင်သည့် ပုဂ္ဂိုလ်မျိုးဖြစ်မည်။
"နတ်မယ်၊ ကျွေးယွဲ့ဘိုးဘေးက ခံစားချက်အရိယဖလသန္ဓေစွမ်းအားနဲ့ ဟိုလူနှစ်ယောက်ကို ကြောက်အောင်လုပ်လိုက်တာလား"
"နင်ဉာဏ်ကောင်းသားပဲ။ ငါ့ဉာဏ်ရည်ရဲ့ သုံးပုံတစ်ပုံလောက် နင်ရထားပြီ"
ကိုယ့်ကိုယ်ကို ကျေးဇူးရှင်တစ်ယောက်လို နတ်မယ်ခံစားရသည်။ လုယန်ကို အပင်ပန်းခံသင်ပေးခဲ့သည်မှာ အချဉ်းအနှီးမဖြစ်။ ယနေ့လိုဆင်ခြင်သုံးသပ်နိုင်သူဖြစ်အောင် သူလုပ်ပေးနိုင်ခဲ့သည်။
"ပိုင်ရိဆိုတဲ့ကောင်မလေးက အတ်ောပါးနပ်တယ်။ အကြောက်တရားခံစားချက်ကို ဟိုနှစ်ယောက်စိတ်ထဲ ထည့်ပေးလိုက်တာ။ ဒီတော့ သူတို့နှစ်ယောက်က ပိုင်ရိကို ကြောက်စရာအကောင်းဆုံးလူလို့ မြင်နေလိမ့်မယ်။
ရှေးဟောင်းခေတ်တုန်းက ခံဏားချက်အရိယဖလသန္ဓေ သိပ်မကျွမ်းကျင်သေးတဲ့ မသေမျိုးတစ်ဝက်တွေ ဒီလိုနည်းလမ်းမျိုး ဘာကြောင့်မသုံးခဲ့ကြပါလိမ့်"
"ဒါဆိုနတ်မယ်၊ သူတို့က ပိုင်ယဲ့ကို ဘာအတွက်လိုချင်ကြတာဖြစ်မလဲ"
"အင်း...သံလွင်ဘိုးဘေးသေသွားရင် ဝိညာဉ်အားဖြည့်တဲ့အာနိသင်ပဲ ကျန်ခဲ့မှာ။ တစ်ယောက်ယောက် ဝိညာဉ်ကိုအားဖြည့်ဖို့ လိုအပ်နေလို့ဖြစ်မှာပေါ့။ မဟာချန်ခေတ်မှာ သူတို့အဆင့်အတန်းက အတော်မြင့်ခဲ့လောက်တယ်။ မဟာချန်မသေမျိုးတွေ အရေးပေးခံရတဲ့သူတွေဖြစ်မယ်"
.....
"ဒီကောင်မလေးက ဘယ်သူလဲ"
ခံစားချက်အရိယဖလသန္ဓေသက်ရောက်မှု ပျောက်ကွယ်သွားပြီဖြစ်၍ လနန်းတော်တပည့်များ လုယန်နောက်သို့ ဆက်မလိုက်ကြတော့။ လနန်းတော်ဂိတ်တံခါးမှ တိုက်ပွဲဆီ အာရုံပြောင်းသွားသည်။
ကွေ့ယွဲ့ဘိုးဘေးပုံစံက ပုပုသေးသေးဖြစ်သည်။ ထို့ကြောင့် နောက်ထပ်ဂိုဏ်းတူညီမတစ်ယောက် အဆိပ်သင့်ခြင်းဖြစ်မည်ဟု ထင်ကြသည်။
သို့သော် ထိုအတွေးကိူ သူတို့ခေါင်းထဲမှ ချက်ချင်းထုတ်လိုက်သည်။ ထိုကောင်မလေးက ဘိုးဘေးဖန်စီထက် စွမ်းအားပိုကြီးသလို ဖြစ်နေသည်။ အရေးပါသည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်မည်။
"မင်းဘယ်သူလဲ"
သခင်နှစ်ယောက် အအေးမိသည့်ကြက်နှစ်ကောင်လို တုန်ရင်နေသည်။ အကြောက်တရားလွှမ်းမိုးနေသဖြင့် တစ်ခြားဘာကိုမှ မတွေးနိုင်ကြတော့။
"နင်တို့က သိဖို့မထိုက်တန်ပါဘူး"
ကျွေးယွဲ့ သူ့သရုပ်မှန်ကို ထုတ်မပြောနိုင်။
လောင်ဟုန်ရှား အံ့အားသင့်နေသည်ကို ဖန်စီ သတိထားမိသည်။ သိစိတ်အာရုံမှ သူမေးလိုက်သည်။
"ရှောင်လော်၊ ဒီအကြီးအကဲကို နင်သိလား"
"အဲဒါ ကျွန်မတိူ့ရဲ့ ကျွေးယွဲ့ပိုင်ရိပါပဲ"
"ဘယ်လို"
ဖန်စီ တအံ့တဩရေရွတ်လိုက်သည်။ ဘိုးဘေးကျွေးယွဲ့ကို သူမြင်ဖူးပါသည်။ ဆွဲဆောင်မှုကျက်သရေအပြည့်ရှိသည့် အလှပိုင်ရှင်တစ်ယောက်ဖြစ်သည်။ ယခုဘာကြောင့် သေးသေးကွေးကွေးပုံစံ ပြောင်းသွားသည်မသိ။ ကျင့်စဉ်အမှားအယွင်းကြုံခဲ့လျှင်ပင် ထိုပုံစံမျိုးမဖြစ်လောက်။
"အသေးစိတ်အချက်တွေ မမေးပါနဲ့။ ကျွေးယွဲ့ဘိုးဘေးက ကျွန်မကိုမပြောစေချင်ဘူး"
"ဪ"
သခင်နှစ်ယောက် အရှုံးပေးအညံ့ခံရန် ပြင်နေချိန်တွင် ရုတ်တရက် သူတို့မျက်ခုံးနှခုကြားမှ ထူးခြားသည့်ရွှေရောင်မှော်အဆောင်တစ်ခု အရောင်လက်လာသည်။ သူတို့စိတ်များ ချက်ချင်းကြည်လင်ရှင်းလင်းသွားသည်။
"တစ်ခုခုမူမမှန်ဘူး။ ငါတို့လှည့်စားခံလိုက်ရတာပဲ"
ခုနကအဖြစ်သည် သာမန်လုံးဝမဟုတ်ကြောင်း နာလည်လာကြသည်။
"ငါတို့သခင်ချီးမြှင့်ထားတဲ့ ခန္ဓာကိုယ်အကာအကွယ်မှော်အဆောင်တွေရှိလို့ တော်သေးတာပေါ့"
"ခုနကမင်းကို ဝမ်းနည်းစိတ်ဖြစ်အောင် မှော်သွင်းခံရတယ်။ မင်းရောငါရော ကြောက်စိတ်တွေပေါ်လာတယ်။ သတိထားပါ၊ ဒီလူရဲ့ အရိယဖလသန္ဓေက ခံစားချက်ထိန်းချုပ်တာနဲ့ တစ်ခုခုပတ်သက်နေတယ်။ ရှေးကျမ်းစာတွေထဲမှာပြောတဲ့ ခံစားချက်ခုနစ်မျိုးအရိယဖလသန္ဓေ ဖြစ်နိုင်တယ်"
ပုံမှန်စိတ်ပြန်ရလာသည်နှင့် နတ်ဆိုးနှိမ်သခင်က အခြေအနေကို ချက်ချင်းသုံးသပ်နိုင်သည်။
ဒုက္ခတော့များသည် ခံစားချက်နှင့်ဆိုင်သည့်ကိစ္စများသည် အလွန်အသိခက်သည်။ သူကျွမ်းကျင်သည့် ဝါဇရအရယဖလသန္ဓေသည် ထိုခံစားချက်အရိယဖလသန္ဓေမျိုးနှင့် ရင်မဆိုင်ဖူး။
အင်ပါယာပေးထားသည့် မှော်အဆောင်များကို ဆက်တိုက်သုံးနေ၍လည်းမဖြစ်။ အနှေးနှင့်အမြန် မှော်အဆောင်များကုန်သွားမည်။
"နောက်မျိုးဆက်တွေထဲမှာ အစွမ်းထက်တဲ့လူ နည်းနည်းတော့ရှိသားပဲ"
သူတို့နှစ်ယောက်သည် မဟာချန်နေဝင်ချိန် ခေတ်ပျက်ကာလကို ဖြတ်ကျော်ခဲ့သူများဖြစ်သည်။ အခြေအနေထိန်းချုပ်နိုင်မည့် နည်းလမ်းတစ်ခု ချက်ချင်းတွေးမိသည်။
"ကျွန်ုပ်ထိုသို့ကြားဖူး၏။ ဝါဇရဗုဒ္ဓကျင့်စဉ်စွမ်းအားကို ဘယ်သူမှမဖျက်ဆီးနိုင်။ ဝါဇရကသာ အားလုံးကိုဖျက်ဆီးနိုင်သည်။ ထိုကဲ့သို့ သူတော်စင်များ မိန့်ကြားခဲ့သည်..."
သခင်နှစ်ယောက် ဗုဒ္ဓသုတ္တန်များ ပြိုင်တူရွတ်ဆိုကြသည်။ လှုပ်ရှားနေသည့်စိတ်ကို တည်ငြိမ်အောင်ထိန်းကြသည်။ ခံစားချက်တာအိုလွှမ်းမိုးမှုကို အပြည့်အဝမတွန်းလှန်နိုင်သော်လည်း သိသိသာသာလျော့ပါးသွားအောင် လုပ်နိုင်သည်။
အနည်းဆုံးတော့ ကျွေးယွဲ့ဘိုးဘေးကို တန်ပြန်တိုက်ခိုက်ဖို့ သူတို့မကြောက်တော့။
"အကြီးအကဲကို ကျွန်မကူညီပါ့မယ်"
ဖန်စီက ကျွေးယွဲ့သရုပ်မှန်ကို မသိချင်ယောင်ဆောင်၍ 'အကြီးအကဲ"ဟုခေါ်ပြီး လာကူသည်။
"ဝါဇရဗုဒ္ဓ...နတ်ဆိုးသုတ်သင်မယ်"
ရွှေရောင်အလင်းတစ်ခု နတ်ဆိုးနှိမ်သခင်၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ပေါ်လာသည်။ သူ့မျက်ခုံးနှစ်ခုကြားတွင် အနီရောင်အစက်တစ်ခု ပေါ်လာသည်။ အနောက်ဗုဒ္ဓနိုင်ငံမှ အဟရတ်တစ်ယောက်နှင့် တူနေသည်။
ခေါင်းသုံးလုံးလက်ခြောက်ခုခန္ဓာ ဖြစ်လာသည်။ လက်ခြောက်ခုက ဝါဇရကျည်ပွေ့ခြောက်ခုကိုင်ထားသည်။ အပိုမျက်နှာနှစ်ခုတွင် တစ်ခုက ကရုဏာလွှမ်းသည်။ တစ်ခုက တင်းမာခက်ထန်သည်။
ကျွေးယွဲ့က သူ့လက်ကို သစ်သားလှံရှည်အဖြစ် အသွင်ပြောင်းလိုက်သည်။ သစ်သားလှံရှည်ဆိုသော်လည်း သံလွင်ဘိုးဘေး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ လောကတွင် သူနှင့်ယှဉ်နိုင်သည့်ပစ္စည်းမျိုး မရှိသလောက်ရှားသည်။
သံလွင်ပွင့်ချပ်များဝန်းရံနေသည့် သစ်သားလှံရှည်ကို ပစ်လွှတ်လိုက်သည်။ လှံရှည်က လေထုကိုထိုးခွဲသွားပြီး နတ်ဆိုးနှိမ်သခင်၏ ဝမ်းဗိုက်ကိုထိသည်။ နတ်ဆိုးနှိမ်သခင်က ဝါဇရလက်ကိုဆန့်ထုတ်၍ လှံရှည်ကို အလွယ်တကူချိုးလိုက်သည်။ သူ့ဝမ်းဗိုက်တွင် ခြစ်ရာပင်မကျန်ခဲ့။
"အရိယဖလသန္ဓေကို ယာယီစွမ်းအားမြှင့်လိုက်တယ်ဆိုတော့ သူက မသေမျိုးတစ်ဝက်အဆင့်ပဲ"
ကျွေးယွဲ့တွေးနေသည်။ သူသည် တိုက်ခိုက်သည့်နည်းလမ်းများ မကျွမ်းကျင်။ အချိန်တိုအတွင်း ပြိုင်ဘက်ကိုအနိုင်ယူဖို့မလွယ်လှ။
"နှစ်ယောက်ချင်းယှဉ်မယ်လေ။ နောက်မျိုးဆက်တွေ ဘယ်လောက်အစွမ်းအစရှိလဲ ကြည့်ကြတာပေါ့"
နတ်ဆိုးနှိမ်သခင်၏ ဦးခေါင်းသုံးခုက သံပြိုင်ရယ်မောနေသည်။ ခြောက်ခြားစရာကောင်းသည့် ခြောက်ကပ်အက်ကွဲသံမျိုး ပဲ့တင်ထပ်နေသည်။
"ဘယ်သူက နှစ်ယောက်ချင်းလို့ပြောလဲ"
ကျွေးယွဲ့ မပွင့်တပွင့်ပြုံးနေသည်။ တစ်ခုခုမူမမှန်ကြောင်း နတ်ဆိုးနှိမ်သခင် ရိပ်စားမိသည်။
မသေမျိုးတင်းပုတ်တစ်လက် ရုတ်တရက် လွင့်ပျံလာပြီး နတ်ဆိုးနှိမ်သခင်၏ခါးကို တည့်တည့်ထိသည်။
"နတ်ဆိုးချုပ်သခင်၊ မင်းဘာလုပ်တောလဲကွ"
နတ်ဆိုးနှိမ်သခင် ဒေါသတကြီးအော်ဟစ်လိုက်သည်။ နတ်ဆိုးချုပ်သခင်ကသူ့ကို ထိုသို့အလစ်ဝင်တိုက်မည်ဟု ထင်မထား။ သူတို့နှစ်ယောက် နီးကပ်စွာရှိနေသဖြင့် အချိန်မီမတုံ့ပြန်နိုင်ခဲ့။
ဝါဇရခန္ဓာအသွင် ပြောင်းထား၍တော်သေးသည်။ မဟုတ်လျှင် တင်းပုတ်ဒဏ်ကြောင့် ဒဏ်ရာအပြင်းအထန်ရသွားနိုင်သည်။
နတ်ဆိုးချုပ်သခင်၏မျက်လုံးများ သွေးနီရောင်သန်းနေသည်။ နတ်ဆိုးနှိမ်သခင်ကိုကြည့်၍ အသက်ကိုမောပန်းစွာ ရှူရှိုက်နေသည်။ ဝါဇရအသံစွမ်းအားပါသည့် နတ်ဆိုးနှိမ်သခင်၏ အော်ငေါက်သံကြားမှ သူအသိပြန်ဝင်လာသည်။
"ငါ...ငါလည်းမသိဘူး။...ခုနက မင်းကိုကြည့်ရင်း အလိုလိုမုန်းပြီး တိုက်ခိုက်ချင်စိတ်ပေါ်လာတာ"
နတ်ဆိုးချုပ်သခင်က အမြန်ရှင်းပြသည်။
"ကဲ..အခုဘယ်လိုလဲ။ နှစ်ယောက်ချင်းလို့ ထင်နေတုန်းပဲလား"
ကျွေးယွဲ့ လှောင်ပြုံးပြုံးနေသည်။ မသေမျိုးတစ်ဝက်အဆင့်ကို ခံစားချက်အရိယဖလသန္ဓေဖြင့် တိုက်ခိုက်လျှင် ရန်သူဘက်မှအရေအတွက်များလေ အချင်းချင်းသွေးကွဲအောင် လှုံ့ဆော်ဖို့လွယ်လေဖြစ်သည်။
နတ်ဆိုးချုပ်သခင်လည်း ဗုဒ္ဓကျမ်းစာရွတ်ခဲ့သည်။ သို့သော်သူသည် မသေမျိုးတစ်ဝက်အဆင့်မဟုတ်။ သူ့စိတ်ဓာတ်က နတ်ဆိုးနှိမ်သခင်လောက်မတည်ငြိမ်။ နှစ်ယောက်လုံးကျမ်းစာရွတ်ကြသော်လည်း ခံစားချက်အရိယဖလစွမ်းအားကို ခုံနိုင်စွမ်းချင်း ကွာခြားသည်။
"သုံးယောက်တစ်ယောက်....အဲဒါအကုန်ပါပဲ။ ငါကမင်းတို့ကို ကြောက်မယ်ထင်နေလား"
နတ်ဆိုးချုပ်သခင်ထံမှ အကူအညီရဖို့ သူမမျှော်လင့်တော့။ ဒုက္ခမပေးဖို့သာ မျှော်လင့်ရသည်။
"သုံးယောက်တစ်ယောက်လို့ ဘယ်သူပြောလဲ"
နောက်ထပ်စကားသံတစ်ခု ထပ်ပေါ်လာသည်။ လူကိုမမြင်ရမီ မြေပြင်က ဦးစွာတုန်ခါလာသည်။ တုတ်ခိုင်သည့် သစ်မြစ်များက ရေဘဝဲလက်တံများပမာ မြေပြင်မှထိုးထွက်လာသည်။
သို့သော် ထိုလက်တံများက ကျောက်စိမ်းသားဖြင့်ပြုလုပ်ထားသလို ဆွတ်ဆွတ်ဖြူနေသည်။ ညစ်ထေးစွန်းထင်းခြင်းမရှိ။
ထိုသစ်မြစ်များက နတ်ဆိုးနှိမ်သခင်ကို ချုပ်နှောင်သည်။ နတ်ဆိုးနှိမ်သခင် လက်သီးဖြင့်ထုရိုက်၍ သစ်မြစ်များကိုဖြတ်တောက်သည်။
သို့သော် ပြတ်သွားသည့် သစ်မြစ်များက ချက်ချင်းဆိုသလို ပြန်လည်ရှည်ထွက်လာပြီး သူ့ကိုချုပ်နှောင်ရစ်ပတ်သည်။
ကျွေးယွဲ့နောက်ဘက်တွင် သူနှင့်ချွတ်စွပ်တူသည့် လူတစ်ယောက်ပေါ်လာသည်။ နှစ်ယောက်သား ဘေးချင်းယှဉ်၍ရပ်ကြသည်။
"ရှောင်ယဲ့၊ နင်မအိပ်တော့ဘူးပေါ့"
"အသံတွေဆူညံနေလို့ နိုးလာတာလေ"
ပိုင်ယဲ့က မကျေမနပ်ပြောသည်။
နေ့ခင်းဘက်အိပ်ရသည်ကိုကြိုက်၍သာ အိပ်ခြင်းဖြစ်သည်။ မဖြစ်မနေအိပ်ရသည်မဟုတ်။ ယခု လနန်းတော်တွင် ရန်သူပေါ်လာသဖြင့် သူလှုပ်ရှားရမည်။
မည်သို့ဆိုစေ သူသည် လနန်းတော်၏ ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်ဖြစ်သည်။
"သံလွင်ဘိုးဘေးလား"
သံလွင်ဘိုးဘေး ဤအဆင့်ထိ တိုးတက်ပြောင်းလဲနေမည်ဟု နတ်ဆိုးနှိမ်သခင် ထင်မထားခဲ့။ အသိစိတ်ဖွံ့ဖြိုးရုံလောက်သာထင်ခဲ့သည်။ ယခု သက်ရှိဝိညာဉ်အဆင့်သို့ပင် ရောက်နေသည်။
"ကဲ...သုံးယောက်တစ်ယောက်လို့ နင်ပြောဦးမှာလား"
ကျွေးယွဲ့ အထက်စီးမှ ငုံ့ကြည့်သည်။ သူ့မျက်လုံးများက အေးစက်တင်းမာနေသည်။
***