တောင်တန်းကြီးကား စိမ်းညို့မှိုင်းအုံလျက်ရှိပြီး သစ်ရွက်စိမ်းကလေးများပေါ်တွင်လည်း နှင်းစိုစွတ်မှုကြောင့် တဖိတ်ဖိတ်တောက်နေချေသည်။
နံနက်ခင်းမြူထူများအကြား၌ 'ဝါးရွက်စိမ်း' လေဟုန်စီးအသုံးအဆောင်သည် အေးအေးလူလူပင် ရွေ့လျားနေ၏။
ယင်းက အဆင့်(၁) အလတ်တန်းစား ပျံသန်းရေးမှော်လက်နက်တစ်ခု၏ အရှိန်မျှသာဖြစ်ရာ ပေးရသည့်တန်ဖိုးနှင့်အညီသာ စွမ်းဆောင်နိုင်ပေသည်။
နင်တောက်ရန်သည် လက်တစ်ဖက်ကို နောက်ပစ်လျက် 'ဝိညာဥ်အရှိန်အဝါဖုန်းကွယ်ခြင်းကျင့်စဥ်' ကို အသုံးပြုကာ မိမိ၏ အရှိန်အဝါကို အနိမ့်ဆုံးအဆင့်သို့ လျှော့ချထားလေသည်။
တောင်ပေါ်မှ ဆင်းလာစဉ်က အလျင်အမြန် ဆင်းလာခဲ့ခြင်းဖြစ်၍ တစ်စုံတစ်ယောက်က လမ်းခုလတ်၌ တားဆီးလိုလျှင်ပင် အချိန်မီမည်မဟုတ်ပေ။
သို့ရာတွင် ယခုမူ အခြေအနေက ပြောင်းလဲသွားချေပြီ။ သူသည် ပိုင်ယဲ့မြို့၌ တစ်ညလုံး နေထိုင်ခဲ့ပြီးဖြစ်ရာ အကယ်၍ တစ်စုံတစ်ဦးက ချောင်းမြောင်းတိုက်ခိုက်လိုပါက ယခုအချိန်သည် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်ပေတော့သည်။
လက်ဖက်ရည်တစ်ခွက်စာ အချိန်ခန့်အကြာတွင်မူ...နင်တောက်ရန်သည် အာရုံခံစွမ်းအားတစ်ခုကို ဖမ်းယူရရှိလိုက်၏။ ယင်းက အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးထံမှ ထွက်ပေါ်လာခြင်းပင် ဖြစ်ချေသည်။
“တွေ့ပြီ...”
အဝေးဆီမှ လေခွင်းသံနှင့်အတူ တောက်ပသော အလင်းတန်းတစ်ခုသည် ကောင်းကင်ယံကို ဖြတ်သန်း၍ ပျံသန်းလာတော့သည်။
ဝါးရွက်စိမ်း၏ အရှိန်မှာ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အရှိန်ကို အဘယ်သို့ ယှဉ်နိုင်ပါမည်နည်း။ လွတ်မြောက်ရန် လမ်းစမရှိတော့ပေ။
“သမင်ကြီး... မင်း အရင်ပုန်းနေတော့”
နင်တောက်ရန်သည် အသက်ကို ပြင်းပြင်းရှူလျက် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ရှောင်လွှဲ၍မရနိုင်မှန်း သိလိုက်ပြီး ခါးရှိ ဝိညာဉ်သားရဲအိတ်ကို ချက်ချင်းပင် ပုတ်လိုက်သည်။
“အူးးးး~~~”
သမင်အူကြောင်ကြီးမှာ သူ၏အစ်ကိုဖြစ်သူကို တစ်ယောက်တည်း အန္တရာယ်ကြား မထားခဲ့လိုသဖြင့် အော်ဟစ်ငြင်းဆန်နေသော်လည်း နောက်တစ်စက္ကန့်တွင်မူ ဝိညာဉ်စွမ်းအားများ လွှမ်းခြုံသွားကာ အိတ်အတွင်းသို့ ရောက်ရှိသွားတော့သည်။
...
“သူငယ်ချင်းလေးနင်...”
လေထုအကြား မြူတိမ်များထဲမှ ပြာလွင်သော ဝတ်စုံနှင့် ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက်လာ၏။ ယင်းက တခြားသူမဟုတ်၊ ဝမ့်မိသားစု၏ ဘိုးဘေးကြီးပင် ဖြစ်ပေသည်။
ချက်ချင်းဆိုသလိုပင် အရပ်သုံးမျက်နှာမှ ပျံသန်းရေးမှော်လက်နက် အသီးသီး ရောက်ရှိလာကြရာ အားလုံးမှာ ဝမ့်မိသားစုမှ ဝိညာဉ်စွမ်းအင်သန့်စင်မှု အဆင့်မြင့်ပိုင်း ကျင့်ကြံသူများ ဖြစ်ကြကုန်၏။
မိသားစုခေါင်းဆောင် ဝမ့်လျှိူ၊ အကြီးအကဲ ဝမ့်ရှုနှင့် သခင်လေး ဝမ့်ရွှမ်ထုံတို့လည်း ပါဝင်ကြသည်။ ဝမ့်ရွှမ်ထုံမှာ အဆင့်အနိမ့်ဆုံးဖြစ်သော်လည်း ဝိညာဉ်စွမ်းအင်သန့်စင်မှု အဆင့် (၈) သို့ ရောက်ရှိနေသူ ဖြစ်ပေသည်။
“မိတ်ဆွေနင်...”
ဝမ့်ရွှမ်ထုံက တည်ငြိမ်စွာ ပြုံးလျက် “မတွေ့ရတာ ကြာပြီပဲ... မိတ်ဆွေနင်ကို တွေ့ဖို့ဆိုတာ တကယ့်ကို မလွယ်ကူဘူး၊ ဒီနေ့ ဘိုးဘေးကြီးကိုယ်တိုင် ကြွရောက်လာလို့သာပေါ့၊ မဟုတ်ရင်တော့ လူမိခဲလှတဲ့ ခင်ဗျားကို တွေ့ရဖို့ ခက်ဦးမှာပဲ” ဟု ဆိုလေသည်။
အမှန်စင်စစ် ဝမ့်ရွှမ်ထုံမှာ သူ၏ဘိုးဘေးကြီးသည် အလွန်အမင်း ဂရုစိုက်လွန်းသည်ဟု တွေးတောနေမိ၏။
အဆင့်မြင့်ကျင့်ကြံသူ သုံးဦးရှိနေသည်ကို အဆင့် (၄) မျှသာရှိသော ကျင့်ကြံသူလေးတစ်ဦးအတွက် ဘိုးဘေးကြီးကိုယ်တိုင် လာရန် လိုအပ်သလော။
သို့သော်လည်း ဘိုးဘေးကြီးကမူ သူ မကွယ်လွန်မီ မိသားစုအတွက် လက်တွေ့ကျသော အလုပ်အချို့ကို လုပ်ဆောင်ပေးခဲ့လိုသည်ဟု ဆိုကာ လိုက်ပါလာခြင်း ဖြစ်ပေသည်။ လူသည် အသက်ကြီးလာလေ၊ ပို၍ ကြောက်တတ်လာလေ ဖြစ်တန်ရာ၏။
“သူငယ်ချင်းလေးနင်... ငါတို့ကတော့ ရိုင်းပျမိသလို ဖြစ်သွားပြီ” ဟု ဝမ့်ဘိုးဘေးကြီးက ယဉ်ကျေးသော လေသံဖြင့် ဆိုလာသည်။ “ငါ ဒီကို လာရတာကတော့ ရှစ်ကူးအရပ်က ငါတို့ ဝမ့်မိသားစုရဲ့ သဘောထားကို ထပ်လောင်းပြောကြားဖို့ပါပဲ။
မင်းသာ ငါတို့မိသားစုမှာ အကြီးအကဲအဖြစ် ဝင်ရောက်မယ်ဆိုရင် ဝိညာဉ်ကျောက်တုံး၊ ကျင့်စဉ်၊ ကျင့်ကြံရာဂူဗိမာန်နဲ့ မိန်းမလှလေးတွေကိုပါ ချီးမြှင့်ပေးမှာပါ။ ငါ့ရဲ့မြေးမလေး မန်ရို့ကိုတောင် မင်းရဲ့ ကျင့်ကြံဖော်အဖြစ် ထည့်ပေးနိုင်ပါတယ်၊ အလေးအနက် ထပ်ပြီး စဉ်းစားပေးပါဦးမလား”
နင်တောက်ရန်က မျက်မှောင်ကြုတ်လျက် “အကယ်၍ ကျွန်တော်က သဘောမတူဘူးဆိုရင် ဒီနေ့ ဒီနေရာကနေ ထွက်သွားခွင့်ရမှာ မဟုတ်ဘူးပေါ့... ဟုတ်လား” ဟု မေးလိုက်၏။
“မိတ်ဆွေကလည်း မြှောက်ပင့်လွန်းနေပါပြီ” ဟု ဝမ့်ရွှမ်ထုံက လှောင်ပြုံးဖြင့် ဆိုသည်။ “ငါတို့ ဝမ့်မိသားစုက အဲ့ဒီလောက်တော့ အရှက်မရှိပါဘူး၊ ဒါပေမဲ့ မင်းက ဒီလောက်တောင် ခေါင်းမာနေဦးမယ်ဆိုရင်တော့ ငါတို့ဘက်က အတင်းအကျပ် ဖိတ်ခေါ်ပြီး ဝိညာဉ်စိုက်ပျိုးရေး အကြီးအကဲအဖြစ် ခန့်အပ်ရတော့မှာပဲ”
“ဪ...”
နင်တောက်ရန်က ခပ်ပြုံးပြုံးသာ တုန့်ပြန်လိုက်သော်လည်း သူ၏ ဝတ်စုံလက်အင်္ကျီအတွင်း၌မူ မန္တန်စက္ကူအချို့ကို အဆင်သင့် ကိုင်ထားပြီးဖြစ်၏။
အရင်ကဆိုလျှင် သူသည် ဤမျှ ရဲတင်းဝံ့မည်မဟုတ်သော်လည်း ယခုမူ သူ၏လက်ထဲတွင် ဒုအဆင့် (၂)အဆင့်မြင့်မန္တန်ရှိနေသည့်အပြင် 'မူလသဘာဝသို့ ပြန်လည်ရောက်ရှိခြင်းအဆင့်' ရှိသော ငွေနဂါးလှံကျင့်စဥ်ကိုလည်း ပိုင်ဆိုင်ထားချေပြီ။ ထို့ကြောင့် ဤပြဿနာကို ဤနေရာ၌ပင် အပြီးတိုင် ဖြေရှင်းရန် ဆုံးဖြတ်လိုက်တော့သည်။
“ဘယ်လိုလဲ...” ဝမ့်ဘိုးဘေးကြီးက နှာခေါင်းရှုံ့လျက် “မင်းက အရမ်းကို မောက်မာလှချည်လား၊ တိုက်ခိုက်ဖို့ စိတ်ကူးနေတာလား” ဟု မေးလိုက်၏။
“ကျွန်တော့်မှာ ဘယ်လိုလုပ်ပြီး အဲ့ဒီလောက် သတ္တိရှိပါ့မလဲ” ဟု နင်တောက်ရန်က တည်ငြိမ်စွာ ဆိုသည်။
“ခင်ဗျားတို့အားလုံးက စီနီယာပညာရှင်တွေချည်းပဲ၊ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူလည်း ပါနေသေးတယ်... ဝိညာဉ်စွမ်းအင်သန့်စင်မှု အဆင့် (၄) မျှသာရှိတဲ့ ကျွန်တော်က လက်နက်ချရုံကလွဲလို့ ဘာတတ်နိုင်မှာလဲ”
“ဟားဟားဟား...” ဝမ့်ရှုက ရယ်မောလျက် “မိတ်ဆွေနင် အသိတရားရှိတာ ကောင်းပါတယ်” ဟု ဆိုလိုက်၏။
သို့ရာတွင် ထိုခဏ၌ပင် ပြင်းထန်သော ဝိညာဉ်စွမ်းအားတစ်ခု ရုတ်ချည်း ပေါက်ကွဲထွက်ပေါ်လာတော့သည်။
“မကောင်းတော့ဘူး...” ဝမ့်ဘိုးဘေးကြီးက ပထမဦးဆုံး သတိပေးလိုက်သော်လည်း နောက်ကျသွားခဲ့ချေပြီ။
နင်တောက်ရန်သည် အဆင့်(၁) အဆင့်မြင့် လျင်မြန်ခြင်းမန္တန်ကို အသုံးပြုကာ ဝမ့်ဘိုးဘေးကြီး၏ ရှေ့မှောက်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားတော့၏။
ချက်ချင်းပင် အဆင့်(၂) အဆင့်မြင့် 'နှင်းခဲမန္တန်' ကို အသုံးပြုလိုက်ရာ အေးစက်လှသော ဝိညာဉ်စွမ်းအားတို့သည် ဆူနာမီလှိုင်းလုံးကြီးကဲ့သို့ ထွက်ပေါ်လာပြီး ဝမ့်ဘိုးဘေးကြီးကို ထူထပ်သော ရေခဲလွှာများအတွင်း၌ လှုပ်မရအောင် ပိတ်ဆို့ထားလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် အဆင့်(၁) အဆင့်မြင့် မီးလျှံမန္တန်ကို ဝမ့်လျှိူထံသို့လည်းကောင်း၊ အဆင့် (၁)အလတ်တန်း အအေးလေပြေမန္တန် နှစ်ချပ်ကို ဝမ့်ရှုနှင့် ဝမ့်ရွှမ်ထုံတို့ထံသို့လည်းကောင်း အသီးသီး ပစ်လွှတ်လိုက်ချေသည်။
“ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ” ဝမ့်လျှိူသည် မန္တန်များကို တားဆီးရန် ကြိုးပမ်းရင်း မျက်နှာတစ်ခုလုံး ဖြူလျော့သွားတော့သည်။ ဤမျှ အစွမ်းထက်သော မန္တန်များကို ခဏချင်းအတွင်း၌ အသုံးပြုနိုင်ရန်မှာ အဆင့် (၄) ကျင့်ကြံသူတစ်ဦးအတွက် အဘယ်သို့ ဖြစ်နိုင်ပါမည်နည်း။
“ဝူးးးး—”
အေးစက်လှသော လှံရှည်တစ်စင်းသည် နင်တောက်ရန်၏ သိုလှောင်အိတ်အတွင်းမှ ဝဲပျံထွက်လာ၏။ ဝမ့်ရှုမှာ အကြီးအကျယ် ထိတ်လန့်သွားပြီး “ဒီကောင်က ပါးနပ်တယ်၊ သူက ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားတာပဲ” ဟု အော်ဟစ်လိုက်သော်လည်း နောက်ကျသွားခဲ့ချေပြီ။
ကောင်းကင်ယံမှ ငွေရောင်အလင်းတန်းတစ်ခု ကျဆင်းလာကာ ဝမ့်ရှု၏ ဦးခေါင်းတည့်တည့်သို့ ကျရောက်သွားတော့သည်။
[လျှို့ဝှက်ကျင့်စဉ် - ရေသောက်ဆင်းသော ငွေနဂါး...]
နဂါးဟိန်းသံနှင့်အတူ လှံဖျားကျရောက်သွားသည့်ခဏ၌ ဝမ့်ရှု၏ ဦးခေါင်းမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားရချေသည်။
ဝမ့်ရွှမ်ထုံမှာ အံ့အားသင့်နေစဉ်မှာပင် ငွေရောင်လှံအလင်းတန်းသည် သူ၏ နှလုံးသားတည့်တည့်သို့ ထိုးဖောက်ဝင်ရောက်သွားကာ အသက်ပျောက်စေခဲ့ပြန်သည်။
“ညီလေး... ရွှမ်ထုံ...”
ဝမ့်မိသားစုခေါင်းဆောင် ဝမ့်လျှိူမှာ ရင်ကွဲမတတ် ခံစားရကာ သူ၏ အစွမ်းရှိသမျှဖြင့် နင်တောက်ရန်ကို တိုက်ခိုက်တော့သည်။
သို့ရာတွင် နင်တောက်ရန်က ‘ဆောင်းဦးရေစင်ဓား’ ကို ထုတ်ယူ၍ 'ထာဝရစိမ်းလန်းခြင်းကျင့်စဉ်' ၏ အဆင့် (၇) အစွမ်းဖြင့် ခုခံလိုက်၏။
ထိုစဉ်မှာပင် နှင်းခဲမန္တန်၏ အစွမ်းကို ချိုးဖောက်ရန် ကြိုးစားနေသော ဝမ့်ဘိုးဘေးကြီးက “လျှိူအာ... သတိထား” ဟု အော်ဟစ်လိုက်သည်။
သို့ရာတွင် ဝမ့်လျှိူမှာ နောက်သို့လှည့်ကြည့်လိုက်စဉ်မှာပင် ကြွေထည်အက်ကြောင်းကလေးတစ်ခုသည် တိတ်ဆိတ်စွာ ဝဲပျံလာပြီး သူ၏လည်ပင်းကို ဖြတ်တောက်သွားခဲ့ချေပြီ။
“မင်း... မင်းလို နတ်ဆိုးကောင်...”
ဝမ့်ဘိုးဘေးကြီး၏ မျက်လုံးများမှာ ပြူးထွက်လာတော့၏။ ဝမ့်မိသားစု၏ အနာဂတ်အတွက် အုတ်မြစ်တည်ဆောက်ခြင်းအဆင့်တစ်ဦး၊ အဆင့်မြင့်ကျင့်ကြံသူ သုံးဦးတို့သည် မျက်စိတစ်မှိတ်အတွင်း၌ပင် အရေးနိမ့်သွားရပေရာ ဤသည်မှာ သူ လုံးဝမျှော်လင့်မထားသော အိမ်မက်ဆိုးတစ်ခုပင် ဖြစ်ပေတော့သည်။
နင်တောက်ရန်သည် အခွင့်အရေးကို လက်လွတ်မခံဘဲ ဝမ့်ဘိုးဘေးကြီးထံသို့ တိုက်ရိုက် ဦးတည်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရွှေရောင်ဝိညာဉ်စွမ်းအားများ ဖုံးလွှမ်းသွားကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာတော့၏။
“မင်းကို သတ်ပစ်မယ်”
ဝမ့်ဘိုးဘေးကြီးသည် နှင်းခဲမန္တန်၏ အချုပ်အနှောင်မှ လွတ်မြောက်သွားပြီးနောက် ရွှေရောင်ဓားတိုတစ်စင်းဖြင့် နင်တောက်ရန်ကို အပြင်းအထန် တိုက်ခိုက်တော့သည်။ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အစွမ်းမှာ အမှန်တကယ်ပင် ပြင်းထန်လှပေရာ နင်တောက်ရန်၏ ပုခုံးပေါ်၌ သွေးစိမ်းရှင်ရှင် ထွက်သွားရချေသည်။
သို့ရာတွင် နင်တောက်ရန်သည်လည်း အလျှော့မပေးဘဲ 'ပင်လယ်တွင်းမှ ထွက်ပေါ်လာသော ငွေနဂါး' ဖြင့် ဝမ့်ဘိုးဘေးကြီး၏ ရင်ဘတ်ကို ထိုးဖောက်နိုင်ခဲ့သည်။
တိုက်ပွဲမှာ အလွန်ပင် ပြင်းထန်လှ၏။ နင်တောက်ရန်၏ ဝတ်စုံမှာ မီးလောင်ကျွမ်း၍ စုတ်ပြတ်သတ်သွားသော်လည်း သူသည် သူ၏ လျှို့ဝှက်ကျင့်စဥ်များကို တစ်ခုပြီးတစ်ခု အသုံးပြုကာ တိုက်ခိုက်နေဆဲပင်ဖြစ်သည်။
“ဝိညာဉ်စွမ်းအင်သန့်စင်မှု အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်က အုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို သတ်နိုင်မယ် ထင်နေတာလား” ဟု ဝမ်ဘိုးဘေးကြီးက ကြုံးဝါးလိုက်စဉ်မှာပင်...
နင်တောက်ရန်၏ လှံချက်သည် ကောင်းကင်မှ ကျဆင်းလာကာ ဝမ့်ဘိုးဘေးကြီး၏ ဦးခေါင်းခွံကို ရိုက်ခွဲလိုက်တော့သည်။
ထို့နောက် သွေးရောင်နွယ်ကြိုးတစ်မျှင်နှင့် ကြွေထည်အက်ကြောင်းကလေးတို့၏ တိတ်ဆိတ်သော တိုက်ခိုက်မှုအောက်တွင် ဝမ့်ဘိုးဘေးကြီး၏ ဦးခေါင်းမှာ လည်ပင်းမှ ပြတ်တောက်ကာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားရလေတော့သတည်း။
တိုက်ပွဲဖြစ်ပွားရာ မြေပြင်မှာ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးနေချေပြီ။ နင်တောက်ရန်သည် ချက်ချင်းပင် သူ၏ အရှိန်အဝါများကို ဖုံးကွယ်ကာ ဝမ့်မိသားစုဝင် လေးဦး၏ ရတနာများနှင့် သိုလှောင်အိတ်များကို သိမ်းဆည်းလိုက်သည်။
ထို့နောက် 'ဝိညာဉ်ရှာဖွေခြင်းကျင့်စဥ်' ကို အသုံးပြု၍ သူတို့၏ ဝိညာဉ်ကြွင်းကျန်ရစ်မှုများကို ရှာဖွေစုံစမ်းလိုက်၏။
အားလုံးပြီးစီးသောအခါ မီးလုံးများဖြင့် ရုပ်အလောင်းများကို ပြာကျအောင် ရှို့ပစ်လိုက်တော့သည်။ နင်တောက်ရန်သည်ဝိညာဥ်အရှိန်အဝါဖုံးကွယ်ခြင်းကိုအသုံးပြုကာ တောနက်အတွင်းသို့ အမြန်ဆုံး ထွက်ခွာလာခဲ့၏။
မိုင်အနည်းငယ်ရောက်မှ ဝါးရွက်စိမ်းကို ပြန်လည်ထုတ်ယူကာ ဝတ်စုံသစ်လဲလျက် သမင်ကြီးကို ပြန်လည်ထုတ်ပေးလိုက်သည်။
“အူးးးး~~~” သမင်ကြီးက နင်တောက်ရန်၏ ဒဏ်ရာရထားသော လက်မောင်းကို ပွတ်သပ်ကာ စိုးရိမ်နေရှာသည်။
“မစိုးရိမ်ပါနဲ့၊ အဆင်ပြေပါတယ်” နင်တောက်ရန်သည် ထာဝရစိမ်းလန်းခြင်းကျင့်စဥ်ကို အသုံးပြု၍ ဒဏ်ရာများကို ကုသလိုက်ရာ မကြာမီမှာပင် အသားစသစ်များ ပြန်လည်ထွက်ပေါ်လာတော့သည်။
သူသည် အနန္တဂိုဏ်းသို့ တိုက်ရိုက် မပြန်တော့ပေ။ တိုက်ပွဲကြောင့် ဖြစ်ပေါ်ခဲ့သော ကောင်းကင်ယံမှ နိမိတ်များကြောင့် ဂိုဏ်းမှ ပညာရှင်များ ရောက်ရှိလာနိုင်ပေရာ၊ သူသည် ဟွမ်လုံစျေးသို့ အရင်သွားရန် ဆုံးဖြတ်လိုက်သည်။
ဤသည်မှာ သူ တာဝန်ပြီးဆုံးပြီးနောက် ဟွမ်လုံစျေးသို့ သွားရောက်ခဲ့သည်ဟူသော ခိုင်လုံသော အထောက်အထား ဖန်တီးရန်ပင် ဖြစ်ပေတော့သည်။
ဤကဲ့သို့သော ကိစ္စရပ်များတွင် အမှားအယွင်းမရှိစေရန် ဂရုတစိုက်နှင့် အစီအစဉ်တကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သူသည် ကောင်းစွာ နားလည်ထားပေရာသတည်း။
***