သူသည် နေရာမှ ထရပ်ကာ ငါးကန်အနားသို့ လျှောက်သွားလိုက်၏။ ထို့နောက် မြေပြင်ကို ခြေတစ်ဖက်ဖြင့် ခပ်ဖွဖွနင်းလိုက်ရာ အသက်ဒြပ်စွမ်းအားများ ပြည့်နှက်နေသော ‘ထာဝရစိမ်းလန်းခြင်းကျင့်စဉ်’ ၏ ဝိညာဉ်လှိုင်းတစ်ခုမှာ ဟုန်းဟုန်းတောက် ထွက်ပေါ်သွားပြီး ငါးကန်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
ရွှံ့နွံများအတွင်းမှ အနက်ရောင်ငါးကြီးမှာ စူးစူးဝါးဝါး အော်ဟစ်သံတစ်ခု ပြုလုပ်လိုက်ချေသည်။
ယင်းက အမြီးကို ခါယမ်းလျက် လှိုင်းတံပိုးများကြားမှ ရေပြင်ပေါ်သို့ ပေါ်ထွက်လာပြီးလျှင် နင်တောက်ရန်ကို ကြည့်ကာ ခေါင်းတငြိမ့်ငြိမ့်နှင့် အသက်ဘေးမှ ချမ်းသာပေးရန် တောင်းပန်နေသည့်အလား ပြုမူနေတော့၏။
“ထူးဆန်းလိုက်တာ...”
နင်တောက်ရန်က မျက်မှောင်ကြုတ်လျက် ရေရွတ်မိသည်။ သူ ငါးသားပေါက်များ ဝယ်ယူစဉ်က ဤကဲ့သို့သော အသားစားငါးမျိုး ပါဝင်ခဲ့ခြင်း မရှိပေ။
အကယ်၍ ထူးခြားသည့် အကြောင်းရင်းမရှိပါက ဤအကောင်သည် အပြင်မှ အလိုအလျောက် ရောက်ရှိလာခြင်းသာ ဖြစ်ပေလိမ့်မည်။
ဆိုလိုသည်မှာ နင်တောက်ရန်၏ မျက်စိအောက်တွင်ပင် ဤငါးမည်းကြီးသည် ငါးသားပေါက်များနှင့် အရွယ်ရောက်ပြီး ဝိညာဉ်ငါးများကို အဆက်မပြတ် စားသောက်ရင်း သာမန်ငါးဘဝမှ အဆင့် (၁)အနိမ့်တန်း နတ်ဆိုးသားရဲအဖြစ်သို့ပင် ရောက်ရှိသွားခြင်း ဖြစ်ချေသည်။
အကယ်၍ ဤသို့သာ ဆယ်စုနှစ်နှင့်ချီ၍ ဆက်လက်စားသုံးနေပါက ငါးဘုရင်ကြီးပင် ဖြစ်လာနိုင်ချေရှိသည် မဟုတ်လော။
“ငါ့ရဲ့ ဝိညာဉ်ငါးတွေကို စားဖို့ မင်းကို ဘယ်သူက ခွင့်ပြုလို့လဲ”
နင်တောက်ရန်က အမှတ်မထင် မေးလိုက်၏။
အနက်ရောင်ငါးကြီးမှာ တစ်ကိုယ်လုံး တုန်ရင်သွားကာ မျက်နှာတွင် အသနားခံသော အမူအရာများ ပေါ်လွင်လာတော့သည်။
နင်တောက်ရန်၏ အကြည့်ကို မြင်သည်နှင့် မိမိဘဝမှာ ‘ငါးကင်’ အဖြစ်သို့ ပြောင်းလဲရန် လက်တစ်လုံးအလိုသာ ရှိတော့ကြောင်း သူ သိရှိသွားပုံရသည်။
နင်တောက်ရန်က သူ့ကို သတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိပေ။ ငါးကန်အတွင်း ဤကဲ့သို့သော ထူးဆန်းသည့် ဖြစ်ရပ် ပေါ်ပေါက်လာခြင်းမှာ စိတ်ဝင်စားဖွယ်ကောင်းလှသဖြင့် အရင်ဆုံး လေ့လာကြည့်ရန်သာ ဆုံးဖြတ်လိုက်၏။
“ဒီနေ့ကစပြီး ဝိညာဉ်ငါးတွေကို စားခွင့်မရှိတော့ဘူး၊ သာမန်ငါးတွေကိုပဲ စားရမယ်”
အကယ်၍ စည်းကျော်လာဦးမည်ဆိုပါက မင်းကို ငါးအစိမ်းသုပ်အဖြစ် ပြုလုပ်ပစ်မည်ဟုလည်း ခြိမ်းခြောက်လိုက်သေးသည်။
“ကျိ... ကျိ...”
အနက်ရောင်ငါးကြီးမှာ ထိတ်လန့်တကြား အော်ဟစ်ရှာသည်။ မိမိကိုယ်ကို အစိတ်စိတ်အမြွှာမြွှာ အလှီးခံရမည့် မြင်ကွင်းမှာ တွေးကြည့်ရုံနှင့်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
“ဒီနေ့ကစပြီး မင်းနာမည်က ‘ရှောင်ဟေးကျိ’ ပဲ”
နင်တောက်ရန်က သူ့ကို ဂရုမစိုက်တော့ဘဲ ရှေ့ခြံဝန်းအတွင်းသို့ ပြန်လာကာ ကိုယ်ခံပညာများကိုသာ ဆက်လက်လေ့ကျင့်နေတော့သည်။
ငါးမည်းကြီးမှာ အမြီးကို ခါယမ်းလျက် တုန်လှုပ်နေကြသော ဝိညာဉ်ငါးအုပ်စုကို လှည့်ကြည့်ကာ သက်ပြင်းချမိရှာသည်။ နောင်တွင် ဤဝိညာဉ်ငါးများကို ကြည့်ရုံသာ ကြည့်ရတော့မည်ဖြစ်ရာ၊ ဤသို့ဆိုလျှင် သူသည် ကြည့်ရုံသာ ကြည့်ရပြီး စားခွင့်မရှိခြင်း မှာ အဘယ်မှာ ထူးခြားပါဦးမည်နည်း။
...
ရက်အနည်းငယ်အကြာ။
နင်တောက်ရန်သည် ငါးကန်သို့ တစ်ခေါက် ပြန်လည်ရောက်ရှိလာပြန်သည်။
“ရှောင်ဟေး... အလုပ်ဆင်းဖို့ အသင့်ပြင်စမ်း”
“ကျိ...”
ငါးမည်းကြီးသည် အမြီးကို ခတ်ကာ ရေပြင်ပေါ်သို့ ပေါ်လာပြီးလျှင် ခေါင်းတစ်ခုလုံးကို ရေပေါ်ဖော်လျက် နင်တောက်ရန်ကို ကြောက်ရွံ့ရိုသေစွာ ကြည့်နေတော့သည်။
“မဆိုးပါဘူး”
နင်တောက်ရန်က အာရုံခံစွမ်းအားဖြင့် စစ်ဆေးကြည့်ကာ ရယ်မောလိုက်၏။ “ငါးကန်က ဒီလောက်ပဲရှိတာ၊ သာမန်ငါးတွေကို စားတဲ့အခါမှာလည်း ချွေတာစားဦး။ ဟင်းသီးဟင်းရွက်လေးဘာလေးလည်း စားကြည့်ပါဦးလား”
စိမ်းလဲ့ဝါးဝိညာဉ်ဆန်၏ အရိုးအဆစ်နှင့် အရွက်များမှာ ဝိညာဉ်စွမ်းအင် ကြွယ်ဝလှပေရာ၊ ယင်းကို စားသုံးခြင်းက ကျင့်ကြံမှုအတွက် အထောက်အကူ ဖြစ်ပေလိမ့်မည်။
ငါးမည်းကြီးက ခေါင်းတငြိမ့်ငြိမ့် ပြုလုပ်ရှာသည်။ ဤသခင်ကြီးမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပေရာ၊ အကယ်၍ အမှားအယွင်း တစ်ခုခုလုပ်မိပါက ငါးအစိမ်းသုပ် ဖြစ်သွားမည်မှာ ဧကန်မုချပင်။ ထို့ကြောင့် သူသည် နင်တောက်ရန်၏ ရှေ့တွင်ပင် ရေထဲရှိ ဝါးရွက်များကို တစ်လုတ်ချင်း စားပြနေတော့သည်။
စားကြည့်ရာတွင်လည်း ဝိညာဉ်စွမ်းအင်မှာ အမှန်တကယ်ပင် ပြည့်ဝလှချေသည်။ အရသာမှာ ဝိညာဉ်ငါးများကို မမီသော်လည်း ကျင့်ကြံမှုအတွက်မူ ပိုမိုအကျိုးရှိသည်မှာ အမှန်ပင်ဖြစ်သည်။
အသက်ရှင်သန်ရေးနှင့် လမ်းစဉ် အတွက် သူသည် သတ်သတ်လွတ်စားသော ငါးမည်းကြီးတစ်ကောင် ဖြစ်လာရန် ဆုံးဖြတ်လိုက်တော့သည်။
နှစ်ပတ်အကြာ။
နင်တောက်ရန်သည် လှုပ်ရှားရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်၏။
သမင်ကြီးကို အိမ်တွင်ထားခဲ့ကာ ဝိညာဉ်လယ်ကွင်းများကို စောင့်ရှောက်စေပြီးလျှင် သူသည် ‘ဝါးရွက်စိမ်း’ ကို စီးနင်းကာ အနန္တဂိုဏ်းမှ ထွက်ခွာခဲ့တော့သည်။ သူသည် ရှန်ယန်နယ်မြေအတွင်းရှိ အခြားသော မြို့ရွာများသို့ ဦးတည်ခဲ့၏။
သုံးရက်တာ ကာလအတွင်း နင်တောက်ရန်သည် စျေးပေါင်း ၉ ခုသို့ သွားရောက်ခဲ့သည်။ စျေးတစ်ခုသို့ ရောက်တိုင်း သူသည် အဝတ်အစားနှင့် ရုပ်သွင်ကို လဲလှယ်ကာ ပြီးပြည့်စုံသော ‘ဝိညာဥ်အရှိန်အဝါဖုံးကွယ်ခြင်းကျင့်စဥ်’ ကို အမြဲတမ်း အသုံးပြုထားခဲ့ပေသည်။
ဤသို့ဖြင့် နေရာဒေသအမျိုးမျိုး၊ အချိန်အမျိုးမျိုးနှင့် မတူညီသော ရုပ်သွင်အမျိုးမျိုးဖြင့် သူသည် ဝမ့်မိသားစုထံမှ ရရှိထားသော ပစ္စည်းအရပ်ရပ်ကို ရောင်းချပစ်လိုက်တော့သည်။
ယင်းတို့အနက် ဝမ့်မိသားစု ဘိုးဘေးကြီး၏ ‘ရွှေရောင်ဓားတို’ မှာ အဆင့်(၂) အနိမ့်တန်း ဝိညာဉ်လက်နက် ဖြစ်ပေရာ ဝိညာဉ်ကျောက်တုံးပေါင်း ၁၀၅၀ အထိ ရရှိခဲ့၏။ အခြားသော မှော်လက်နက် ၇ ခုကိုလည်း စုစုပေါင်း ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော်ဖြင့် ရောင်းချနိုင်ခဲ့ရာ၊ ဤခရီးစဉ်အတွင်း စုစုပေါင်း ၂၅၀၀ ခန့် ရရှိခဲ့ချေသည်။
ဝမ့်မိသားစုဝင် လေးဦး၏ သိုလှောင်အိတ်များအတွင်းမှ ရရှိသော ဝိညာဉ်ကျောက်တုံးများနှင့် ပေါင်းစပ်လိုက်ပါက ယခုအခါ နင်တောက်ရန်၏ သိုလှောင်အိတ်အတွင်း၌ ဝိညာဉ်ကျောက်တုံးပေါင်း ၄၈၀၀ ကျော် ရှိနေပြီ ဖြစ်၏။
ယင်းမှာ ဝိညာဉ်စွမ်းအင်သန့်စင်မှုအဆင့်ရှိ ကျင့်ကြံသူများအကြားတွင် အလွန်ပင် ချမ်းသာကြွယ်ဝသော ပမာဏဖြစ်ပေရာ၊ အခြေတည်အဆင့် ကျင့်ကြံသူအချို့ပင် ဤမျှလောက် မပိုင်ဆိုင်ကြချေ။
သူသည် ယခုရရှိထားသော ဝိညာဉ်ကျောက်တုံးများဖြင့် ကောင်းမွန်သော ရတနာတစ်ရပ်ကို ဝယ်ယူရန် စိတ်အားထက်သန်နေတော့သည်။
နောက်တစ်နေ့တွင်မူ ဟွမ်လုံဈေးရှိ ချင်းဖူးအရောင်းဆိုင်သို့ မျက်ခုံးအနည်းငယ် ပြတ်နေသော ဓားသမားလူငယ်တစ်ဦးအသွင်ဖြင့် ရောက်ရှိလာခဲ့၏။ သူ၏ ကျင့်ကြံမှုအဆင့်ကိုလည်း အဆင့် (၆) အဖြစ် ဖော်ပြထားချေသည်။
“မိတ်ဆွေ... ဘာများ လိုအပ်ပါသလဲရှင့်”
ယင်းက ‘ချန်ဖျင်အာ’ ပင် ဖြစ်၏။ သူမသည် ယခုအခါ ဝိညာဉ်စွမ်းအင်သန့်စင်မှု အဆင့် (၃) သို့ ရောက်ရှိနေပြီဖြစ်ကာ အသွင်အပြင်မှာလည်း ပိုမိုလှပပြီး တည်ငြိမ်ရင့်ကျက်သည့် အရည်အချင်းများ ပိုင်ဆိုင်နေပြီ ဖြစ်သည်။
သူမသည် ယခုအခါ အရောင်းဆိုင်၏ ပထမထပ်တွင် မန်နေဂျာအဖြစ် တာဝန်ယူနေရပြီ ဖြစ်ချေသည်။
“ကျွန်တော် အတွင်းခံဝတ်ရုံ တစ်စုံ လိုချင်လို့ပါ” ဟု နင်တောက်ရန်က အသံကို ပြောင်းလဲကာ ပြောလိုက်သည်။ ချန်ဖျင်အာမှာမူ တစ်ဖက်လူမှာ မည်သူဖြစ်ကြောင်းကို လုံးဝ ရိပ်မိခြင်း မရှိဘဲ ပြုံးလျက် လမ်းပြခေါ်ဆောင်သွားတော့သည်။
ဆိုင်အတွင်း၌ အတွင်းခံဝတ်ရုံ အမျိုးမျိုးကို ပြသထားရာ၊ နင်တောက်ရန်၏ အကြည့်မှာ ‘ထိပ်တန်းမှော်လက်နက်’ အဆင့်ရှိသော ဝတ်ရုံတစ်ထည်ပေါ်၌ ရပ်တန့်သွား၏။
ယင်းက ငါးကြေးခွံပုံစံ ဒီဇိုင်းရှိသော ဝတ်ရုံပျော့လေးဖြစ်ပြီး ဝိညာဉ်စွမ်းအားစုဆောင်းခြင်း၊ စိတ်ကို တည်ငြိမ်စေခြင်းနှင့် တိုက်ခိုက်မှုများကို လွှဲဖယ်ပေးနိုင်ခြင်း စသည့် လျှို့ဝှက်အစီအရင်များစွာကို ထည့်သွင်းထားချေသည်။
ဝမ့်မိသားစု ဘိုးဘေးကြီးနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် နင်တောက်ရန်သည် မိမိကိုယ်မိမိ ပြန်လည်သုံးသပ်မိခဲ့၏။
သူ၏ ခန္ဓာကိုယ်မှာ မည်မျှပင် သန်မာသည်ဆိုစေဦးတော့၊ တစ်ဖက်လူ၏ လက်နက်မှာ အလွန်ထက်မြက်ပါက ဒဏ်ရာရရှိနိုင်သည်မှာ အမှန်ပင်။ ထို့ကြောင့် ခိုင်မာသော ခန္ဓာကိုယ်ရှိခြင်းမှာ တိုက်ခိုက်မှုတိုင်းကို ခန္ဓာကိုယ်နှင့် တိုက်ရိုက်ခံယူရမည်ဟု မဆိုလိုပေ။
သို့ဖြစ်ရာ အရည်အသွေးမြင့် အတွင်းခံဝတ်ရုံတစ်ထည်မှာ နင်တောက်ရန်အတွက် အရေးတကြီး လိုအပ်သောအရာ ဖြစ်လာတော့သည်။
“ဒါကိုပဲ ယူမယ်၊ ဘယ်လောက်လဲ”
ချန်ဖျင်အာက ပြုံးလျက် “ဒါက ထိပ်တန်းမှော်လက်နက်အဆင့်ဖြစ်ပြီး ကျွန်မတို့ဆိုင်က ဆရာကြီးနှစ်ဦး ပေါင်းစပ်ဖန်တီးထားတာပါ...” ဟု ရှင်းပြနေစဉ် နင်တောက်ရန်က “စကားတွေ အများကြီး မပြောပါနဲ့၊ ဈေးနှုန်းကိုပဲ ပြောပါ၊ ဝယ်နိုင်ရင် ဝယ်မယ်၊ မဟုတ်ရင် ပြန်မယ်” ဟု တိုတိုတုတ်တုတ်ပင် ပြောလိုက်၏။
ချန်ဖျင်အာမှာ ဤကဲ့သို့သော ဖောက်သည်မျိုးကို တစ်ခါမျှ မကြုံဖူးသဖြင့် အံ့အားသင့်သွားရသော်လည်း ဈေးနှုန်းကို ဝိညာဉ်ကျောက်တုံး တစ်ထောင်ဟု သတ်မှတ်လိုက်တော့သည်။ နင်တောက်ရန်သည် ချက်ချင်းပင် ကျောက်တုံးတစ်ထောင် ထုတ်ပေးကာ ပစ္စည်းကို ယူပြီး ထွက်ခွာခဲ့တော့သည်။
သူသည် လမ်းကြားများစွာကို ဖြတ်ကျော်ကာ တောအုပ်တစ်ခုအတွင်းသို့ ဝင်ရောက်လိုက်ပြီးလျှင် ‘အသက်ရှူသံဖုံးကွယ်ခြင်း’၊ ‘ကိုယ်ရောင်ဖျောက်ခြင်း’ နှင့် ‘ဝိညာဥ်အသံစုပ်ယူခြင်း’ အတတ်ပညာအားလုံးကို အသုံးချလျက် လမ်းကြောင်းအမျိုးမျိုးသို့ လွှဲကာ ဂိုဏ်းသို့ ပြန်လာခဲ့လေတော့သည်။
ယင်းက တည်ငြိမ်မှုနှင့် သတိဝီရိယကို အထူးပင် အလေးထားခြင်းပင် ဖြစ်ပေသတည်း။
(၇၇)ကွက်မြောက် ဝိညာဉ်လယ်ကွင်း။
မြေအောက် ပေ ၂၀ ခန့်ရှိ လျှို့ဝှက်ခန်းအတွင်းဝယ် နင်တောက်ရန်သည် ‘ငွေရောင်ငါးကြေးခွံဝတ်ရုံ’ ကို ဝိညာဉ်စွမ်းအားဖြင့် သန့်စင်နေတော့သည်။ တစ်နာရီခန့်အကြာတွင်မူ ယင်းကို အောင်မြင်စွာ သန့်စင်ပြီးစီးသွားခဲ့ချေပြီ။
ထိုနေ့မှစ၍ ရေချိုးချိန်မှလွဲလျှင် နင်တောက်ရန်သည် ဤဝတ်ရုံကို ဝတ်ရုံရှည်အောက်၌ အမြဲတမ်း ဝတ်ဆင်ထားခဲ့၏။
ယင်းက ဆောင်းရာသီတွင် နွေးထွေးစေပြီး နွေရာသီတွင် အေးမြစေသည့် အစွမ်းရှိရာ အလွန်ပင် နှစ်သက်ဖွယ်ကောင်းလှပေသည်။
ချုန်းပီတောင်ထိပ်ရှိ တည်ငြိမ်သော နေ့ရက်များမှာ ပျော်ရွှင်ဖွယ်ရာပင်။ သမင်ကြီးမှာလည်း ကျင့်စဉ်ကို ကြိုးစားအားထုတ်သဖြင့် ဝိညာဉ်စွမ်းအင်သန့်စင်မှု အဆင့် (၃) သို့ လျင်မြန်စွာ ရောက်ရှိနေပြီ ဖြစ်၏။
ဤအချက်က နင်တောက်ရန်ကို အလျင်အမြန် ကျင့်ကြံရန် တွန်းအားပေးနေသကဲ့သို့ ရှိနေတော့သည်။
သူသည် နေ့စဉ်မပြတ် ကျင့်စဉ်များကို လေ့ကျင့်လျက် ခန္ဓာကိုယ်ကို နှိပ်နယ်ကာ ဝိညာဉ်စွမ်းအားများကို တိုးမြှင့်နေခဲ့၏။ ကျင့်ကြံခြင်းဆိုသည်မှာလည်း ဤသို့ပင် ဖြစ်သည်မဟုတ်ပါလော။ အဆင့်တစ်ခုမှ တစ်ခုသို့ တဖြည်းဖြည်းချင်း တက်လှမ်းရခြင်းပင် ဖြစ်ချေသည်။
လယ်ကွင်းများအတွင်းဝယ် မာချွမ်ယိုသည် ဆေးတံကို ဖွာရင်း ချင်ရှန့်နှင့် ကျင့်ကြံခြင်းအတွေ့အကြုံများကို ဖလှယ်နေတတ်သည်။
ဟွမ်ရှန်မှာမူ နင်တောက်ရန်ကို မြင်သည်နှင့် ‘မိတ်ဆွေနင်’ ဟု လေးစားစွာ နှုတ်ဆက်တတ်ချေပြီ။ ယင်းမှာ နင်တောက်ရန်၏ ကျင့်ကြံမှုအဆင့်ကို အသိအမှတ်ပြုခြင်းပင် ဖြစ်ပေလိမ့်မည်။
အဘွားယွင်စွေ့မှာမူ အသက်ကြီးလာသည်နှင့်အမျှ ဝိညာဉ်လယ်ယာကို ကြည့်ရှုရန် ခက်ခဲလာရှာသည်။ ကံကောင်းထောက်မစွာဖြင့် နင်တောက်ရန်နှင့် သမင်ကြီးတို့က မကြာခဏ ကူညီပေးတတ်ကြပြီး ချန်ဝေ့မောလေးမှာလည်း အရွယ်ရောက်လာပြီ ဖြစ်သဖြင့် အဘွားကို ကူညီနိုင်နေပြီ ဖြစ်ချေသည်။
နင်တောက်ရန်၊ သမင်ကြီးနှင့် ချန်ဝေ့မောတို့၏ သံယောဇဉ်မှာလည်း ပိုမိုခိုင်မြဲလာကာ ညောင်ပင်အောက်တွင် နေ့စဉ် တွေ့ဆုံဖြစ်ကြသည်။
“ချန်ဝေ့မော”
“ရှိပါတယ်”
“ဒီနေ့ အခြေခံတွေ လေ့ကျင့်ပြီးပြီလား”
“ဟုတ်ကဲ့... ကြည့်ကြည့်ပါဦး ဆရာလေး”
“အင်း... မဆိုးဘူး၊ အဆင့် (၀) ရဲ့ အထိပ်အစွန်ကိုတောင် ရောက်နေပြီပဲ...”
ငါးကန်အနားဝယ်။
ငါးမည်းကြီးမှာ အမြဲတမ်း ပျင်းရိစွာဖြင့် စားလိုက် အိပ်လိုက်သာ ပြုလုပ်နေတတ်သည်။ နင်တောက်ရန်သည် သူ့ကို စိမ်းလဲ့ဝါးဝိညာဉ်ဆန်ဖြင့် ပြုလုပ်ထားသော မုန့်လုံးလေးများကို ကျွေးမွေးနေခဲ့၏။
“ရှောင်ဟေး”
“ကျိ”
နင်တောက်ရန်က မကျေမနပ်ဖြစ်ဟန်ဖြင့် “မင်း သေချာကျင့်ကြံဖို့ လိုတယ်။ ဒီနေ့ကစပြီး တစ်နှစ်အတွင်း ပထမအဆင့် အလတ်တန်းစားဆီကို မရောက်ဘူးဆိုရင်တော့... မင်းကို ငါးချဉ်ဟင်းအဖြစ်ပဲ တွေ့ရတော့မယ်လို့ မှတ်ထားလိုက်”
အနက်ရောင်ငါးကြီးမှာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားကာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား တုန်လှုပ်သွားတော့သတည်း။
***