ဤနေ့ဝယ် ဂိုဏ်းတူညီမလေးသည် အလည်အပတ် ရောက်ရှိလာချေသည်။
ယခုအခါ ဟန်ပင်းသည် နုပျိုပျိုမြစ်သော မိန်းမပျိုလေးတစ်ဦးအဖြစ် အရွယ်ရောက်နေပြီဖြစ်ကာ၊ တိမ်တိုက်ပန်းနွယ်များ ပါရှိသည့် ရိုးရှင်းသော အဖြူရောင်ဝတ်စုံကို ဆင်မြန်းလျက် ဓားရှည်တစ်လက်ကို ကိုင်စွဲထားရာ၊ သူမ၏ လှပသောမျက်နှာမှာ ပန်းချီကားထဲမှ ထွက်ပေါ်လာသော နတ်သမီးတစ်ပါးနှင့်ပင် တူလှတော့သည်။
အတွင်းစည်းတပည့်များစွာမှာ သူမအပေါ် သံယောဇဉ်တွယ်နေကြသည်ဟု သတင်းများ ကြားရသော်လည်း အမှန်တကယ် ဟုတ်မဟုတ်ကိုမူ မသိရပေ။
“စီနီယာနင်”
ဟန်ပင်းသည် လေဝင်လေထွက်ကောင်းသော ဧည့်ခန်းအတွင်း၌ ဝင်ထိုင်လိုက်ရင်း ပြုံးရွှင်စွာဖြင့် “ညီမလေးက အလုပ်ရှုပ်နေတဲ့ကြားကနေ စီနီယာရဲ့ လက်ရာကို မြည်းစမ်းဖို့ အချိန်လုပြီး လာခဲ့တာပါ၊ ဝိညာဉ်ငါးဆီပြန်ဟင်းရယ်၊ စိမ်းလဲ့ဝါးဝိညာဉ်ဆန်ပေါင်းပူပူလေးရယ် စားချင်ပါတယ်၊ စီနီယာပဲ ကူညီပါဦးနော်” ဟု ဆိုလာ၏။
“လာတာနဲ့ အစားအသောက် မှာတော့တာပဲလား”
နင်တောက်ရန်မှာ ခေါင်းကို ကုတ်လိုက်မိရင်း “သမင်ကြီး... ညီမလေးအတွက် ဟင်းနှစ်ပွဲလောက် သွားချက်လိုက်စမ်း” ဟု ခိုင်းစေလိုက်တော့သည်။
ထို့နောက် သူကိုယ်တိုင် နောက်ဖေးရှိ ငါးကန်သို့ ငါးဖမ်းရန် ထွက်လာခဲ့၏။
“ရှောင်ဟေး... ငါ့ကို သုံးပိဿာလောက်ရှိမယ့် ဝိညာဉ်ငါးတစ်ကောင် ပေးစမ်း၊ အပြာရောင်ငါး ဖြစ်ရမယ်နော်”
ရေပြင်ထက်၌ လှိုင်းကြက်ခွပ်များ ထွက်ပေါ်လာပြီးလျှင် ပထမအဆင့် အစောပိုင်းရှိ ငါးမည်းကြီး၏ မောင်းနှင်မှုကြောင့် သုံးပိဿာခန့်ရှိသော ဝိညာဉ်ငါးတစ်ကောင်မှာ ကမ်းပေါ်သို့ အလိုအလျောက် ခုန်တက်လာတော့သည်။ ယင်းငါး၏ မျက်လုံးများမှာ မျှော်လင့်ချက် ကင်းမဲ့နေသည့်အလား။
ဟန်ပင်းသည် ငါးကန်အနား၌ ဆောင့်ကြောင့်ထိုင်ကာ မေးထောက်လျက် စိတ်ဝင်တစား ကြည့်နေမိသည်။ ယင်းက ငယ်စဉ်ကလေးဘဝကအတိုင်းပင် ဖြစ်ချေသည်။ စီနီယာလုပ်သူ၏ ထူးဆန်းသော အပြုအမူများကို သူမ အမြဲကြည့်ခဲ့ရသည် မဟုတ်လော။
နင်တောက်ရန်၏ လှုပ်ရှားမှုများမှာ အလွန်ပင် ကျွမ်းကျင်လှ၏။ ငါးကြေးခွံခွာခြင်း၊ အတွင်းကလီစာများ ဖယ်ရှားခြင်းနှင့် ဆီအိုးတည်ခြင်းတို့ကို ခဏချင်းအတွင်း လုပ်ဆောင်သွားတော့သည်။
သမင်ကြီးကလည်း ယောက်မကြီးကို ကိုင်ကာ ဟင်းသီးဟင်းရွက်များကို ဟုန်းဟုန်းတောက် ကြော်လှော်နေချေပြီ။ ကျေးလက်ဟန် ရိုးရိုးစင်းစင်း ဟင်းလျာများဖြစ်သော်လည်း အရသာမှာမူ အလွန်ပင် ထူးကဲလှပေသည်။
နင်တောက်ရန်သည် မြေအောက်ခန်းအတွင်းမှ ဝိညာဉ်အရက်တစ်အိုးကိုပါ ထုတ်ယူကာ ညီမလေးနှင့်အတူ သုံးဆောင်ကြတော့သည်။ မကြာမီမှာပင်သူတို့ နှစ်ဦးနှင့် သမင်တို့ တပျော်တပါး စားသောက်ကြ၏။
ဝိညာဉ်အရက် အနည်းငယ် သောက်ပြီးချိန်တွင် ဟန်ပင်း၏ မျက်နှာလေးမှာ နီမြန်းလာတော့သည်။ စီနီယာနှင့်အတူ စားသောက်ရသည်မှာ သူမအတွက် အေးချမ်းပြီး စိတ်အပန်းပြေဆုံး အချိန်ပင် ဖြစ်ပေရာသည်။
“ညီမလေး...”
နင်တောက်ရန်က သူမကို ကြည့်လျက် “ခရမ်းရောင်တိမ်တိုက်တောင်ထိပ် (ခေါ် ) စီကွန်းတောင်ထိပ်မှာ ကျင့်ကြံရတာ အဆင်ပြေရဲ့လား၊ ‘ခရမ်းရောင်တိမ်တိုက်ဓားကျင့်စဉ်’ ကို အဆင့် (၄) အထိ ရောက်သွားပြီလို့ ကြားတယ်၊ ဟုတ်ရဲ့လား” ဟု မေးလိုက်သည်။
“ဟုတ်ကဲ့... အဆင့် (၄) ကို ခုတင်တင်ပဲ ရောက်တာပါ”
ဟန်ပင်းက ပါးချိုင့်လေးများ ပေါ်အောင် ပြုံးလိုက်ရင်း “မနက်ဖြန်ကစပြီး ဝိညာဉ်စွမ်းအင်သန့်စင်မှု အဆင့်မြင့်ပိုင်းကို တက်လှမ်းနိုင်ဖို့ တရားထိုင်ရတော့မယ်၊ စီနီယာကတော့ အဆင့် (၄) မှာပဲ ရှိနေသေးတာလား၊ နည်းနည်းတော့ ကြိုးစားဦးမှပေါ့၊ ညီမလေးက စီနီယာနဲ့အတူ မသေမျိုးဘဝကို တက်လှမ်းချင်သေးတာလေ”
“ဟားဟား... ကြိုးစားပါ့မယ်၊ အစွမ်းကုန် ကြိုးစားပါ့မယ်...”
အမှန်စင်စစ် အဆင့် (၇) သို့ ရောက်ရှိနေပြီဖြစ်သော နင်တောက်ရန်မှာ ခေါင်းတငြိမ့်ငြိမ့်ဖြင့်သာ တုံ့ပြန်လိုက်တော့သည်။
စားသောက်ပြီးချိန်တွင် နင်တောက်ရန်နှင့် သမင်ကြီးမှာ ဗိုက်ကို ပုတ်လျက် အားရကျေနပ်နေကြ၏။ သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လျက် မည်သူက ပန်းကန်ဆေးရမည်နည်းဟု အကဲစမ်းနေကြသည်။
“စီနီယာသမင်ကြီး...”
ဟန်ပင်းက နှုတ်ခမ်းနီနီလေးကို စေ့ကာ ပြုံးလိုက်ရင်း “ညီမလေး စီနီယာနဲ့ စကားနည်းနည်း ပြောချင်လို့ပါ၊ အဲ့ဒါ... စီနီယာသမင်ကြီးပဲ ပန်းကန်တွေ အရင်သွားဆေးလိုက်ပါလားဟင်”
“အူးးးး~~~”
သမင်ကြီးမှာ အသံခပ်တိုးတိုးပြုလျက် ပန်းကန်ခွက်ယောက်များကို သယ်ကာ နောက်ဖေးသို့ ထွက်သွားလေတော့သည်။
“စီနီယာ...”
ဟန်ပင်းသည် သိုလှောင်အိတ်ကို ခပ်ဖွဖွပုတ်လိုက်ရာ စိမ်းလဲ့သော အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ “ပြီးခဲ့တဲ့တစ်ခေါက်က တခြားစီနီယာတွေနဲ့အတူ အတွေ့အကြုံသွားယူရင်း စီနီယာနဲ့ အကိုက်ညီဆုံး ဖြစ်မယ့် ရတနာတစ်ခုကို ရခဲ့တယ်”
ယင်းက ဝါးဆစ်ပုံစံ ကျောက်စိမ်းပြားကလေး တစ်ခုဖြစ်ပြီး ထူးခြားသော ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်နေချေသည်။
“ဒါက ‘ကျောက်စိမ်းဝါးဝိညာဉ်ကျမ်း’ ပါ၊ ပထမအဆင့် ထိပ်တန်းမှော်လက်နက်ဖြစ်ပြီး ကာကွယ်ရေးအတွက် အဓိက အသုံးဝင်ပါတယ်၊ ဒါကို သန့်စင်ပြီးရင် စီနီယာ့ကိုယ်ကို ကာကွယ်ဖို့ ဝိညာဉ်အကာအကွယ်တွေ ဖန်တီးနိုင်ပါလိမ့်မယ်” ဟု ဟန်ပင်းက သာယာသော အသံဖြင့် ရှင်းပြ၏။
နင်တောက်ရန်က မျက်မှောင်ကြုတ်လိုက်မိရင်း “ညီမလေးက အဆင့်လတ်ပိုင်းမှာပဲ ရှိသေးတာဆိုတော့ ဒါက ညီမလေးအတွက် ပိုပြီး သင့်တော်ပါတယ်၊ စီနီယာ့ကို ပေးဖို့ မလိုပါဘူး။ ခရမ်းရောင်တိမ်တိုက်တောင်ထိပ်က ဆရာမနင်ချင်းမှာ တပည့်ရင်း သုံးယောက်ရှိတယ်လို့ ကြားတယ်၊ သူက ညီမလေးအတွက် အရင်းအမြစ်တွေ အများကြီး မပေးနိုင်လောက်ဘူး၊ ဒါကြောင့် ကိုယ့်အတွက်ပဲ သိမ်းထားပါ”
“စီနီယာ”
ဟန်ပင်း၏ လေသံမှာ အနည်းငယ် တည်ကြည်သွားကာ “ညီမလေးရဲ့ စေတနာကို မငြင်းပါနဲ့ စီနီယာရယ်...”
သူမ၏ ရေလိုအေးမြသော မျက်ဝန်းများဖြင့် စိုက်ကြည့်လျက် “စီနီယာ သိထားဖို့က ဟန်ပင်းရဲ့ စိတ်ထဲမှာ စီနီယာ့ကို မွေးချင်းမောင်နှမအရင်းလို သဘောထားခဲ့တာ ကြာပါပြီ၊ ညီမလေး မလိုလားတာက... စီနီယာ့ရဲ့ ကျင့်ကြံမှုတွေ ဒီအဆင့်မှာတင် ရပ်တန့်နေမှာကို မမြင်ချင်တာပါ”
စီနီယာ့အတွက် အထောက်အကူဖြစ်မည်ဆိုလျှင် သူမက အရာအားလုံးကို လုပ်ဆောင်ပေးရန် အသင့်ပင်ဖြစ်သည်။
နင်တောက်ရန်မှာ အနည်းငယ် စိတ်လှုပ်ရှားသွားမိ၏။ ညီမလေး၏ စကားများမှာ သူ လက်ခံရန် ခက်ခဲလှပေရာသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ရည်မှန်းချက်မှာ သမင်ကြီးနှင့်အတူ မသေမျိုးဘဝသို့ တက်လှမ်းရန်သာဖြစ်ပြီး၊ အဖော် ရှာရန် စိတ်ကူးမရှိခြင်းကြောင့် ဖြစ်၏။
သူ ကျင့်ကြံနေသော ‘ထာဝရစိမ်းလန်းခြင်းကျင့်စဉ်’ မှာ သက်တမ်းကို အလွန်ရှည်ကြာစေပေသည်။ ထိုသို့သော အခြေအနေမျိုးတွင် အဖော်တစ်ဦး ရှိခဲ့ပါက၊ မိမိမျက်စိရှေ့တွင်ပင် ထိုသူ သက်တမ်းကုန်၍ သေဆုံးသွားသည်ကို ကြည့်နေရမည် မဟုတ်လော။ ထိုနာကျင်မှုကို ကြိုတင်မြင်နေရသဖြင့် သူသည် ထိုလမ်းကို ရှောင်လွှဲလိုခြင်း ဖြစ်ချေသည်။
“သိပါပြီ...”
သူသည် ကျောက်စိမ်းပြားကို ညင်သာစွာ လက်ခံလိုက်ရင်း “ကျေးဇူးတင်ပါတယ် ညီမလေးရာ၊ စီနီယာ အောင်မြင်တဲ့အခါကျရင် ညီမလေးအတွက် ကောင်းတာလေးတွေ ပြန်ပေးပါ့မယ်”
ဟန်ပင်းက တခိခိ ရယ်မောလိုက်ရင်း “ညီမလေးက တစ်ခုခု ပြန်ရဖို့ မျှော်လင့်ပြီး ပေးတာမှ မဟုတ်တာပဲ” ဟု ဆို၏။ နင်တောက်ရန်က စကားအများကြီး မပြောတော့ဘဲ သူမ ပြန်ခါနီးတွင် စိမ်းလဲ့ဝါးဝိညာဉ်ဆန် ပိဿာတစ်ရာခန့် လက်ဆောင်ပေးလိုက်ပြီး အားမနာဘဲ ပြန်လာယူရန် မှာကြားလိုက်တော့သည်။
...
မြေအောက် ပေ ၂၀ ရှိ လျှို့ဝှက်ခန်းအတွင်းဝယ်။
နင်တောက်ရန်သည် ‘ကျောက်စိမ်းဝါးဝိညာဉ်ကျမ်း’ ကို သန့်စင်လိုက်ရာ၊ ယင်းမှ ထွက်ပေါ်လာသော အပြာရောင်အလင်းတန်းများသည် သူ၏ ခန္ဓာကိုယ်ပတ်လည်၌ ဝိညာဉ်အကာအကွယ်တစ်ခုကို ဖန်တီးပေးလိုက်တော့သည်။
မဆိုးလှပေ။ ဟန်ပင်းပေးသော ဤလက်ဆောင်မှာ သူနှင့် အလွန်ပင် ကိုက်ညီလှချေသည်။ အဘယ်ကြောင့်ဆိုသော် သူ ကျင့်ကြံထားသော ‘ထာဝရစိမ်းလန်းခြင်းကျင့်စဉ်’ မှာ သစ်သားဒြပ် ဖြစ်ပေရာ၊ ဤကျောက်စိမ်းဝါးနှင့် ဒြပ်ချင်း တည့်နေခြင်းကြောင့် ဖြစ်၏။
ကျင့်စဉ်စွမ်းအားကို ပေါင်းစပ်လိုက်ပါက ဤမှော်လက်နက်၏ ကာကွယ်ရေးစွမ်းအားမှာ ၃၀ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားသွားပြီး ထိပ်တန်းအဆင့်သို့ပင် ချဉ်းကပ်သွားချေသည်။
ငွေရောင်ငါးကြေးခွံဝတ်ရုံနှင့် ဤကျောက်စိမ်းဝါးဝိညာဉ်ကျမ်းတို့ ပေါင်းစပ်လိုက်လျှင် နင်တောက်ရန်၏ ကာကွယ်ရေးစွမ်းအားမှာ ဝိညာဉ်စွမ်းအင်သန့်စင်မှုအဆင့်ရှိသူများအကြားတွင် ထိပ်တန်းစာရင်းဝင် ဖြစ်သွားခဲ့ချေပြီ။
ယနေ့မှစ၍ ကျင့်ကြံခြင်းလောက၌ ငါ၏ ဘေးကင်းလုံခြုံမှုမှာ သိသိသာသာ မြင့်မားသွားခဲ့ပြီဟု သူ ဂုဏ်ယူစွာ တွေးတောမိတော့သည်။
ရက်အနည်းငယ်အကြာ။
သမင်ကြီးအတွက် ဝယ်ယူထားသော ထိုက်စွေ့အသားများမှာ ကုန်လုနီးပါး ဖြစ်လာချေပြီ။ နင်တောက်ရန်သည် တောင်ပေါ်မှ ထပ်မံဆင်းသက်ခဲ့ကာ ဟွမ်လုံဈေး၏ နောက်ဘက်ရှိ မှောင်ခိုစျေးသို့ ဦးတည်ခဲ့ပြန်သည်။
အမြဲတမ်းအတိုင်းပင် သူသည် အနန္တဂိုဏ်း၏ အပြင်စည်းတပည့်ဝတ်စုံကို ဝတ်ဆင်ထား၏။ ယင်းက သူ့အတွက် အကာအကွယ်တစ်ခုပင် မဟုတ်ပါလော။
သားသတ်ဆိုင်အတွင်းဝယ်။
“ညီလေး... ပြန်ရောက်လာပြီလား”
ဝက်သားသည်ကြီးဝမ့်သည် တောင်တစ်လုံးကဲ့သို့ ကြီးမားသော ခန္ဓာကိုယ်ကို လှုပ်ရှားလျက် ပြုံးရွှင်စွာ မေးလိုက်၏။ “ဒီတစ်ခါလည်း... အသားဖြူပဲလား”
“ဟုတ်ကဲ့” နင်တောက်ရန်က ခေါင်းငြိမ့်ပြကာ ဝိညာဉ်ကျောက်တုံး တစ်ရာကို ထုတ်ပေးလိုက်၏။ “ဆိုင်ရှင်... ဒီတစ်ခါတော့ အသား ပိဿာနှစ်ရာလောက် ပေးပါ၊ ခဏခဏ မလာချင်လို့ တစ်ခါတည်း အများကြီး ဝယ်သွားတော့မယ်”
“ဟဲဟဲ...” ဝက်သားသည်ကြီးဝမ့်က အဓိပ္ပာယ်ပါပါ ပြုံးလိုက်ရင်း “မင်းက ဒီဝိညာဉ်သမင်ကို တော်တော်လေး အလေးထားတာပဲ၊ အခုလိုသာ ကြိုးစားနေရင်တော့ ဒုတိယအဆင့် ဝိညာဉ်သားရဲအဖြစ် ပြောင်းလဲနိုင်မလားပဲနော်” ဟု ဆိုလာ၏။
နင်တောက်ရန်က တည်ငြိမ်စွာပင် “ကျွန်တော် ကျင့်ကြံခြင်းလောကထဲ မဝင်ခင်ကတည်းက သမင်ကြီးနဲ့ တွေ့ခဲ့တာပါ၊ ဒါကြောင့် သမင်ကြီးက ကျွန်တော့်အတွက် မိသားစုဝင်တစ်ယောက်လိုပါပဲ၊ ဘယ်လောက်ပဲ ကုန်ကုန် ထိုက်တန်ပါတယ်” ဟု ပြန်ပြောလိုက်သည်။
ဝက်သားသည်ကြီးဝမ့်ကလည်း စကားအများကြီး မပြောတော့ဘဲ အသားများကို ဖြတ်တောက်ကာ ပေးလိုက်ရာ နင်တောက်ရန်က သိုလှောင်အိတ်အတွင်းသို့ သိမ်းဆည်းလျက် ထွက်ခွာလာခဲ့တော့သည်။
သားသတ်ဆိုင်၏ အတွင်းခန်းဝယ်။
ပါးရိုးမြင့်မြင့်နှင့် ပိန်လှီသော လူတစ်ဦး ရှိနေချေသည်။ သူ၏ ကိုယ်မှ ဝိညာဉ်စွမ်းအင်သန့်စင်မှု အဆင့် (၈) ၏ စွမ်းအားများ ထွက်ပေါ်နေပြီး၊ နင်တောက်ရန် ထွက်သွားရာ လမ်းကြောင်းကို ယုတ်မာသော အကြည့်ဖြင့် စိုက်ကြည့်နေတော့သည်။
“သူက အနန္တဂိုဏ်းရဲ့ အပြင်စည်းတပည့်ကွ၊ ဒုတိယအဆင့် ဝိညာဉ်ဆန်ကိုတောင် စိုက်ပျိုးနိုင်တဲ့သူ၊ သူ့ကို သွားမရှုပ်တာ ပိုကောင်းမယ်”
ဝက်သားသည်ကြီးဝမ့်က နှာခေါင်းရှုံ့လျက် “မင်း ဘယ်လိုသေလို့ သေမှန်းမသိဘဲ ငါ့ကိုပါ ဆွဲမထည့်စေနဲ့ဦး” ဟု သတိပေးလိုက်၏။
“အဆင့် (၄) ကျင့်ကြံသူလေးပဲဟာ”
ပိန်လှီသောလူ၏ မျက်လုံးများတွင် လောဘရိပ်များ ယှက်သန်းနေ၏။ “နတ်ဆိုးသားရဲအသားဝယ်ဖို့ ဝိညာဉ်ကျောက်တုံး တစ်ရာကို အေးအေးဆေးဆေး ထုတ်ပေးနိုင်တယ်ဆိုရင် သူ့အိတ်ထဲမှာ အနည်းဆုံး တစ်ထောင်တော့ ရှိမှာပဲ၊ သူကိုယ်တိုင်က သေတွင်းထဲ လာတိုးတာပဲလေ”
“မင်း တကယ်ပဲ လှုပ်ရှားတော့မှာလား”
ဝက်သားသည်ကြီးဝမ့်၏ အကြည့်မှာ အေးစက်သွားကာ “သူက ငါ့ရဲ့ ဖောက်သည်ဟ၊ ငါတို့နဲ့ အရောင်းအဝယ်လုပ်ပြီးမှ ဒုက္ခရောက်သွားရင် ငါ့ဆီကို သဲလွန်စတွေ ရောက်လာလိမ့်မယ်၊ ညီလေးရာ... ငါ့စကားနားထောင်ပြီး သူ့ကို သွားမထိပါနဲ့”
“ဝမ့်အမည်ရှိတဲ့ လူကြီး...”
ပိန်လှီသောလူက ရုတ်တရက် ဝိညာဉ်ဖိအားများကို ထုတ်လွှတ်လိုက်ရာ၊ အဆင့် (၄) သာရှိသော ဝက်သားသည်ကြီးဝမ့်မှာ နောက်သို့ လွင့်ထွက်သွားကာ မျက်နှာ ပျက်သွားတော့သည်။
“ငါတို့က ညီအစ်ကိုလို ပေါင်းလာတာပဲ၊ မင်းကိစ္စတွေကိုလည်း ငါ အမြဲကူညီပေးခဲ့တယ်၊ အခုလို အခွင့်အရေးကြီးကိုတော့ မင်းက လာတားနေတယ်ပေါ့လေ”
သူ၏ အကြည့်မှာ အေးစက်လှ၏။ “မင်းမှာ မယားတွေ၊ သားသမီးတွေ အများကြီး ရှိတာပဲ၊ ဒီကောင်လေးတစ်ယောက်အတွက်နဲ့ မင်းရဲ့ စည်းစိမ်တွေအားလုံးကို စွန့်စားချင်လို့လား။ စိတ်မပူပါနဲ့၊ စျေးနားမှာ ငါ မလှုပ်ရှားဘူး၊ သူနဲ့ ဝေးရာရောက်မှ လုပ်မှာ၊ မင်းကိုလည်း ဘယ်တော့မှ ဆွဲမထည့်ဘူး”
ဝက်သားသည်ကြီးဝမ့်မှာ နဖူးမှ ချွေးများကို သုတ်လိုက်ရင်း “မင်း ဆုံးဖြတ်ပြီးပြီဆိုရင်လည်း နောက်ပေါက်ကနေပဲ ထွက်သွားတော့၊ ငါ့ကို လာမပတ်သက်နဲ့၊ နောက်ပြီး တစ်ခုပြောထားဦးမယ်၊ ဒီကောင်လေးက လေငြိမ်မျှော်စင်က အခြေတည်အဆင့်ရှိတဲ့ ဟွမ်မိသားစုနဲ့ ပတ်သက်မှုရှိတယ်နော်၊ သေချာစဉ်းစားဦး”
“စကားများလိုက်တာ”
ပိန်လှီသောလူက ခနဲ့တဲ့တဲ့ ရယ်မောလိုက်ရင်း နောက်ဖေးတံခါးမှ ကွယ်ပျောက်သွားလေတော့သည်။
အနန္တဂိုဏ်းနှင့် ဟွမ်လုံဈေးကြားရှိ ‘ဝါးစိမ်းတော’ အတွင်းဝယ်။
နင်တောက်ရန်သည် ဝါးရွက်စိမ်းကို စီးနင်းလျက် ဖြည်းညင်းစွာ ရှေ့သို့ သွားနေ၏။ သူသည် ဂိုဏ်းသို့ ပြန်ရန် အလျင်မလိုဘဲ တစ်စုံတစ်ဦးကို စောင့်နေပုံရသည်။
သားသတ်ဆိုင်၌ ရှိနေစဉ်ကပင် နင်တောက်ရန်၏ အာရုံခံစွမ်းအားက အတွင်းခန်း၌ ပုန်းအောင်းနေသော အဆင့် (၇) ရှိသူကို သိရှိထားပြီး ဖြစ်ချေသည်။ ဝိညာဉ်ကျောက်တုံး တစ်ရာ ထုတ်လိုက်ချိန်၌ ထိုသူ၏ စိတ်လှုပ်ရှားမှုမှာ သိသိသာသာ မြင့်တက်လာခဲ့သည် မဟုတ်လော။
ကျင့်ကြံခြင်းလောကမှာ အန္တရာယ်များလှသဖြင့် နင်တောက်ရန်သည် အမြဲတမ်း သတိကြီးစွာ လျှောက်လှမ်းနေသူ ဖြစ်၏။ သို့သော် ယင်းမှာ ပြဿနာကို ကြောက်ရွံ့ခြင်း မဟုတ်ပေ။ အကယ်၍ ပြဿနာက သူ့ဆီသို့ ဦးတည်လာခဲ့ပါက သူသည် ဘယ်သောအခါမှ နောက်မဆုတ်ဘဲ ထိုပြဿနာကို အမြစ်ပြတ်အောင် ရှင်းလင်းပစ်မည်သာ ဖြစ်ပေသည်။
“ဝှစ်”
အဝေးမှ ပျံသန်းရေးမှော်လက်နက်တစ်ခုသည် လေထုကို ခွဲလျက် ရောက်ရှိလာချေပြီ။
ထိုသူသည် အမှန်တကယ်ပင် ရောက်လာခဲ့လေပြီ။ မျက်နှာဖုံးစွပ်ထားသော ထိုပိန်လှီသောလူက နင်တောက်ရန်ကို ကြည့်လျက် “သိုလှောင်အိတ်ကို ထားခဲ့မယ်ဆိုရင် မင်းရဲ့ အသက်ကို ချမ်းသာပေးမယ်” ဟု ဆိုလာ၏။
“ဟုတ်လို့လား”
နင်တောက်ရန်က ပြုံးလိုက်ရင်း “သိုလှောင်အိတ်ကို ပေးလိုက်ရင်လည်း ခင်ဗျားက ကျွန်တော့်ကို သတ်မှာပဲ မဟုတ်လား၊ ကျွန်တော် သတိလက်လွတ်ဖြစ်သွားအောင် အခုလို ပြောနေတာပဲလေ”
“တော်သားပဲ” ပိန်လှီသောလူက ခနဲ့လိုက်ရင်း “ဒါပေမဲ့ တော်လွန်းတဲ့သူတွေက သက်တမ်းတိုတတ်တယ်၊ အဲ့ဒါကို ‘ဉာဏ်များရင် ဘေးသင့်တတ်တယ်’ လို့ ခေါ်တာပေါ့”
သူ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ခါးကြားမှ ဓားပျော့တစ်လက် ထွက်ပေါ်လာကာ နင်တောက်ရန်၏ ခါးဆီသို့ ဝှေ့ယမ်း တိုက်ခိုက်လိုက်တော့သတည်း။ ။
***