ထိုသူ၏ တိုက်ခိုက်မှုမှာ ရက်စက်ပြင်းထန်လှသော်လည်း နင်တောက်ရန်မှာမူ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ချေသည်။
တစ်ဖက်လူက ဓားကို ဆွဲထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ‘ဆောင်းဦးရေစင်ဓား’ မှာလည်း အိမ်မှ ထွက်ပေါ်လာပြီးဖြစ်ကာ ဓားဖျားချင်း ခပ်ဖွဖွ ထိတွေ့မိသွားတော့သည်။
“ဒုန်း”
တိုးလျသော အသံတစ်ခုနှင့်အတူ တစ်ဖက်လူ၏ ဓားပျော့မှာ ဘေးသို့ လွင့်စင်သွားခဲ့၏။
“မင်း... မင်းက”
ပိန်လှီသောလူမှာ အလွန်အံ့အားသင့်သွားရသည်။ လက်နက်ချင်း ထိတွေ့လိုက်သည်နှင့် တစ်ဖက်လူ၏ ဝိညာဉ်စွမ်းအားမှာ မိမိထက် များစွာ သာလွန်နေကြောင်း သူ သိရှိသွားခြင်းကြောင့် ဖြစ်၏။
နင်တောက်ရန်သည် ကိုယ်ကို ကိုင်းညွတ်လျက် ဝါးရွက်စိမ်းပေါ်မှ မြားတစ်စင်းအလား ခုန်တက်လိုက်ပြီးလျှင် လေထုကို ခွဲလျက် လက်သီးတစ်ချက် ပစ်သွင်းလိုက်တော့သည်။ ယင်းက ကိုယ်ခံပညာရှင်တစ်ဦး၏ အနီးကပ် တိုက်ခိုက်ရေးနည်းစနစ်ပင် ဖြစ်ချေသည်။
ပိန်လှီသောလူမှာ ထိတ်လန့်သွားကာ မည်သည့်ဂါထာမန္တန်ကိုမျှ မရွတ်ဆိုနိုင်တော့ဘဲ ရှောင်တိမ်းရန်သာ ကြိုးစားတော့သည်။ သို့သော် ရှောင်တိမ်း၍ မရခဲ့ပေ။
ပြင်းထန်သော လက်သီးချက်ကြောင့် သူ၏ ဦးခေါင်းမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားလေတော့သတည်း။
...
နင်တောက်ရန်သည် လျင်မြန်စွာပင် အလောင်းကို ရှာဖွေစစ်ဆေးပြီးနောက် မီးလုံးတစ်လုံး ပစ်လွှတ်ကာ ပြာဖြစ်အောင် အစဖျောက်လိုက်၏။
‘ဝိညာဉ်ရှာဖွေခြင်းကျင့်စဥ်’ ဖြင့် စစ်ဆေးကြည့်ရာတွင်လည်း ထူးထူးခြားခြား မရှိလှပေ။ ဤသူ၏ အမည်မှာ ‘ချန်ဟွိုက်ယီ’ ဖြစ်ပြီး ဝိညာဉ်စွမ်းအင်သန့်စင်မှု အဆင့်မြင့်ပိုင်း ကျင့်ကြံသူတစ်ဦး ဖြစ်ချေသည်။
သူသည် ဟွမ်လုံဈေး၌ ပုန်းအောင်းကာ နည်းမျိုးစုံဖြင့် အကျိုးအမြတ်ရှာလျက် မိမိ၏ ကျင့်ကြံမှုကို တိုးမြှင့်နေသူ ဖြစ်၏။
သူ၏ လက်ရှိအသွင်မှာ ‘ဝမ်ဟွာမျှော်စင်’ ဟုခေါ်သော အပျော်မယ်ရုံမှ အစေခံတစ်ဦး ဖြစ်ချေသည်။ အဆင့်မြင့် ကျင့်ကြံသူတစ်ဦးက ထိုကဲ့သို့သော နေရာမျိုးတွင် အစေခံလုပ်နေလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။
သို့သော် ကျင့်ကြံခြင်းလောကတွင် လူကို အသွင်အပြင်ဖြင့် မဆုံးဖြတ်ရန်မှာ အမြဲတမ်း သတိပြုရမည့် အချက်ပင် ဖြစ်ပေသည်။
နင်တောက်ရန်သည် ထိုသူ၏ ဝိညာဉ်ကို စစ်ဆေးရာမှ သူနှင့် ဝက်သားသည်ကြီးဝမ့်တို့ ပတ်သက်မှုကို သိရှိသွားခဲ့၏။ အကယ်၍ ချန်ဟွိုက်ယီသာ ရုတ်တရက် ပျောက်ဆုံးသွားပါက ဝက်သားသည်ကြီးဝမ့်သည် မိမိနှင့် ပတ်သက်နေကြောင်း သေချာပေါက် ရိပ်မိပေလိမ့်မည်။
ထိုသို့ဆိုလျှင် မိမိက ကျင့်ကြံမှုကို ဖုံးကွယ်ထားကြောင်းနှင့် အဆင့်မြင့်ကျင့်ကြံသူတစ်ဦးကို အလွယ်တကူ သတ်ဖြတ်နိုင်ကြောင်းပါ သိရှိသွားမည် ဖြစ်ရာ၊ ယင်းက နင်တောက်ရန်အတွက် ဘေးအန္တရာယ်တစ်ခု ဖြစ်လာနိုင်ချေရှိသည်။
ထို့ကြောင့် နင်တောက်ရန်သည် ထိုအန္တရာယ်ကို အမြစ်ပြတ်ရှင်းလင်းရန် ဟွမ်လုံဈေးသို့ ပြန်လှည့်ခဲ့တော့သည်။
မှောင်ခိုစျေး၊ သားသတ်ဆိုင်။
နင်တောက်ရန်သည် ဘာမျှ မဖြစ်ခဲ့သည့်အလား အေးအေးဆေးဆေးပင် ပြန်လည်ရောက်ရှိလာ၏။ ဝက်သားသည်ကြီးဝမ့်မှာ အံ့အားသင့်သွားသော်လည်း အမြဲတမ်းအတိုင်း ပြုံးလျက် နှုတ်ဆက်လာသည်။
“ညီလေး... ဘာလို့ ပြန်လာတာလဲ၊ အသားတွေ ထပ်ဝယ်ချင်လို့လား”
“ဆိုင်ရှင်...” နင်တောက်ရန်က ခပ်ပြုံးပြုံးဖြင့် “အတွင်းခန်းမှာ စကားခဏလောက် ပြောလို့ရမလား၊ ဆွေးနွေးစရာ အရောင်းအဝယ်တစ်ခု ရှိလို့ပါ” ဟု ဆို၏။
ဝက်သားသည်ကြီးဝမ့်မှာ အလိုက်သင့်ပင် အတွင်းခန်းသို့ လမ်းပြခေါ်ဆောင်သွားတော့သည်။ နင်တောက်ရန်သည် အတွင်းခန်းသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ‘ဝိညာဉ်ရှာဖွေခြင်းအတတ်’ ကို အသုံးပြုလိုက်တော့၏။
ဤသို့ ရှာဖွေကြည့်ရာတွင် ဝက်သားသည်ကြီး၏ စိတ်ထဲ၌ အရှက်ကင်းမဲ့သော မြင်ကွင်းများဖြင့်သာ ပြည့်နှက်နေသည်ကို တွေ့ရသဖြင့် နင်တောက်ရန်မှာ စိတ်ပျက်သွားမိသည်။
သူသည် အိပ်ရာပေါ်မှ ကိစ္စများကို ကျော်လွှားလျက် အရေးကြီးသော အချက်အလက်များကိုသာ ရှာဖွေလိုက်၏။
ထိုသို့ ရှာဖွေရာမှ ထူးခြားသော သတင်းတစ်ခု ရရှိခဲ့သည်။ ယင်းမှာ ဝက်သားသည်ကြီးဝမ့်နှင့် သူ၏ သူငယ်ချင်းတို့သည် ‘အဖြူရောင် ထိုက်စွေ့’ အရှင်တစ်ကောင်ကို အတူတူ မွေးမြူထားကြခြင်း ဖြစ်၏။ ထိုအကောင်ထံမှ အသားများကို လှီးဖြတ်ကာ ရောင်းချနေခြင်းပင် ဖြစ်ချေသည်။
နင်တောက်ရန်သည် မျက်မှောင်ကြုတ်လိုက်မိ၏။ ‘အဖြူရောင် ထိုက်စွေ့’ မှာ ကောင်းမွန်လှသော်လည်း သူ့အတွက်မူ အသက်နှင့်လဲ၍ စွန့်စားရလောက်အောင် မဆွဲဆောင်နိုင်ပေ။
ထို့ကြောင့် သူသည် ဝက်သားသည်ကြီး၏ စိတ်ထဲမှ ချန်ဟွိုင်ယီနှင့် မိမိတို့အကြောင်းကို ဖျောက်ဖျက်လိုက်ပြီး၊ အခြားသော ကျင့်ကြံသူတစ်ဦးထံ အသားရောင်းလိုက်သည့် ပုံရိပ်အသစ်တစ်ခုကို ထည့်သွင်းပေးလိုက်တော့သည်။
နင်တောက်ရန်သည် အစဖျောက်ပြီးနောက် အေးအေးဆေးဆေးပင် ထွက်ခွာခဲ့တော့၏။ ဝက်သားသည်ကြီး နိုးလာချိန်တွင်မူ ဘာမျှ မမှတ်မိတော့ဘဲ မိမိကိုယ်မိမိ အသက်ကြီး၍ အိပ်ငိုက်သည်ဟုသာ ထင်မှတ်ကာ အလုပ်များကို ဆက်လက်လုပ်ကိုင်နေတော့သတည်း။
(၇၇)ကွက်မြောက် ဝိညာဉ်လယ်ကွင်း။
နင်တောက်ရန်သည် ချန်ဟွိုင်ယီထံမှ ရရှိသော ပစ္စည်းများကို စစ်ဆေးကြည့်ရှုနေ၏။ ဓားပျော့မှာ ဝိညာဉ်ကျောက်တုံး ၈၀ ခန့်သာ တန်ကြေးရှိပြီး ပျံသန်းရေးကိရိယာမှာလည်း ‘ဝါးရွက်စိမ်း’ လောက် မကောင်းလှပေ။
ထို့ပြင် ဝိညာဉ်ကျောက်တုံး သုံးရာကျော် ရရှိခဲ့ရာ အဆင့်မြင့်ကျင့်ကြံသူတစ်ဦးအတွက်မူ ယင်းမှာ အလွန်ပင် ဆင်းရဲလှသည်ဟု ဆိုရပေလိမ့်မည်။
ထိုအချိန်တွင် သူသည် ချန်ဟွိုက်ယီ၏ လက်မောင်းမှ ချွတ်ယူခဲ့သော သံချေးတက်နေသည့် လက်မောင်းစွပ်ကို သတိပြုမိသွားသည်။ ယင်းကို သေချာကြည့်ရှုနေစဉ် ‘သစ်ပင်ပန်းမန်တို့၏သန့်စင်သောဝိညာဉ်တော်’ စနစ်မှ ထူးခြားသော စာသားများ ထွက်ပေါ်လာတော့၏။
【ရုပ်ပြောင်းရုပ်လွှဲကျင့်စဥ်၊ ပထမပိုင်း - မြေကမ္ဘာအဆင့်၊ အထက်တန်း (အစပြုသူ)】
“ဗျာ”
နင်တောက်ရန်မှာ အလွန်ပင် အံ့အားသင့်သွားရသည်။ ဤလက်မောင်းစွပ်အတွင်း၌ မြေကမ္ဘာအဆင့်ရှိသော ‘ဝိညာဉ်သားရဲကျမ်း’ တစ်စောင် ပုန်းအောင်းနေလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။
ယခု သူ ပိုင်ဆိုင်ထားသမျှတွင် အကောင်းဆုံးဖြစ်သော ‘ဝိညာဉ်ရှာဖွေခြင်းကျင့်စဥ်’ ပင်လျှင် ‘နက်နဲအဆင့်’ သာ ရှိသေးသည် မဟုတ်လော။ ဤအတတ်ပညာမှာ ယင်းထက် နှစ်ဆင့်မျှ ပိုမိုမြင့်မားလှချေသည်။
သူသည် လက်မောင်းစွပ်ကို အနုစိတ် ခွဲထုတ်ကြည့်လိုက်ရာ အတွင်း၌ တောက်ပနေသော ဝိညာဉ်သားရဲကျမ်းနှင့်အတူ ‘နတ်ဆိုးအသွင်ပြောင်းပုံစံ’ အင်းကွက် သုံးခုကို တွေ့ရှိလိုက်ရ၏။ ယင်းတို့မှာ လိပ်၊ ကျားသစ်နှင့် ဝက်ဝံ တို့၏ ပုံစံများ ဖြစ်ကြချေသည်။
ချန်ဟွိုက်ယီ၏ ဝိညာဉ်မှ သိရှိရသည်မှာ ဤလက်မောင်းစွပ်ကို ‘ဝမ်ဟွာမျှော်စင်’ ရှိ ဧည့်သည်တစ်ဦးထံမှ ခိုးယူခဲ့ခြင်း ဖြစ်၏။
ထိုဧည့်သည်မှာ မြေကမ္ဘာအဆင့်ရှိသော ဤကျမ်းစာကို ပျောက်ဆုံးသွားသဖြင့် အလွန်ပင် ပူပန်နေပေလိမ့်မည်။
“ဟဲဟဲ”
နင်တောက်ရန်မှာ သဘောကျစွာ ပြုံးလိုက်မိ၏။ သမင်ကြီးမှာလည်း ကျင့်စဉ်အသစ် လိုအပ်နေချိန်ဖြစ်ရာ၊ ဤကျမ်းစာမှာ အချိန်ကိုက်ပင် ရောက်ရှိလာခြင်း ဖြစ်သည်။
သို့သော် ဤကျင့်စဉ်မှာ ဝိညာဉ်သားရဲ၏ သွေးမျိုးဆက်အပေါ်တွင် မူတည်နေပေရာ၊ သမင်ကြီး၏ သွေးမျိုးဆက်မှာ အဘယ်သို့ ရှိမည်နည်းဟု သူ တွေးတောမိပြန်သည်။
သမင်ကြီးမှာ ‘အဖြူရောင်သမင်’ ဖြစ်ပေရာ၊ သူ့တွင်လည်း တစ်စုံတစ်ရာသော လျှို့ဝှက်ချက် ရှိကောင်းရှိပေလိမ့်မည်။
“သမင်ကြီး... ဆင်းလာခဲ့ဦး”
နင်တောက်ရန်က သမင်ကြီးကို ခေါ်ယူကာ မှာကြားလိုက်၏။ “ဒီကျင့်စဉ်ကို သေချာလေ့ကျင့်၊ မြေအောက်မှာပဲ လေ့ကျင့်ရမယ်နော်။ ဘယ်သူ့ကိုမှလည်း လုံးဝ မပြရဘူး၊ မဟုတ်ရင် ငါတို့နှစ်ယောက်လုံး သေသွားနိုင်တယ်”
နင်တောက်ရန်မှာ အကျိုးအကြောင်းကို သေချာနားလည်ထားသူ ဖြစ်၏။ ဤမျှ မြင့်မားသောအဆင့်ရှိသည့် ကျင့်စဉ်ကို ပိုင်ဆိုင်ထားခြင်းမှာ ဘေးအန္တရာယ်နှင့် နီးစပ်လှပေသည်။
အကယ်၍ ထိုဧည့်သည်သာ သိရှိသွားပါက သူတို့အတွက် လွတ်လမ်းရှိမည် မဟုတ်ပေ။ သို့သော်လည်း ကံတရားက ပေးသနားလာသော ရတနာကိုမူ သူ လက်မလွှတ်နိုင်ပေ။
သမင်ကြီးသည် ‘ရုပ်ပြောင်းရုပ်လွှဲကျင့်စဥ်’ ကို စတင်လေ့ကျင့်လေတော့သည်။ နင်တောက်ရန်ကလည်း ခန္ဓာကိုယ်ကြံ့ခိုင်ခြင်းကျင့်စဉ်နှင့် ထာဝရစိမ်းလန်းခြင်းကျင့်စဉ်တို့ကို ဆက်လက်အားထုတ်နေခဲ့၏။
လအနည်းငယ်အကြာ။
မြေအောက်ခန်းအတွင်း၌ သမင်ကြီး၏ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ လအနည်းငယ်အတွင်း သူသည် ဤအတတ်ပညာကို အောင်မြင်စွာ တတ်မြောက်သွားခဲ့ချေပြီ။
အရိုးအဆစ်များ မြည်ဟီးလာပြီးနောက် သမင်ကြီး၏ ကိုယ်ထည်မှာ ကျုံ့ဝင်သွားကာ၊ လည်ပင်းတိုလျက် အစက်အပြောက်များ ပေါ်ထွက်လာတော့သည်။ ယင်းမှာ 'ကျားသစ်အသွင်’ ပင် ဖြစ်ချေသည်။
“မဆိုးဘူး... လအနည်းငယ်အတွင်းမှာပဲ ဒီလောက်အထိ တတ်မြောက်သွားတယ်ဆိုတော့ မင်းရဲ့ ပါရမီက ငါ့ထက်တောင် သာဦးမယ်ထင်တယ်” ဟု နင်တောက်ရန်က ချီးကျူးလိုက်၏။
သမင်ကြီးမှာ ကျားသစ်အသွင်ဖြင့် နင်တောက်ရန်၏ လက်မောင်းကို ပွတ်သီးပွတ်သပ် လုပ်နေတော့သည်။ နင်တောက်ရန်မှာလည်း သူ့ကို ကြည့်ကာ သဘောကျစွာ ရယ်မောနေမိတော့သတည်း။
နောက်တစ်နေ့ နံနက်။
ချုန်းပီတောင်ထိပ်ရှိ ဝိညာဉ်စိုက်ပျိုးသူများ စုဝေးကာ စကားပြောနေကြ၏။
“မနေ့ညက ဟွမ်လုံဈေးမှာ ထူးဆန်းတဲ့ အဖြစ်အပျက်ကြီးတစ်ခု ဖြစ်သွားတယ်ဗျ” ဟု မာချွမ်ယိုက တည်ကြည်သော မျက်နှာဖြင့် ပြောလာ၏။
“ဘာဖြစ်တာလဲ မိတ်ဆွေမာ... ဒီလောက်တောင် အရေးကြီးလို့လား” နင်တောက်ရန်က မေးလိုက်သည်။
“မိတ်ဆွေနင် မသိသေးဘူးလား” မာချွမ်ယိုက သက်ပြင်းချလျက် “မနေ့ညက ဟွမ်လုံဈေးမှာ နာမည်ကြီးတဲ့ ‘ဝမ်ဟွာမျှော်စင်’ တစ်ခုလုံး အမြစ်ပြတ် သုတ်သင်ခံလိုက်ရတယ်ဗျ၊ အမျိုးသမီး ၆၀ ကျော် သေဆုံးသွားသလို၊ ဆိုင်ရှင်နဲ့ အစေခံတွေပါ တစ်ယောက်မကျန် သတ်ဖြတ်ခံလိုက်ရတာ၊ အလွန်ကို ရက်စက်တဲ့ နည်းလမ်းတွေနဲ့ သတ်သွားတာဗျာ”
“တကယ်ပဲလား...” ဟွမ်ရှန်က မျက်မှောင်ကြုတ်လျက် “ဘယ်သူကများ ဒီလိုမျိုး တစ်ဆိုင်လုံးကို သတ်ပစ်ရတာလဲ”
နင်တောက်ရန်မှာမူ ဘာမျှမပြောဘဲ တိတ်ဆိတ်နေမိသည်။ ဤကိစ္စမှာ ‘ရုပ်ပြောင်းရုပ်လွှဲအတတ်’ ကျမ်းစာနှင့် သေချာပေါက် ပတ်သက်နေပေလိမ့်မည်ဟု သူ တွေးတောနေမိတော့သတည်း။ ။
***