"မင်းက ငါ့ကို တကယ်ပဲ လက်ရဲဇာတ်ရဲ တိုက်ခိုက်ရဲတယ်ပေါ့လေ..."
လီကြွယ်သည် အလွန်အမင်း လျင်မြန်ဖျတ်လတ်လှပေရာ သူ၏ဓားရှည်ဖြင့် ခုခံကာကွယ်ရင်း နောက်သို့ ဆုတ်ခွာသွားလေသည်။
သူ၏မျက်လုံးအစုံ၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေ၏။ ဝိညာဉ်စွမ်းအားသန့်စင်ခြင်း စအဆင့်(၄)မျှသာရှိသော အပြင်ဂိုဏ်းတပည့်တစ်ဦးက လောင်ကျွမ်းခြင်းအဆင့်ရှိကျင့်ကြံသူကို မည်သို့သောသတ္တိဖြင့် အနီးကပ်တိုက်ခိုက်ရဲသနည်း။ မည်သူကများ သူ့ကို ဤမျှ သတ္တိပေးလိုက်ပါသနည်း။
သို့သော်လည်း လီကြွယ်သည် သူ၏ဓားဖြင့် လှံကို ခုခံလိုက်သည်နှင့်တစ်ပြိုင်နက် လက်မနှင့် လက်ညှိုးကြားရှိ အသားဆိုင် မှာ ထုံကျင်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အားအင်တစ်ခု စီးဝင်လာသည်ကို ခံစားလိုက်ရသဖြင့် မှင်တက်သွားရသည်။
ဤကလေးမှာ မိမိ၏စွမ်းအားကို ဖုံးကွယ်ထားခြင်းဖြစ်ပေရာသည်။ သူသည် ဝိညာဉ်စွမ်းအားသန့်စင်ခြင်း အနှောင်းပိုင်းအဆင့်သို့ပင် ရောက်ရှိနေပြီမဟုတ်လား။
သို့သော်လည်း ဝိညာဉ်စွမ်းအားသန့်စင်ခြင်း အနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အားအင်မှာ ဤမျှအထိ ထိတ်လန့်ဖွယ်ကောင်းနေရခြင်းမှာ အဘယ်ကြောင့်နည်း။
နင်တောက်ရန်သည် 'မူလသဘာဝသို့ပြန်လည် ရောက်ရှိခြင်း' အဆင့်ရှိသော 'ငွေနဂါးလှံသိုင်း' ကို ထုတ်ဖော်လိုက်ရာ လျှို့ဝှက်ကျင့်စဥ်များကို အသုံးမပြုသရွေ့ လောကဓာတ်၌ ထူးခြားသော နိမိတ်များ ပေါ်ထွက်လာမည်မဟုတ်ပေ။
ခဏချင်းမှာပင် လှံအလင်းတန်းများမှာ ရူးသွပ်စွာ ကခုန်လာပြီး လှံဖျားတွင် ငွေနဂါးဝိညာဉ်စွမ်းအားများ ဝန်းရံသွားကာ ခန့်ညားလှသော လောင်ကျွမ်းခြင်းအဆင့် စစ်သည်တော်ကို ပြန်လည်ခုခံနိုင်စွမ်းမရှိအောင် ဖိနှိပ်ထားလေတော့သည်။
"အံ့ဩဖွယ်ကောင်းတဲ့ လှံပညာပါလား..."
လီကျွယ်သည် တည်ငြိမ်အောင် ကြိုးစားနေသော်လည်း သူ၏စိတ်အစုံမှာမူ မငြိမ်သက်နိုင်တော့ချေ။
သူသည် ငွေနဂါးလှံသိုင်းကို သိရှိသော်လည်း ယခုမြင်တွေ့နေရသော ကျွမ်းကျင်မှုအဆင့်မှာမူ သူမှတ်မိထားသော အတတ်ပညာနှင့် လုံးဝကွာခြားလှပေသည်။
"ကောင်းပြီလေ"
လီကြွယ်၏ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်သော အပြုံးဖြင့် ပုံပျက်သွားကာ "ရေမြောင်းထဲမှာ နဂါးစစ်စစ်တစ်ကောင် ပုန်းနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ လျှို့ဝှက်ကျင့်စဥ်ရဲ့ ပထမပိုင်းက မင်းဆီမှာ ရှိနေတာ အမှန်ပဲ။ ကောင်လေး... မင်း အသက်ရှင်ဖို့ လမ်းမရှိတော့ဘူး"
သူသည် ဓားဖြင့် လှံကို ပုတ်ထုတ်လိုက်သည့် ခဏချင်းမှာပင် ကျောက်စိမ်းပုလင်းကို ထုတ်၍ ဆေးလုံးတစ်လုံးကို အတင်းမျိုချလိုက်သည်။
ချက်ချင်းပင် လီကြွယ်၏ သွေးစွမ်းအင်များမှာ ပိုမိုပြင်းထန်လာပြီး ပွက်ပွက်ဆူလာတော့သည်။ သူ၏ဓားသိုင်းမှာလည်း အပိုင်ဖြစ်သွားရာ ' မူလသဘာဝသို့ ပြန်လည်ရောက်ရှိခြင်း' အဆင့်ရှိ ကိုယ်ခန္ဓာကြံ့ခိုင်မှုကျင့်စဥ်နှင့် ငွေနဂါးလှံသိုင်းကို အသုံးပြုနေသော နင်တောက်ရန်ပင်လျှင် သူ့ကို တားဆီးနိုင်စွမ်း မရှိတော့ချေ။
ကျင့်ကြံမှုအဆင့် ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှပေရာသည်။ တစ်ဖက်လူမှာ လောင်ကျွမ်းခြင်းအဆင့်သို့ ရောက်ရှိနေသူဖြစ်ပြီး နင်တောက်ရန်မှာမူ ဝိညာဉ်စွမ်းအားသန့်စင်ခြင်း အနှောင်းပိုင်းအဆင့်သာ ရှိသေးသဖြင့် အဆင့်တစ်ခုလုံး ကွာခြားနေ၏။
ထို့အပြင် တစ်ဖက်လူမှာ ဝါရင့်ကျင့်ကြံသူတစ်ဦးဖြစ်ရာ သူ့ကို ဖိနှိပ်ထားနိုင်ခြင်းမရှိသည်မှာ သဘာဝပင် ဖြစ်ပေရာသည်။
လီကြွယ်သည် တိုက်လေတိုက်လေ ရဲရင့်လာသည်ကို မြင်သောအခါ နင်တောက်ရန်သည် သူ၏ကျောဘက်ရှိ 'ဆောင်းဦးရေစင်ဓား' ကို ဆင့်ခေါ်လိုက်ပြီး ထာဝရစိမ်းလန်းခြင်းကျင့်စဥ်၏ စွမ်းအားများကို အဆက်မပြတ် သွန်းလောင်းလိုက်သည်။ ဓားတစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ပြိုင်ဘက်ကို အဆက်မပြတ် နောက်ဆုတ်သွားစေလေသည်။
"အခုပဲ"
နင်တောက်ရန်၏ စူးရှသော ဟစ်အော်သံနှင့်အတူ လီကြွယ်ယ်၏နောက်ဘက်တွင် ပုံရိပ်တစ်ခု တိတ်တဆိတ် ပေါ်လာလေသည်။ ယင်းမှာ ကျားသစ်တစ်ကောင်အဖြစ် အသွင်ပြောင်းထားသော သမင်ကြီးပင် ဖြစ်ချေသည်။
စူးရှသော လက်သည်းများက လေထဲမှ ကျရောက်လာပြီး လီကြွယ်၏ အတွင်းဝတ် သံချပ်ကာပေါ်တွင် ကြက်ခြေခတ် လက်သည်းရာများ ထင်ကျန်သွားကာ သွေးနှင့် အသားစိုင်များ လွင့်စင်သွားတော့သည်။ အဆင့်(၁) နိမ့်ပါးသော ထိုသံချပ်ကာမှာ သမင်ကြီး၏ တိုက်ခိုက်မှုအောက်၌ ပျက်စီးသွားရလေပြီ။
"မင်းပါလား... ဒီတိရစ္ဆာန်"
လီကြွယ်၏ မျက်လုံးများမှာ ဒေါသဖြင့် နီမြန်းနေ၏။ သူသည် သမင်ကြီးကို တစ်ချက်တည်းဖြင့် အပြတ်ရှင်းရန် ကြံရွယ်လိုက်စဉ်မှာပင် သွေးရောင်လွှမ်းသော ကြိုးတစ်မျှင် လက်ခနဲ ဖြတ်သန်းသွားပြီး သွေးစွန်းနေသော ကြွေထည်အပိုင်းအစများမှာ လေထဲတွင် လျင်မြန်စွာ လည်ပတ်လာသည်။
"မင်း..."
လီကြွယ်သည် နားမလည်နိုင်သော အမူအရာဖြင့် ကြည့်နေစဉ်မှာပင် နောက်တစ်ခဏ၌ သူ၏ဦးခေါင်းမှာ လည်ပင်းမှ ပြတ်တောက်၍ မြေပေါ်သို့ လိမ့်ကျသွားလေတော့သတည်း။
---
နင်တောက်ရန်သည် အလောင်းကို အမြန်စစ်ဆေးကာ ဝိညာဉ်ကို ရှာဖွေခြင်းလုပ် လိုက်ပြီးနောက် မီးလုံးတစ်လုံးကို ထုတ်လွှတ်၍ လီကြွယ်၏ပြာများကို လေထဲသို့ လွင့်စင်စေလိုက်သည်။
လိုင်ချူံးနှင့် ကျောက်ယွီရို့တို့၏ အလောင်းများကို ကြည့်ကာ သူသည် အားကိုးရာမဲ့စွာ ခံစားလိုက်ရ၏။
"စီနီယာအစ်ကိုလိုင်... ညီမလေးကျောက်... မင်းတို့ကို အချိန်မှီ မကယ်နိုင်ခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး..."
သူသည် ထိုအလောင်းနှစ်ခုကို မထိတွေ့ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ဝိညာဉ်အရှိန်အဝါဖုံးကွယ်ခြင်းအတတ်၊ကိုယ်ဖျောက်အတတ်နှင့် ဝိညာဉ်အသံစုပ်ယူအတတ်တို့ကို တစ်ပြိုင်နက်တည်း အသုံးပြုကာ မြေအောက်ငုပ်သမင်ကြီးနှင့်အတူ ထိုနေရာမှ အမြန်ဆုံး ထွက်ခွာခဲ့လေတော့သည်။
တစ်နာရီအကြာတွင် မိုင်တစ်ရာခန့်ဝေးသော နေရာ၌ သမင်ကြီးသည် ပေပေါင်းများစွာ နက်သော တွင်းတစ်တွင်းကို တူးလိုက်သည်။ နင်တောက်ရန်သည် ထိုတွင်းထဲတွင် ပုန်းအောင်းကာ သူ၏ အထူးကျွမ်းကျင်သော ဝိညာဉ်အရှိန်အဝါဖုံးကွယ်ခြင်းကျင့်စဉ်ကို အသက်သွင်းလိုက်၏။ သူသည် ဤကာလကို သည်းခံ၍ ကျော်ဖြတ်ရန် ကြံရွယ်ထားပေသည်။
လီကြွယ်သည် ရတနာအများကြီး သယ်ဆောင်ထားခြင်းမရှိပေ။ သူ၏ အတွင်းဝတ်သံချပ်ကာမှာ ပျက်စီးသွားပြီဖြစ်ပြီး စစ်သည်တော်များမှာ ဝိညာဉ်စွမ်းအားမရှိသဖြင့် သိုလှောင်အိတ်များကို အသုံးမပြုနိုင်ကြချေ။
ထို့ကြောင့် သူ၏ကိုယ်ပေါ်၌ ရွှေတုံးနှစ်တုံးသာ ပါရှိသည်။ နင်တောက်ရန်သည် ထိုရွှေတုံးများကို သိမ်းဆည်းလိုက်၏။ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ရသမျှမှာ အကျိုးပင် ဖြစ်ပေရာသည်။
ဝိညာဉ်ကို ရှာဖွေဖမ်းယူရာမှ ရရှိလာသော ရလဒ်မှာ အလွန်ပင် အံ့ဩစရာကောင်းလှသည်။ ဝိညာဉ်အသွင်ပြောင်းခြင်းကျင့်စဉ် ၏ ပထမပိုင်းမှာ ဒဏ္ဍာရီလာ 'ငါးဘုံတောင်တန်း' မှ လာခြင်းဖြစ်ချေသည်။
ထိုတောင်တန်းကို ရွှေအမြုတေအဆင့်ရှိ နတ်ဆိုးဘုရင်ငါးပါးက စောင့်ကြပ်နေပြီး ရှမင်းဆက် လူသားတို့၏ နယ်မြေအတွင်းမှ တစ်စိတ်တစ်ပိုင်းကို သိမ်းပိုက်ထားကြသည်။
ထိုနတ်ဆိုးဘုရင်ငါးပါးမှာ အလွန်အမင်း စွမ်းအားကြီးမားလှပေရာသည်။ လွန်ခဲ့သော နှစ်ပေါင်းရာချီအတွင်း ရှမင်းဆက်ဘုရင်နှင့် ဂိုဏ်းအသီးသီးတို့ ပူးပေါင်းတိုက်ခိုက်ခဲ့သော်လည်း သူတို့ကို အနိုင်မရရှိခဲ့ကြချေ။
ယနေ့တွင်မူ နန်းတွင်းမှ စောင့်ကြပ်နေသော ကျွမ်းကျင်သူအချို့ပင်လျှင် ငါးဘုံတောင်တန်းနှင့် ပူးပေါင်းနေကြပြီဖြစ်ရာ လီကြွယ်သည်လည်း ထိုသူများအနက် တစ်ဦးဖြစ်ပေသည်။
ဝိညာဉ်ကို ရှာဖွေခြင်းဖြင့် နင်တောက်ရန်သည် အမှန်တရား၏ အကြမ်းဖျင်းကိုသာ ရရှိခဲ့သည်။ ယဲ့နတ်ဆိုးအိုကြီးသည် နတ်ဆိုးပညာရပ်၌ ကျွမ်းကျင်ရုံသာမက ကျင့်ကြံခြင်းလောက၌ 'သူခိုးဘုရင်' ဟုပင် ဘွဲ့အမည်တွင်သူ ဖြစ်သည်။
သူသည် ဝိညာဉ်အရှိန်အဝါဖုံးကွယ်ခြင်းတို့၌ အထူးကျွမ်းကျင်လှပေရာ ဝိညာဉ်အသွင်ပြောင်းခြင်းကျင့်စဥ်၏ ပထမပိုင်းကို ငါးဘုံတောင်တန်းရှိ နတ်ဆိုးဘုရင်တစ်ပါးထံမှ ခိုးယူလာခဲ့ခြင်း ဖြစ်ပေရာသည်။
လီကြွယ်မှာမူ ငါးဘုံတောင်တန်းမှ လျှို့ဝှက်အမိန့်ကို လက်ခံရရှိထားပြီး ယဲ့နတ်ဆိုးအိုကို လိုက်လံဖမ်းဆီးကာ လျှို့ဝှက်ကျင့်စဥ်၏ သဲလွန်စကို ရှာဖွေနေသူဖြစ်သည်။
သို့သော် လီကြွယ်ကိုယ်တိုင်ပင် အသေးစိတ်ကို ကောင်းစွာ မသိရှိချေ။ အချုပ်အားဖြင့်ဆိုရသော် ဤကိစ္စအရပ်ရပ်မှာ ဝိညာဉ်အသွင်ပြောင်းခြင်းကျင့်စဉ် ကျမ်းစာဝက်ကြောင့် ဖြစ်ပေါ်လာရသော သွေးချောင်းစီးပွဲကြီးပင် ဖြစ်ပေတော့သည်။
ယခုအခါ သမင်ကြီးမှာ အသွင်ပြောင်းခြင်းဘကျင့်စဥ်ကို သင်ယူပြီးဖြစ်ရာ အလွန်ပင် စွမ်းအားကြီးမားလှသည်။ သူ၏ လက်သည်းဖြင့် တိုက်ခိုက်မှုမှာ လောင်ခြင်းအဆင့်ရှိ လီကြွယ်ပင်လျှင် မခုခံနိုင်လောက်အောင် ပြင်းထန်လှပေရာသည်။
"သမင်အိုကြီး... ရင်ခုန်စရာကောင်းတယ် မဟုတ်လား"
"အီးးးးး~~~"
"ဟားဟားဟား"
နင်တောက်ရန်သည် သမင်ကြီး၏ ခေါင်းကြီးကို ဖက်ကာ ပြင်းပြင်းထန်ထန် ပွတ်သပ်ရင်း ရယ်မောလိုက်သည်။ "ဒါတွေအားလုံးက ဒီအသွင်ပြောင်းခြင်းကျင့်စဥ်ကြောင့်ပဲ။ နောင်ကျရင်တော့ ဒီကျင့်စဥ်ကို သေချာလေ့ကျင့်ပါဦး။ ဒီနေ့လို ရင်တထိတ်ထိတ် အတွေ့အကြုံတွေကို အလဟဿ မဖြစ်စေနဲ့ဦး"
သမင်ကြီးကလည်း သူ့ကို ပြန်လည်၍ အားပါးတရ တိုးဝှေ့လေသည်။
နှစ်ရက်အပြည့် ကုန်ဆုံးသွားပြီးနောက်...
"ဝူးးးး—"
ဝေးလံသော နေရာမှ ခရာမှုတ်သံတစ်ခုသည် တောတောင်များအတွင်း ပဲ့တင်ထပ်သွားသည်။ ယင်းမှာ အနန္တဂိုဏ်း၏ စုရပ်အချက်ပေးသံပင် ဖြစ်ချေသည်။ နင်တောက်ရန်နှင့် သမင်ကြီးတို့သည် ဖုန်တောထဲမှ ရုန်းထွက်ကာ မြေတွင်းထဲမှ ထွက်လာကြကုန်၏။
ဂိုဏ်းနှင့် မိုင်တစ်ဆယ်ခန့်ဝေးသော တောင်ကြားတစ်ခု၌ တပည့်များ စုဝေးနေကြပြီး အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် အကြီးအကဲအချို့လည်း ရောက်ရှိနေကြပြီဖြစ်သည်။
လိုင်ချူံးနှင့် ကျောက်ယွီရို့တို့၏ ပုံပျက်နေသော အလောင်းများကို သားရေစဖြင့် ထုပ်ပိုးသိမ်းဆည်းထားကြ၏။ အကြီးအကဲများ၏ မျက်နှာမှာလည်း မကောင်းလှပေ။
"နင်တောက်ရန်..."
ရှုနင်၏ အကြည့်မှာ အေးစက်လှပေသည်။ "ငါမှတ်မိသလောက်ဆိုရင် လူစုခွဲပြီးနောက်မှာ မင်းက လိုင်ချူံး၊ ကျောက်ယွီရို့တို့နဲ့ တစ်ဖွဲ့တည်း သွားခဲ့တာ မဟုတ်လား။ သူတို့နှစ်ယောက်က အသတ်ခံလိုက်ရပြီး မင်းက ဘာလို့ ဘာဒဏ်ရာမှ မရဘဲ ရှိနေရတာလဲ"
"ဆရာဦးလေး... အဲဒါက ဒီလိုပါခင်ဗျာ"
နင်တောက်ရန်သည် သူပြင်ဆင်ထားသော ဆင်ခြေကို ဆိုလေသည်။ "ဟွမ်လုံတောင်တန်းထဲကို မိုင်ငါးဆယ်လောက် ဝင်ပြီးတဲ့နောက်မှာ စီနီယာအစ်ကိုလိုင်က ငါတို့ ရှာဖွေရမယ့် ဧရိယာက သိပ်ကျဉ်းလွန်းတယ်လို့ ယူဆခဲ့ပါတယ်။ ဒါကြောင့် သူနဲ့ ညီမလေးကျောက်က တစ်ဖွဲ့၊ ကျွန်တော်က တစ်ဖွဲ့ လူခွဲပြီး ရှာကြဖို့ သူကပဲ အကြံပြုခဲ့တာပါ။"
"အဲဒီနောက်ပိုင်း ကျွန်တော် သူတို့ကို ထပ်မတွေ့တော့ပါဘူး။ အဲဒါက နောက်ဆုံးတွေ့ဆုံခြင်း ဖြစ်လိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ပါဘူးခင်ဗျာ"
သူသည် ပြောရင်းဖြင့် ထိတ်လန့်တုန်လှုပ်နေသော အမူအရာကို လုပ်ပြလိုက်သည်။ ရှုနင်နှင့် အခြားအကြီးအကဲများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း ဘာမျှ ဆက်မပြောတော့ချေ။
နင်တောက်ရန်၏ ဆင်ခြေမှာ အပိုင်ဖြစ်သည့်အပြင် လိုင်ချူံး၏ မောက်မာပြီး စိတ်မြန်လက်မြန်ရှိတတ်သော စရိုက်နှင့်လည်း ကိုက်ညီနေပေရာသည်။
"တူမောင်နင်..."
အခြားအကြီးအကဲတစ်ဦးက "မင်းက ချုန်းပီတောင်ထိပ်မှာ အဆင့် (၂)ဝိညာဉ်ဆန်တွေကို စိုက်ပျိုးနိုင်တဲ့သူဆိုတာ ငါအခုမှ သိရတယ်။ မင်းဘေးကင်းတာ ကောင်းပါတယ်။ မင်းသာ တစ်ခုခုဖြစ်သွားရင် အနန္တဂိုဏ်းအတွက် တကယ့်ကို ဆုံးရှုံးမှုကြီး ဖြစ်သွားမှာ" ဟု ဆိုလေသည်။
တပည့်အပေါင်းတို့က သူ့ကို အထင်ကြီးလေးစားစွာ ကြည့်လိုက်ကြကုန်၏။ ဤကလေးမှာ ဒအဆင့် (၂)ဝိညာဉ်အပင်စိုက်ပျိုးခြင်း အတတ်ပညာကို တတ်မြောက်ထားလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။
"အားလုံး ပြန်ကြစို့"
ရှုနင်သည် ယဲ့နတ်ဆိုးအိုကိုလည်း မဖမ်းနိုင်ခဲ့ဘဲ ဂိုဏ်းသားအချို့ကိုပါ ဆုံးရှုံးခဲ့ရသဖြင့် စိတ်ပျက်လက်ပျက် ဖြစ်နေရှာသည်။ လောင်ခြင်းအဆင့်ရှိ လီကြွယ်ပင် ပျောက်ချင်းမလှ ပျောက်ဆုံးသွားရာ ယခုစစ်ဆင်ရေးမှာ အရှုံးကြီး ရှုံးခဲ့လေပြီ။
ချုန်းပီတောင်ထိပ်။
နင်တောက်ရန်သည် သမင်ကြီးနှင့်အတူ သူ၏ ဝိညာဉ်လယ်ကွင်းအမှတ် (၇၇) နှင့် မိုင်အနည်းငယ်အကွာ၌ ရပ်လိုက်ပြီး မျက်လုံးနှစ်လုံးပါသော ပင့်ကူနှင့် ငှက်ကလေးတို့၏ မှတ်ဉာဏ်များကို စစ်ဆေးလိုက်သည်။ သူ မရှိခိုက်တွင် ယဲ့နတ်ဆိုးအိုသည် နောက်တစ်ကြိမ် လာရောက်ခဲ့ကြောင်း သူ သိလိုက်ရ၏။
ကံကောင်းထောက်မစွာဖြင့် မြေအောက်ရှိ ဝိညာဉ်ဆေးပင်များအားလုံးကို သိမ်းဆည်းထားပြီး ဖြစ်သဖြင့် ယဲ့နတ်ဆိုးအို၏ လက်တွင်းသို့ မသက်ဆင်းခဲ့ရပေ။
"ဒါကတော့ မကောင်းတော့ဘူး..."
သူ ခေတ္တမျှ စဉ်းစားလိုက်၏။ ယဲ့နတ်ဆိုးအိုကဲ့သို့သော သူခိုးဘုရင်တစ်ဦး၏ ပစ်မှတ်ထားခြင်းကို ခံရသည်မှာ မိမိ၏ ကျောဘက်တွင် ဓားဦးဖြင့် ထောက်ထားသကဲ့သို့ ခံစားရပြီး အချိန်မရွေး အသတ်ခံရနိုင်ပေသည်။
"သမင်အိုကြီး..."
သူသည် ဘေးနားရှိ သမင်ကြီးဘက်သို့ လှည့်ကာ "တစ်ယောက်ယောက်က ငါတို့ရဲ့ လျှို့ဝှက်ချက်ကို သိနေပြီး အချိန်မရွေး လာတိုက်ခိုက်နိုင်တဲ့ အခြေအနေကို မင်းသည်းခံနိုင်မလား" ဟု မေးလိုက်သည်။
သမင်ကြီး၏ နဖူးတွင် အကြောပေါင်းများစွာ ထောင်တက်လာသည်။ သူ မည်သို့သည်းခံနိုင်ပါမည်နည်း။ ထိုသူကို သတ်ပစ်ရမည်သာ ဖြစ်ချေသည်။
"ကောင်းပြီလေ" နင်တောက်ရန်က ခေါင်းညိတ်ကာ "မင်း ဝိညာဉ်သားရဲအိတ်ထဲမှာ ခဏပုန်းနေဦး။ ငါ ဒီယဲ့နတ်ဆိုးအိုကို တစ်ယောက်တည်း သွားသတ်မယ်။ ခဏလောက် သည်းခံပေးပါဦး" ဟု ဆိုလိုက်ရာ သမင်ကြီးက သူ့ကို ဘာကြောင့် အတူမခေါ်သနည်းဟု မေးဟန်ဖြင့် တိုးဝှေ့လေသည်။
"ငါက အငိုက်ဖမ်း တိုက်ခိုက်မှာလေ၊ မင်းပါရင် ငါ့အတွက် အောင်မြင်နိုင်ခြေ နည်းသွားလိမ့်မယ်" ဟု ပြောလိုက်သောအခါ သမင်ကြီးသည် အစ်ကိုကြီးအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ဝိညာဉ်သားရဲအိတ်ထဲသို့ ခုန်ဝင်သွားလေတော့သည်။
ကောင်းကင်ယံ၌ တိမ်များ မှောင်မှိုင်းနေစဉ် နင်တောက်ရန်သည် တောင်ပေါ်မှ တစ်ယောက်တည်း ဆင်းလာခဲ့သည်။ သူသည် လူလတ်ပိုင်းအရွယ် အပြာရောင်ဝတ်စုံဝတ် အမျိုးသားတစ်ဦးအဖြစ် အသွင်ပြောင်းကာ နဂါးဝါစျေးတန်း သို့ ရှေးရှုလိုက်သည်။
ထိုစျေးတန်းတွင် 'ဝမ်ဟွာမျှော်စင်' နှင့် 'ကျွေ့ဟွာမျှော်စင်' ဟူ၍ အပျော်မယ်အိမ်ကြီး နှစ်အိမ်ရှိရာ ယခုအခါ ဝမ်ဟွာမျှော်စင်မှာ ပျက်စီးသွားပြီဖြစ်၍ ကျွေ့ဟွာမျှော်စင်သာ ကျန်ရှိတော့သည်။
"အို... အရှင်ကြီး... လာပါဦးရှင့်၊ ပျော်ပျော်ပါးပါး ကစားရအောင်"
လှပသော မိန်းမပျိုလေးများက သူတို့၏ ပုဝါများကို ဝှေ့ယမ်းကာ နှုတ်ဆက်ကြကုန်၏။ နင်တောက်ရန်သည် ပထမဆုံးအကြိမ် အပျော်မယ်အိမ်သို့ ရောက်ဖူးခြင်းဖြစ်ရာ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။
"အရှင်ကြီး... ဂီတသံကို နားထောင်ချင်တာလား၊ ဒါမှမဟုတ် တိုက်ရိုက်ပဲ ကိစ္စစချင်တာလား" ဟု အိမ်စောင့်အမျိုးသမီးကြီးက မေးလေသည်။
"ငါက တိုက်ရိုက်သွားရတာ ပိုကြိုက်တယ်။ မင်းတို့ဆီမှာ ရှိသမျှ မိန်းကလေးတွေကို ခေါ်လာခဲ့၊ ငါကိုယ်တိုင် ရွေးမယ်"
နင်တောက်ရန်သည် ခေါ်လာသော မိန်းကလေးများအနက် တစ်ဦးကို ရွေးချယ်လိုက်သည်။ သူမသည် အလွန်အမင်း လှပလွန်းသူ မဟုတ်သော်လည်း သူ၏ အလယ်တန်းကျောင်းတုန်းက အလှဆုံးမိန်းကလေးနှင့် တစ်နည်းတစ်ဖုံ ဆင်တူနေသဖြင့် သူမကို ရွေးချယ်လိုက်ခြင်း ဖြစ်ပေသည်။
အခန်းတွင်းသို့ ရောက်သောအခါ...
"အရှင်ကြီး... ဘယ်လိုမျိုး ကစားချင်ပါသလဲရှင်"
ထိုမိန်းကလေးသည် နင်တောက်ရန်၏ ပုခုံးပေါ်သို့ လက်တင်ကာ သူ၏ပေါင်ပေါ်သို့ ထိုင်ရင်း ရယ်မောလိုက်သည်။ "အရှင်ကြီးက ကြည့်ကောင်းသားပဲ၊ ဒီကို ရောက်ဖူးတာ ပထမဆုံးလားဟင်"
"မင်း အရင်သွားပြီး ရေချိုးလိုက်ဦး"
"အို... ဒီလို ယဉ်ကျေးတဲ့ လူကြီးမင်းက ဒီလောက်တောင် စိတ်စောနေလိမ့်မယ်လို့ မထင်ထားဘူး"
သူမ လှည့်ထွက်သွားသည်နှင့် နင်တောက်ရန်သည် သူမ၏ လည်ပင်းကို ရိုက်ကာ သတိမေ့သွားစေပြီးနောက် ဝိညာဉ်ကို ချက်ချင်း ရှာဖွေဖမ်းယူလိုက်လေတော့သည်။ 'မူလသဘာဝသို့ပြန်လည် ရောက်ရှိခြင်း' အဆင့်ရှိသော ဝိညာဉ်ရှာဖွေခြင်းကျင့်စဥ်သည် တစ်ဖက်လူကို ထိခိုက်မှု အလွန်နည်းပါးလှပေရာသည်။
ဝိညာဉ်ရှာဖွေခြင်း၏ ရလဒ်မှာ သူ့ကို စိတ်ပျက်မသွားစေခဲ့ပေ။ ယဲ့နတ်ဆိုးအိုသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း နေ့စဉ် လာရောက်ခဲ့ကြောင်း သိလိုက်ရ၏။ သို့သော် သူသည် သတိကြီးစွာဖြင့် အသွင်အမျိုးမျိုး ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။
သို့သော် နင်တောက်ရန်သည် ထိုမိန်းကလေး၏ မှတ်ဉာဏ်ထဲမှတစ်ဆင့် ယဲ့နတ်ဆိုးအိုကို လွယ်ကူစွာ ခွဲခြားနိုင်ခဲ့ပေသည်။
ဒဏ္ဍာရီများထဲမှာကဲ့သို့ပင် ယဲ့နတ်ဆိုးအိုကြီးသည် မိန်းမမက်သူတစ်ဦး ဖြစ်ချေသည်။ ယင်းက အလုပ်ကို ပိုမိုလွယ်ကူစေပေရာသည်။ သူသည် ထိုမိန်းကလေးအတွက် မှတ်ဉာဏ်အသစ်တစ်ခုကို ဖန်တီးပေးလိုက်ပြီး ပြတင်းပေါက်ကို ဖွင့်ကာ ဧည့်သည်မှာ သူမကို ထိတွေ့ပြီးနောက် ထွက်ပြေးသွားဟန် ဖန်တီးလိုက်သည်။
ထို့နောက် သူသည် မိမိ၏ ကိုယ်ယောင်ဖျောက်အတတ်အားလုံးကို အသုံးပြုကာ ဝတ်စုံနက်ကို ဆင်မြန်းလျက် 'အပြာရောင်နဂါးဝိညာဉ်လှံ' လက်နက်ကို ထုတ်ယူကာ လင်းနို့တစ်ကောင်ကဲ့သို့ အမိုးပေါ်၌ ကပ်၍ ယဲ့နတ်ဆိုးအိုကို စောင့်ဆိုင်းနေလေတော့သည်။
ဤသို့ စောင့်ဆိုင်းခြင်းမှာ သုံးရက်တိုင်တိုင် ကြာမြင့်ခဲ့၏။ လီကြွယ် ပျောက်ဆုံးသွားခြင်းက ယဲ့နတ်ဆိုးအိုကို သတိပြုမိစေဟန်တူပြီး တစ်စုံတစ်ယောက်က မိမိကို စောင့်ကြည့်နေကြောင်း ရိပ်မိသွားပုံရသည်။
သို့သော် သူသည် နင်တောက်ရန် ပေါ်လာမည့်အချိန်ကို စောင့်နေသဖြင့် အဝေးသို့ ထွက်မသွားနိုင်သေးချေ။
(၄)ရက်မြောက်နေ့တွင်မူ သူသည် ဆက်လက်၍ သည်းမခံနိုင်တော့ပေ။ သန်းခေါင်ယံအချိန်၌ ယဲ့နတ်ဆိုးအိုသည် အပျော်မယ်အိမ် တံခါးကို ခေါက်ကာ အမျိုးသမီးကြီးထံသို့ ရွှေတုံးတစ်တုံး ပစ်ပေးလိုက်ရင်း အေးစက်သော အမူအရာဖြင့် ဆိုလေသည်။
"ငါ အလျင်လိုနေတယ်အခု နိုးနေတဲ့ မိန်းကလေးတွေ အကုန်လုံးကို ခေါ်လိုက်စမ်း"
"ပြီးတော့... မင်းလည်း ခဏနေရင် လာခဲ့ဦး"
***