နင်တောက်ရန်က ခေါင်းညိတ်လျက် "နှင်းမြက်ပင်က ကျွန်တော့်အတွက် အသုံးမဝင်ပါဘူး၊ ဒါကြောင့် မမလျှိူရဲ့လက်ထဲမှာရှိတဲ့ အဆင့် (၂)မန္တန်စက္ကူတွေနဲ့ပဲ လဲလှယ်ချင်ပါတယ်။ ဒီနှင်းမြက်ပင် သုံးပင်ကို မန္တန်ဘယ်နှစောင်လောက်နဲ့ လဲနိုင်မလဲဆိုတာ သိပါရစေ" ဟု ဆိုလိုက်သည်။
လျှိုရုယန်မှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားရ၏။ လင်းရှန့်မှာမူ မျက်မှောင်ကြုတ်လျက် တိတ်ဆိတ်နေလေသည်။ တစ်ဖက်တွင် သူနှင့် သေအတူရှင်မကူ ပေါင်းဖက်ခဲ့သော ညီအစ်ကိုဖြစ်ပြီး အခြားတစ်ဖက်တွင်မူ သူ၏ နောင်အနာဂတ် ကျင့်ကြံဖော်ဖြစ်ရာ မည်သူ့ဘက်မှ ကူပြောရမည်ကို ခေတ္တမျှ ဝေခွဲမရဖြစ်နေရှာသည်။
"ဒီလိုလုပ်ပါလား မောင်လေး..."
လျှိူရူယန်က သူမ၏နှုတ်ခမ်းနီနီလေးကို ဖိကိုင်ရင်း "မမက ဒီနှင်းမြက်ပင် သုံးပင်လုံးကို လိုချင်ပါတယ်။ မမအနေနဲ့ မောင်လေးကို အသာစီးမယူပါဘူး။ အဆင့် (၂)အလတ်တန်းစား 'နှင်းခဲမန္တန်' နဲ့ အဆင့် (၂)အနိမ့်တန်းစား 'မြေဆူးမန္တန်' အပြင် အဆင့်(၁) မန္တန်အချို့ကိုလည်း ထပ်ပေါင်းပေးပါ့မယ်" ဟု ဆိုလေသည်။
ပြောပြောဆိုဆိုဖြင့် သူမသည် ဝိညာဉ်အိတ်ကို ပုတ်လိုက်ရာ ဝိညာဉ်စွမ်းအားများ တဖျတ်ဖျတ်တောက်နေသော မန္တန်စက္ကူများ ပျံထွက်လာတော့သည်။
"ဒီမှာအဆင့် (၁)အဆင့်မြင့် 'မီးတောက်မန္တန်' သုံးစောင်၊ အဆင့်မြင့် 'လေအေးမန္တန်' နှစ်စောင်၊ အဆင့်မြင့် 'အရှိန်နှုန်းမန္တန်' နှစ်စောင်၊ အဆင့် (၁)အလတ်တန်း 'မီးတောက်မန္တန်' ငါးစောင်နဲ့ တခြား အဆင့်(၁) အနိမ့်တန်း မန္တန်အစောင် ၂၀ ကျော် ရှိပါတယ်။ ဒါတွေကတော့ ဈေးနှုန်းကွာဟချက်အတွက် အစားထိုးပေးတာပါ"
သူမ၏ လှပသောမျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားပြီး သက်ပြင်းတစ်ချက်ချကာ "မမရဲ့ ဝိညာဉ်အိတ်ထဲမှာ ရှိသမျှ မန္တန်တွေ အကုန်လုံးနီးပါး ထုတ်ပေးလိုက်တာပါ။ ဒီမန္တန်တွေရဲ့ စုစုပေါင်းတန်ဖိုးက နှင်းမြက်ပင် သုံးပင်ထက်တောင် နည်းနည်း ပိုပါဦးမယ်။ ပိုတဲ့အပိုင်းကိုတော့ မမက မောင်လေးအတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လက်ဆောင်ပေးတယ်လို့ပဲ သဘောထားလိုက်ပါ" ဟု ဆိုလေသည်။
လင်းရှန့်က ရယ်မောလျက် "ကောင်းတယ်" ဟု ခေါင်းညိတ်ထောက်ခံလေသည်။
စားပွဲပေါ်တွင် ပြည့်နှက်နေသော၊ အဆင့်မြင့် မန္တန်စက္ကူများဖြင့် ပြုလုပ်ထားသည့် မန္တန်များကို ကြည့်ပြီး နင်တောက်ရန်၏ ရင်ခုန်သံများ မြန်လာရသည်။
နှင်းမြက်ပင် သုံးပင်ဖြင့် ဤမျှအထိ များပြားသော မန္တန်များ ရလိမ့်မည်ဟု သူ အမှန်တကယ် မထင်မှတ်ထားခဲ့ပေ။ နှင်းခဲမန္တန် တစ်စောင်ရလျှင်ပင် ကံကောင်းလှပြီဟု သူ တွေးထားခဲ့ခြင်း ဖြစ်ပေရာသည်။
"ရပါတယ်"
နင်တောက်ရန်က ချက်ချင်းခေါင်းညိတ်၍ နှင်းမြက်ပင်များကို ပေးအပ်လိုက်သည်။ လျှိူရူယန်သည် ဆေးပင်များကို ဂရုတစိုက် သိမ်းဆည်းလိုက်ရာ သူမ၏ မျက်နှာလေးမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းလျက်ရှိချေသည်။
နင်တောက်ရန်သည်လည်း မန္တန်များအားလုံးကို သိမ်းဆည်းလိုက်ရာ ယခုအခါ မိမိကိုယ်ကိုယ် ကာကွယ်ရန် နည်းလမ်းများစွာ ပိုမိုရရှိသွားပြီ ဖြစ်ပေသည်။ ဤသို့ဖြင့် စိတ်လုံခြုံမှုမှာ မိမိလက်ဝယ်ရှိ ပစ္စည်းများမှသာ လာသည်ဟု သူ ခံစားလိုက်ရ၏။
မကြာမီမှာပင် အရသာရှိသော ဟင်းလျာများ၊ ဝိညာဉ်သေရည်နှင့် ဝိညာဉ်ထမင်းများ ရောက်ရှိလာတော့သည်။
"ညီလေး..." လင်းရှန့်က လေးနက်စွာ ဆို၏။
"တကယ်တော့ ဒီနေ့မှာ နောက်ထပ် သတင်းကောင်းတစ်ခု ရှိသေးတယ်။ ငါ့ရဲ့ 'စစ်မှန်သောယန်မီးဖိုကျင့်စဉ်' က နောက်ဆုံးတော့ ကျွမ်းကျင်မှုအဆင့်ကို ရောက်သွားပြီ။ ကျန်းယန်တောင်ထိပ် တစ်ခုလုံးမှာတောင် ဒီကျင့်စဉ်ကို ဤအဆင့်အထိ ရောက်အောင် ကျင့်နိုင်တဲ့ တပည့် ၂၀ ထက် မပိုဘူး"
"ဂုဏ်ယူပါတယ် အစ်ကိုကြီး"
နင်တောက်ရန်၏ မျက်လုံးများ တောက်ပသွားကာ "စစ်မှန်သောယန်မီးဖိုကျင့်စဉ်က ကျွမ်းကျင်ဖို့ အလွန်ခက်ခဲတယ်လို့ ကြားဖူးပါတယ်။ဂိုဏ်းချုပ်ရဲ့ သားကြီး ယန်ယန်တောင်မှ အောင်မြင်မှုအဆင့် ထိပဲ ရောက်သေးတာ မဟုတ်လား။ အစ်ကိုကြီးက အခြေခံအောင်မြင်မှု ထိ ရောက်သွားတာ တကယ့်ကို အံ့ဩစရာပါပဲ"
"ဒါပေါ့လေ" လင်းရှန့်သည် စိတ်ကြည်လင်နေသဖြင့် သေရည်ကို တစ်ကျိုက်တည်း မော့ချလိုက်သည်။
လျှိူရူယန်ကမူ လင်းရှန့်ကို စူးစိုက်ကြည့်နေ၏။ ထိုသူနှစ်ဦး ပိုမိုနီးစပ်လာသည်ကို နင်တောက်ရန် မြင်တွေ့ရသော်လည်း သူ မနာလိုဖြစ်ခြင်း အလျင်းမရှိပေ။ အစ်ကိုကြီးလင်းမှာ 'စစ်မှန်သောယန်စွမ်းအား' ကို ကျင့်ကြံနေသူဖြစ်ရာ လူပျိုစင်ဘဝ ပျက်စီးသွားပါက သူ၏ကျင့်ကြံမှုလည်း ပျက်စီးသွားမည် ဖြစ်ချေသည်။ ထို့ကြောင့် သံယောဇဉ် နက်ရှိုင်းလေလေ၊ ချုပ်တည်းရသည်မှာ နာကျင်ရလေလေ ဖြစ်ပေရာသည်။
---
ရက်အနည်းငယ် ကြာပြီးနောက်...
နင်တောက်ရန်သည် အိမ်နောက်ဖေးရှိ ငါးကန်ကို ထပ်မံချဲ့ထွင်ရန် ဆုံးဖြတ်လိုက်သည်။ နှစ်ဧကခန့်ရှိသော ငါးကန်မှာ ဝိညာဉ်ငါးအမြောက်အမြား မွေးမြူရန် မလုံလောက်သည့်အပြင် အမြဲတမ်း မျက်စိကျနေသော ငါးနက်ကလေးတစ်ကောင်လည်း ရှိနေသည်မဟုတ်ပါလား။
သူသည် အပြင်စည်း ခန်းမဆောင်သို့ သွားရောက်ကာ အကြီးအကဲတစ်ဦးကို တောင်းဆိုလိုက်သည်။ "ဦးလေး... ကျွန်တော် ချုန်းပီတောင်ထိပ်မှာ ဝိညာဉ်ငါးမွေးမြူဖို့ ခြောက်ဧကလောက်ရှိတဲ့ ငါးကန်တစ်ခု တိုးချဲ့ချင်လို့ပါ"
အကြီးအကဲက နင်တောက်ရန်ကို တစ်ချက်ကြည့်ကာ "ခြောက်ဧကတောင်လား... ညီလေးနင်၊ ဒါက သေးငယ်တဲ့ မြေကွက်လေး မဟုတ်ဘူးနော်။ တောင်ပြင်ပက ဝိညာဉ်မြေတိုင်းဟာ ဂိုဏ်းရဲ့ ပိုင်ဆိုင်မှုဆိုတာ မင်းသိမှာပါ" ဟု ဆိုလေသည်။
"နားလည်ပါတယ်ခင်ဗျာ။ အဲဒီ ငါးကန် ခြောက်ဧကအတွက် ကျွန်တော် နှစ်စဉ် ဝိညာဉ်ငါး ပိဿာ သုံးရာကို ဂိုဏ်းကို အခွန်အဖြစ် ပေးသွင်းပါ့မယ်" ဟု နင်တောက်ရန်က ကမ်းလှမ်းလိုက်ရာ အကြီးအကဲက ချက်ချင်းပင် "သဘောတူတယ်" ဟု ဆိုကာ ခွင့်ပြုလိုက်လေတော့သည်။
ထို့ကြောင့် နင်တောက်ရန်နှင့် သမင်အူကြောင်ကြီးတို့မှာ တစ်ဖန် အလုပ်ရှုပ်ကြပြန်သည်။ ပေါက်တူးနှင့် ဂေါ်ပြားများကို ကိုင်ဆောင်ကာ 'ထာဝရစိမ်းလန်းခြင်းကျင့်စဉ်' ၏ စွမ်းအားကို အသုံးပြု၍ ရက်အနည်းငယ်အတွင်းမှာပင် ငါးကန်သစ်များကို တူးဖော်ပြီးစီးသွားတော့သည်။
ငါးသားပေါက်အသစ်များကို လွှတ်လိုက်သောအခါ ငါးကန်တစ်ခုလုံးမှာ တဖျတ်ဖျတ်တောက်လျက် အလွန်ပင် လှပနေပေတော့သည်။
နင်တောက်ရန်သည် ဝိညာဉ်ငါးများ နေထိုင်ရန် ကြာရွက်များကိုလည်း ထပ်မံစိုက်ပျိုးပေးလိုက်၏။ သမင်ကြီးမှာလည်း ဝါးစိမ်းများနှင့် ဝိညာဉ်ဆန်ရိုးများကို ခုတ်ထစ်ကာ ငါးစာကျွေးရန် အမြဲအလုပ်ရှုပ်နေပေသည်။
"ငါးနက်လေး" နင်တောက်ရန်က ကန်ဘောင်ဘေးတွင် ရပ်၍ တိုးတိုးလေး ခေါ်လိုက်သည်။
"ရှပ်—" ဆိုသော အသံနှင့်အတူ ငါးနက်ကြီးသည် ရေမျက်နှာပြင်ပေါ်သို့ ခေါင်းပြုကာ အမြီးခါပြလေသည်။ ယင်းက ဝိညာဉ်စွမ်းအားများ ကြွယ်ဝနေပြီး အဆင့် (၁)အစောပိုင်း၏ အထွတ်အထိပ်သို့ ရောက်နေကာ အလယ်အလတ်အဆင့်သို့ တက်လှမ်းရန် တစ်လှမ်းသာ လိုတော့သည်။
နင်တောက်ရန်က "မဆိုးပါဘူး၊ ဝိညာဉ်ဆန်တွေ အများကြီးစားပြီး ကြိုးစားကျင့်ကြံဦး" ဟု ဆိုကာ အားပေးလိုက်သည်။ နင်တောက်ရန်သည် ဤငါးနက်ကြီးအပေါ် မျှော်လင့်ချက် ကြီးမားလှပေသည်။
နောင်တွင် သူ ဆေးလုံးဖော်စပ်နိုင်ပါက ဝိညာဉ်သားရဲများ အဆင့်တက်ရန် ဆေးလုံးများကို ဖော်စပ်ပေးမည်ဟု ကြံရွယ်ထား၏။
အကယ်၍ ငါးနက်ကြီးသည် အဆင့်(၂) ဝိညာဉ်သားရဲ ဖြစ်လာပါက ၎င်း၏ တိုက်ခိုက်ရေးစွမ်းအားမှာ 'အုတ်မြစ်တည်ဆောက်ခြင်းအဆင့်' ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်နိုင်မည် ဖြစ်ပေရာသည်။
ထိုအချိန်ရောက်လျှင် မိသားစုဝင် သုံးဦးစလုံးမှာ အုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိနေကြမည်ဖြစ်ရာ ရှန်းယန်နယ်မြေတစ်ခုလုံးတွင် သူတို့၏ အရှိန်အဝါမှာ ဟိန်းထွက်နေပေလိမ့်မည်။
လအနည်းငယ် ကြာပြီးနောက်...
ကျင့်ကြံမှုအချိန်များစွာ စုဆောင်းမိလာသောအခါ နင်တောက်ရန်သည် 'ထာဝရစိမ်းလန်းခြင်းကျင့်စဉ်' ကို တစ်ဖန် ထပ်မံလေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။ ယင်းကျင့်စဉ်မှာ သူ၏ အခြေခံအကျဆုံး ကျင့်စဉ်ဖြစ်ပြီး ကုန်ဆုံးသွားခြင်းမရှိသော ဝိညာဉ်စွမ်းအားများကို ပေးစွမ်းနိုင်ပေသည်။
ကိုယ်ခန္ဓာကြံ့ခိုင်မှုကျင့်စဉ် ပြီးမြောက်သွားပြီးနောက် ဤကျင့်စဉ်မှာ သူ၏ ပထမဦးစားပေး ဖြစ်လာခဲ့လေပြီ။
မြေအောက် ပေ ၂၀ အကွာရှိ လျှို့ဝှက်ခန်းမအတွင်း၌ နင်တောက်ရန်သည် တင်ပျဉ်ခွေထိုင်ကာ သူ၏ကျင့်ကြံမှုအချိန်များကို ကျင့်စဉ်အတွင်းသို့ သွန်းလောင်းလိုက်လေသည်။
【နှစ်ပေါင်း ၂၄၀၀ အတွင်း ထာဝရစိမ်းလန်းခြင်းကျင့်စဉ်မှာ ခိုင်မာမြဲမြံနေဆဲပင်။ သတ္တမအဆင့်မှာ အရှင့်၏ အကန့်အသတ်ဟု ထင်ရသော်လည်း အရှင်သည် အနည်းငယ်မျှ လျှော့ပေါ့ခြင်းမရှိဘဲ ဆက်လက်တွန်းအားပေးခဲ့ပါသည်။】
【နှစ်ပေါင်း ၅၁၆၀ အကြာတွင် အဆက်မပြတ် စီးဆင်းနေသော ဇီဝစွမ်းအားများကြောင့် အရှင်သည် လူငယ်လေးတစ်ဦးကဲ့သို့ နုပျိုနေဆဲ ဖြစ်သော်လည်း အရှင်၏နှလုံးသားအတွင်းရှိ ပင်ပန်းနွမ်းနယ်မှုနှင့် အိုမင်းရင့်ရော်မှုများက အရှင့်ကို နှိပ်စက်နေပါသည်။】
【အိမ်နီးချင်းကလေးငယ်တစ်ဦးက သူ၏မိခင်အား "ဘေးအိမ်က အစ်ကိုကြီးက ဘယ်သူလဲဟင်" ဟု မေးမြန်းရာ မိခင်ဖြစ်သူက ကလေးကို ရိုက်နှက်၍ "မိုက်မဲတဲ့သား... လျှောက်မပြောနဲ့ အဲဒါ မင်းရဲ့ ဘိုးဘေးကြီးရဲ့ ဦးလေးတော်တဲ့သူပဲ" ဟု ဆူပူပါသည်။】
【အရှင်သည် သက်ပြင်းတစ်ချက်ချလိုက်ရာ စိတ်အစုံ၌ အလင်းတစ်ချက် လက်ခနဲ ပေါ်လာပြီး ထာဝရစိမ်းလန်းခြင်းကျင့်စဉ်မှာ အဆင့်သစ်တစ်ခုသို့ တက်လှမ်းသွားတော့သည်။】
【ထာဝရစိမ်းလန်းခြင်းကျင့်စဉ်။ အဝါရောင်အဆင့်၊ အဆင့်မြင့် (အဆင့်(၆)】
【နှစ်ပေါင်း ၈၄၆၀ တွင် အရှင်သည် ဝေးလံသော ဘုန်းကြီးကျောင်းတစ်ကျောင်း၌ ရဟန်းအိုတစ်ပါးနှင့် တရားဓမ္မများ ဆွေးနွေးနေခဲ့သည်။ ရဟန်းအိုက "ဒကာတော်... လွှတ်ချသင့်တာကို လွှတ်ချရမယ်။ မသေခြင်းတရားဆိုတာ ကောင်းကင်ဘုံရဲ့ လမ်းစဉ်ပဲ၊ အတင်းအဓမ္မ ရယူလို့မရပါဘူး" ဟု မိန့်ကြားရာ အရှင်က အေးဆေးစွာ ပြုံးနေခဲ့သည်။ ရက်အနည်းငယ်အကြာတွင် ရဟန်းအိုသည် အေးချမ်းစွာ ပျံလွန်တော်မူသွားရာ အရှင်သည် လက်ခုပ်တီး၍ ရယ်မောလိုက်ပါသည်။】
【နှစ်ပေါင်း ၁၁၄၀၀ တွင် အဆင့်(၆)ရှိ စွမ်းအားများမှာ ပိုမိုသိပ်သည်းလာပြီး အရှင်၏ ဇီဝစွမ်းအားများမှာလည်း ပိုမိုအားကောင်းလာသဖြင့် အပြင်သို့ ထွက်ရန် ဆုံးဖြတ်လိုက်ပါသည်။】
【အရှင်သည် မြစ်ကမ်းဘေး၌ ထိုင်လျက် နွေဦးမြစ်ရေများ စိမ်းလန်းလာသည်ကိုလည်းကောင်း၊ ရေဝက်များ ကူးခတ်နေသည်ကိုလည်းကောင်း နှစ်ပေါင်းများစွာ စောင့်ကြည့်နေခဲ့ပါသည်။ ဤလောကကြီးမှာ ပွင့်လန်းလိုက်၊ ညှိုးနွမ်းလိုက်၊ သေဆုံးလိုက်၊ ပြန်လည်မွေးဖွားလိုက် ဖြစ်နေသော်လည်း အရှင်တစ်ဦးတည်းသာ ထာဝရစိမ်းလန်းလျက် ရှုံးနိမ့်ခြင်းမရှိဘဲ ကျန်ရစ်ပါသည်။】
【ထာဝရစိမ်းလန်းခြင်းကျင့်စဉ်။ အဝါရောင်အဆင့်၊ အဆင့်မြင့် (အဆင့်(၉)】
"ဟင်း..."
နင်တောက်ရန်သည် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ နဝမအဆင့်ရှိ ထာဝရစိမ်းလန်းခြင်းကျင့်စဉ်မှာ သူ၏ကိုယ်တွင်း၌ အလိုအလျောက် လည်ပတ်နေပြီး အတိုင်းအဆမရှိသော ဇီဝစွမ်းအားများဖြင့် ပြည့်နှက်နေကာ သူ၏ သက်တမ်းမှာလည်း သိသိသာသာ မြင့်တက်လာချေပြီ။
လိပ်အိုကြီးတစ်ကောင်ထက် ပို၍ အသက်ရှည်နေရသော ခံစားချက်မှာ အမှန်တကယ်ပင် ကောင်းမွန်လှပေရာသည်။
ဆက်လက်၍ လေ့ကျင့်ဦးမည်၊ အဆင့်(၁၀)သို့ တစ်ရှိန်ထိုး ရောက်အောင်သွားမည်။
【နှစ်ပေါင်း ၁၅၀၀၀ တွင် အရှင်၏ကျင့်စဉ်မှာ နှစ်ပေါင်း ၄၀၀၀ ခန့် ရပ်တန့်နေခဲ့သည်။ အရှင်နှင့်အတူ မသေခြင်းတရားကို ရှာဖွေမည်ဟု ကတိပြုခဲ့သော မိတ်ဆွေများအားလုံး သေဆုံးသွားကြပြီဖြစ်ပြီး ယခုအခါ သူတို့၏ မြေး၊ မြစ်များပင် မရှိတော့ပါ။】
အရှင်သည် မကြုံစဖူးသော အထီးကျန်မှုကို ခံစားရသော်လည်း မသေခြင်းတရားအပေါ် တောင့်တမှုက သင့်ကို နောက်သို့လှည့်မကြည့်ဘဲ ရှေ့သို့သာ ဆက်လက်တွန်းပို့နေခဲ့ပါသည်။
【နှစ်ပေါင်း ၁၈၃၀၀ တွင် အရှင်သည် ရှေးဟောင်းဘုရားကျောင်းတစ်ခု၌ သစ်ရွက်ခြောက်များ ဖုံးလွှမ်းလျက် ထိုင်နေခဲ့သည်။ ကိုရင်လေးတစ်ပါးက အရှင် သေဆုံးသွားပြီဟု ထင်မှတ်၍ "ဒကာကြီးနင်တော့ ဆုံးရှာပြီ" ဟု အော်ဟစ်ရန် ပြင်လိုက်စဉ်မှာပင် အရှင်၏ခန္ဓာကိုယ်မှ အတိုင်းအဆမရှိသော ဇီဝစွမ်းအားများ ရုတ်တရက် ပွင့်ထွက်လာပါတော့သည်။】
【ထာဝရစိမ်းလန်းခြင်းကျင့်စဉ်။ အဝါရောင်အဆင့်၊ အဆင့်မြင့် (အဆင့်(၁၀)】
【အရှင်သည် ထာဝရစိမ်းလန်းခြင်းကျင့်စဉ်၏ လျှို့ဝှက်ချက်ကို ရိပ်စားမိသွားလေပြီ။ ယင်းမှာ... ဤကျမ်းစာသည် အပိုင်းအစတစ်ခုမျှသာ ဖြစ်ချေသည်။ အကယ်၍ အချိန်နှင့် ကြိုးစားမှု လုံလောက်စွာ ထပ်မံပေးဆပ်နိုင်ပါက ဤကျင့်စဉ်၏ ပိုမိုပြည့်စုံသော မူလအရာကို အရှင်ကိုယ်တိုင် ဖော်ထုတ်နိုင်ပါလိမ့်မည်။】
【ကျန်ရှိသော ကျင့်ကြံမှုအချိန် - ၂၁၄၄ နှစ်】
နင်တောက်ရန်သည် အသက်ကို ပြင်းပြင်းရှူကာ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ၏ ဝိညာဉ်အသိဖြင့် ကိုယ်တွင်းကို ပြန်လည်စစ်ဆေးကြည့်သောအခါ သူ၏ရုပ်ခန္ဓာမှာ စိမ်းလန်းစိုပြည်သော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်အလား ပြောင်းလဲသွားပြီး အတိုင်းအဆမရှိသော ဇီဝစွမ်းအားများ ကိန်းအောင်းနေသည်ကို တွေ့ရှိရသည်။
ယခုအခါ ဝိညာဉ်စွမ်းအားသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် သူ၏သက်တမ်းမှာ နှစ်ပေါင်းနှစ်ရာ ဖြစ်လာချေပြီ။ ယင်းက အခြားကျင့်ကြံသူများထက် နှစ်ဆတိတိ ပိုမိုများပြားလှပေသည်။
လိပ်အိုကြီးတစ်ကောင်လို အသက်ရှင်ရတော့မည်ဖြစ်ပေရာသည်။
အဆင့်(၁၀)ရှိ ထာဝရစိမ်းလန်းခြင်းကျင့်စဉ်မှာ သက်တမ်းကိုသာမက ကျင့်ကြံမှုအဆင့်ကိုလည်း များစွာ ပြောင်းလဲစေခဲ့သည်။ ယခုမှစ၍ နင်တောက်ရန်သည် ကျင့်စဉ်ကို အသက်သွင်းလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအားများကို အဆက်မပြတ် စုပ်ယူနိုင်ပြီး မိမိ၏ သစ်သားဓာတ်ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲနိုင်မည် ဖြစ်သည်။
အကယ်၍ နောင်တွင် မီးဒြပ်ကျင့်စဉ်များကို ကျင့်ကြံပါကလည်း ဤသစ်သားဒြပ်စွမ်းအားများကို အခြေခံ၍ မီးတောက်များကို ပိုမိုပြင်းထန်အောင် ပြုလုပ်နိုင်မည် ဖြစ်ချေသည်။
သူသည် မျက်မှောင်ကြုတ်လိုက်မိ၏။ ထာဝရစိမ်းလန်းခြင်းကျင့်စဉ်မှာ ဆက်လက်လေ့ကျင့်၍ မရတော့ဘဲ ပြည့်စုံသောကျမ်းစာဖြစ်ရန် ဖော်ထုတ်ရပေဦးမည်။
ယင်းအတွက် အချိန်မည်မျှ ကုန်ကျမည်ကို မသိနိုင်သဖြင့် လောလောဆယ်တွင် ကျင့်ကြံမှုအချိန်များကို ထပ်မံစုဆောင်းထားရန်သာ ဆုံးဖြတ်လိုက်သည်။ နှစ်သောင်း၊ သုံးသောင်းလောက် မရှိဘဲနှင့်တော့ မစွန့်စားသင့်ပေ။
သို့သော် ပြည့်စုံသောကျမ်းစာကို ဖော်ထုတ်နိုင်ခဲ့ပါက ရရှိမည့် အကျိုးကျေးဇူးမှာမူ မှန်းဆ၍ပင် မရနိုင်တော့ချေ။ အချုပ်အားဖြင့်ဆိုရသော် ကျင့်ကြံမှုအချိန်စီမံခန့်ခွဲမှုနှင့် ထာဝရစိမ်းလန်းခြင်းကျင့်စဉ်တို့ ပေါင်းစပ်လိုက်ပါက အနှိုင်းမဲ့လှပေသည်။
နင်တောက်ရန်သည် ရယ်မောလျက် ထရပ်လိုက်ကာ "သမင်အိုကြီး... မင်းအတွက် ဟင်းနှစ်ခွက်လောက် ချက်ပေးမယ်လေ" ဟု ဆိုလိုက်သည်။ အသွင်ပြောင်းခြင်းကျင့်စဥ်ကို လေ့ကျင့်နေသော သမင်ကြီးမှာလည်း ငါးစားချင်နေသည်ဖြစ်ရာ ဝမ်းသာအားရ အော်မြည်လေတော့သတည်း။
နင်တောက်ရန်သည် ယဲ့နတ်ဆိုးအိုထံမှ ရရှိသော ပစ္စည်းများကို စွန့်ပစ်ရန် ဆုံးဖြတ်လိုက်သည်။ ဘေးကင်းစေရန်အတွက် ချင်းကျိုးအရှေ့ဘက်ရှိ နယ်မြေအချို့သို့ သွားရောက်ကာ စျေးကွက်ပေါင်း တစ်ဆယ်ကျော်၌ အသွင်ပြောင်း၍ ခွဲခြားရောင်းချခဲ့သည်။
အဆုံးသတ်တွင် ထိုမှော်လက်နက်များ၊ ဝိညာဉ်ရတနာများနှင့် ဆေးလုံးများအားလုံးကို ဝိညာဉ်ကျောက်တုံး ၈၀၀၀ ကျော်ဖြင့် လဲလှယ်နိုင်ခဲ့လေသည်။
ဤသို့ဖြင့် နင်တောက်ရန်၏ ဝိညာဉ်အိတ်အတွင်း၌ ဝိညာဉ်ကျောက်တုံးပေါင်း ၂၀၀၀၀ နီးပါး ရှိလာချေပြီ။ သူ့ကို ဂိုဏ်းပြင်ပ၌ အချမ်းသာဆုံးပုဂ္ဂိုလ်ဟု ခေါ်လျှင်ပင် လွန်မည်မထင်ပေ။
ဝိညာဉ်ကျောက်တုံးများ ရလာပြီဖြစ်ရာ ယင်းတို့ကို တိုက်ခိုက်ရေးစွမ်းအားအဖြစ် အမြန်ဆုံး ပြောင်းလဲရပေမည်။
နှစ်လအကြာတွင် နင်တောက်ရန်သည် ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးအဖြစ် အသွင်ပြောင်းကာ ချင်းဖူးဖန့်စျေးတန်း သို့ သွားရောက်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် ချန်ဖျင်အာနှင့်ပင် ထပ်မံတွေ့ဆုံခဲ့ရ၏။ သူမက "ကျင့်ကြံဖော်... ဘာများ အလိုရှိပါသလဲ၊ ကျွန်မ လမ်းညွှန်ပေးပါရစေ" ဟု ပြုံးလျက် ဆိုလေသည်။
"ဒီဆိုင်မှာ ဘယ်လို ကိုယ်ခံပညာကျင့်စဉ်တွေ ရှိသလဲဆိုတာ ကြည့်ချင်လို့ပါ"
ဆိုင်အတွင်း၌ အဝါရောင်အဆင့် အနိမ့်တန်းမှ အဆင့်မြင့်တန်းအထိ ကျင့်စဉ်ကျမ်းစာများစွာကို စီရီထားသည်ကို တွေ့ရသဖြင့် နင်တောက်ရန်မှာ စောစောမလာမိသည်ကိုပင် နောင်တရမိသွားသည်။
သို့သော် သေချာစွာ ရွေးချယ်ကြည့်သောအခါ ထိုကျင့်စဉ်အများစုမှာ အားနည်းချက်များ ရှိနေသည်ကို တွေ့ရ၏။ ဥပမာအားဖြင့် 'ဒြပ်ငါးပါး လျှပ်စီးကျင့်စဉ်' မှာ အလွန်စွမ်းအားကြီးသော်လည်း လျှပ်စီးဝိညာဉ်အမြစ် လိုအပ်သည့်အပြင် ကျမ်းစာမှာလည်း မပြည့်စုံပေ။
အမှန်တကယ်တွင် ကောင်းမွန်သော ကျင့်စဉ်များမှာ အလွန်ရှားပါးလှပေသည်။ အနန္တဂိုဏ်းကဲ့သို့သော ဂိုဏ်းကြီးများတွင်ပင် အဝါရောင်အဆင့်မြင့် ထာဝရစိမ်းလန်းခြင်းကျင့်စဉ်မျိုးကို ဂိုဏ်းအတွက် အကျိုးမပြုသော တပည့်များအား သင်ကြားခွင့် မပေးပေ။
ဟွမ်လုံစျေးတန်းရှိ ကျင့်စဉ်များမှာ မည်မျှပင် ကောင်းစေကာမူ အနန္တဂိုဏ်း၏ ကျင့်စဉ်များကို ကျော်လွန်နိုင်ပါမည်နည်း။
အဆုံးသတ်တွင် နင်တောက်ရန်၏ အကြည့်သည် အခြားကျင့်ကြံသူများက အသုံးမဝင်ဟု ယူဆထားကြသော လွတ်မြောက်ခြင်းကျင့်စဉ် အချို့အပေါ်သို့ ကျရောက်သွားလေတော့သတည်း။
***