ထိုကျင့်စဉ်များ ကိန်းအောင်းရာ ကျောက်စိမ်းပြားများ၏ အောက်ခြေတွင် ကျင့်စဉ်အမည်များကို အသီးသီး ရေးထိုးထားလေသည်။
[မြေဒြပ်လွတ်မြောက်ခြင်းကျင့်စဉ်
သစ်သားဒြပ်လွတ်မြောက်ခြင်းကျင့်စဉ်
ရေဒြပ်လွတ်မြောက်ခြင်းကျင့်စဉ်]
...
ဤသို့သော လွတ်မြောက်ခြင်းကျင့်စဥ်များကို အသုံးမဝင်ဟု သတ်မှတ်ကြခြင်းမှာ တိုက်ခိုက်ရေးစွမ်းရည် နည်းပါးလှသည့်အပြင် ကျင့်ကြံသူ၏ အဆင့်အတန်းကိုလည်း သိသိသာသာ မြင့်တက်စေခြင်း မရှိသောကြောင့် ဖြစ်ချေသည်။
၎င်းပြင် ဤကျင့်စဥ်များကို ကျွမ်းကျင်ရန် အချိန်များစွာ ပေးဆပ်ရပေရာ ကျွမ်းကျင်မှု မရှိပါကလည်း အရာမရောက်လှသဖြင့် လုံးဝမလေ့ကျင့်ခြင်းကမှ ပို၍ တော်ဦးမည် ဖြစ်ပေသည်။
ဥပမာအားဖြင့် ရေဓာတ်လွတ်မြောက်ခြင်းကျင့်စဥ်ကို အခြေခံအဆင့်မျှသာ တတ်မြောက်ထားပါက ရေကူးခြင်းထက်ပင် မထူးခြားလှပေ။ ရေနှင့်တစ်သားတည်းဖြစ်ကာ အရှိန်အဟုန်ဖြင့် လွတ်မြောက်နိုင်သည့် အစွမ်းကို ရရှိနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် အရှေ့ဘက်တောရိုင်းမြေ၏ ကျင့်ကြံခြင်းလောကတွင် ခိုးသားကြီးများနှင့် သူခိုးဘုရင်များကဲ့သို့သော နတ်ဆိုးကျင့်ကြံသူများသာလျှင် ဤလွတ်မြောက်ခြင်းကျင့်စဥ်များကို ရွေးချယ်လေ့ကျင့်လေ့ ရှိကြသည်။
သို့သော် ထိုသူတို့မှာ အဆင့်နိမ့်ကျင့်ကြံသူများသာ ဖြစ်ကြပြီး အစစ်အမှန် ပညာရှင်များနှင့် တွေ့ပါက ချက်ချင်းပင် အသတ်ခံရမည် ဖြစ်ပေရာသည်။
ယဲ့နတ်ဆိုးအိုကြီးကဲ့သို့ စွမ်းအားကြီးသူပင်လျှင် ဝိညာဉ်စွမ်းအားသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံရကာ အသက်ပျောက်ခဲ့ရသည် မဟုတ်လား။
"ဒီလွတ်မြောက်ခြင်းကျင့်စဥ် သုံးခုလုံးကို ကျွန်တော် ယူပါ့မယ်"
နင်တောက်ရန်က ညွှန်ပြလိုက်သည်။
"သုံးခုလုံး ယူမလို့လား"
ချန်ဖျင်အာက အသာအယာ ပြုံးလိုက်ပြီး "အဝါရောင်အဆင့်နိမ့် လွတ်မြောက်ခြင်းကျင့်စဥ် တစ်အုပ်ကို ဝိညာဉ်ကျောက်တုံး ၃၅၀ ကျသင့်ပါတယ်။ အားလုံးယူမယ်ဆိုရင်တော့ ကျောက်တုံး ၁၀၀၀ နဲ့ပဲ ပေးပါ့မယ်။ ဘယ်လိုလဲရှင်" ဟု ဆိုလေသည်။
ချင်းဖူးဈေးတန်းရှိ လူတိုင်းက ချန်ဖျင်အာကို လောကဝတ်ကျေပွန်သူဟု ချီးမွမ်းကြသည်မှာ မမှားပေ။
သူမ၏ စကားလုံးများမှာ နွေဦးလေပြေကဲ့သို့ နူးညံ့လှချေသည်။ သားသတ်သမား၏ ဓားထက်ပင် အေးစက်သော နှလုံးသားရှိသည့် နင်တောက်ရန်ပင်လျှင် စိတ်လက်ပေါ့ပါးမှုကို ခံစားလိုက်ရ၏။
ဤမိန်းကလေးငယ်၏ အရောင်းစွမ်းရည်မှာ ပိုမိုတိုးတက်လာပြီး ချင်းဖူးဈေးတန်းတွင် သူမ၏ အဆင့်အတန်းမှာလည်း တစ်နေ့တခြား မြင့်မားလာပေတော့မည်။
မကြာမီတွင် အထက်လူကြီးများက ဤဈေးတန်းကို သူမအား စီမံခန့်ခွဲခွင့် ပေးပေတော့မည် ဖြစ်တန်ရာသည်။
ဝိညာဉ်ကျောက်တုံး တစ်ထောင်ပေးကာ လွတ်မြောက်ခြင်းကျင့်စဥ် သုံးခုကို ရယူလိုက်လေပြီ။
---
[ဝိညာဉ်လယ်ကွင်း (၇၇)ကွက်မြောက်]
နင်တောက်ရန်သည် မြေဒြပ်၊ သစ်သားဒြပ်နှင့် ရေဒြပ်လွတ်မြောက်ခြင်းကျင့်စဥ်များကို တစ်ထိုင်တည်းနှင့် အထွတ်အထိပ်အဆင့်အထိ လေ့ကျင့်လိုက်လေသည်။
ယင်းတို့မှာ အဆင့်နိမ့်ကျင့်စဥ်များ ဖြစ်သဖြင့် ကျင့်ကြံမှုအချိန် အမြောက်အမြား မလိုအပ်ဘဲ တစ်ခုလျှင် နာရီတစ်ထောင်ကျော်မျှဖြင့် ပြီးမြောက်သွားချေသည်။
"သမင်ကြီး... ငါ့နောက်ကို လိုက်ခဲ့"
နင်တောက်ရန်သည် အပြင်သို့ ပြေးထွက်သွားကာ မန္တန်ကို ရွတ်ဖတ်လိုက်သည်နှင့် တစ်ပြိုင်နက် "ဝူး" ဆိုသော အသံနှင့်အတူ မြေပြင်ပေါ်မှ ပျောက်ကွယ်သွားတော့သည်။
"ဟင်"
သမင်ကြီးမှာ အံ့အားသင့်သွားရ၏။ သူ၏ အစ်ကိုကြီးမှာ မြေအောက်သို့ တိုးဝင်သွားနိုင်သည် မဟုတ်လား။ ၎င်းသည် ရှေ့ခြေထောက်များကို မြှောက်ကာ ဝမ်းသာအားရ အော်မြည်ရင်း မြေကြီးထဲသို့ ခေါင်းစိုက်တိုးဝင်လိုက်လေသည်။
မြေအောက်တွင် နင်တောက်ရန်သည် မြေဒြပ်လွတ်မြောက်ခြင်းကျင့်စဥ်ကို အသက်သွင်းထားရာ မြေသားထုနှင့် တစ်သားတည်းဖြစ်သွားသလို ခံစားရပြီး ခန္ဓာကိုယ်မှာလည်း ဝိညာဉ်သတ္တဝါတစ်ဦးကဲ့သို့ ပေါ့ပါးနေလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် မြေသားများကို အရှိန်အဟုန်ဖြင့် ဖြတ်သန်းသွားနိုင်ချေသည်။
"အီးးးး~~~"
သမင်အူကြောင်ကြီးမှာလည်း သူ၏အစ်ကိုကြီးနှင့်အတူ ပျော်ရွှင်စွာ လိုက်ပါနေ၏။
"ဘုန်း"
နင်တောက်ရန်သည် မြေကြီးထဲမှ ရုတ်တရက် ပွင့်ထွက်လာကာ အပြာရောင်မန္တန်ကို အသုံးပြု၍ အပြင်ဘက်ရှိ ဝါးစိမ်းဝိညာဉ်စပါးခင်းထဲသို့ တိုးဝင်လိုက်ပြန်သည်။
ထို့နောက် ဝါးပင်များတစ်လျှောက် သစ်သားဒြပ်လွတ်မြောက်ခြင်းကျင့်စဥ်ကို လျင်မြန်စွာ အသုံးပြုလေသည်။
သမင်ကြီးမှာမူ အတိုင်းထက်အလွန် ဝမ်းသာသွားရ၏။ သူ၏အစ်ကိုကြီးမှာ သစ်သားဒြပ်ကျင့်စဥ်ကိုပင် တတ်မြောက်နေသည် မဟုတ်လား။ အစ်ကိုကြီး ဖြစ်ထိုက်ပေသည်။
မကြာမီမှာပင် နင်တောက်ရန်သည် သစ်ပင်သစ်ကိုင်းများနှင့် မြက်ခင်းများမှတစ်ဆင့် ရေကန်ထဲသို့ အလင်းတန်းတစ်ခုအဖြစ် ခုန်ဆင်းကာ ရေဒြပ်လွတ်မြောက်ခြင်းကျင့်စဥ်ကို အောင်မြင်စွာ ပြသလိုက်ပြန်သည်။
ငါးကန်အတွင်းရှိ ဝိညာဉ်ငါးအုပ်မှာမူ ထိတ်လန့်တကြား အော်မြည်နေကြကုန်၏။ ဤသို့သော ခံစားချက်မျိုး ခံစားရတိုင်း သူတို့၏ အပေါင်းအဖော်တစ်ဦးမှာ ရေထဲမှ ဆွဲထုတ်ခံရကာ ချက်ပြုတ်စားသောက်ခြင်း ခံရလေ့ရှိသောကြောင့် ဖြစ်ပေသည်။
"ရှပ် ရှပ်~~~"
ကန်အတွင်းပိုင်းရှိ ငါးနက်ကြီးမှာလည်း တုန်လှုပ်ချောက်ချားနေ၏။ အရာအားလုံးကို ဖိနှိပ်နိုင်စွမ်းရှိသော စွမ်းအားတစ်ခုသည် သူ၏နယ်မြေထဲသို့ ရုတ်တရက် ဝင်ရောက်လာသော်လည်း ငါးနက်ကြီးမှာမူ မည်သည့်ခုခံမှုကိုမျှ မပြုဝံ့ချေ။
"ငါးနက်လေး... မင်း ကျင့်ကြံမှုမှာ လျော့ရဲနေပုံပဲ"
ရေထဲမှ မမြင်ရသော ပုံရိပ်တစ်ခုက အသံထွက်လာသည်။ ငါးနက်ကြီးမှာ ချက်ချင်းပင် မိမိကိုယ်ကို ကာကွယ်သည့်အနေဖြင့် ကိုယ်ခန္ဓာကို လှိမ့်ကာ ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်ပြရင်း သူ ကြိုးစားကျင့်ကြံနေပါသည်ဟု သက်သေပြလေတော့သည်။
"ကဲ... ဒါ နောက်ဆုံးအကြိမ်ပဲ"
နင်တောက်ရန်သည် ရေထဲမှ ထွက်လာကာ ကမ်းပေါ်သို့ ဆင်းသက်လိုက်၏။ သူ၏ ဝတ်စုံမှာ ရေတစ်စက်မျှပင် မစိုဘဲ စင်ကြယ်နေဆဲပင်။ အထွတ်အထိပ်အဆင့်ရှိသော လွတ်မြောက်ခြင်းကျင့်စဥ်များမှာ ဤမျှအထိ ဆန်းကြယ်လှပေရာသည်။ နင်တောက်ရန်မှာ ပညာစုံထားခြင်းသည် အမှန်တကယ် ကောင်းမွန်လှသည်ဟု တွေးတောရင်း ပြုံးလိုက်မိလေသည်။
နင်တောက်ရန်နှင့်သမင်မှာ ဝိညာဉ်စပါးများ စိုက်ပျိုးရင်း အေးချမ်းစွာပင် ဆက်လက်နေထိုင်ခဲ့ကြသည်။ လီကြွယ်သေဆုံးသည့် ကိစ္စမှာလည်း တိမ်မြုပ်သွားခဲ့လေပြီ။ ယဲ့နတ်ဆိုးအိုကြီးမှာလည်း ကျင့်ကြံခြင်းလောကတွင် ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်ရာ ရန်သူများ၏ လက်ချက်ဖြင့် သေဆုံးသွားပြီဟု အများက ယူဆနေကြသည်။ သို့သော် ဤအရာများမှာ နင်တောက်ရန်နှင့် မည်သို့မျှ မသက်ဆိုင်ချေ။
အချိန်များ ကုန်လွန်သွားရာ လေးနှစ်ဆိုသော ကာလမှာ မျက်စိတစ်မှိတ်အတွင်း ရှိခဲ့လေပြီ။ ထိုနှစ်တွင် နင်တောက်ရန်မှာ အသက် ၃၃ နှစ် ရှိပြီဖြစ်ပြီး အနန္တဂိုဏ်းသို့ ရောက်ရှိလာသည်မှာ ၁၃ နှစ် တင်းတင်း ပြည့်ခဲ့ချေပြီ။
အဆင့် (၉)ဝိညာဉ်အမြစ်မှာ မဟာတာအိုလမ်းစဉ်အတွက် ကြီးမားသော အတားအဆီးတစ်ခု ဖြစ်ပေရာသည်။ လွန်ခဲ့သော လေးနှစ်အတွင်း နင်တောက်ရန်သည် နေ့ညမပြတ် ကျင့်ကြံခဲ့သော်လည်း ယခုမှသာ ဝိညာဉ်စွမ်းအားသန့်စင်ခြင်း အဆင့် (၈) သို့ ရောက်ရှိခဲ့သည်။ ယင်းက အတော်ပင် ဆိုးရွားလှချေသည်။
ချုန်းပီတောင်ထိပ်ရှိ လယ်သမားများ ပြောသည်မှာ မှန်ပေသည်။ အဆင့်(၉) ဝိညာဉ်အမြစ်ရှိသူ အများစုမှာ တစ်သက်လုံး အစောပိုင်း သို့မဟုတ် အလယ်အလတ်အဆင့်တွင်သာ ရပ်တန့်နေတတ်ကြသည်။
နင်တောက်ရန်အနေဖြင့် အဆင့်မြင့်ပိုင်းသို့ ရောက်ရှိလာခြင်းမှာ အံ့ဖွယ်တစ်ပါးပင် ဖြစ်ပေရာသည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အချိန်အခါကောင်းပြီဟု ယူဆသဖြင့် နင်တောက်ရန်သည် သူ၏ စစ်မှန်သော အဆင့်အတန်းကို စတင်ထုတ်ဖော်ပြသခဲ့သည်။
လွန်ခဲ့သော သုံးနှစ်က အဆင့် (၅)၊ နှစ်နှစ်က အဆင့် (၆) သို့ ရောက်ရှိခဲ့ကြောင်း ပြသခဲ့၏။ သူ၏လက်ဝယ်တွင် ဒုတိယအဆင့် ဝိညာဉ်စပါးများ ရှိနေသည့်အပြင် လင်းရှန့်နှင့် ဟန်ပင်းတို့ကလည်း ကျင့်ကြံမှုဆိုင်ရာ ဆေးလုံးများကို မကြာခဏ ပို့ပေးလေ့ရှိသဖြင့် သူ၏ တိုးတက်မှုမှာ ယုတ္တိရှိနေပေသည်။
ယနေ့တွင်မူ နင်တောက်ရန်သည် ဝိညာဉ်စွမ်းအားသန့်စင်ခြင်း အဆင့်မြင့်ပိုင်းသို့ ရောက်ရှိပြီဖြစ်ကြောင်း ထုတ်ဖော်ရန် ဆုံးဖြတ်လိုက်လေသည်။
ညဉ့်နက်သန်းခေါင်အချိန်တွင် ဝိညာဉ်လယ်ကွင်း(၇၇) မှ ပြင်းထန်သော ဝိညာဉ်စွမ်းအားများ ပွင့်ထွက်လာကာ နင်တောက်ရန်သည် အဆင့် (၇) သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ချေပြီ။
အသက် ၃၃ နှစ်နှင့် အဆင့်မြင့်ပိုင်းသို့ ရောက်ရှိခြင်းမှာ မဆိုးလှသော တိုးတက်မှု ဖြစ်ပေသည်။
နံနက်မိုးလင်းသောအခါ ချုန်းပီတောင်ထိပ်ရှိ လူတိုင်းက နင်တောက်ရန်အား လာရောက် ဂုဏ်ပြုကြကုန်၏။
"ဦးလေး... ဦးလေး"
ချန်ဝေ့မောက ချက်ချင်းပင် ရောက်ရှိလာသည်။ ယခုအခါ သူမမှာ ၁၄ နှစ်အရွယ် မိန်းကလေးငယ် ဖြစ်နေပြီဖြစ်ကာ ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် အသားအရေမှာ ကျောက်စိမ်းကဲ့သို့ ချောမွေ့ဝင်းပနေချေသည်။
သူမသည် အဆင့်မြင့်ပိုင်းတွင် အသုံးပြုနိုင်သော၊ နှစ်ပေါင်းလေးရာသက်တမ်းရှိ ရေလမင်းမြက်ဖြင့် ဖော်စပ်ထားသည့် ဆေးလုံးတစ်လုံးကို ဂုဏ်ပြုလက်ဆောင်အဖြစ် ပေးအပ်လေသည်။
ထို့နောက် အခြားလယ်သမားများလည်း ရောက်ရှိလာကြ၏။ ဟွမ်ရှန်က ဝိညာဉ်ကျောက်တုံး ၁၀ တုံး ပေးအပ်ရာ ယင်းမှာ သူ၏ ခြောက်လစာ ဝင်ငွေဖြစ်သဖြင့် အတော်ပင် ရက်ရောလှပေသည်။
ချင်ရှန့်နှင့် မာချွမ်ယိုတို့ကလည်း အသီးသီး ဂုဏ်ပြုကြကုန်၏။ မာချွမ်ယိုမှာမူ နင်တောက်ရန်အား သူနှင့်အတူ လေလွင့်ရန် ခေါ်ဆောင်ခဲ့သည်ကို နောင်တရနေပုံပေါ်ချေသည်။
နင်တောက်ရန်ကလည်း လူတိုင်းကို ဒုတိယအဆင့် ဝိညာဉ်စပါး ပိဿာနှစ်ဆယ်စီ ပြန်လည်လက်ဆောင်ပေးလိုက်ရာ လူတိုင်းမှာ ပျော်ရွှင်စွာ ပြန်သွားကြလေတော့သည်။
"စီနီယာအစ်ကိုနင်~~~"
ပင်မတောင်ထိပ်မှ အဖြူရောင်အလင်းတန်းတစ်ခု ပျံသန်းလာရာ ယင်းမှာ ညီမလေး ဟန်ပင်း ဖြစ်ပေသည်။ သူမမှာ နင်တောက်ရန်ထက်ပင် စော၍ အဆင့်မြင့်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်ကာ ဆေးလုံးတစ်ပုလင်းကို ဂုဏ်ပြုလက်ဆောင်အဖြစ် ပေးအပ်လေသည်။
နင်တောက်ရန်က လက်မခံဘဲ ငြင်းဆန်သော်လည်း နောက်ဆုံးတွင် သူမ၏ စေတနာကြောင့် ဆေးလုံးသုံးလုံးကိုသာ ယူလိုက်လေသည်။
ထို့နောက် လင်းရှန့်နှင့် လျှိူရူယန်တို့လည်း ရောက်ရှိလာကြ၏။ လင်းရှန့်က "ဂုဏ်ယူပါတယ် ညီလေး၊ ဂုဏ်ပြုလက်ဆောင်ကတော့ အချိန်မရသေးလို့ ဒီမှာ အရင်လာစားတာပဲ" ဟု ရယ်မောကာ ဆိုလေသည်။
လျှိူရူယန်ကမူ အဆင့်(၂) အနိမ့်တန်း 'ပေါက်ကွဲမီးလျှံမန္တန်' တစ်စောင်ကို ပေးအပ်ရာ ယင်းမှာ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိပေသည်။
စားပွဲဝိုင်းတွင် လင်းရှန့်က နင်တောက်ရန်အား အတွင်းစည်းသို့ ဝင်ရောက်ရန်နှင့် သူနှင့်အတူ စစ်မှန်သောယန်မီးဖိုကျင့်စဉ်ကို လေ့ကျင့်ရန် တိုက်တွန်းလေသည်။
သို့သော် လျှိူရူယန်က နင်တောက်ရန်ကိုလည်း လင်းရှန့်ကဲ့သို့ အမျိုးသမီးများကို ရှောင်ကြဉ်ခိုင်းဦးမလားဟု ရယ်သွန်းသွေးလိုက်ရာ ဟန်ပင်း၏ မျက်နှာလေးမှာ ရဲခနဲ ဖြစ်သွားရ၏။
နင်တောက်ရန်ကမူ မိမိ၏ ဝိညာဉ်မိုးသွန်းကျင့်စဉ်မှာ အဆင့် (၆) သို့ ရောက်နေပြီဖြစ်ကာ မကြာမီ အဆင့် (၇) သို့ ရောက်တော့မည်ဖြစ်သဖြင့် အတွင်းစည်းသို့ သွားရန် မလိုအပ်ကြောင်းနှင့် သမင်ကြီးနှင့်အတူ ဝိညာဉ်စပါးစိုက်ပျိုးရသည်ကိုသာ နှစ်သက်ကြောင်း ငြင်းဆိုလိုက်လေသည်။ လင်းရှန့်ကလည်း နားလည်ပေးခဲ့လေသည်။
ညနေစောင်းသောအခါ ဧည့်သည်များ ပြန်သွားကြပြီး နင်တောက်ရန်သည် သမင်ကြီးကို ခေါ်ဆောင်ကာ အကျိုးပြုခန်းမဆောင်သို့ ထွက်ခွာခဲ့တော့သည်။
"အပြင်စည်းတပည့် နင်တောက်ရန်... ဝိညာဉ်စွမ်းအားသန့်စင်မှု အဆင့် ၇..."
အပြင်စည်း အုတ်မြစ်တည်ဆောက်ခြင်းအဆင့် အကြီးအကဲက မျက်မှောင်ကြုတ်လျက် "မင်း တော်တော်လေး ဖုံးကွယ်ထားတာပဲ၊ အခုတော့ အဆင့်မြင့်ပိုင်းကို ရောက်လာပြီပေါ့။ မင်းမှာ ထာဝရစိမ်းလန်းခြင်းကျင့်စဉ် ရှိနေတော့ အခု နေဝန်းမီးလျှံကျင့်စဉ်ကို ယူဦးမလို့လား" ဟု မေးမြန်းလေသည်။
"ဒီလိုနဲ့ သစ်သားဒြပ်နဲ့ မီးဒြပ်ကို ပေါင်းစပ်ပြီး ကျင့်ကြံဖို့ ကြိုးစားနေတာလား။ လူငယ်လေး... လောဘမကြီးပါနဲ့၊ အရာမထင်ဘဲ သေဆုံးသွားလိမ့်မယ်"
"တပည့် နားလည်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ် ဦးလေးတော်... သက်တော်ရာကျော် ရှည်ပါစေ"
အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ဦးလေးကြီး၏ မျက်နှာမှာမူ ဖျော့တော့သွားလေတော့သတည်း။
***