ယန်ရွှယ်သည် သူမ၏ လက်ဖမိုးဖြင့် နှုတ်ခမ်းကို ထိတွေ့လိုက်သည်။
သူမစကားမဆုံးမီမှာပင် သန်မာသောလက်မောင်းများက သူမကို မြေပြင်ပေါ်မှ မတင်လိုက်သည်။
သူသည် သူမ၏နှုတ်ခမ်းပေါ်သို့ အနမ်းနောက်တစ်ခုကို ထပ်မံခြွေလိုက်သည်။ "နေရာပြောင်းရအောင်" ထို့နောက် သူက သူမကို ပွေ့ချီကာ ထွက်သွား၏။
ရုတ်တရက် မလိုက်ခြင်းကြောင့် ယန်ရွှယ်မှာ သူ၏ပုခုံးကို ဆုပ်ကိုင်ထားရသည်။ သူ လမ်းစလျှောက်သောအခါ သူမ ဗီဇအရ ထိုသူ၏ခါးကို ခြေထောက်များဖြင့် ပတ်ထားလိုက်၏။
ချီဖန့်၏ ခြေလှမ်းများ တုံ့ကနဲ ဖြစ်သွားသည်။ အလွန်နီးကပ်နေသဖြင့် သူ၏ ပြင်းရှရှ အသက်ရှူသံကိုပင် သူမ ကြားလိုက်ရ၏။
ထို့နောက် သူ၏ခြေလှမ်းများ မြန်လာပြီး လက်တစ်ဖက်က သူမကို ချီမပေးလာသည်။
"ပင်ပန်းရင် အောက်ချပေး၊ လမ်းလျှောက်နိုင်ပါတယ်" ယန်ရွှယ်က တင်းတင်းကြပ်ကြပ် ဖက်ထားရင်း ပြောလိုက်သည်။
"ဘယ်သူက ပင်ပန်းတယ်လို့ ပြောလို့လဲ" အကွာအဝေးမှာ မဝေးသော်လည်း သူ၏အသက်ရှူသံများမှာ စည်းချက်မမှန်တော့ပေ။
မကြာမီ သူတို့ရပ်လိုက်ကြသည်။ သူမ၏ ခြေထောက်များ မြေကြီးပေါ်မကျမီမှာပင် သူ၏လက်က သူမ၏ ဦးခေါင်းကို ထိန်းကိုင်ကာ နောက်ထပ်အနမ်းတစ်ခုထဲသို့ ဆွဲခေါ်သွားပြန်သည်။
ယန်ရွှယ် ခြေချစရာနေရာကို စမ်းတဝါးဝါးရှာဖွေရာ၊ သူမ၏ ခြေဖျားလေးများမှာ မတည်ငြိမ်သောအရာတစ်ခုဖြစ်သည့် သူထင်းခုတ်ရာတွင်သုံးသော သစ်ငုတ်တိုပေါ်သို့ ရောက်သွား၏။
ဟန်ချက်မထိန်းနိုင်သဖြင့် သူမသည် သူ၏ပုခုံးကိုသာ ဖက်ထားနိုင်ပြီး ချိုမြိန်သော အရှုံးပေးမှုတစ်ခုကဲ့သို့ သူ့အား နမ်းရှိုက်ခွင့် ပေးလိုက်တော့သည်။
ညလေညင်းမှာ အေးမြသော်လည်း တိတ်ဆိတ်သော မှောင်မိုက်မှုထဲတွင် နေရာတစ်ခုမှာမူ နေ့လယ်ခင်း နေရောင်ခြည်ထက်ပင် ပို၍ ပူလောင်နေသည်။
အချိန်အတော်ကြာပြီးနောက် ပုရစ်များအော်သံကြားတွင် တိုးညင်းသော ရေရွတ်သံလေးတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
ထို့နောက် ပြတ်တောင်းပြတ်တောင်း အသက်ရှူသံများနှင့်အတူ သူ၏ ခပ်အက်အက်အသံလည်း ထွက်ပေါ်လာခဲ့သည်။ "ကျိအန်းက ဘယ်တော့ သူ့အခန်းဆီပြန်မှာလဲ"
အိမ်သားအားလုံးထဲတွင် ချီဖန့်မှာ ယန်ကျိအန်း ပြန်မည့်ရက်ကို အစိုးရိမ်ဆုံးဖြစ်ပုံရ၏။
ဘာပဲဖြစ်ဖြစ် သူတို့ လက်ထပ်ပြီးတာ နှစ်ဝက်နီးပါး ရှိနေပြီဖြစ်သော်လည်း လင်မယားအရာ မမြောက်သေးဟု မည်သူက ထင်ထားမည်နည်း။
ထိုခေတ်က အိမ်များမှာ သေးငယ်ပြီး အခန်းနည်းပါးရာ မိသားစုတစ်ခုလုံး ခုတင်တစ်ခုတည်းပေါ်တွင် အတူအိပ်လေ့ရှိကြသည်။ သို့သော်လည်း ၎င်းသည် ကလေးများ တစ်ယောက်ပြီးတစ်ယောက် မွေးဖွားလာခြင်းကို မတားဆီးနိုင်ခဲ့ပေ။
နောက်တစ်နေ့နံနက်တွင် ယန်ကျိအန်းသည် သူ၏ယောက်ဖဖြစ်သူက သူ့အား ထူးထူးခြားခြား ကြည့်နေသည်ဟူသော ခံစားချက်ကို ဖျောက်ပစ်၍ မရနိုင်တော့ပေ။
မနှစ်မြို့တာလား။ မဖြစ်နိုင်ပါ။ ချီဖန့်က သူ့အပေါ် အလွန်ကောင်းမွန်သည်၊ သူ့အစ်မအား သူ့ကိုခေါ်လာခွင့်ပြုရုံမက ကစားစရာသေနတ်လေးတောင် ထွင်းပေးခဲ့သေးသည် မဟုတ်ပါလား။
သို့သော် ချစ်ခင်မြတ်နိုးတာဆိုလျှင်လည်း ထိုချောမောသော မျက်ဝန်းများမှာ ဘာကြောင့် ဤမျှနက်နဲနေရသနည်း၊ သူ၏ တိတ်ဆိတ်သောအကြည့်ကို အဓိပ္ပာယ်ဖွင့်ဆိုရန် အလွန်ခက်ခဲလှပေ၏။
မနက်စာစားပြီးနောက် ချီဖန့်က နောက်ဆုံးတွင် စကားစလာသည်။ "မင်း တခြား လိုချင်တာ ရှိသေးလား"
ဒါပဲလား။ လိမ္မာရေးခြားရှိသော ယန်ကျိအန်းသည် သူဘာမှမလိုအပ်ကြောင်း အမြန်ပြောလိုက်၏။
သိပ်ကို လိမ္မာလွန်းသည်။ ချီဖန့်သည် ခေတ္တတိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ "မင်း တစ်ခုခု လိုချင်လို့ ရတယ်"
ယန်ကျိအန်းမှာ စိတ်လှုပ်ရှားသွားပြီး ခေါင်းခြောက်အောင် စဉ်းစားလိုက်ရ၏။ "ဒါ... ဒါက တကယ်... မလိုအပ်ပါဘူး"
ဤနှစ်ယောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေသော ပြက်လုံးတစ်ခုကို မည်သို့မည်ပုံ ပြောမိသွားကြသည်ကို ယန်ရွှယ် မသိသော်လည်း သူမမှာ အော်ဟစ်ရယ်မောမိတော့သည်။
ချီဖန့်က ထပ်၍အတင်းအကျပ်မေးသောအခါ သူမ ထိုသူ၏ခါးကို ဆိတ်လိုက်သည်။ "ကျွန်မမောင်လေးကို အနိုင်ကျင့်နေတာ တော်တော့"
သူမ၏ လက်ချောင်းများမှာ ဘာမှမထိခိုက်ပေ။ ထိုသူက သူမ၏ လက်ကို ဖမ်းကိုင်ကာ အသာအယာ ညှစ်လိုက်ပြီးနောက် အေးဆေးစွာ ပြန်လွှတ်ပေးလိုက်သည်။ "ကိုယ် အနိုင်မကျင့်ပါဘူး"
တကယ်လား။ ဒါဆိုလျှင် သူက မိမိ၏ကိုယ်ပိုင်အစီအစဉ်များအတွက် လမ်းရှင်းရန် ယန်ကျိအန်း သူ့အခန်းဆီပြန်ဖို့ ဘာကြောင့် လာဘ်ထိုးရန် ကြိုးစားနေရသနည်း။
ယန်ရွှယ်ကတော့ ထိုအချက်ကို မယုံကြည်ပေ။ သို့သော် သူတို့၏ ရိုးအေးလှသော ယန်ကျိအန်းလေးမှာမူ လုံးဝဥဿုံ ယုံကြည်သွားလေသည်။
သူ့ယောက်ဖဖြစ်သူ ချီဖန့်၏ စေတနာပါသော အကွက်ချစီစဉ်မှုများကို ယန်ကျိအန်းလေးမှာ အိပ်မက်ပင် မမက်ဖူးချေ။ သူသည် ချီဖန့်ဘက်မှပင် အလေးအနက် ကာကွယ်ပြောဆိုပေးနေသေး၏။ "မ-မမ၊ ယောက်ဖက မ-မလုပ်ပါဘူး... သူက ကျွန်တော့်အပေါ် တ-တကယ် ကောင်းတာပါ!"
ယန်ရွှယ် မယုံမည်ကို စိုးရိမ်သဖြင့် သူသည် မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်ကာ 'ယုံလိုက်ပါ၊ ယုံလိုက်ပါ၊ ကျွန်တော့်ရဲ့ တည်ကြည်တဲ့ မျက်နှာလေးကို ကြည့်ဦး' ဟု တိတ်တဆိတ် အသနားခံနေလေသည်။
ယန်ရွှယ်မှာ မရယ်ဘဲ မနေနိုင်တော့ဘဲ ချီဖန့်ကို စောင်းငဲ့ကြည့်လိုက်သည်။ "ရှင်က ကလေးတစ်ယောက်လောက်တောင် အသိတရားမရှိဘူး"
ချီဖန့်က ဝန်လည်းမခံ၊ ငြင်းလည်းမငြင်းဘဲ သူ့ယောက်ဖလေး၏ ခေါင်းကိုသာ ပုတ်ပေးလိုက်သည်။ "နောက်ခါ လိုချင်တာရှိရင် ငါ့ကိုသာ ပြော"
ယန်ကျိအန်းက ခေါင်းကို အားရပါးရ ငြိမ့်ပြခဲ့သည်။ ချီဖန့် ထွက်သွားသည်နှင့် သူက ယန်ရွှယ်၏ အင်္ကျီလက်ကို ဆွဲကာ တိုးတိုးလေး ကပ်ပြောပြန်သည်။ "မမ၊ ယောက်ဖက ကျွန်တော့်ကို တ-တကယ် မ-မနှိပ်စက်ပါဘူး"
"သိပါတယ် သစ္စာဖောက်ကောင်လေးရဲ့" ယန်ရွှယ်က သူ့ပါးကို ဆွဲလိမ်လိုက်ပြီး သက်ပြင်းချခဲ့သည်။ "မင်း အိပ်မက်ထဲမှာ စကားပြောသလိုမျိုး အပြင်မှာလည်း အဆင်ပြေပြေ ပြောနိုင်ရင် ကောင်းမှာပဲ"
ထိုစကားကြောင့် ယန်ကျိအန်းမှာ ရှက်သွေးဖြာသွားကာ အိမ်အလုပ်များ ကူညီရန် အမြန်ပြေးထွက်သွားတော့သည်။
ချီဖန့်သည် စက်ပြင် အလုပ်ရုံငယ်သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ပြီးဖြစ်သဖြင့် လွှစက်မောင်းသင်တန်းနေရာအတွက် ကိစ္စမှာ အရေးမကြီးတော့ပေ။ သူသည် မိမိ၏ ပုံမှန်အလုပ်များကိုသာ ဆက်လုပ်ကိုင်နေခဲ့သည်။
သူတို့က အေးဆေးနေသော်လည်း အခြားတစ်ယောက်မှာမူ အလောတကြီး ဖြစ်နေလေသည်။ လျိုဝေကောသည် သတင်းကို တစ်ဆင့်စကားဖြင့် ကြားသိရပြီးနောက် ပူပြင်းလှသော နေရောင်အောက်တွင် ပြေးလွှားရောက်ရှိလာ၏။ "ဒါ အစစ်လား"
"အစစ်ပဲ" ချီဖန့်က တုံ့ဆိုင်းခြင်းမရှိဘဲ ဝန်ခံလိုက်သော်လည်း သူ၏လက်များမှာမူ သစ်တုံးများကို လက်လှည့်လွန်ဖြင့် အပေါက်ဖောက်နေသည်မှာ မရပ်တန့်ချေ။
သူ၏ တည်ငြိမ်လွန်းသော ပုံစံကြောင့် လျိုဝေကောမှာ စိုးရိမ်တကြီး ဖြစ်လာခဲ့သည်။ "ပြီးတော့ မင်းက ဒီအတိုင်း လွှတ်ထားမှာလား။ ဘယ်ကောင်က နောက်ကွယ်ကနေ ဒီလိုလုပ်တာလဲ"
ချီဖန့်ထံမှ တုံ့ပြန်မှု သိပ်မရှိသဖြင့် လျိုက အသံကို နှိမ့်လိုက်သည်။ "စာရင်းအသစ်က မတင်ရသေးဘူး မဟုတ်လား။ တစ်ခုခု စီစဉ်လို့ရမလား၊ အခြားမရှိရင်တောင် ငါ့အိမ်မှာ သက်တမ်းရင့် ဂျင်ဆင်းမြစ် တစ်မြစ် ရှိသေးတယ်..."
ဤသည်မှာ စစ်မှန်သော သူငယ်ချင်းတစ်ဦးသာ ပေးနိုင်သည့် ကမ်းလှမ်းမှုမျိုး ဖြစ်သည်။ လျိုမိသားစုတွင် အဖိုးတန်ပစ္စည်းများ ရှိသည်ကို လူတိုင်းသိသော်လည်း ငွေမလိုသဖြင့် မရောင်းဘဲ အရေးပေါ်အခြေအနေအတွက် သိမ်းထားခြင်းဖြစ်ကြောင်းကိုလည်း အားလုံးက သိကြသည်။
ချီဖန့် လျိုဝေကောကို အလေးအနက် ကြည့်လိုက်သည်။ "ကျေးဇူးပဲ၊ ဒါပေမဲ့ အခုထိတော့ အဲဒါ မလိုသေးပါဘူး"
လျိုဝေကော စိတ်ဝင်တစားဖြင့် ကြည့်လိုက်သည်။ "ဒါဆို မင်းမှာ အစီအစဉ် ရှိတာပေါ့။"
မပြီးပြတ်သေးသည့် ကိစ္စကို ပြောလေ့မရှိသော ချီဖန့်က ထိုအချက်ကို အတည်လည်းမပြု၊ ငြင်းလည်းမငြင်းပေ။ ထိုအစား သူက မေးမြန်းလိုက်သည်။ "မင်း ဘယ်တော့ မင်္ဂလာဆောင်မှာလံ"
မူလက လျိုမိသားစုသည် ပျိုးပင်စိုက်ပျိုးသည့် ဒုတိယအကျော့နှင့် မင်္ဂလာဆောင်ရက် မသေချာမှုကြောင့် အိမ်အသစ်ဆောက်ရန် နောက်ဆုတ်ခဲ့ခြင်း ဖြစ်သည်။ ထူးဆန်းသည်မှာ ထိုအချက်ကပင် သူတို့ကို ဘေးအန္တရာယ်မှ ကယ်တင်လိုက်ခြင်း ဖြစ်၏။ အကယ်၍သာ အိမ်ဆောက်ခဲ့ပါက ရေကြီးမှုကြောင့် အိမ်သစ်ကြီး ပျက်စီးသွားမည် သို့မဟုတ် ဆောက်လက်စတန်းလန်းနှင့် အိပ်မက်ဆိုးကြီး ဖြစ်သွားပေလိမ့်မည်။
လျိုဝေကောသည် ထိုမေးခွန်းကို ပြုံးလျက် ဖြေလိုက်သည်။ "မသေချာသေးဘူး။ အိမ်ကို အကုန်ပြင်ပြီးမှ အမေက ဟိုဘက်အိမ်နဲ့ သွားဆွေးနွေးချင်နေတာ"
"ရက်သေချာပြီဆိုရင် ငါနဲ့ ယန်ရွှယ်ကို အကြောင်းကြား"
"ဒါပေါ့! ငါတို့ကလေးကို ယန်ရွှယ့်ကို မွေးစားအမေလို့ ခေါ်ဖို့တောင် သဘောတူထားပြီးသားပဲလေ"
လျိုဝေကောတွင် မှတ်ဉာဏ်ကောင်းရှိသဖြင့် တောင်ပေါ်တွင် ပေါ့ပေါ့ပါးပါး ပေးခဲ့သည့် ကတိကို မှတ်မိနေသေးသည်။
ကလေးအကြောင်း ပြောလိုက်ချိန်တွင် ချီဖန့်က သူ့ကို စူးစိုက်ကြည့်လိုက်သည်ကိုမူ သူ သတိမထားမိပေ။
အပေါက်ဖောက်ထားသည့် သစ်တုံးများကို ကူရွှေ့ပေးရင်း လျိုဝေကောက မေးလိုက်သည်။ "မင်းတို့ ဘာတွေ လုပ်နေတာလဲ" ထို့နောက် သူက တံတောင်နှင့် တို့ကာ စနောက်ခဲ့သည်။ "မင်းပဲ 'သုံးနှစ်အတွင်း နှစ်ယောက်' ရမယ်လို့ ပြောခဲ့တာ မဟုတ်လား။ အခု ဘယ်လိုလဲ၊ ငါ ဦးလေးဖြစ်ပြီလား။"
"မင်းက ဘာလို့ အလောတကြီး ဖြစ်နေတာလဲ" ချီဖန့် သူ့ကို တစ်ချက်ကြည့်လိုက်သည်။
"ဒီနှစ်ထဲမှာ ဖြစ်မယ်လို့ မင်းကိုယ်တိုင် ပြောခဲ့တာလေ အခု နှစ်ဝက်တောင် ကုန်တော့မယ်၊ ဘာတွေ ကြာနေတာလဲ။"
"မင်း ငါ့ကို 'အဖေ' လို့ ခေါ်ဖို့ အဲဒီလောက် တက်ကြွနေရင် ငါ အခုချက်ချင်း ဖြစ်အောင် လုပ်ပေးလို့ ရတယ်"
ထိုစကားကြောင့် လျိုဝေကောမှာ ခဏတာ ဆွံ့အသွားပြီးမှ ပြောလိုက်သည်။ "သေစမ်း၊ ချီဖန့်၊ မင်း ငါ့ကို နောက်နေတာပဲ"
ယန်ရွှယ် သုံးရန်အတွက် လုံလောက်သော သစ်တုံးများကို ဖောက်ပြီးနောက် ချီဖန့်သည် လက်ဆေးကာ စက်ပြင်အလုပ်ရုံငယ်ဆီသို့ ထွက်ခွာသွားခဲ့၏။
စက်ပြင် အလုပ်ရုံအတွင်းတွင်မူ ရုတ်ရုတ်သဲသဲ ဖြစ်နေလေသည်။ ထွန်စက်များမှာ ရေဘေးမှ လွတ်ကင်းခဲ့သော်လည်း ရွှေ့ပြောင်းရန် လေးလံလွန်းသော အခြားစက်ကိရိယာများမှာ ရေနစ်မြုပ်ခဲ့သည်။ ယခုအခါ ရေကျသွားပြီဖြစ်၍ ပြုပြင်ရေးများ စတင်နေပြီပင်။ သစ်တောစခန်းတစ်ခုလုံးက ဤအလုပ်ရုံတစ်ခုတည်းကိုသာ အားကိုးနေရသဖြင့် ရှု့ဝမ်လီမှာ အလုပ်များလွန်း၍ ရွံ့များပေကျံနေခဲ့သည်။
ချီဖန့်ကို မြင်သောအခါ ရှု့ဝမ်လီက သူ လွှစက်ကို ထပ်လာငှားသည်ဟု ထင်လိုက်သည်။ "စက်တွေက သုံးလို့ရအုံးမှာ မဟုတ်သေးဘူး၊ ငါ စစ်ဖို့ အချိန်မရသေးလို့"
သူသည် စခန်းရုံးအတွက် မီးစက်နှင့် အခြားကိရိယာများကို ပြင်ဆင်နေရသဖြင့် အလုပ်ရုံဘက်ကို လှည့်မကြည့်နိုင်ချေ။
ချီဖန့်ကမူ ခဏရပ်လိုက်သော်လည်း ထွက်မသွားပေ။ ထိုအစား သူက ခွင့်တောင်းလိုက်သည်။ "ကျွန်တော် တစ်ချက်လောက် ကြည့်လို့ရမလား"
ရှု့ဝမ်လီသည် အလုပ်သင်များကို ကိုယ်တိုင်သင်ကြားပေးသူ ဖြစ်သဖြင့် ချီဖန့်၏ တိတ်ဆိတ်စွာ အလုပ်လုပ်နိုင်မှုနှင့် လျင်မြန်စွာ သင်ယူနိုင်စွမ်းကို အမြဲတစေ သဘောကျခဲ့သည်။ သူသည် ဤအလုပ်ရုံသို့ တရားဝင် မဝင်ရောက်ခဲ့သည်မှာ နှမြောစရာပင် ဖြစ်သည်။
ထို့ကြောင့် သူသည် ထိုတောင်းဆိုမှုကို အနှောင့်အယှက်ဟု မယူဆပေ။ "လုပ်လေ၊ ဒါပေမဲ့ ကောင်းသွားမယ်လို့တော့ အာမမခံဘူးနော်"
ချီဖန့်က ကျေးဇူးတင်စကားဆိုကာ အတွင်းသို့ ဝင်သွားလေသည်။ သူသည် အလုပ်ရုံဝတ်စုံကို ချက်ချင်းမဝတ်သေးဘဲ စမ်းသပ်ရန်အတွက် စက်ကို အရင်ဆုံး မီးဖွင့်ကြည့်ခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း စက်က အလုပ်မလုပ်ပေ။ သူသည် တည်ငြိမ်စွာဖြင့် ကိရိယာအချို့ကို ငှားရမ်းကာ စက်ကို ဖြုတ်လိုက်ပြီး စက်ပစ္စည်းအစိတ်အပိုင်းများကို စနစ်တကျ စီထားလိုက်၏။
ရှု့ဝမ်လီ စောင့်ကြည့်နေသည်ကို သတိပြုမိသဖြင့် ချီဖန့် မော့ကြည့်လိုက်သည်။ "ကျွန်တော် ဂဟေစက် သုံးလို့ရမလား။"
သံထည်အစိတ်အပိုင်းတစ်ခု အက်ကွဲနေသည်ကို ရှု့ဝမ်လီ တွေ့လိုက်ရသည်။ ချီဖန့်အား အစိတ်အပိုင်းများ တပ်ဆင်ခြင်းနှင့် တိုက်ချွတ်ခြင်းများ လုပ်သည်ကို မြင်ဖူးသော်လည်း ဂဟေဆော်သည်ကိုမူ သူ မမြင်ဖူးချေ။ ခဏတာ စဉ်းစားပြီးနောက် ရှု့ဝမ်လီ ခေါင်းညိမ့်လိုက်သည်။ "သုံးလေ"
သို့သော် သူ ထွက်မသွားဘဲ ချီဖန့်အား ကာကွယ်ရေးပစ္စည်းများ ကမ်းပေးကာ သူကိုယ်တိုင်လည်း စောင့်ကြည့်ရန် ပြင်ဆင်လိုက်၏။
ချီဖန့်ကမူ ဂရုမစိုက်ပေ။ သူသည် မျက်နှာဖုံးကို တပ်ဆင်ကာ ဂဟေဆော်ခြင်းကို စတင်လိုက်သည်။
ချီဖန့် ပထမဆုံးအကြိမ် အစိတ်အပိုင်းများ လာရောက်တိုက်ချွတ်စဉ်ကပင် သူ၏လက်မှာ အလွန်ငြိမ်ကြောင်း ရှု့ဝမ်လီ မှတ်ချက်ချခဲ့ဖူးသည်။ အမှန်စင်စစ် ချီဖန့်တွင် အာရုံစူးစိုက်မှု အလွန်ကောင်းသည့် စွမ်းရည်ရှိပြီး သူ၏ လက်ချောင်းများမှာ တိကျစွာ လှုပ်ရှားနိုင်သည်။ အကယ်၍ အစိတ်အပိုင်းတစ်ခုမှာ သုံးချက်ပွတ်ရန် လိုအပ်ပါက သူသည် လေးချက် ဘယ်တော့မှ မလုပ်ပေ။ သူ၏ ဂဟေသားများမှာ အခြားသူများကဲ့သို့ ကြမ်းတမ်းခြင်းမရှိဘဲ အလွန်ပင် ချောမွေ့လှပေသည်။
"မင်းက တကယ့် ဝါရင့်ဆရာကြီးတွေအတိုင်းပဲ" ရှု့ဝမ်လီက အလုပ်ကို စစ်ဆေးရင်း ပြောလိုက်သည်။ "မင်း မြို့က စက်ပြင် အလုပ်ရုံမှာ တကယ် အလုပ်မလုပ်ခဲ့ဖူးတာ သေချာရဲ့လား။"
ပုံမှန်ဆိုလျှင် ချီဖန့်သည် ဖြေမည်မဟုတ်သော်လည်း ယခုတစ်ကြိမ်တွင်မူ "လုပ်ခဲ့ပါတယ်" ဟု ဖြေလိုက်၏။
ရှု့ဝမ်လီက မျက်တောင်ခတ်လျက် ပြောလိုက်၏။ "ငါ သိသားပဲ၊ ဒါက ပေါ့ပေါ့ပါးပါး သင်လို့ရတဲ့အရာ မဟုတ်ဘူး" ထို့နောက် သူ ဇဝေဇဝါဖြစ်သွားသည်။ "ဒါနဲ့ မင်းက ဘာလို့ သစ်ခုတ်သမား လာလုပ်နေရတာလဲ"
ချီဖန့်ကမူ သန့်စင်ထားသော အစိတ်အပိုင်းများကို ပြန်လည်တပ်ဆင်ရင်း တည်ငြိမ်သော အသံဖြင့် ပြန်ပြောလိုက်၏။ "၆၆ ခုနှစ်မှာ ရာထူးချခံရလို့ပါ"
ရှု့ဝမ်လီက ချက်ချင်း နားလည်သွားသည်။ "အဲဒီ ငတုံးတွေ၊ မင်းလို အရည်အချင်းရှိတဲ့သူကို သစ်ခုတ်အဖွဲ့ထဲမှာ အလဟဿ ဖြစ်စေတာပဲ..."
ချီဖန့်သည် ဘာမှမပြောဘဲ အစိတ်အပိုင်းများကို ဆီသုတ်ကာ ပြန်တပ်ဆင်ပြီး စက်ကို ထပ်စမ်းသပ်ကြည့်လိုက်၏။
ယခုတစ်ကြိမ်တွင် စက်မှာ ချောမွေ့စွာ လည်ပတ်သွားခဲ့သည်။ ရှု့ဝမ်လီမှာ လူငယ်လေးကို ကြည့်ကာ ပို၍ပင် နှမြောတသ ဖြစ်နေမိ၏။
သူ စကားမဆက်ရသေးမီ လူတစ်ယောက် အပြေးအလွှား ဝင်လာခဲ့သည်။ "ဦးလေး ရှု့၊ ဒါရိုက်တာ ယွီက စပီကာတွေ ဘယ်တော့ပြီးမလဲ သိချင်နေတယ်။ ရက်တွေ အများကြီး ကြာနေပြီ"
"မင်း ဘယ်နှစ်ခါရှိပြီလဲ မေးနေတာ" ရှု့ဝမ်လီ ငေါက်လိုက်သည်။ "ငါ ဒီမှာ အလုပ်တွေ ပိနေတာ၊ စပီကာပြင်ဖို့ ဘယ်မှာ အချိန်ရှိမှာလဲ။"
သစ်တောစခန်းတွင် မိသားစုပေါင်း နှစ်ရာမှ သုံးရာခန့် နေထိုင်ကြပြီး စခန်းမကြီး၏ အသံချဲ့စက်ကမူ အားလုံးကို လွှမ်းမိုးနိုင်လောက်အောင် အသံမကျယ်လှပေ။ အိမ်ထောင်စုတိုင်းတွင် စခန်းမကြီးနှင့် ဆက်သွယ်ထားသော စပီကာအသေးလေးများ ရှိကြပြီး ၎င်းမှာ ရိုးရှင်းသော်လည်း အသုံးဝင်သည့် အသံလွှင့်စနစ်တစ်ခုပင်။
ဤစပီကာများသည် ကြေညာချက်များ၊ သတင်းများ သို့မဟုတ် သီချင်းများလွှင့်ရန် အလွန်အဆင်ပြေသော်လည်း ရေကြီးပြီးနောက် ပြုပြင်ရန်မှာမူ အလွန်ပင် ခေါင်းခဲစရာ ကောင်းလှသည်။
စက်ပြင် အလုပ်ရုံတွင် ပိုလျှံသောလူမရှိသဖြင့် ရှု့ဝမ်လီ အတွက်ပင် ထိုကိစ္စမှာ စိတ်ရှုပ်စရာဖြစ်နေပြီး အလုပ်ရုံတွင်လည်း အလုပ်များက ပုံနေပြီ ဖြစ်၏။
လာရောက်သူကလည်း ဤအချက်ကို သိရှိသည်။ "ကျွန်တော်ကလဲ အထက်က အမိန့်ကို နာခံရတာရယ်။ သူတို့ ခိုင်းတာကိုပဲ ကျွန်တော် လုပ်ရမှာပေါ့"
"ပြန်သွားပြီး ငါ အခုလောလောဆယ် အရမ်းအလုပ်များနေလို့ မလုပ်နိုင်သေးဘူးလို့သာ ပြောလိုက်" ရှု့ဝမ်လီက ထိုလူကို လွှတ်လိုက်ပြီးမှ လှည့်ကြည့်လိုက်ရာ ချီဖန့် ရှိနေသည်ကို သတိရသွား၏။
ချီဖန့်ကမူ အလုပ်ရုံဝတ်စုံကို ချွတ်လိုက်ပြီ ဖြစ်သည်။ သူက ထိုလူထွက်သွားသည့်ဘက်ကို ကြည့်ကာ မေးလိုက်၏။ "စခန်းမှာ အသံလွှင့်ဖို့က အဲဒီလောက် အရေးကြီးလို့လား။"
"အရေးကြီးတာတော့ မဟုတ်ပါဘူး" ရှု့ဝမ်လီ ပြောလိုင်သည်။ "ဒါပေမဲ့ ဒါက ဒါရိုက်တာ ယွီရဲ့ တာဝန်အောက်မှာ ရှိနေတာဆိုတော့ သူကတော့ အမြန်ဆုံးပြင်ဖို့ ဖိအားပေးမှာပဲ။ အလုပ်ရုံမှာ ဘယ်လောက် အလုပ်များနေပါစေပေါ့..."
ထိုအချိန်တွင် သူက ရုတ်တရက် စကားရပ်သွားပြီး ချီဖန့်အား အကဲခတ်လိုက်သည်။ "ရှောင်ချီ၊ မင်းရဲ့ကိစ္စက အရေးကြီးလား"
ချီဖန့်တွင် အရေးတကြီးလုပ်စရာ မရှိသဖြင့် ပြန်ပြောလိုက်၏။ "သိပ်မကြီးပါဘူး။ ဘာလို့လဲ"
"မင်း မလောဘူးဆိုရင် ငါ့ကိုယ်စား ဒါရိုက်တာ ယွီရဲ့ ကိစ္စကို ကူဖြေရှင်းပေးနိုင်မလား။"
တောင်းဆိုမှုမှာ အနည်းငယ် ရုတ်တရက်ဆန်သော်လည်း ချီဖန့်သည် ယခင်က သူ၏ကိရိယာများကို ငှားဖူးသဖြင့် သူတို့ကြားတွင် ရင်းနှီးမှုရှိနေပြီး ဖြစ်သည်။
ထုံးစံအတိုင်းပင် ချီဖန့်က မငြင်းဆန်ခဲ့ပေ။ "စပီကာတွေ ပြင်ပေးရမှာလား" သူက ရိုးရှင်းစွာ မေးမြန်းလိုက်သည်။
"ဒါပေါ့။ မဟုတ်ရင် သူက တစ်နေ့ကို ရှစ်ကြိမ်လောက် လူလွှတ်ပြီး ငါ့ကို လာနှောင့်ယှက်နေမှာ"
သူသည် ချီဖန့်အား အားပေးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ "မင်းက လွှစက်ကိုတောင် ပြင်နိုင်တာပဲ၊ စပီကာသေးသေးလေး ပြင်တာကတော့ မင်းအတွက် ပြဿနာ မဟုတ်ပါဘူး"
သူက ချီဖန့်၏ အရည်အချင်းကို သိသော်လည်း ဒါရိုက်တာ ယွီကမူ သူခေါ်လာသောသူအား မြင်သောအခါ မျက်မှောင်ကြုတ်သွား၏။ "သူ့ကို ဘာလို့ ခေါ်လာတာလဲ"
ရှု့ဝမ်လီသည် ဤတုံ့ပြန်မှုကို မျှော်လင့်ထားသဖြင့် ချီဖန့်အား ကိုယ်တိုင်လိုက်ပို့ခြင်း ဖြစ်သည်။ "ရှောင်ချီကို အထင်မသေးနဲ့။ သူက မြို့က စက်ပြင်အလုပ်ရုံက လာတာ၊ ငါတို့ အလုပ်ရုံက လူတွေထက် ပိုတော်တယ်။ သူ ခုတင်ပဲ ငါ့အတွက် လွှစက်ကို ပြင်ပေးလာတာ"
ဒါရိုက်တာ ယွီ မယုံကြည်သေးသည်ကို မြင်သောအခါ ရှု့ဝမ်လီက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ "သူ့ကို မလိုချင်ဘူးဆိုရင် ငါ ပြန်ခေါ်သွားမယ်။ ငါ့မှာ အလုပ်တွေ ပုံနေတာ။ ဒါပေမဲ့ မင်း သိထားဖို့က ငါ မီးစက်တွေနဲ့ တခြားဟာတွေ ပြင်ပြီးမှ မင်းအလုပ်ကို လုပ်ပေးနိုင်မယ်၊ အနည်းဆုံး ငါးရက် ခြောက်ရက်တော့ စောင့်ရမှာပဲ"
ထိုအချိန်ရောက်မှဆိုလျှင် နောက်ကျသွားပေလိမ့်မည်။ ရွေးချယ်စရာ မရှိတော့သဖြင့် ဒါရိုက်တာ ယွီသည် ချီဖန့်ကို စမ်းပြင်ခွင့် ပေးလိုက်၏။
သို့သော် သူ လုံးဝမယုံကြည်သေးသဖြင့် ချီဖန့်နောက်သို့ လူတစ်ယောက် ထည့်ပေးလိုက်သည်။ အပေါ်ယံတွင် ကိရိယာများ ကူသယ်ပေးရန် ဖြစ်သော်လည်း အမှန်တကယ်မှာ စောင့်ကြည့်ရန် ဖြစ်၏။ အကယ်၍ ချီဖန့်သာ ပြင်မရပါက ချက်ချင်း လူလဲရန် စီစဉ်ထားခြင်းပင် ဖြစ်သည်။
***