စကားပြောပြီးတာနဲ့ လက်ခ်စ်က ရှေ့ကို လျှောက်သွားတယ်။
လင်းန်က သူ့ကို မတားဘဲ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပြောလိုက်တယ်။
"ငါ ယမကာချက်လုပ်မယ့်သူ တစ်ယောက် လိုအပ်နေတယ်"
ခြေနှစ်လှမ်းပဲ လှမ်းရသေးတဲ့ လက်ခ်စ်က ရုတ်တရက် ခြေလှမ်းတွေ ရပ်တန့်သွားတယ်။
သူက လင်းန်ဘက်ကို လှည့်ပြီး သေချာ အကဲခတ် ကြည့်လိုက်တယ်။
အရပ်ရှည်ပြီး တုတ်ခိုင်တဲ့ ခန္ဓာကိုယ်၊ အပြာနုရောင် သိုးမွေးကြမ်း ဝတ်ရုံကို ခါးပတ်ပတ်ပြီး ဝတ်ဆင်ထားတယ်။ အမည်းရောင် ဆံပင်တိုတိုအောက်မှာတော့ ပြတ်သားတဲ့ မျက်နှာထားတစ်ခု ရှိနေတယ်။
ဖုန်တွေ ပေကျံနေတဲ့ ပါးပြင်တွေက နုနယ်တဲ့ပုံ ပေါက်နေပေမဲ့ အဲဒီ အညိုရောင် မျက်လုံးတွေကတော့ နက်ရှိုင်းမှုတွေ၊ တည်ငြိမ်မှုတွေနဲ့ ပြည့်နှက်နေတယ်။
ဒီလို ဝတ်စားဆင်ယင်မှုက လမ်းဘေးက လွတ်လပ်တဲ့ နိုင်ငံသား တစ်ယောက်နဲ့ ဘာမှ မကွာခြားလှဘူး။
ဒါပေမဲ့ ဒီလူငယ်လေးရဲ့ နောက်က ကွီစီနဲ့ ရက်ဒ်တို့ကို လက်ခ်စ် မြင်လိုက်ရတယ်။
သံသယ အနည်းငယ်နဲ့ပဲ လက်ခ်စ်က လင်းန်အနားကို လျှောက်သွားလိုက်တယ်။
လင်းန်က "ငါ ယမကာချက်လုပ်မယ့်သူ လိုအပ်တယ်၊ ဒါပေမဲ့ အခုလောလောဆယ် ယမကာ စချက်ဖို့ ပစ္စည်းတချို့တော့ လိုအပ်နေသေးတယ်" လို့ ဆက်ပြောတယ်။
လက်ခ်စ်က ချက်ချင်းပဲ "ယမကာ ချက်တာက မခက်ပါဘူး၊ အလတ်စား ယမကာချက်ရုံ တစ်ရုံ ရှိရင်... မဟုတ်ဘူး၊ အိမ်တွင်း ယမကာချက်ရုံလေး ရှိရင်တောင် စလို့ ရနေပါပြီ" လို့ ပြောလိုက်တယ်။
လင်းန်က အခက်တွေ့နေတဲ့ပုံနဲ့ "မင်းပြောတာ မှန်ပါတယ်၊ ဒါပေမဲ့ ငါ့နယ်မြေမှာ ယမကာချက်ရုံ မဆောက်ရသေးဘူး၊ ယမကာချက်ဖို့ ကုန်ကြမ်းတောင် ဘာမှမရှိသေးတာ" လို့ ပြောတယ်။
လက်ခ်စ်က ဘာမှ တုံ့ဆိုင်းမနေဘဲ "လူကြီးမင်း... မဟုတ်ဘူး အရှင်သခင်၊ ကျွန်တော့်ကို ယမကာချက်လုပ်သူ အဖြစ် ငှားရမ်းမယ်ဆိုရင် အဲဒါတွေ အားလုံးကို ကျွန်တော် ကူညီပေးနိုင်ပါတယ်" လို့ ပြောလိုက်တယ်။
လင်းန်က ခေါင်းယမ်းလိုက်ပြီး "ငါ သေချာ တွက်ကြည့်ပြီးပြီ၊ ယမကာ စချက်ဖို့ အချိန်တွေ အများကြီး လိုသေးတယ်၊ မတန်သေးဘူး... အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ် ယမကာချက်လုပ်သူကြီး" လို့ ပြောလိုက်တယ်။
လင်းန်က ကွီစီ၊ ရက်ဒ် တို့နဲ့အတူ သူ့ရှေ့က လက်ခ်စ်ကို ကျော်ပြီး လျှောက်သွားကြတယ်။
လက်ခ်စ် ကြက်သေသေသွားတယ်။
ဒီလိုပဲ ထွက်သွားကြတာလား။
နယ်စားက ယမကာချက်လုပ်သူ ငှားမှာ မဟုတ်ဘူးလား။
အခုက ဘယ်လို အခြေအနေကြီးလဲ။
ရှေ့က လျှောက်သွားရင်း လင်းန်က မျက်လုံးထောင့်ကနေ အနောက်ကို အကဲခတ်ကြည့်လိုက်တယ်။
ထင်တဲ့အတိုင်းပဲ လက်ခ်စ်က တိတ်တဆိတ် လိုက်လာတာကို တွေ့ရတော့ လင်းန်ရဲ့ နှုတ်ခမ်းထောင့်လေးတွေ အနည်းငယ် ကွေးတက်သွားတယ်။
ရွှေဝါရောင် ဂျုံတွေ ရောင်းနေတဲ့ ရွာသူတစ်ယောက်နား ချဉ်းကပ်သွားပြီး လင်းန်က "အစ်မကြီး၊ ဂျုံတွေ ဘယ်လို ရောင်းလဲ" လို့ မေးလိုက်တယ်။
ဂျုံရောင်းနေတဲ့ အမျိုးသမီးက လင်းန်နောက်က အခြွေအရံ နှစ်ယောက်ကို မြင်တော့ ချက်ချင်းပဲ မျက်နှာမှာ အပြုံးတွေ ဝေဆာသွားတယ်။
သူမက "အရှင်သခင်၊ ဆောင်းဂျုံတွေက မမှည့်သေးဘူး။ ဒါတွေက မနှစ်က ပိုနေတဲ့ဟာတွေပါ၊ အရမ်း လတ်ဆတ်သေးတယ်။ ဂျုံက တစ်ပေါင်ကို တစ်ပဲနိ ပါ၊ မုယောစပါးကတော့ တစ်ပဲနိကို ငါးပေါင် ရပါမယ်" လို့ ပြောတယ်။
လင်းန် ခေါင်းညိတ်လိုက်တယ်။ ဂျုံ တစ်ပေါင်ကို တစ်ပဲနိ ဆိုတာ ဈေးကွက်ပေါက်ဈေးပဲလေ။
ရုတ်တရက် လက်ခ်စ်က နောက်ကနေ ရှေ့ကို တက်လာတယ်။
အမျိုးသမီးက လက်ခ်စ်ကို ရွံရှာတဲ့ အကြည့်နဲ့ စိုက်ကြည့်ပြီး စကားပြောမလို့ လုပ်လိုက်တယ်။
လက်ခ်စ်က အရင်ဦးအောင် "အရှင်သခင်၊ ဒီဂျုံစေ့တွေက ပြည့်ဖြိုးပြီး ဆူဖြိုးနေတာပဲ၊ တကယ်ကို အရည်အသွေးကောင်းတဲ့ ဂျုံတွေပါ။ စိုက်ပျိုးဖို့ပဲဖြစ်ဖြစ်၊ ယမကာချက်ဖို့ပဲဖြစ်ဖြစ် အကောင်းဆုံး ရွေးချယ်မှုပါပဲ" လို့ ဝင်ပြောလိုက်တယ်။
လက်ခ်စ်ရဲ့ ချီးကျူးစကားကို ကြားတော့ အမျိုးသမီးရဲ့ မျက်လုံးထဲက ရွံရှာမှုတွေ ချက်ချင်း ပျောက်ကွယ်သွားတယ်။
သူမက "ဟုတ်ပါတယ် အရှင်သခင်၊ ဒီလူကြီးမင်းက ပစ္စည်းကောင်းကို သိတယ်၊ ဒါတွေက ဂျုံကောင်းတွေပါ" လို့ ထောက်ခံလိုက်တယ်။
လင်းန် ခေါင်းညိတ်လိုက်ပြီး "အခွံချွတ်ပြီးသား မုယောစပါး ပေါင်တစ်ရာ့နှစ်ဆယ့်ငါးပေါင် ယူမယ်" လို့ ပြောလိုက်တယ်။
သံထည်ပစ္စည်းတွေ ဝယ်ပြီးနောက် သူ့ဆီမှာ ဒီပဲနိတွေပဲ ကျန်တော့တာလေ။
အမျိုးသမီးရဲ့ မျက်နှာပေါ်က အပြုံးက ပိုကျယ်လာပြီး "ဟုတ်ကဲ့ပါ အရှင်သခင်၊ ခဏလေး စောင့်ပါဦး" လို့ ပြန်ဖြေတယ်။
ခဏအကြာမှာ။
အမျိုးသမီးက သစ်သားဇွန်းကို ယူပြီး ဂျုံတွေကို စတင် ခပ်ထည့်တော့တယ်။ ဇွန်းနဲ့ ခပ်ပြီး အဝတ်အိတ်ထဲ ထည့်လိုက်တိုင်း ရှဲရှဲမြည်တဲ့ အသံတွေ ထွက်ပေါ်နေတယ်။
မကြာခင်မှာပဲ ဂျုံတွေ အပြည့်ပါတဲ့ အဝတ်အိတ် တစ်အိတ် လင်းန်ရှေ့ကို ရောက်လာတယ်။
လင်းန် စကားပြောစရာ မလိုဘဲ ရက်ဒ်က ဝါးခြင်းတောင်းကို ကွီစီ့ဆီ ကမ်းပေးလိုက်ပြီး ပေါင်ငါးဆယ့်ငါးပေါင် ရှိတဲ့ မုယောစပါးအိတ်ကို သူကိုယ်တိုင် မ,ချီလိုက်တယ်။
"အရှင်သခင် လင်းန်၊ ကျွန်တော် လုပ်ပါ့မယ်"
ရက်ဒ်က တည်ငြိမ်တဲ့ အမူအရာကို ထိန်းထားတယ်။ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ဆိုရင် ပေါင်တစ်ရာ့နှစ်ဆယ့်ငါးပေါင် ဆိုတာ ဘာမှ မဟုတ်ပါဘူး။
လင်းန်က သံထည်ပစ္စည်းတွေဆီ အကြည့်ရောက်သွားချိန်မှာပဲ လက်ခ်စ်က အရင် ဝင်ပြောလိုက်တယ်။
လက်ခ်စ်က ပြုံးပြီး "အရှင်သခင်၊ ဒီလို ကြမ်းတမ်းတဲ့ အလုပ်တွေကို ဘယ်လိုလုပ် ကိုယ်တိုင် လုပ်နေလို့ ရမှာလဲ။ ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ" လို့ ပြောတယ်။
လင်းန်ရဲ့ မျက်နှာထားက တည်ကြက်သွားပြီး "ယမကာချက်လုပ်သူကြီး၊ ခင်ဗျားက ကျွန်တော့် နယ်မြေက အစေခံ မဟုတ်ပါဘူး၊ ဒါတွေ လုပ်စရာ မလိုပါဘူး" လို့ ပြောလိုက်တယ်။
လက်ခ်စ်က လေးလေးနက်နက်နဲ့ ပြောတယ်။ "အရှင်သခင်၊ အရှင်သခင် ပြောသလို ယမကာချက်ရုံ မဆောက်ရသေးတာ ကိစ္စမရှိပါဘူး၊ ဘယ်လို ဆောက်ရမယ်ဆိုတာကို လက်ခ်စ်က လမ်းညွှန်ပေးနိုင်ပါတယ်။ ယမကာ ချက်ဖို့ တဆေးက အဓိကပဲ၊ အဲဒါကို ကျွန်တော် အမြဲ ဆောင်ထားတယ်။ ကျွန်တော်က အရမ်း အသုံးဝင်ပါတယ်၊ ယမကာ ချက်ဖို့ ကူညီပေးနိုင်သလို အားလပ်ချိန်မှာလည်း ကိုယ်စွမ်းနိုင်သလောက် အလုပ်တချို့ လုပ်ပေးနိုင်ပါတယ်"
လင်းန်က အခက်တွေ့နေတဲ့ပုံနဲ့ "ဒါပေမဲ့... မစ္စတာ လက်ခ်စ်၊ ကျွန်တော် ခင်ဗျားကို လုပ်အားခ မပေးနိုင်ဘူး" လို့ ပြောလိုက်တယ်။
သူ ပွင့်ပွင့်လင်းလင်း ပြောတာပါ။
ဒီသံထည်ပစ္စည်းတွေနဲ့ ဂျုံတွေကို ဝယ်ပြီးတဲ့နောက် လင်းန်ဆီမှာ ပဲနိတွေ အကုန် ကုန်သွားပြီလေ။
လက်ခ်စ်က ပြတ်ပြတ်သားသားပဲ "အရှင်သခင်၊ ထမင်းတစ်နပ် စားရပြီး ငတ်မသေဘူး ဆိုရင်ပဲ ကျွန်တော် ကျေနပ်ပါပြီ" လို့ ပြောတယ်။
ဂွီ။
လက်ခ်စ် စကားဆုံးတာနဲ့ ဗိုက်မြည်သံ ထွက်လာတယ်။
လက်ခ်စ်ရဲ့ အင်္ကျီအောက်ကနေ ထွက်လာတာပါ။
သူ ဘာမှမစားရတာ သုံးရက် ရှိပြီလေ။
ပိုက်ဆံ တစ်ပြားမှ မရှိဘဲနဲ့ လက်ခ်စ်သာ အလုပ်မြန်မြန် မရရင် သေချာပေါက် ငတ်သေတော့မှာပဲ။
လင်းန် ခေါင်းညိတ်လိုက်တယ်။ "ငတ်မသေရုံဆိုရင်တော့ အဆင်ပြေပါတယ်... ဒါပေမဲ့ ခင်ဗျားရဲ့ နောက်ခံ အကြောင်းကိုတော့ ငါ သိဖို့ လိုမယ်"
လက်ခ်စ် တုံ့ဆိုင်းသွားပေမဲ့ လင်းန်ရဲ့ စူးရှတဲ့ အကြည့်ကို မြင်တော့ စတင် ရှင်းပြတော့တယ်။
"အရှင်သခင်၊ ကျွန်တော်က လွတ်လပ်တဲ့ နိုင်ငံသား တစ်ယောက်ပါ။ ကျွန်တော် အမှားတချို့ လုပ်မိလို့ အရင်နယ်စားက ကျွန်တော့် လက်တစ်ဖက်ကို ခုတ်ဖြတ်ပြီး အလိုအလျောက် ရပ်တည်ဖို့ နှင်ထုတ်လိုက်တာပါ... ကံကောင်းလို့သာ အသက်ရှင်နေတာပါ" လို့ လက်ခ်စ်က ပြောပြတယ်။
လက်ခ်စ်က အလေးအနက်ထားပြီး "ဒါပေမဲ့ စိတ်ချပါ အရှင်သခင်၊ ကျွန်တော့်မှာ ဘာရှုပ်ထွေးတဲ့ နောက်ခံမှ မရှိပါဘူး။ သူတို့ ကျွန်တော့်ကို မငှားချင်တာက လက်တစ်ဖက် မရှိလို့ အလုပ်ကြမ်း မလုပ်နိုင်ဘူး ထင်လို့ပါ" လို့ ထပ်ပြောတယ်။
လင်းန်က လေးလေးနက်နက် ခေါင်းညိတ်လိုက်တယ်။ "ငါ ခင်ဗျားကို လက်ခံပေးနိုင်တယ်၊ ပြီးတော့ ခင်ဗျား ငါ့ရဲ့ ကျွန်လည်း ဖြစ်လာမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ့အမိန့်တွေကို ရာခိုင်နှုန်းပြည့် လိုက်နာဖို့ လိုမယ်၊ အဲဒီအတွက် ပြန်လည် ပေးဆပ်မှု အနေနဲ့ ခင်ဗျား ဗိုက်ဆာနေရမှာ မဟုတ်ဘူး"
လက်ခ်စ်ရဲ့ မျက်နှာမှာ ဝမ်းသာသွားတဲ့ အပြုံးတစ်ခု ပေါ်လာပြီး "ကျေးဇူးတင်ပါတယ် အရှင်သခင်" လို့ ပြောတယ်။
လင်းန်ရဲ့ လေသံက တင်းမာသွားတယ်။ "ဒါပေမဲ့... ငါ့ကို သစ္စာဖောက်ရင်တော့ ဘာမှ တုံ့ဆိုင်းမနေဘဲ ခင်ဗျားကို သတ်ပစ်မယ်"
လင်းန်ရဲ့ အနောက်မှာတော့ ရက်ဒ်ရဲ့ မျက်လုံးတွေ အနည်းငယ် ကျဉ်းမြောင်းသွားပြီး လက်ခ်စ်ကို စိုက်ကြည့်လိုက်တယ်။
အဲဒီလောက်တင် မကဘူး၊ ကွီစီကလည်း လက်ခ်စ်ကို အကြည့်မလွှဲဘဲ စိုက်ကြည့်နေတယ်။
လက်ခ်စ်က လေးလေးနက်နက်ပဲ "နားလည်ပါပြီ အရှင်သခင်" လို့ ပြန်ဖြေတယ်။
လင်းန် ခေါင်းညိတ်လိုက်ပြီး "ဒါဆိုလည်း လိုက်ခဲ့တော့" လို့ ပြောလိုက်တယ်။
လက်ခ်စ်ကို လိုလိုလားလား အဖွဲ့ဝင်ခွင့် ပေးလိုက်တာနဲ့ လက်ခ်စ်က ဝင်ခွင့်တောင်းလာတာကို စောင့်နေရတာ။
ရလဒ်ကတော့ လုံးဝကို ကွာခြားသွားပြီလေ။
ယမကာချက်ရုံ မဆောက်ရသေးသလို တောဟော့ပ်ပင်တွေလည်း မရင့်မှည့်သေးပေမဲ့ လက်ခ်စ်မှာ အဆင့် ၃ [ယမကာ ချက်လုပ်ခြင်း] ကျွမ်းကျင်မှု ရှိတယ်။
လောလောဆယ် ဟော့ပ်ပင်တွေ မထည့်နိုင်သေးရင်တောင် လက်ခ်စ်က တခြား ကုန်ကြမ်းတွေ သုံးပြီး ယမကာ ချက်နိုင်တယ်လေ။
ဒါ့အပြင် လက်ခ်စ်က ရိုးရှင်းတဲ့ လယ်ယာအလုပ် တချို့ကိုလည်း လုပ်နိုင်သေးတယ်လေ။
ဒီလောက်ဆို လုံလောက်ပါပြီ။
သူတို့ ထွက်ခွာတော့မယ့် အချိန်မှာ လင်းန်က အရွယ်ရောက်ပြီးသား ထွန်နွား တစ်ကောင် ရောင်းနေတဲ့ ရွာသားတစ်ယောက်ကို မြင်လိုက်ရတယ်။
သူ သွားပြီး ဈေးမေးကြည့်လိုက်တယ်။
ရှစ်ရှီလင် တဲ့။
ဈေးအရမ်းကြီးလွန်းတယ်။
ပိုက်ဆံ တစ်ပြားမှ မရှိတော့တဲ့ လင်းန်က နောက်ဆုတ်လိုက်ရတယ်။
ဒါပေမဲ့ စိုက်ပျိုးရေး လုပ်ငန်းခွင်ကို ချဲ့ထွင်ဖို့ဆိုရင် ထွန်နွားက မရှိမဖြစ် လိုအပ်တဲ့ လယ်ယာသုံး အကူအညီ တစ်ခုပဲ။
ကင့်ရွာမှာ ဆက်ပြီး အချိန်မဖြုန်းနေတော့ဘူး။
လင်းန်က ကွီစီ၊ ရက်ဒ်၊ လက်ခ်စ် တို့နဲ့အတူ သစ်တောလမ်းအတိုင်း အိမ်ပြန်လာခဲ့ကြတယ်။
သူတို့ ထွက်သွားတာကို ရွာအစွန်ကနေ စောင့်ကြည့်နေတဲ့ ပုံရိပ်တစ်ခုကိုတော့ ဘယ်သူမှ သတိမထားမိခဲ့ကြဘူး။
...
လျောကျနေတဲ့ ဂျုံအိတ်ကို ဒူးနဲ့ ပင့်တင်ရင်း လက်ခ်စ်က စူးစမ်းချင်စိတ်နဲ့ ကွီစီကို မေးလိုက်တယ်။ "အစ်မလေး၊ ငါတို့ အရှင်သခင်မှာ အခု အစေခံ ဘယ်နှစ်ယောက်လောက် ရှိလဲ သိလို့ရမလား"
ကွီစီက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "ငါ ရေတွက်ကြည့်လိုက်ဦးမယ်... တစ်၊ နှစ်၊ သုံး..." လို့ ရေတွက်တယ်။
လက်ခ်စ် အနည်းငယ် စိတ်အေးသွားတယ်။
ဒီမိန်းမငယ်လေးတောင် အကုန် မမှတ်မိဘူးဆိုတော့ အစေခံတွေ အများကြီး ရှိမယ့်ပုံပဲ။
နယ်စားရဲ့ အိမ်တော်ကို ရောက်သွားရင် သူ ယမကာ ချက်ဖို့ပဲ အာရုံစိုက်ထားရုံပေါ့။
ကွီစီက "နင်နဲ့ပါ ပေါင်းရင် လေးယောက် ရှိတယ်၊ အော် အဲဒါ အရှင်သခင် လင်းန်ကိုပါ ထည့်တွက်ထားတာနော်" လို့ ပြောလိုက်တယ်။
လက်ခ်စ် ချက်ချင်း ကြက်သေသေသွားတယ်။
အရှင်သခင် လင်းန် ပါမှ လေးယောက်တည်းလား။
ဒါဆို အရှင်သခင် လင်းန်က မကြာသေးခင်ကမှ သူကောင်းပြုခံထားရတာများလား။
ပြီးတော့ အစေခံ နည်းနည်းလေးပဲ ရှိတာပေါ့။
လက်ခ်စ် တစ်ယောက် ရုတ်တရက် အလိမ်ခံလိုက်ရသလို ခံစားလိုက်ရတယ်။
လက်ခ်စ် စိုးရိမ်နေတာကို သတိထားမိတော့ ကွီစီက "စိတ်မပူပါနဲ့၊ အရှင်သခင် လင်းန်က လူကောင်းပါ" လို့ နှစ်သိမ့်ပေးလိုက်တယ်။
မိန်းမငယ်လေးရဲ့ မျက်လုံးတွေထဲက အေးချမ်းတဲ့ အကြည့်ကို မြင်လိုက်ရတော့ လက်ခ်စ်ရဲ့ စိုးရိမ်ပူပန်မှုတွေ တဖြည်းဖြည်း လျော့ကျသွားတယ်။
တခြား နယ်စားတွေရဲ့ အစေခံတွေ မျက်လုံးထဲမှာ ဒီလို အကြည့်မျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ဘူးလေ။
အပိုင်း ( ၂၄ ) ပြီးဆုံး.
***