လောလောဆယ်တော့ ကွီစီတို့ သုံးယောက်က တန်းစီစိုက်ပျိုးတဲ့ နည်းလမ်းကို မကျွမ်းကျင်သေးဘူး။
ကျွမ်းကျင်သွားပြီ ဆိုတာနဲ့ သူတို့ သုံးယောက်တည်းနဲ့တင် မြေနှစ်ဧကကို တစ်ရက်တည်းနဲ့ စိုက်လို့ ပြီးနိုင်တယ်။
သဘာဝကျကျပဲ လင်းန်က ဝင်ပါစရာ မလိုတော့ဘူးပေါ့။
သစ်သားအိမ် တံခါးဝမှာ ထိုင်ရင်း သူတို့ သုံးယောက် စိုက်ပျိုးနေတာကို အနောက်ကနေ လှမ်းကြည့်ကာ လင်းန်ရဲ့ ခေါင်းထဲမှာ အတွေးတွေ လည်ပတ်နေတယ်။
နွေဦး စိုက်ပျိုးရေး ပြီးသွားရင် လာမယ့် ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် လင်းန် ပြင်ဆင်ရမယ်။
သူတို့ သစ်လုံးအိမ် တစ်လုံး ဆောက်ဖို့ လိုတယ်။ ရိုးရှင်းတဲ့ သစ်သားအိမ်လေးထဲမှာ လူလေးယောက် နေရတာ တကယ်ကို ကျပ်သိပ်လွန်းတယ်။
အထူးသဖြင့် သူတို့ဆီက ထွက်တဲ့ အနံ့အသက်တွေနဲ့ ဟောက်သံတွေက လင်းန်ကို တော်တော်လေး အနေရခက်စေတယ်။
သံပေါက်ဆိန် ရှိနေတော့ သစ်ပင်ခုတ်တဲ့ အမြန်နှုန်းက အများကြီး ပိုမြန်လာမှာပဲ။
ဒါ့အပြင် အလုပ်သမားတွေလည်း ပိုများလာတော့ အများဆုံး တစ်ရက် နှစ်ရက်နဲ့ အပြီးဆောက်နိုင်တယ်။
ယမကာ ချက်လုပ်ရုံ တစ်ရုံလည်း ဆောက်ဖို့ လိုသေးတယ်။
လက်ခ်စ်ရဲ့ အဆင့် ၃ [ယမကာ ချက်လုပ်ခြင်း] ကျွမ်းကျင်မှုကြီးနဲ့ သူ့ကို လယ်သမား တစ်ယောက်အနေနဲ့ပဲ သုံးနေရတာ အရမ်း နှမြောစရာ ကောင်းလွန်းတယ်။
...
ညနေဆည်းဆာ အချိန်မှာ။
ကွီစီ၊ ရက်ဒ်နဲ့ လက်ခ်စ်တို့ သစ်သားအိမ်ဆီ ပြန်ရောက်လာကြတယ်။
ကွီစီက ဂုဏ်ယူဝင့်ကြွားတဲ့ လေသံလေးနဲ့ "အရှင်သခင် လင်းန်၊ အရှင်သခင် တောင်းဆိုထားတဲ့အတိုင်း ဂျုံမျိုးစေ့ ပေါင်ငါးဆယ်လုံးကို မြေနှစ်ဧကပေါ်မှာ စိုက်ပြီးပါပြီ" လို့ ပြောတယ်။
"ဒါ့အပြင် အရှင်သခင် အထူးမှာထားတဲ့ ဝါစေ့တွေနဲ့ ဟင်းသီးဟင်းရွက် မျိုးစေ့တွေကိုလည်း အိမ်နဲ့ အနီးဆုံး မြေလွတ်မှာ စိုက်ပြီး ခြံခတ်ထားလိုက်ပါပြီ"
လင်းန် ခေါင်းညိတ်လိုက်တယ်။ "အရမ်းကောင်းတယ်၊ အိမ်ထဲဝင်ပြီး နားကြတော့"
သူတို့က ညွှန်ကြားချက်တွေကို လိုက်နာခဲ့ပေမဲ့ သေချာပေါက် ကွဲလွဲမှု တချို့တော့ ရှိမှာပဲ။
ဂျုံစေ့တွေ အရမ်းများသွားသလား။
မြေသြဇာ အလွှာက အရမ်းပါးနေသလား။
မျိုးစေ့ချတဲ့ မြောင်းတွေက အရမ်းတိမ်နေသလား။
သူတို့ရဲ့ လယ်ယာစိုက်ပျိုးရေး နည်းစနစ် နားလည်မှု အဆင့်နဲ့ဆိုရင် လိုအပ်သလို အကြမ်းဖျင်း လုပ်နိုင်တာကိုက ချီးကျူးစရာ ကောင်းနေပြီဆိုတာကို လင်းန် နားလည်ထားတယ်။
လင်းန်ကို စိတ်သက်သာရာ ရစေတာက လယ်မြေက မြစ်နဲ့ နီးတဲ့အတွက် မြေရိုင်းပြင်ရဲ့ မြေဆီလွှာက အစိုဓာတ် အလုံအလောက် ထိန်းထားနိုင်တာပဲ။
လောလောဆယ်တော့ ရေလောင်းဖို့နဲ့ ရေသွင်းဖို့ အချိန်နဲ့ လူအင်အား သုံးစရာ မလိုသေးဘူး။
နောက်ပိုင်း ဂျုံပင်ပေါက်လေးတွေရဲ့ ကြီးထွားမှုအပေါ် မူတည်ပြီး မြေသြဇာ ထပ်ကျွေးဖို့ပဲ လိုတော့မယ်။
ဒီလောက် ကြိုးစားအားထုတ်ထားရင်တောင် နှစ်ဧကကျယ်တဲ့ ဂျုံခင်းကနေ အထွက်နှုန်း ကောင်းကောင်းရမယ်လို့ လင်းန် အာမမခံနိုင်ဘူး။
တစ်ဧကကို ပေါင်တစ်ရာကနေ တစ်ရာ့သုံးဆယ်လောက် အထွက်တိုးနိုင်ရင်ပဲ အောင်ပွဲခံရမှာ။
ကွီစီတို့ သုံးယောက်က အသံပြုပြီး အိမ်ထဲ ဝင်သွားကြတယ်။
ညအမှောင်ကျလာတယ်။
လက်ခ်စ်က ညစာကို ကြိုးကြိုးစားစား ချက်ပြုတ်နေပြီး သူ့ရဲ့ ချက်ပြုတ်ရေး စွမ်းရည် အားလုံးကို လင်းန်ရှေ့မှာ ထုတ်ပြချင်နေပုံရတယ်။
ဒါပေမဲ့ လက်ခ်စ်ရဲ့ ဟင်းချက်စွမ်းရည် ပြသမှု ဆိုတာက တောခွေးသား မုယောစပါး ဆန်ပြုတ် တစ်အိုးနဲ့ ကင်ထားတဲ့ ဘေ့စ်ငါး အနည်းငယ်ပါပဲ...
သူတို့ သုံးယောက်ကို ကြည့်ပြီး လင်းန်က အမိန့်ပေးတဲ့ လေသံနဲ့ "မနက်ဖြန်ကစပြီး လူတိုင်း သုံးရက် တစ်ခါ ရေချိုးရမယ်" လို့ ပြောလိုက်တယ်။
"မင်းတို့ကိုယ်က ဘယ်လောက်တောင် နံစော်နေလဲဆိုတာ အနံ့မရကြဘူးလား"
အရင်က ရှင်သန်ဖို့ အလုပ်ရှုပ်နေတော့ ဒီလိုကိစ္စတွေကို လင်းန် ဂရုမစိုက်နိုင်ခဲ့ဘူး။
ဒါပေမဲ့ အခု စားဝတ်နေရေး ပြဿနာကို ယာယီ ဖြေရှင်းပြီးသွားပြီဆိုတော့ ဘယ်လို ကျန်းကျန်းမာမာ နေထိုင်ရမလဲ ဆိုတာကို အာရုံစိုက်ဖို့ လိုလာပြီ။
အလုပ်ရှုပ်နေတဲ့ သူတို့သုံးယောက်က ရပ်တန့်သွားပြီး သူတို့ ခန္ဓာကိုယ်ကို အလိုလို အနံ့ခံကြည့်ကာ မျက်မှောင်ကြုတ်သွားကြတယ်။
လင်းန်သာ မပြောရင် သူတို့ ဘယ်တော့မှ သတိထားမိမှာ မဟုတ်ဘူး။
လင်းန်က သူတို့ကို တင်းမာတဲ့ လေသံနဲ့ "သန့်ရှင်းတဲ့ ခန္ဓာကိုယ်ကမှ ကျန်းမာရေးကို ထိန်းသိမ်းနိုင်မယ်... ငါ ထပ်မပြောတော့ဘူး။ သုံးရက် တစ်ခါ ရေမချိုးနိုင်ရင် အခုပဲ ငါ့အိမ်ထဲကနေ ထွက်သွားလို့ ရတယ်" လို့ ပြောလိုက်တယ်။
လင်းန်ရဲ့ လေသံ ပြောင်းသွားတာကို သတိထားမိတဲ့ ကွီစီတို့က အမြန် ပြန်ဖြေကြတယ်။
"ဟုတ်ကဲ့ပါ အရှင်သခင် လင်းန်"
အဲဒီညက အိမ်လေးထဲက လေထုက အနည်းငယ် ပိုပြီး လေးနက်သွားတယ်။
လယ်ထဲမှာ သူတို့နဲ့အတူ အမြဲတမ်း အလုပ်လုပ်လေ့ရှိတဲ့ အရှင်သခင် လင်းန်က တခြားသူတွေနဲ့ မတူတဲ့ မျှော်လင့်ချက်တွေ ရှိတယ်ဆိုတာကို သူတို့ နားလည်သွားကြတယ်။
မီးဖိုထဲမှာ ထင်းတွေက တဖျောက်ဖျောက် မြည်ရင်း လောင်ကျွမ်းနေတယ်။
အိမ်တံခါး ပွင့်လာပြီး ဆံပင်တွေ စိုရွှဲနေတဲ့ သူတို့ သုံးယောက် ဝင်လာကြတယ်။
လင်းန်က မြက်ခြောက်ပုံပေါ်မှာ မျက်လုံးမှိတ်ပြီး လှဲနေတာကို မြင်တော့ သူတို့အားလုံး အနည်းငယ် စိတ်သက်သာရာ ရသွားတယ်။
မြစ်ထဲမှာ ရေသွားချိုးတာက အိပ်နေတဲ့ လင်းန်ကို အနှောင့်အယှက် ဖြစ်စေမှာကို သူတို့ စိုးရိမ်နေခဲ့ကြတာ။
မီးဖိုဘေးမှာ ထိုင်ရင်း ကွီစီ၊ ရက်ဒ်နဲ့ လက်ခ်စ်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြတယ်။
မြစ်ရေက နည်းနည်းတော့ အေးတယ်။
ဒါပေမဲ့ ရေချိုးပြီးသွားတော့ သူတို့အားလုံး သိသိသာသာကို လန်းဆန်းသွားသလို ခံစားရတယ်။
အခုတော့ မီးဖိုရဲ့ အနွေးဓာတ်အောက်မှာ သူတို့ ခန္ဓာကိုယ်ဆီကနေ ရေနွေးငွေ့တွေ ထွက်ပေါ်နေတယ်။
သက်တောင့်သက်သာ ရှိတယ်၊ ပေါ့ပါးတယ်၊ ခေါင်းကြည်လင်တယ်...
ကွီစီက အနည်းငယ် အေးစက်နေတဲ့ လက်ဖဝါးတွေကို နွေးသွားအောင် မီးဖိုဆီ လက်လှမ်းလိုက်တယ်။
နောက်တစ်စက္ကန့်မှာတင်။
သူမ မျက်ခုံးပင့်သွားပြီး မျက်လုံးတွေထဲမှာ အံ့သြသွားတဲ့ အရိပ်အယောင် ပေါ်လာတယ်။
မီးဖိုထဲမှာ ထင်းတွေ ပိုများလာတာကို ကွီစီ တွေ့လိုက်ရတယ်။
မီးတောက်တွေက ပိုပြီး ပြင်းပြင်းထန်ထန် လောင်ကျွမ်းနေတယ်။
သူမက သိပ်မဝေးတဲ့ နေရာမှာ အိပ်ပျော်နေတဲ့ လင်းန်ဆီကို အကြည့်ရွှေ့လိုက်တယ်။
နောက်တစ်နေ့ မနက်ခင်း။
နံနက်စာ စားပြီးနောက် လင်းန်က သူတို့ သုံးယောက်ကို သစ်တောအစွန်ဆီ ခေါ်သွားတယ်။
ဒါပေမဲ့။
ဒီတစ်ခါတော့ ဆွေးမြည့်နေတဲ့ မြေဆီလွှာတွေ တူးဖို့နဲ့ သယ်ဖို့ မဟုတ်ဘဲ သစ်ပင်ခုတ်ဖို့ ဖြစ်တယ်။
လင်းန်က ရက်ဒ်ကို ကြည့်ပြီး "ရိုးရှင်းတဲ့ အိမ်လေးထဲမှာ လူလေးယောက် ဆိုတာ အရမ်း ကျပ်သိပ်လွန်းတယ်၊ သစ်ပင်ခုတ်တဲ့အခါ အားအလုံအလောက် သုံးဖို့ သေချာစေ၊ အဲဒါက မင်းတို့ နေဖို့ နေရာ ဆောက်ဖို့ပဲ" လို့ ပြောလိုက်တယ်။
လင်းန် ပြောတာကို ကြားတော့ ရက်ဒ်က ချက်ချင်း မျက်ခုံးပင့်သွားတယ်။
သူတစ်ယောက်တည်း မဟုတ်ဘူး၊ ကွီစီနဲ့ လက်ခ်စ်တို့ကလည်း အတူတူပဲ။
နယ်စားတစ်ယောက်က ရွာသားတွေ နေထိုင်ဖို့ နေရာ ဆောက်ပေးတယ်ဆိုတာ သူတို့ ပထမဆုံးအကြိမ် ကြားဖူးခြင်းပဲ။
တခြား နယ်စားတွေက ရွာသားတွေကို ဝက်မကြီးတွေနဲ့အတူ ဝက်ခြံထဲမှာပဲ သွားအိပ်ခိုင်းကြတာလေ။
ရက်ဒ်က ချက်ချင်း ပြန်ဖြေတယ်။ "ဟုတ်ကဲ့ပါ အရှင်သခင် လင်းန်"
သံပေါက်ဆိန်ကို ဆုပ်ကိုင်ပြီး သူ့ရှေ့က ထင်းရှူးပင်ကို အားကုန်လွှဲခုတ်လိုက်တယ်။
ချက်ချင်းပဲ သံပေါက်ဆိန်သွားက ထင်းရှူးသားထဲကို ခုနစ်စင်တီမီတာ ရှစ်စင်တီမီတာလောက် စိုက်ဝင်သွားတယ်။
မီးခတ်ကျောက် ပေါက်ဆိန်နဲ့ ယှဉ်ရင် သံပေါက်ဆိန်ရဲ့ ခိုင်ခံ့မှုနဲ့ ထက်မြက်မှုက သိသိသာသာကို ထင်ရှားလွန်းတယ်။
ရက်ဒ်ရဲ့ ခွန်အား၊ သံပေါက်ဆိန်ရဲ့ ထက်မြက်မှုနဲ့ ထင်းရှူးသားရဲ့ ပျော့ပျောင်းတဲ့ သဘာဝတို့ ပေါင်းစပ်သွားတဲ့အခါ စင်တီမီတာ နှစ်ဆယ်ကျော် တုတ်တဲ့ သစ်ပင်တစ်ပင်က ဆယ်မိနစ်ကျော်လေး အတွင်းမှာတင် လဲကျသွားတယ်။
အနီးနားမှာ စောင့်နေတဲ့ ကွီစီနဲ့ လက်ခ်စ်တို့က ကြက်ခြေခတ် ပေါက်ချွန်းနဲ့ တံစဉ်တွေကို ကိုင်ပြီး အမြန် ဝင်လာကြတယ်။
ဖြောင့်တန်းတဲ့ သစ်လုံးတစ်လုံး ကျန်ရစ်အောင် ထင်းရှူးပင်ကနေ သစ်ကိုင်းတွေနဲ့ အခေါက်တွေကို ရှင်းလင်းပစ်ဖို့ လိုအပ်တယ်။
ဦးချိုလေးကို ကိုင်ထားတဲ့ လင်းန်က သစ်ပင်ခုတ်တဲ့ လုပ်ရည်ကိုင်ရည်ကို ကြည့်ရင်း စိတ်ထဲကနေ သက်ပြင်းချလိုက်တယ်။
သူ့အိမ်လေး ဆောက်တုန်းကသာ သံပေါက်ဆိန် တစ်လက်နဲ့ အကူနှစ်ယောက် ရှိခဲ့ရင် ဒီလောက် ခက်ခဲခဲ့မှာ မဟုတ်ဘူး။
ထင်းရှူးပင်တွေ တစ်ပင်ပြီးတစ်ပင် လဲကျလာပြီး သစ်လုံးတွေ တစ်လုံးပြီးတစ်လုံး ဖြစ်လာတယ်။
ကွီစီနဲ့ လက်ခ်စ်တို့ အတူတူ သစ်သားအိမ်ဆီ သယ်သွားကြတယ်။
အိမ်ရှေ့က သစ်လုံးပုံကြီးက တဖြည်းဖြည်း ကြီးမားလာတယ်။
အစကတော့ လင်းန်က ရိုးရှင်းတဲ့ သစ်သားအိမ်လေး တစ်လုံးကို အရင်ဆောက်ဖို့ စဉ်းစားထားတာ၊ ဒါပေမဲ့ အခု သစ်ခုတ်တဲ့ အမြန်နှုန်းကို ကြည့်ပြီးတော့။
ယမကာ ချက်လုပ်ရုံနဲ့... အိမ်သာကိုပါ ဦးစားပေး ဆောက်လို့ ရပြီဆိုတာကို လင်းန် သဘောပေါက်သွားတယ်။
သာမန် အသက်ရှင်နေတဲ့ လူတစ်ယောက်အနေနဲ့ လင်းန်က သဘာဝအရ အိမ်သာ လိုအပ်တယ်လေ။
အရင်က အခြေအနေ ကန့်သတ်ချက်တွေကြောင့် လွယ်လွယ်ကူကူပဲ မြစ်အောက်ပိုင်းမှာ ကိစ္စရှင်းခဲ့ရတာ။
ဒါပေမဲ့ အခု အခြေအနေတွေ ပြောင်းလဲသွားပြီ။
လူအင်အား အလုံအလောက် ရှိတယ်၊ ပေါက်ဆိန်တွေလည်း အများကြီး ရှိတယ်။
အိမ်သာတစ်လုံး ဆောက်လိုက်ခြင်းအားဖြင့် အိမ်သာတက်ဖို့ လုံခြုံစိတ်ချရအောင် သေချာစေတဲ့အပြင် နောင် သဘာဝမြေသြဇာ လုပ်ဖို့အတွက် အညစ်အကြေးတွေကိုပါ စုဆောင်းနိုင်တယ်။
တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ။
ရက်ဒ် တဖြည်းဖြည်း မောလာတာကို ကြည့်ပြီး လင်းန်က ကျောက်တုံးပေါ်ကနေ ခုန်ဆင်းကာ ဦးချိုလေးကို သူ့ဆီ ကမ်းပေးလိုက်တယ်။
"ခဏနားလိုက်၊ အခု ငါလုပ်မယ်"
လင်းန်က သံပေါက်ဆိန်ကို ယူပြီး ပြင်းပြင်းထန်ထန် စတင် လွှဲခုတ်တော့တယ်။
[စုဆောင်းခြင်း အတွေ့အကြုံ တစ်မှတ် တိုးလာပါသည်]
ရက်ဒ်က မနားတမ်း အလုပ်လုပ်နေပေမဲ့ ကျွမ်းကျင်မှု အဆင့်တက်ဖို့ လင်းန်ကလည်း အတွေ့အကြုံတွေ ရယူဖို့ လိုအပ်သေးတယ်လေ။
[စုဆောင်းခြင်း] အတွေ့အကြုံကို တိုးစေရင်း သစ်ခုတ်တဲ့ အရှိန်ကို မြှင့်တင်လိုက်တယ်။
တစ်နေ့လုံး ထင်းရှူးပင်တွေ ခုတ်ပြီးတဲ့နောက် သစ်သားအိမ် ဘေးမှာ သစ်လုံး အလုံးလေးဆယ် ငါးဆယ်နီးပါးလောက် စုပုံနေပြီ။
သေချာတာပေါ့၊ ဒီသစ်လုံးတွေက ခုတ်ချလိုက်တဲ့ ထင်းရှူးပင် တစ်ပင်ချင်းစီကို တစ်ဝက်စီ ပိုင်းဖြတ်ထားတာ ဖြစ်တယ်။
ဒီသစ်လုံးတွေနဲ့ဆိုရင် နောက်နေ့ မနက်စောစောမှာ ရိုးရှင်းတဲ့ အိမ်အသစ် တစ်လုံး စတင် တည်ဆောက်လို့ ရပြီ။
အပိုင်း ( ၂၇ ) ပြီးဆုံး.
***