အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ကောချန်အန်းက ရုတ်တရက် မေးလိုက်၏။ "ငါ အကုန်လုံးကို သင်ယူသွားပြီး ကိုယ်တိုင် မှိုစိုက်မှာကို မကြောက်ဘူးလား"
"ပိုတောင် ကောင်းသေးတာပေါ့" ယန်ရွှယ်က ရယ်မောလိုက်သည်။ "သစ်တောဌာန တစ်ခုလုံးသာ မှိုစိုက်ကြမယ်ဆိုရင် ကျမ ဒီလောက် မပင်ပန်းတော့ဘူး၊ မှိုမျိုးစေ့ပဲ ရောင်းတော့မှာ"
ကောချန်အန်း တွန့်ဆုတ်နေသည်ကို မြင်သောအခါ သူမ၏ အပြုံးမှာ ပို၍ ကြီးမားသွားခဲ့သည်။ "တချို့ စီးပွားရေးတွေက တခြားသူတွေ လုပ်နေလို့ ကိုယ်က ပိုက်ဆံမရဘူးဆိုတာမျိုး မရှိဘူး။ အသစ်အဆန်းတွေ တွေးတတ်ရင် ဝင်ငွေရမဲ့လမ်းတွေက အများကြီးပဲ။ ကျွန်မ မှိုစိုက်နိုင်တယ်၊ မျိုးစေ့ထုတ်နိုင်တယ်၊ အကယ်၍ တခြားသူတွေပါ တတ်သွားရင် စိုက်ပျိုးဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ကျမ ပြန်ရောင်းလို့ ရတာပဲ"
သူမ၏ မျက်ဝန်းများသည် စိတ်နှလုံးကို ထိုးဖောက်နိုင်လောက်အောင် တောက်ပနေ၏။ "'မိုးနတ်မင်းက မျက်မမြင်စာကလေးကို ငတ်မသေစေဘူး' ဆိုတဲ့ စကားပုံ ရှိတယ်မဟုတ်လား။ ကျွန်မမှာ ဦးနှောက်ရှိတယ်၊ လက်ရှိတယ်၊ ငတ်မှာကို မကြောက်ဘူး"
မှန်ပါသည်။ သူ့မှာလည်း ဦးနှောက်နှင့် လက်ရှိသည်။ သူ၏လက်များမှာ သွက်လက်ခြင်းမရှိသော်လည်း သူ၏ဉာဏ်ကို ပို၍ အားကိုးရုံသာ ရှိ၏။ အနည်းဆုံးတော့ အခြားသူများ၏ သနားမှုကို အားကိုးစရာ မလိုတော့ပေ။
ကောချန်အန်းက ခေါင်းမော့ကြည့်လိုက်သည်။ "ငါ့ကို အလုပ်အတွက် ယာယီအလုပ်သမားခ မပေးပါနဲ့။ အရင်က မှိုမျိုးစေ့ စစ်ဆေးပေးတဲ့ နှုန်းထားအတိုင်းပဲ တစ်ရက်ကို တစ်ယွမ် ပေးပါ"
ခေတ္တရပ်ပြီးနောက် သူက ယုံကြည်မှုအပြည့်ဖြင့် ထပ်ပြောလိုက်၏။ "ငါ့လက်နဲ့ ခြေထောက်တွေ ပိုကောင်းလာရင် အလုပ်တွေ ပိုလုပ်နိုင်လာမှာပါ။ အဲ့ဒီအချိန်ကျမှပဲ လစာတိုးပေးပေါ့"
"ကောင်းပါပြီ။ ပြီးတော့ ကျွန်မတို့ အိမ်မှာမရှိတဲ့အချိန်ဆိုရင် မောင်လေးနဲ့ အဘွားကိုလဲ တစ်ချက်လောက် ကြည့်ပေးစေချင်တယ်"
ယန်ရွှယ် ပြန်လာသောအခါ လွန်ခဲ့သော ရက်အနည်းငယ်အတွက် အခကြေးငွေကို ကောချန်အန်းအား ပေးချေလိုသော်လည်း ထိုသူက အပြတ်အသတ် ငြင်းဆန်လိုက်ပြီး၊ ဤရက်များသည် သူမကို ကျေးဇူးဆပ်ခြင်းသာဖြစ်ကြောင်းနှင့် နောင်ပေးရမည့်ငွေများကိုသာ နောက်မှဆွေးနွေးရန် ပြောဆိုခဲ့သည်။
ယန်ရွှယ် မိသားစုအဖွဲ့နှင့်အတူ တောင်ပေါ်သို့ တက်သွားပြီးနောက် ကျင်းပေါင်ကျစ်က သူမထံသို့ သီးသန့်လာကာ ပိုက်ဆံလိုအပ်ခြင်း ရှိမရှိ မေးမြန်းခဲ့၏။
ကောမိသားစုသည် သတင်းအချက်အလက်ပိုင်းတွင် အတော်ဆုံးမဟုတ်သော်လည်း လိုအပ်သည့်အချိန်တိုင်းတွင် အမြဲရှိနေတတ်သည်။ ယန်ရွှယ်သည် သူတို့၏ စေတနာကြောင့် စိတ်နွေးထွေးသွားပြီး၊ ထိုနံနက်က ကောချန်အန်းကို ပြောခဲ့သည့်စကားများကိုပင် ကျင်းပေါင်ကျစ်အား ပြန်ပြောပြလိုက်၏။
သတင်းကို ကြားသမျှလူတိုင်းမှာ ထိုကဲ့သို့ စိတ်ထားကောင်းကြသည်မဟုတ်ပေ၊ အထူးသဖြင့် ယန်ရွှယ်နှင့် ချီဖန့်တို့၏ ထက်ရှသော စကားလုံးများကို မကြာသေးမီက ခံစားခဲ့ရသော လီရှု့ဝူ၏ ဇနီးသည်ပင်။
သူမက ယန်ရွှယ်အား လှောင်ပြုံးပင် ပြုံးပြလိုက်သေးသည်။ "တချို့လူတွေက သူများအကြောင်းကိုပဲ ဝေဖန်နေပြီး ကိုယ့်နှုတ်ကိုတော့ စည်းမစောင့်ကြဘူး။ အခုတော့ ကံတရားက သူတို့တံခါးကို လာခေါက်ပြီပေါ့" သူမသည် မကြာသေးမီက သူမကိုယ်တိုင် မည်သို့ ငိုယိုခဲ့ရသည်ကို မေ့နေပုံရသည်။
ယန်ရွှယ်လည်း အလျှော့မပေးလိုက်ပေ။ "ရှင့်ကိုယ်ရှင် ပြောနေတာလား" သူမက ပြန်ပြောလိုက်ကာ ထပ်မေးလိုက်၏။ "ဒါနဲ့ ရှင့်အိမ်ကော ပြီးပြီလား"
လီရှု့ဝူ၏ ဇနီးသည်မှာ ဆွံ့အသွားတော့သည်။ သူမသည် ယန်ရွှယ်အား အနိုင်မရမှန်း သိလျက်နှင့် ဘာကြောင့် အမြဲတမ်း ရန်စနေသည်မှာ စဉ်းစားရခက်လှသည်။
ထိုနေ့ညနေတွင် သူမသည် သူမ၏ခင်ပွန်းအား မကျေမနပ်နှင့် တိုင်တောတော့၏။ "သူမက ဘာအချိုး ချိုးပြနေတာလဲ။ သူ့ချီဖန့်ကဖြင့် သင်တန်းတက်ခွင့် ဆုံးရှုံးသွားတာကို"
လီရှု့ဝူကမူ ဇနီးဖြစ်သူကဲ့သို့ ဝမ်းသာအားရ ဖြစ်မနေပေ။ သူက ပင်ပန်းနွမ်းနယ်စွာဖြင့် သက်ပြင်းချလိုက်သည်။ "မင်းရဲ့ ယောကျ်ားလဲ လွှစက်မောင်းသမား အလုပ်ပြုတ်သွားတာပဲလေ"
ဤပြဿနာအားလုံးမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် သူ၏ ဇနီးကြောင့်ပင် ဖြစ်သည်၊ သူမက သူတို့မှာ ပိုက်ဆံမရှိတော့ကြောင်း ပြောကာ ပိုက်ဆံပိုရရန် သူ့ကို ဖိအားပေးခဲ့ခြင်းကြောင့်ပင်။ ထိုအချက်ကို သတိရသွားသောအခါ သူမသည် တိတ်သွားတော့၏။
ယခုမူ သူတို့မှာ ပိုက်ဆံမရှိရုံမက အကြွေးပါ တင်နေပြီဖြစ်သည်။ မကြာမီမှာပင် သူမက စကားပြန်စလာပြန်သည်။ "ချီဖန့် နေရာက လွတ်သွားပြီဆိုတော့၊ ရှင် အဲဒီထဲ ပြန်ဝင်လို့ရအောင် ကြိုးစားလို့ မရဘူးလား"
"မင်း အိပ်မက်ယောင်နေတာလား။ အဲဒီကိစ္စ ဖြစ်ပျက်ခဲ့တာ လပိုင်းပဲ ရှိသေးတာ။ နှစ်တွေအကြာကြီး ကုန်လွန်သွားခဲ့ရင်တောင်၊ ငါတို့မှာ အောက်လမ်းကနေ ကြိုးကိုင်ဖို့ ပိုက်ဆံရှိလို့လား"
လီရှု့ဝူ၏ ဇနီးသည် ထပ်၍ တိတ်ဆိတ်သွားပြန်၏။ ယခင်က ပိုက်ဆံမရှိခြင်းမှာ မည်မျှခက်ခဲသည်ကို သူမ သတိမမူမိခဲ့သော်လည်း၊ ယခု ခင်ပွန်းဖြစ်သူ အလုပ်ပြုတ်ပြီး အိမ်ကလည်း ရေကြီးမှုကြောင့် ပျက်စီးသွားချိန်တွင်မူ ကောင်းကောင်းကြီး သိသွားလေတော့သည်။
သူမ၏ တိတ်ဆိတ်နေမှုမှာ လီရှု့ဝူကို စိတ်အနှောင့်အယှက် မဖြစ်စေပေ။ ထိုသူသည် ခဏနားပြီးနောက် အိမ်ပြင်သည့်အလုပ်ကို ဆက်လုပ်နေလိုက်၏။
အိမ်တစ်လုံးမှာ ချက်ချင်းလက်ငင်း ဆောက်၍ရသည်မဟုတ်ဘဲ လုပ်စရာများစွာ ကျန်နေသေးသည်။ သူတို့အိမ်မှာ အကာအရံမျှသာ ရှိနေသေးပြီး ဘယ်တော့မှ အိမ်ထဲသို့ ဝင်နေနိုင်မည်ကိုလည်း မည်သူမျှ မသိနိုင်ပေ။
သူ အပြင်သို့ ထွက်လိုက်စဉ်မှာပင် အိမ်နီးချင်းဖြစ်သူ ကျန်းတဝေသည် သူ၏အိမ်ထဲမှ အပ်ချုပ်စက်တစ်လုံးကို မကာ ထွက်လာသည်ကို တွေ့လိုက်ရသည်၊ သို့သော် ရှု့ဝမ်လီ၏ ဆိုင်ဘက်သို့ ဦးတည်သွားခြင်း မဟုတ်ပေ။
သူ၏ဇနီးမှာ မနေနိုင်ဘဲ ဝင်ပြောပြန်၏။ "ဘာဖြစ်လို့လဲ။ ရေကြီးလို့ ပျက်သွားတာလား။ ရှင့်တို့ မလိုချင်ရင် ကျွန်မတို့ကို ပေးလိုက်လေ"
လီရှု့ဝူ၏ ဇနီးသည်မှာ နှုတ်ကြမ်းသည်ကို သိထားသော်လည်း ကျန်တဝေမှာ မျက်လုံးလှန်ပြမိသည်အထိ ဖြစ်သွားရ၏။ "မဟုတ်ဘူး၊ ချီဖန့်ဆီကို ပြင်ဖို့ သွားပို့မလို့"
"ဘာလို့ ဒါရိုက်တာရှု့ဆီ မသွားတာလဲ။ ဘာလို့ သူလဲ" သူမက လှောင်ပြောင်လိုက်၏။
"သူက အခု စက်ပြင် အလုပ်ရုံကို ယာယီပြောင်းသွားပြီလေ။ စက်ရုံထဲက အသံချဲ့စက်တွေကိုလဲ သူပဲ ပြင်ပေးခဲ့တာ။ စက်ရုံမှူး ရှု့က ဒီရက်ပိုင်း အလုပ်များနေလို့ ချီဖန့်ဆီ သွားစမ်းကြည့်မလို့"
ထိုသို့ပြောပြီး ကျနိးတဝေ ထွက်သွားရာ လီရှု့ဝူ၏ ဇနီးမှာ ကြောင်တောင်တောင် ကျန်ရစ်ခဲ့ရသည်။ "ချီဖန့်က စက်ပြင် အလုပ်ရုံကို ပြောင်းသွားတယ် ဟုတ်လား"
သူက လွှစက်သမား လက်ထောက် လုပ်ရမှာ မဟုတ်ဘူးလား။ ဘယ်တုန်းကတည်းက ပစ္စည်းတွေ ပြင်တတ်သွားတာလဲ။
ပြီးတော့ သာ၍ အရေးကြီးသည်မှာ—
"ကျန်းတဝေက သူ့ကို အပ်ချုပ်စက်ပြင်ခိုင်းတယ်ဆိုရင် ပိုက်ဆံပေးရမှာ မဟုတ်လား"
ပေးရမည်မှာ အမှန်ပင်။ ကျန်းတဝေနှင့် ချီဖန့်တို့မှာ မရင်းနှီးကြသဖြင့် သူက ကြိုတင်၍ ရှင်းလင်းစွာ ပြောထားသည်။ "ပြီးခဲ့တဲ့အကြိမ်က စက်ရုံမှူး ရှု့ဆီသွားတုန်းက ပစ္စည်းမလဲရင် ပြားသုံးဆယ် ပေးရတယ်။ ပစ္စည်းလဲရင်တော့ မသိဘူး"
ချီဖန့်ထံတွင်လည်း အပိုပစ္စည်းများ မရှိသဖြင့် မြို့ထဲသို့ သွားဝယ်ရမည် ဖြစ်သည်။ "ကျွန်တော် အရင် ကြည့်ပါရစေ"
ထိုအပ်ချုပ်စက်မှာ ရှန်ဟိုင်း အမှတ် (၁) အပ်ချုပ်စက်စက်ရုံမှ ထုတ်လုပ်သော "လူပျံ" တံဆိပ်ပင် ဖြစ်သည်။ ထိုခေတ်က ပစ္စည်းများအား ခိုင်ခံ့အောင် ပြုလုပ်ထားသဖြင့် ဆယ်စုနှစ်ပေါင်းများစွာ ခံသင့်သည်ပင်။
သို့သော် မည်မျှပင် ခိုင်ခံ့စေကာမူ ရေကြီးမှုကိုမူ မခံနိုင်ပေ။ ချီဖန့်သည် နင်းတံကို နှစ်ချက်၊ သုံးချက်လောက် နင်းကြည့်လိုက်ရာ စက်ယန္တရားမှာ တောင့်တင်းနေသည်ကို သတိထားမိသဖြင့် ခြေနင်းတံကို အရင်ဆုံး ဖြုတ်ကြည့်လိုက်၏။
ထင်သည့်အတိုင်းပင် အတွင်းထဲသို့ ညစ်ပတ်နေသောရေများ ဝင်နေသည်။ သူက ၎င်းကို သန့်ရှင်းရေးလုပ်ကာ ဆီထည့်ပြီး ပြန်တပ်ဆင်လိုက်သည်၊ ထို့နောက် အခြား အစိတ်အပိုင်းများသို့ ဆက်သွားခဲ့၏။
စက်တစ်ခုလုံးကို ဖြုတ်ကြည့်ပြီးနောက် တစ်ခုတည်းသော ပြဿနာမှာ အပ်ဖြစ်သည်၊ ၎င်းမှာ အသုံးများသဖြင့် ပွန်းစားနေပြီး အလွန်တုံးနေသောကြောင့် အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ခြင်း ဖြစ်၏။ ချီဖန့် ကျန်းတဝေ၏ ဇနီးအား မေးလိုက်သည်။ "ဒါနဲ့ချုပ်ရင် အဝတ်က တွန့်သွားလား"
သူမက ခေါင်းညိတ်ပြလိုက်၏။ "ဟုတ်တယ်၊ ဖြစ်နေတာ ကြာပြီ။ အားနဲ့ ဖိချုပ်ရသလို အောက်ခြေချည်မျှင်ကလဲ ပြတ်ပြတ်သွားတယ်"
ချီဖန့်ကမူ ဘာမှပြန်မပြောဘဲ အဘွားအို၏ အခန်းသို့သွားကာ အဝတ်စအချို့ ငှားလာခဲ့သည်။ "အခု စမ်းကြည့်ပါအုံး၊ ပြတ်နေတုန်းပဲလားလို့"
လူပျံ အပ်ချုပ်စက်မှာ ထူသော အဝတ်များထက် ပါးသော အဝတ်များကို ပို၍ ကောင်းမွန်စွာ ချုပ်နိုင်ခြင်းကြောင့် ကျော်ကြားလေသည်။ သေးငယ်ပြီး ပေါ့ပါးသောကြောင့် ခြေထောက်တစ်ဖက်တည်းဖြင့်ပင် နင်းနိုင်ရာ၊ ပုံမှန် အပ်ချုပ်စက်များကို သုံးရန် အရပ်မမီသေးသော ကလေးများကြားတွင်ပင် ရေပန်းစားခဲ့၏။
ကျန်းတဝေ၏ ဇနီးမှာ ထိုင်ခုံပင် မရှာတော့ဘဲ မတ်တပ်ရပ်လျက် ချက်ချင်း စမ်းသပ်လိုက်သည်။ "မပြတ်တော့ဘူး။ ပိုပြီးတော့လဲ ချောသွားသလိုပဲ"
"အဓိကက စပရိန် လျော့နေတာ၊ အဲဒါကို ကျွန်တော် ပြန်ကြပ်ပေးထားတယ်" ချီဖန့် ပြောလိုက်သည်။
ထိုသို့ဖြင့် အဆင်ပြေသွားတော့သည်။ ဇနီးမောင်နှံနှစ်ဦးစလုံးက အခကြေးငွေကို မဆိုင်းမတွပင် ပေးလိုက်ကြ၏။ "အကယ်၍ အပ်ကို လဲချင်တယ်ဆိုရင် ကျုပ်တို့ မြို့သွားဝယ်ရမလား၊ ဒါမှမဟုတ်..."
"ကျွန်တော့ ဝယ်လာပေးပါ့မယ်" ချီဖန့် ပြောလိုက်သည်။ "နောက်ရက်အနည်းငယ်နေရင် ကျွန်တော် မြို့သွားဖို့ ရှိတယ်"
မိသားစုအဖွဲ့ အလုပ်ပြီးသည်နှင့် ယန်ရွှယ်သည် သူ့အား တိုင်းရင်းဆေးများ ထပ်ဝယ်ရန် မြို့သို့ အတင်းခေါ်သွားဦးမည်မှာ အသေအချာပင်။
သူမက အတိအလင်း ပြောထားသည် မဟုတ်ပါလား၊ ချီဖန့်သည် ကျန်းမာရေးကောင်းပြီး အသက် ရှစ်ဆယ်၊ ကိုးဆယ်အထိ နေရလိမ့်မည်ဟု။ သူ ထိုထက် အသက်တိုခံ၍ မဖြစ်သည် မဟုတ်ပါလား။
ချီဖန့်သည် တည်ငြိမ်သော မျက်နှာထားဖြင့် သူ၏ကိရိယာများကို သိမ်းဆည်းလိုက်ပြီးနောက် ကျန်းတဝေကို လှမ်းကြည့်လိုက်သည်။ "ကျူ့ချိုင်-50 ထရက်တာ အသစ်က သုံးရတာ ဘယ်လိုလဲ"
ရေမကြီးမီက ကျင်းချွမ် သစ်တောဌာနတွင် ထရက်တာမောင်းသူ နှစ်ဦးသာရှိသည်၊ ၎င်းတို့မှာ လျန်ချီမောင်နှင့် ကျန်းတဝေတို့ ဖြစ်၏။ ကျန်းတဝေသည် ချီဖန့်နှင့် တစ်အဖွဲ့တည်းဖြစ်သဖြင့် ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်၏။ "အရင် TY-12 ထက် အများကြီး ပိုကောင်းတယ်။ ရေကြီးပြီးတော့ ရွှံ့တွေ၊ မြေပြိုတာတွေဖြစ်တော့ လျန်ချီမောင်နဲ့ ကျုပ် လမ်းတွေ ပြန်ညှိရတာပေါ့။ အားလည်းကောင်းတယ်၊ ဆီလဲ သိပ်မစားဘူး"
ချီဖန့်က ဆက်မမေးတော့ပေ။ ကျန်းတဝေ ထွက်သွားပြီးနောက်မှသာ ယန်ရွှယ်သည် အသံကိုနှိမ့်ကာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။ အဲဒီထရက်တာမှာ တစ်ခုခု ပြဿနာရှိလို့လား"
ချီဖန့် သူမထံသို့ ပြားသုံးဆယ် ကမ်းပေးလိုက်ပြီး အမှန်အတိုင်းပင် ပြောပြလိုက်သည်။ "အဲဒါက ကိုယ့်ဆရာ သုတေသနလုပ်ခဲ့တဲ့ နည်းပညာဟောင်းကို သုံးထားတာ၊ ဒါပေမဲ့ အဲဒါက အပြည့်အဝ မပြီးမြောက်သေးဘူး"
"အပြည့်အဝ မပြီးသေးဘူး ဟုတ်လား" ပင်မနည်းပညာက ချီဖန့်၏ လက်ထဲတွင် ရှိနေသဖြင့် ၎င်းမှာ မပြီးမြောက်သေးရုံသာမကဟု ယန်ရွှယ် ခံစားလိုက်ရသည်။ "သေချာ စမ်းသပ်မှုမလုပ်ဘဲနဲ့ အဲဒါကို ဘယ်လိုများ ထုတ်သုံးရဲကြတာလဲ"
ပုံမှန်အားဖြင့် ထုတ်ကုန်အသစ်များကို ဈေးကွက်သို့မတင်မီ နှစ်နှစ်၊ သုံးနှစ်မှ ငါးနှစ်၊ ရှစ်နှစ်အထိ အချိန်ယူကာ စမ်းသပ်လေ့ရှိကြသည်။ ဥပမာအားဖြင့် လူလုပ်မှိုစိုက်ပျိုးခြင်းသည် ၁၉၅၀ ပြည့်လွန်နှစ်များကတည်းက ဓာတ်ခွဲခန်းတွင် အောင်မြင်ခဲ့သော်လည်း ယန်ရွှယ် ရောက်လာသည့်အချိန်အထိ လက်တွေ့တွင် အသုံးမပြုနိုင်သေးပေ။
ချီဖန့်၏ ဆရာ ကွယ်လွန်သွားသည်မှာ မည်မျှကြာခဲ့ပြီနည်း။
သုံးနှစ်ပင် မပြည့်သေးပေ။
ထိုအချိန်က ရှုပ်ထွေးမှုများကြားတွင် သုတေသနကို စတင်ခဲ့သည်ဆိုလျှင်တောင်၊ ယခုနှစ် သစ်ထုတ်လုပ်ရေးလုပ်ငန်းများတွင် တိုက်ရိုက်အသုံးပြုခြင်းမှာ အလွန်အမင်း စောလွန်းနေပုံရသည်။
ထင်သည့်အတိုင်းပင် ချီဖန့်၏ နှုတ်ခမ်းမှာ လှောင်ပြုံးလေးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။ "သူ့မှာ အဲ့ဒီလောက် အချိန်မရှိဘူးလေ။ အကယ်၍ ငါးနှစ်၊ ခြောက်နှစ်လောက် စမ်းသပ်နေရင် အခွင့်အရေးက လက်လွတ်သွားမှာပေါ့"
"ဒီဆောင်းရာသီ သစ်ထုတ်လုပ်ရေးကကော ဘယ်လိုဖြစ်မလဲ" ဝူရှင်းသဲ့၏ စိတ်မရှည်မှုကြောင့် ဘေးအန္တရာယ်တစ်ခုခု ကြုံလာရမည်ကို ယန်ရွှယ် စိုးရိမ်မကင်း ဖြစ်နေမိသည်။
ချီဖန့်က စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်သည်။ "TY-12 အဟောင်းနှစ်စီးကိုပါ ပြင်ထားဖို့ ဦးလေးရှု့ကို ကိုယ် သတိပေးလိုက်မယ်"
ကျူ့ချိုင်-50 သစ်ထုတ်စက်အသစ် လေးစီး ရောက်လာသည့်အခါတွင် မည်သူက TY-12 အဟောင်းများကို ဂရုစိုက်တော့မည်နည်း။ ၎င်းတို့ကို ကိရိယာတန်ဆာပလာ တဲ၏ နောက်ဘက်တွင် ပစ်ထားခဲ့သည်မှာ ကြာပြီဖြစ်ကာ ဖုန်များပင် တက်နေပြီ ဖြစ်၏။
မကြာသေးမီက ရေကြီးစဉ်တွင် ကျူ့ချိုင်-50 များကို အချိန်မီ ကုန်းမြင့်ပေါ်သို့ ရွှေ့နိုင်ခဲ့သော်လည်း၊ ပစ်ထားသော TY-12 နှစ်စီးမှာမူ ရေအောက်သို့ လုံးလုံးလျားလျား ရောက်ရှိသွားခဲ့ရသည်။
ချီဖန့် TY-12 များကို ပြင်ရန် အကြံပြုသောအခါ ရှု့ဝမ်လီက ဘာမှမပြောသော်လည်း သူ၏တပည့်တစ်ယောက်က ရယ်မောလိုက်သည်။ "အဲဒီ အဟောင်းတွေကို ဘာလို့ အပင်ပန်းခံ ပြင်နေမှာလဲ။ ဒီရက်ပိုင်း ပြင်နေရတာ မဝသေးဘူးလား"
ချီဖန့်မှာ သူတို့၏အလုပ်ဝန်ကို လျှော့ချရန် ယာယီရောက်လာခြင်းဖြစ်သဖြင့် သူတို့အတွက် အေးဆေးနားနေရသည်မှာ ဝမ်းသာစရာဖြစ်သော်လည်း၊ ထိုသူကသာ အရမ်း ထင်ပေါ်အောင်လုပ်နေလျှင် ၎င်းမှာ လူပါးဝရာရောက်ပြီး စိတ်အနှောင့်အယှက် ဖြစ်စေသည် မဟုတ်ပါလား။
ထို့အပြင် ပြင်စရာရှိသည်များကို ပြင်ပြီးပြီဖြစ်ရာ၊ ခေတ်မမီတော့မည့် TY-12 နှစ်စီးအတွက် မည်သူက အားစိုက်ထုတ်ချင်ပါမည်နည်း။
ပထမတပည့်က နောက်ပြောင်သည့်လေသံဖြင့် ပြောသော်လည်း၊ ဒုတိယတစ်ယောက်မှာမူ အမှန်တကယ် ပင်ပန်းနေပြီး စိတ်တိုနေသဖြင့် ငေါ့လိုက်၏။ "မင်း ပြင်ချင်ရင် ကိုယ်တိုင်ပြင်လေ။ အဲဒါမှ မင်းရဲ့ ယာယီအလုပ်ကာလက ပိုပြီး ရှည်သွားမှာပေါ့"
ထိုစကား၏ အဓိပ္ပာယ်မှာ ရှင်းလင်းလှသည်၊ ချီဖန့်သည် တောင်ပေါ် ပျိုးခင်းသို့ ပြန်မသွားချင်သဖြင့် ဤနေရာတွင် ဆက်နေနိုင်ရန် အလုပ်ကို တမင်ဖန်တီးနေခြင်း ဖြစ်သည်ဟု ဆိုလိုခြင်းပင်။
ချီဖန့် သူတို့ကို တစ်ချက်သာ ကြည့်လိုက်ပြီး သူ၏မျက်နှာထားမှာ ခန့်မှန်းရ ခက်လှ၏။ "ကောင်းပါပြီ၊ မပြင်လဲ ရပါတယ်။ ကျွန်တော်ကတော့ ထုတ်ကုန်အသစ်က အဆင်မပြေဖြစ်လာရင် အရန်ရှိထားတာ ပိုကောင်းမယ်လို့ တွေးမိလို့ပါ..."
"မင်းကိုက တွေးလွန်းနေတာပါ" တစ်ဖက်လူက စကားဖြတ်ပြောလိုက်သည်။ "တခြား သစ်တောဌာနတွေမှာ ဒါတွေကို သုံးနေတာ ကြာလှပြီ၊ ဘာပြဿနာမှ မရှိဘူး"
သို့သော် အခြားခြံများမှ ကျူ့ချိုင်-50 များတွင် နောက်ဆုံးပေါ် ဟိုက်ဒရိုစတက်တစ် နည်းပညာ မပါဝင်သည်ကိုမူ သူတို့ မသိကြပေ။
လူတစ်ယောက် စိတ်တိုနေချိန်တွင် မည်သည့်အကျိုးအကြောင်းပြချက်မှ ဝင်မည်မဟုတ်ပေ။ ချီဖန့်သည် အကြည့်ကို လွှဲလိုက်ပြီး ဆက်ငြင်းခုံခြင်း မပြုတော့ပေ။
ရှု့ဝမ်လီမှာ သူ၏တပည့်များ၏ ရင့်သီးသောစကားများကို သတိပြုမိသဖြင့် သူတို့ကို သတိပေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ "ရှောင်ချီက ကူညီချင်လို့ ပြောတာ။ မင်းတို့ အရမ်းပင်ပန်းနေရင် ငါကိုယ်တိုင်ပဲ ပြင်လိုက်မယ်"
ထိုအခါမှ သူတို့သည် တိတ်သွားတော့၏။ သူတို့ မည်မျှပင် မလုပ်ချင်စေကာမူ အလုပ်အားလုံးကို ဆရာဖြစ်သူအပေါ် ပုံမချနိုင်သည် မဟုတ်ပါလား။
ထို TY-12 နှစ်စီးကို ပြင်ဖြစ်သည်၊ မပြင်ဖြစ်သည်ကို ချီဖန့် မသိတော့ပေ။ ရှုပ်ထွေးလှသော ပျိုးပင်စိုက်ပျိုးရေး ဒုတိယအကျော့ ပြီးဆုံးသွားပြီး သူ၏ ယာယီအလုပ်မှာလည်း ပြီးဆုံးသွားခဲ့သည်။ ယန်ရွှယ်မှာ ဆေးပြန်ဝယ်ရန် သူ့အား မြို့သို့ ခေါ်သွားခဲ့ပြန်သည်။
ဆရာဝန်က သူတို့ကို ကောင်းကောင်းမှတ်မိနေလေ၏။ ချောမောသော လူငယ်လေးကို ထပ်တွေ့ရသောအခါ သူ၏သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ "အတွင်းအပူက အရင်ကထက် ဘာလို့ ပိုဆိုးနေရတာလဲ"
ချီဖန့်ကမူ ဘာမှမပြောဘဲ ယန်ရွှယ်ကိုသာ တိတ်တဆိတ် လှည့်ကြည့်လိုက်သည်။
သူမက မသိချင်ယောင်ဆောင်နေလိုက်သည်။ "စိတ်ဖိစီးမှုကြောင့် ဖြစ်မယ်ထင်တယ်၊ ကျွန်မတို့ဆီမှာ ရေကြီးတော့ အိမ်က ရေအောက်ရောက်သွားတာလေ"
သူမသည် မိမိတွင် တာဝန်ရှိသည်အား ဝန်ခံရန် ငြင်းဆန်နေမိသည်၊ ဘာပဲဖြစ်ဖြစ် သူတို့ လက်ထပ်ပြီးတာ နှစ်ဝက်နီးပါး ရှိပြီဖြစ်သော်လည်း လွန်ခဲ့သောလများတွင် သူ ဤကဲ့သို့ မဖြစ်ခဲ့ဖူးပေ။
ဆရာဝန်က ကိုယ်ချင်းစာစွာဖြင့် ခေါင်းညိတ်လိုက်သည်။ "မင်းတို့ဆီလဲ ထိတာလား။ ဒီနှစ်မိုးက တော်တော်ကြမ်းတယ်၊ နေရာအတော်များများ ရေကြီးကုန်တာ"
ချီဖန့်၏ လက်ကောက်ဝတ်မှ လက်ကို ခွာလိုက်ပြီး သူက ပြောလိုက်သည်။ "အရင် ဆေးညွှန်းအတိုင်းပဲ ပေးမယ်၊ ဒါပေမဲ့ အပူငြိမ်းစေတဲ့ ဆေးအချို့ ထပ်ထည့်ပေးလိုက်မယ်"
ချီဖန့်သည် နောက်ဆုံးတွင် အကြည့်ကို လွှဲပြီး မေးလိုက်၏။ "ဆရာ၊ ကျွန်တော် အသက် ရှစ်ဆယ်၊ ကိုးဆယ်အထိ နေရမယ်လို့ ထင်လား"
ယခုအခါ ယန်ရွှယ်က သူ့ကို ပြန်ကြည့်ရမည့်အလှည့် ရောက်လာသည်။ သူကမူ ဘာမှမသိသလိုနှင့် သူ၏မျက်ဝန်းများကို အောက်သို့ ချထားလေ၏။
ဆရာဝန်မှာ ဇဝေဇဝါဖြစ်သွားရသည်။ "ဒါက စိုးရိမ်ရတဲ့ အခြေအနေ မဟုတ်ပါဘူး။ သေသေချာချာ ဂရုစိုက်ရင် မင်းရဲ့ အသက်ကို ဘာမှမထိခိုက်နိုင်ပါဘူး"
"ကောင်းပါပြီ" ချီဖန့်ကမူ ခေါင်းညိတ်ပြီး ယန်ရွှယ် နောက်တစ်ကြိမ် လှည့်ကြည့်လိုက်ပြန်သည်။
သူမသည် သူ့အကြည့်ကို မရှောင်ဘဲ တည့်တည့်ကြည့်လိုက်၏၊ ဘာပဲဖြစ်ဖြစ် သူမက သူ့ကို ကျန်းမာရေး ဂရုစိုက်လာအောင် နှိုးဆော်ချင်ရုံသာ ထိုသို့ပြောခဲ့ခြင်း ဖြစ်သည်မဟုတ်ပါလား။ သူမက ချိုသာစွာ ပြုံးလျက် ဆရာဝန်ကို မေးလိုက်သည်။ "အပူငြိမ်းဆေးတွေ ထပ်ထည့်လိုက်ရင် ဆေးက ပိုခါးသွားမှာ မဟုတ်လား"
ဆရာဝန်က ဆေးညွှန်းရေးရင်းနှင့် ခေါင်းမော့မကြည့်ဘဲ ဖြေလိုက်သည်။ "ခါးမှာပေါ့။ ဘာလဲ၊ သူက ဆေးခါးမှာ ကြောက်လို့လား"
"မဟုတ်ပါဘူး" ချီဖန့်သည် မြန်မြန်ဆန်ဆန်နှင့် ပြတ်သားစွာ ငြင်းလိုက်၏၊ ယခုတစ်ကြိမ်တွင်မူ ယန်ရွှယ်၏ မျက်ဝန်းများကို အပြီးအပိုင် ရှောင်လွှဲသွားတော့သည်။
သို့သော် ဆေးထုပ်များကို ယူ၍ ထွက်လာသောအခါ သူသည် ထိုဆေးထုပ်များကို အတော်ကြာအောင် စိုက်ကြည့်နေမိ၏။
ယန်ကျိအန်းကမူ ပို၍ ပွင့်လင်းသည်။ ယန်ရွှယ်၏ အင်္ကျီလက်ကို ဆွဲကာ တိုးတိုးလေး မေးရှာသည်။ "ကျ... ကျွန်တော် ဘယ်တော့... ဆေး... မသောက်ရတော့မှာလဲ"
"မင်း အိပ်မက်ဆိုးတွေ မမက်တော့တဲ့အခါပေါ့" သူမက သူ၏ဆံပင်များကို ဖွကာ ပြန်ဖြေလိုက်၏။
ယန်ကျိအန်းမှာ အခြေအနေ ကောင်းမွန်လာပြီဖြစ်သော်လည်း ရက်အနည်းငယ်ခြားတစ်ခါ အိပ်မက်ဆိုးများကြောင့် လန့်နိုးနေဆဲဖြစ်ရာ၊ ထို့ကြောင့်ပင် သူမက သူ့ကို ပြန်ပို့ရန် မလောခြင်း ဖြစ်သည်။
အရင်တစ်ခေါက်ကတော့ သူတို့မှာ အလုပ်များလွန်းသဖြင့် မနေနိုင်ခဲ့သော်လည်း၊ ယခုမူ ကိစ္စများမှာ အချိန်တိုအတွင်း ပြီးစီးသွားသောကြောင့် ဖရဲသီးတစ်လုံးဝယ်ကာ ရှန်ရှို့ဖန်၏ အိမ်သို့ ဝင်လည်ရန် ဆုံးဖြတ်လိုက်ကြသည်။
....
ချီဖန့် - "မိန်းမရေ... ကိုယ် အသက်ရှစ်ဆယ်၊ ကိုးဆယ်အထိ နေရဖို့အတွက် အကြီးမားဆုံး အတားအဆီးကတော့ အရမ်း စိတ်လှုပ်ရှားနေရတာပဲ ထင်တယ်..."
***