သစ်တောဌာနသို့ ရောက်သောအခါ လမင်းမှာ အမြင့်သို့ ရောက်နေပြီ ဖြစ်သည်။ ကိုးနာရီကတည်းက မီးဖြတ်လိုက်သဖြင့် ပတ်ဝန်းကျင်မှာ မှောင်မည်းနေ၏။
ရထားလမ်းအတိုင်း ပြန်လာကြစဉ် ချီဖန့်ကမူ နှုတ်ဆက်ရန် ပြင်လိုက်သော်လည်း၊ အခြား ချီဖန့်တစ်ယောက်ပါ နောက်မှ လိုက်လာသည်ကို တွေ့လိုက်ရသဖြင့် ရပ်လိုက်သည်။
လျိုချွမ်းချိုင်ကလည်း သူ့ကို မြင်သွားခဲ့သည်။ "ရှင်က ဘာလို့ နောက်က လိုက်နေတာလဲ၊ ရှောင်းကျင်းချွမ်ကို ပြန်ရမှာ မဟုတ်ဘူးလား"
မည်သို့ပင်ဖြစ်စေ၊ ထိုသူက သူမကို အန္တရာယ်ကြားမှ ကာကွယ်ပေးခဲ့သည် မဟုတ်ပါလား။ လျိုဝေကောက သူ့ညီမကို ခပ်ဖွဖွလေး ပုတ်လိုက်၏။
သို့သော် ချီဖန့်မှာမူ ပို၍ပင် ရှက်ကိုးရှက်ကန်း ဖြစ်လာသည်။ "ကျွန်တော်... ကျွန်တော် ဆေးဖိုး ဘယ်လောက်ပေးရမလဲဆိုတာ မေးချင်လို့ပါ၊ ကျွန်တော် ပေးပါ့မယ်"
ဤကိစ္စအတွက်နှင့် နောက်မှ လိုက်လာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။
"ရှင့်ပိုက်ဆံ ဘယ်သူက လိုချင်လို့လဲ" သူမက ထိုသို့ဆိုကာ မျက်နှာလွှဲလိုက်လေသည်။
လျိုဝေကောကမူ သက်ပြင်းချလိုက်သည်။ "သူ့ရဲ့ စိတ်တိုတတ်တဲ့ အကျင့်ကို ဂရုမစိုက်နဲ့။ မင်းသာ မရှိရင် သူ ထောင်ချောက်ထဲမှာပဲ ရှိနေအုံးမှာ"
ထို့အပြင် သူမ သစ်ပင်ပေါ် ရောက်အောင်လည်း သူကပင် ကူညီပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
လျိုမိသားစုမှာ အကြောင်းပြချက်မရှိဘဲ ရန်လုပ်မည့်သူများ မဟုတ်ပေ။ လျိုတနျိုကပင် ဖိတ်ခေါ်လိုက်သည်။ "ဒီလောက်ညဉ့်နက်နေပြီ၊ တစ်ယောက်တည်း ပြန်ဖို့ မလွယ်ဘူး။ ဒီည ငါတို့အိမ်မှာပဲ အိပ်လိုက်ပါ"
ချီဖန့်ကမူ အားနာစွာဖြင့် ပြောလိုက်သည်။"ရပါတယ်၊ ကျွန်တော် ရထားလမ်းအတိုင်းပဲ ပြန်လိုက်ပါ့မယ်"
"ညဉ့်နက်နေပြီကို ဘာလို့ ပြန်မှာလဲ" သတင်းကြား၍ ပြေးလာသော ဟွမ်ဖန့်ယင်းကလည်း ဝင်ပြောလိုက်သည်။
သူမသည် အိမ်တွင် ကလေးများနှင့် စောင့်နေခဲ့ရသဖြင့် တောင်ပေါ်သို့ မလိုက်နိုင်ခဲ့ဘဲ စိုးရိမ်တကြီး စောင့်နေခဲ့ရခြင်းပင်။
ချီဖန့် တွန့်ဆုတ်နေသည်ကို မြင်သောအခါ ယန်ရွှယ်မှာ စကားပြောရန် ဟန်ပြင်လိုက်သော်လည်း၊ ယခုအထိ တိတ်ဆိတ်နေသော ချီဖန့်ကမူ ရုတ်တရက် ပြောလိုက်၏။ "မင်း မပြန်သင့်ဘူး"
သူမ အံ့ဩသွားသကဲ့သို့ အခြား ချီဖန့်မှာလည်း ပို၍ပင် အံ့ဩသွားသည်၊ အဘယ်ကြောင့်ဆိုသော် သူတို့ နောက်ဆုံးတွေ့စဉ်က အဆင်မပြေခဲ့ကြသောကြောင့်ပင်။
သို့သော် ၎င်းမှာ အခြားကိစ္စဖြစ်ပြီး၊ သူ ချွမ်းချိုင်အား ကယ်ခဲ့သည်ဖြစ်စေ၊ မကယ်ခဲ့သည်ဖြစ်စေ ဤမျှ ညဉ့်နက်ချိန်တွင် တစ်ယောက်တည်း ပြန်ခိုင်းရန်မှာ မသင့်တော်လှပေ။
ချီဖန့်က သူ့ကို ကြည့်ကာ ပြောလိုက်သည်။ "မင်း လျိုမိသားစုအိမ်မှာ မနေချင်ရင် အတွင်းရေးမှူး လျန်ကို ပြောပြီး ဧည့်ရိပ်သာမှာ အိပ်ဖို့ စီစဉ်ပေးမယ်"
၎င်းက ချီဖန့်ကို ပို၍ပင် အားနာစေတော့သည်။ “တကယ်တော့ အဲဒါက အဆင်ပြေပါတယ်။” အဆုံးတွင် လျိုမိသားစုက သူ့ကို အတင်းအကျပ် ခေါ်သွားကြတော့၏။
အားလုံးကို ကျေးဇူးတင်စကား ပြောကြားပြီးနောက် လျိုမိသားစုမှာ ပြန်သွားကြသည်။ လမ်းတွင် ဟွမ်ဖန့်ယင်းက မေးလိုက်၏။ "ရဲဘော်ရဲ့မျိုးရိုး နာမည်က ဘယ်လိုခေါ်လဲ"
"ချီပါ" သူက ဖြေပြီးနောက် ထပ်ဖြည့်ပြောလိုက်သည်။ "သပ်သပ်ရပ်ရပ်ရှိတယ်ဆိုတဲ့ ချီမျိုးပါ"
ယန်ရွှယ်ကမူ သူမ၏ခင်ပွန်းကို ကြည့်ကာ စလိုက်၏။ "ရှင်က ဘယ်တုန်းက ဒီလောက် သဘောကောင်းသွားတာလဲ။ သူ့ကိုတောင် နေဖို့ ဝိုင်းပြောပေးနေသေးတယ်"
ချီဖန့်ကမူ အေးဆေးစွာပင် ပြန်ပြောလာသည်။ "ကိုယ်တို့အိမ်မှာ နေရာမှ မရှိတာ"
ယန်ရွှယ် မရယ်ဘဲ မနေနိုင်တော့ပေ။ "သူ လျိုအိမ်မှာ မနေရင်တောင် ကျွန်မတို့အိမ်ကို လာမှာ မဟုတ်ပါဘူး"
"မပြောနိုင်ဘူးလေ" ချီဖန့်ကမူ လေသံမာမာဖြင့် ပျင်းတွဲတွဲ ပြောလိုက်၏။
၎င်းကို ကြားသောအခါ ယန်ရွှယ်က ပြုံးလျက် "ဟုတ်ပါပြီ၊ ရှင်ပြောတာ အမှန်ဆုံးပဲ" ဟု ဆိုကာ ချော့လိုက်သည်။
အိမ်သို့ ရောက်သောအခါ အဘွားအိုက မအိပ်သေးသည်မှာ ထင်ရှားလှသည်။ တံခါးသံကြားသည်နှင့် သူမက အမြန်ထွက်လာပြီး ပြောလိုက်သည်။ "သူမကို တွေ့ခဲ့ကြရဲ့လား"
"တွေ့ခဲ့ပါတယ်အဘွား" ယန်ရွှယ်က အရင်ပြောပြီးနောက် အိမ်ထဲသို့ ဝင်ရင်း ဖြစ်ပျက်သမျှကို အကျဉ်းချုပ် ပြောပြလိုက်သည်။
တောင်ပေါ်မှာ ဝံပုလွေတွေ ရှိနေသည်ကို ကြားသောအခါ အဘွားအို၏ မျက်နှာမှာ ပျက်သွား ရှာ၏။ "ဘေးကင်းသွားတာ တော်သေးတာပေါ့။ နောက်ဆိုရင် မင်းနဲ့ ရှောင်ချီတို့လဲ တောင်ပေါ်သွားရင် သတိထားကြအုံးနော်"
ယန်ရွှယ်လည်း သဘောတူလိုက်၏။ ထို့နောက် သူမက မေးလိုက်သည်။ "ကျိအန်း အိပ်ပြီလား"
"အိပ်နေတာ ကြာလှပြီ၊ ဒီကလေးက အကြာကြီး မစောင့်နိုင်ဘူးလေ" အဘွားအိုက သူမ၏ အခန်းဘက်သို့ ညွှန်ပြခဲ့သည်။ "မင်းတို့ နောက်ကျမှ ပြန်လာမယ် ထင်လို့ ငါ့အခန်းမှာပဲ အိပ်ခိုင်းထားလိုက်တယ်"
တံခါးပိတ်ပြီး ဝင်လာသော ချီဖန့်က ထိုစကားကို ကြားသွားခဲ့၏။ "ဒါဆိုရင် သူ့ကို မနှိုးနဲ့တော့လေ၊ ဒီအတိုင်းပဲ ထားလိုက်ပါ"
ယန်ရွှယ်မှာ ထိုအတိုင်းပင် စဉ်းစားထားသော်လည်း သူ ချက်ချင်း ပြောလိုက်သည်ကို အံ့ဩသွားမိသည်။ သူမ သူ့ကို လှည့်ကြည့်လိုက်၏။
ချီဖန့်ကမူ အိပ်ပျော်နေသော ယန်ကျိအန်းကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောတော့ပေ။
"မစိုးရိမ်ပါနဲ့၊ သူ ကောင်းကောင်းအိပ်နေပါတယ်၊ ငါ စောင့်ကြည့်ပေးထားတယ်" အဘွားအိုက ဆိုကာ ယပ်တောင်ခတ်ပေးနေလေ၏။ "ညဉ့်နက်နေပြီ၊ မင်းတို့လဲ သွားနားကြတော့"
"အင်း" ချီဖန့်သည် ချက်ချင်း ပြန်ဖြေလိုက်ပြီး သူမနောက်မှ တံခါးကိုပါ ပိတ်လိုက်၏။
ယန်ရွှယ်က ရယ်ချင်စိတ်ကို အောင့်ထားပြီး တိုးတိုးလေး မေးလိုက်သည်။ "ရှင်က ကျိအန်းကို တကယ်ပဲ ဟိုဘက်မှာပဲ အိပ်စေချင်နေတာလား"
ချီဖန့်က ဘာမှပြန်မပြောဘဲ သူမကိုသာ အကြည့်တစ်ချက် ပေးလိုက်သည်၊ ၎င်း၏ အဓိပ္ပာယ်မှာ ထင်ရှားလှ၏။
ယန်ရွှယ် ကိုယ်လက်သန့်စင်ပြီး အခန်းထဲသို့ ပြန်ဝင်လာသောအခါ၊ သူမ ခြေတစ်လှမ်းမျှသာ လှမ်းရသေးချိန်မှာပင် သူမ၏ ခါးပေါ်သို့ လက်တစ်စုံ ရောက်ရှိလာတော့သည်။
နွေးထွေးသော ခန္ဓာကိုယ်တစ်ခုက သူမကို ပွေ့ဖက်လိုက်ပြီး နောက်မှ တံခါးဂျက်ချသံကို ကြားလိုက်ရ၏။
ယန်ရွှယ် သူ၏လက်မောင်းကို ခပ်ဖွဖွလေး ဆိတ်လိုက်သည်။ "အဘွား ကြားသွားပါအုံးမယ်"
"ကြားပါစေ၊ ဒါပေမဲ့ ပိတ်ထားရမှာပဲ" ချီဖန့်က သူမ၏ နားရွက်လေးကို ခပ်ဖွဖွ နမ်းလိုက်ပြီး "မင်း ကြောက်သွားလား" ဟု တိုးတိုးလေး မေးလိုက်သည်။
တောင်ပေါ်က ဝံပုလွေများအကြောင်းကို ဆိုလိုခြင်းဖြစ်ကြောင်း သူမ နားလည်လိုက်သည်။ "နည်းနည်းတော့ ကြောက်တာပေါ့"
ထိုအချိန်က ရှာဖွေရေးကိုသာ အာရုံစိုက်နေသဖြင့် မသိသော်လည်း၊ အခုမှသာ ကြောက်စိတ်က ဝင်လာခြင်း ဖြစ်၏။
ချီဖန့်က နားထောင်ပြီးနောက် သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးကာ "မကြောက်နဲ့တော့နော်" ဟု ချော့လိုက်သည်။
ယန်ကျိအန်းအား အခြားအခန်းမှာ ထားခဲ့ပြီး တံခါးကို အမြန်ပိတ်လိုက်သဖြင့် သူ တစ်ခုခု လုပ်လိမ့်မည်ဟု ယန်ရွှယ်ထင်ထားသော်လည်း၊ သူက သူမကို နမ်းရုံသာ နမ်းပြီး အိပ်ရန်သာ တိုက်တွန်းနေတော့သည်။
ထိုအနမ်းမှာလည်း နက်နက်ရှိုင်းရှိုင်း မဟုတ်ဘဲ နူးနူးညံ့ညံ့သာ ရှိသဖြင့် သူမ အံ့ဩသွားမိ၏။
ယန်ရွှယ်က မနေနိုင်တော့ဘဲ လှည့်လိုက်ပြီး သူ၏ ပခုံးပေါ်သို့ ခေါင်းလေး တင်လိုက်သည်။ "ချီဖန့်..."
"အင်း" ထိုသူသည် အလိုလို ပြန်ထူးလိုက်ပြီး သူမကို ပွေ့ဖက်လာ၏။
သူမ ဘာမှထပ်မပြောတော့ဘဲ သူ၏ခါးကိုသာ ပြန်လည် ဖက်ထားလိုက်တော့သည်။
နောက်တစ်နေ့ မနက်တွင် ယန်ကျိအန်းမှာ အိပ်ချင်မပြေသေးဘဲ သူတို့ကို မြင်သောအခါ "အစ်မတို့ ဘယ်တုန်းက ပြန်ရောက်တာလဲ" ဟု မေးလိုက်သည်။
သူသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသဖြင့် သူတို့ ပြန်ရောက်လာသည်ကိုပင် မသိလိုက်ရှာပေ။
ယန်ရွှယ်ပြန်မဖြေမီ ချီဖန့်က ဦးအောင် မေးလိုက်သည်။ "ညက အိပ်မက်ဆိုးတွေ ဘာတွေ မမက်ဘူးလား"
"ဟင့်အင်း၊ မမက်ပါဘူး" ယန်ကျိအန်းသဘ် ခေါင်းခါပြ၏။ "အစ်မချွမ်းချိုင်ကိုရော တွေ့ပြီလားဟင်"
"တွေ့ပြီ၊ သူမ ညကတည်းက အိမ်ပြန်ရောက်သွားပြီ"
ယန်ရွှယ်က သူ့ခေါင်းလေးကို ပွတ်ကာ ဖြစ်ပျက်သမျှကို ပြောပြလိုက်သည်။ သူမ မော့ကြည့်လိုက်သောအခါ ချီဖန့်က သူမကို တိတ်တဆိတ် ကြည့်နေသည်ကို တွေ့လိုက်ရ၏။
သူသည် ဘာမှမပြောသော်လည်း သူ၏ အကြည့်များမှာ တစ်ခုခုကို ဆိုလိုနေသကဲ့သို့ ရှိနေသည်။
ထိုနေ့တွင် လျိုဝေကော၏ အိမ်သစ်တွင် ကူညီပေးရင်း ယန်ရွှယ်သည် ချွမ်းချိုင်၏ အခြေအနေကို မေးလိုက်၏။
သူမ၏ ဒဏ်ရာများမှာ ကြောက်စရာကောင်းသော်လည်း အတွင်းဒဏ်ရာများ မဟုတ်ပေ။ တကယ့်ထိခိုက်ဒဏ်ရာဆိုလို့ ထောင်ချောက်ထဲကို ကျသွားတာကြောင့် ခြေကျင်းဝတ် လည်သွားတာပဲ ရှိသည်။ ထို့ကြောင့် သူမဟာ အိမ်မှာပဲ အချိန်အတော်ကြာ အနားယူနေရတော့မှာဖြစ်သည်။
အိမ်ထဲတွင် အမြဲနေတတ်သူအတွက် ပြဿနာမဟုတ်သော်လည်း ချွမ်းချိုင်ကဲ့သို့သော သူအတွက်မူ ပျင်းစရာကောင်းနေပေလိမ့်မည်။
သူမ လျိုမိသားစုအိမ်သို့ သွားလည်သောအခါ ချွမ်းချိုင်မှာ အတော်လေး ပျင်းနေသည်ကို တွေ့လိုက်ရပြီး ယန်ရွှယ်ကိုပါ ဆွဲခေါ်ပြီး တရုတ်အကွက်ရွှေ့ကစားနည်းကို ကစားရန် တစ်နေ့ခင်းလုံး အတင်းအဓမ္မ အဖော်လုပ်ခိုင်းတော့သည်။
ရက်အနည်းငယ်အကြာတွင် ချီဖန့်သည် တပ်ဆင်ပြီးသား ရေဒီယိုကို လျိုဝေကောထံ ပေးလိုက်ပြီး ၇၅ ယွမ် ရရှိခဲ့သည်။ ထိုငွေအားလုံးကို သူက ယန်ရွှယ်အား ပေးလိုက်၏။
၎င်းမှာ ရေဒီယိုတပ်ဆင်ခအတွက် လုံလောက်သွားပြီ ဖြစ်ကာ၊ နောင်တွင် ရောင်းရသမျှမှာ အမြတ်များသာ ဖြစ်ပေလိမ့်မည်။
မမျှော်လင့်ဘဲ ဝယ်သူမှာ နှစ်ရက်အတွင်း ပြန်ရောက်လာပြီး လျိုဝေကောကို ထပ်မံ ရှာဖွေတော့သည်။ "ရှင် သိတဲ့လူက တခြားအမျိုးအစားတွေရော လုပ်တတ်လား၊ နောက်တစ်ယောက်က ဝယ်ချင်လို့တဲ့"
ကျန်းကောကွမ်းတို့အဖွဲ့နှင့် အန္တရာယ်ကနေ သီသီလေးလွတ်မြောက်ခဲ့ပြီးနောက်မှာ လျိုဝေကောမှာ ပိုပြီးတော့ သတိထားလာခဲ့သည်။ ဒါ့အပြင် ဒီရေဒီယိုတွေရဲ့ နောက်ကွယ်မှာရှိနေသူဟာ ချီဖန်း ဖြစ်တယ်ဆိုတာကိုလည်း သူ ထုတ်မပြောတော့ပေ။
ချီဖန့်မှာ အိမ်သစ်တွင် ဝိုင်ယာကြိုးသွယ်ရန် ကူညီပေးနေသဖြင့် လျိုဝေကောက လှမ်းကြည့်လိုက်သည်။ "သူက ဘယ်လိုမျိုး လိုချင်လို့လဲ၊ ကျွန်တော်သိတဲ့လူက အကုန်လုပ်တတ်တယ်"
"ဒါဆိုရင် သူ့ကို ခေါ်လာခဲ့မယ်" ထိုသူ ထွက်သွားပြီးနောက် လူတစ်ယောက်ကို ခေါ်လာခဲ့လေသည်။
သူတို့ အိမ်ထဲမဝင်ခင်မှာပင် ကြွားလုံးထုတ်သံကို ကြားနေရသည်။ "အဆင့်မြင့်ဆုံးပဲ၊ တကယ့်ကို ကောင်းတယ်၊ တစ်ရာကျော်တန်တဲ့ဟာတွေနဲ့ အတူတူပဲ၊ ဘက်ထရီလဲ ပိုခံတယ်"
လူတွေက ဝယ်ခါနီးလျှင် အလွန် ရွေးချယ်တတ်ကြသော်လည်း၊ ဝယ်ပြီးလျှင်မူ သူတို့၏ ရွေးချယ်မှုမှာ အကောင်းဆုံးဖြစ်ကြောင်း ပြသရန် ကြွားဝါတတ်ကြသည်မှာ ထုံးစံပင်။
လျိုဝေကောက မော့ကြည့်လိုက်သောအခါ ပြုံးလိုက်မိသည်။ "ဪ… ခင်ဗျားတို့ပါလား"
ကျန်းကောကွမ်းကလည်း သူ၏ အဖော်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ "သူ့ဆီက ဝယ်တာလို့ ဘာလို့ မပြောတာလဲ"
အကယ်၍ လျိုဝေကောသာ ကြားခံဆိုလျှင်၊ ထိုရေဒီယိုများကို မည်သူ လုပ်သည်ကို ခန့်မှန်းရန် မခက်ခဲတော့ပေ။
ပြီးခဲ့သည့်တစ်ခေါက် နာရီပြင်သည့်ကိစ္စတွင် ချီဖန့်က သူ့ကို အရှက်ခွဲခဲ့ပြီးသားပင်။ ယခုက ဒုတိယအချီ ထပ်မံ အပြစ်ပေးခြင်းမျိုးလား။
နာရီပြင်သည့်ကိစ္စနှင့် ပတ်သက်သော ဖြစ်ရပ်မှန်ကို ယန်ရွှယ်၊ ချီဖန့်၊ လျိုဝေကောနှင့် အခြားပညာတတ်လူငယ် အနည်းငယ်သာ သိရှိကြသည်။ ယန်ရွှယ်နှင့် ချီဖန့်တို့မှာ စကားနည်းသူများဖြစ်ကြပြီး ပါဝင်ပတ်သက်ခဲ့သည့် အခြားလူငယ်များကလည်း ထိုအကြောင်းကို ပြန်ပြောရန် ရှက်ရွံ့နေကြ၏။ တစ်ခုတည်းသော ချွင်းချက်မှာ လျိုဝေကောဖြစ်ပြီး သူသည် စကားမစပ်စုဘဲ မနေနိုင်သည့်အပြင် ကျိုးဝမ်ဟွေ့ အပေါ် အပြစ်ပုံကျမည်ကိုလည်း စိုးရိမ်နေခဲ့သည်။
ထို့ကြောင့် ထိုအကြောင်းကို သိသူ အလွန်နည်းပါးလှရာ ချီဖန့်ထံမှ ရေဒီယိုဝယ်ယူသွားသူပင်လျှင် ဘာမှမသိရှာပေ။ သဘာဝကျစွာပင် ထိုလူသည် အုပ်စုနှစ်စုကြားရှိခဲ့သော အတိတ်က ပဋိပက္ခများကို ရိပ်မိခြင်းမရှိခဲ့ချေ။ ကျန်းကောကွမ်းက ထိုအကြောင်းကို မေးမြန်းသည့်အခါတွင်မူ ထိုလူက ဇဝေဇဝါဖြစ်လျက် ပြောလိုက်သည်။ "ဟင်... မင်းတို့နှစ်ယောက်က သိကြတာလား"
သိကြလားဆိုသည်မှာ အနည်းငယ်မျှသာ ပြောခြင်းဖြစ်၏။ ကျန်းကောကွမ်းသည် လျိုဝေကောနှင့် ကျိုးဝမ်ဟွေ့တို့ကြားတွင် ပြဿနာရှာသူအဖြစ်ပင် ပါဝင်ခဲ့ဖူးသော်လည်း ယခုအခါတွင်မူ ထိုနှစ်ဦးမှာ လက်ထပ်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီပင်။ ကျန်းကောကွမ်းမှာ အံကြိတ်ထားသော်လည်း လျိုဝေကောကမူ တဟားဟားရယ်လျက် ပြောလိုက်သည်။ "အေး... ငါတို့ချင်း သိတာပေါ့၊ ငါ့မိန်းမက သူနဲ့တစ်ဖွဲ့တည်းမှာရှိခဲ့တဲ့ ပညာတတ်လူငယ်လေ"
သူ၏ "ငါ့မိန်းမ" ဟု ပြောဆိုပုံမှာ ချစ်ခင်ကြင်နာမှု၊ ယုံကြည်မှုနှင့် အောင်နိုင်သူတစ်ယောက်၏ ဂုဏ်ယူမှုတို့ အပြည့်အဝ ဖုံးလွှမ်းနေလေသည်။ ရောက်လာသူမှာ ဘာကိုမှ မရိပ်မိသဖြင့် ပြောလိုက်၏။ "ဒါဆို ပိုကောင်းတာပေါ့၊ မင်းတို့ဘာသာမင်းတို့ပဲ ညှိနှိုင်းလိုက်ကြတော့၊ ငါလဲ ကြားထဲက သတင်းစကားပါးနေရတဲ့ ဒုက္ခက သက်သာတာပေါ့"
လျိုဝေကောကမူ ချက်ချင်းပင် ဖြီးပြုံးလျက် ကျန်းကောကွမ်း ဘက်သို့ လှည့်ကာ မေးလိုက်သည်။ "ဒါဆို မင်းက ဘယ်လိုရေဒီယိုမျိုး ရှာနေတာလဲ"
အကယ်၍ ဤသူမှာ ကျန်းသဲ့ပေါင် သာဆိုလျှင် ထိုနေရာ၌ပင် ဒေါသပေါက်ကွဲသွားပေလိမ့်မည်။ သို့သော် ကျန်းကောကွမ်းသည် ကျန်းသဲ့ပေါင် မဟုတ်သကဲ့သို့ ကျိုးဝမ်ဟွေ့၏ မိသားစုကလည်း သူ့အား သဘောတူထားခြင်း မရှိခဲ့ချေ။ ဤသို့တွေးမိလိုက်သောအခါ လျိုဝေကော၏ ပြုံးဖြီးဖြီးမျက်နှာမှာ ကြည့်မရစရာ မကောင်းတော့ပေ။
ကျန်းကောကွမ်းသည် ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်သည်။ "ပုံမှန်ရေဒီယိုထက် သေးရမယ်၊ သယ်ရလွယ်ရမယ်၊ ဒါပေမဲ့ လိုင်းတွေအများကြီး ဖမ်းမိရမယ်" သူသည် ဤနေရာသို့ ရောက်နှင့်နေပြီဖြစ်ရာ ယခုမှ ထွက်သွားလျှင် အရှုံးသမားကဲ့သို့ ဖြစ်နေမည်ပင်။ သို့သော်လည်း သူက ရွဲ့၍မေးလိုက်သေးသည်။ "မင်းသိတဲ့လူက တကယ်ရော တပ်တတ်လို့လား"
"တတ်တာပေါ့၊ တတ်တာပေါ့" လျိုဝေကောက သူကိုယ်တိုင် တပ်ဆင်တတ်သည့်အလား ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။ "ဈေးနှုန်းကိုတော့ ငါသူ့ကိုမေးပြီးမှ မင်းကိုပြန်ပြောမယ်" တကယ့်ကျွမ်းကျင်ပညာရှင်မှာ ဤနေရာ၌ ရှိနေသော်လည်း လျိုဝေကော ဟန်ဆောင်နေခြင်းမှာ ကျန်းကောကွမ်းကို မယုံကြည်ခြင်းကြောင့်ပင် ဖြစ်သည်။
ကျန်းကောကွမ်းသည် မည်သို့ပင်ကြည့်ကြည့် ထိုလူကို သဘောမကျနိုင်ဘဲ သူတို့နှစ်ဦးမှာ စိတ်ဓာတ်ချင်း လုံးဝမတိုက်ဆိုင်ကြပေ။ ထို့ကြောင့် သူသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ ထွက်သွားတော့၏။
လျိုဝေကောကမူ ချက်ချင်းပင် ချီဖန့်ထံသို့သွားကာ မေးမြန်းလိုက်သည်။ "ဘယ်လိုလဲ၊ သူလိုချင်တဲ့ပုံစံမျိုး မင်းလုပ်ပေးနိုင်လား"
"ရပါတယ်၊ ပြွန်သုံးလုံးပါတဲ့ ရေဒီယိုပေါ့၊ ဘက်ထရီနှစ်လုံးနဲ့ သုံးလို့ရမယ်၊ သူ့ကို မီးကြိုးရော လိုလားလို့ မေးလိုက်အုံး"
"ကောင်းပြီ၊ သူ့ဆီကနေ ငါရနိုင်သလောက် ညှစ်ထုတ်လိုက်မယ်"
လျိုဝေကောသည် ညနေစောင်းအထိ ရည်ရွယ်ချက်ရှိရှိ စောင့်ဆိုင်းပြီးမှ ကျန်းကောကွမ်းထံ သွားရောက်ကာ ဈေးလျှော့ပေးခြင်းမရှိဘဲ ယွမ်ငါးဆယ်ဟု ဈေးပြောလိုက်သည်။ ဆိုင်တွင်ဝယ်ယူသည်ထက် များစွာသက်သာနေသေးသော်လည်း ချီဖန့်သည် လျိုဝေကောကိုမူ ယွမ်လေးဆယ်သာ ယူခဲ့သဖြင့် ထိုအချက်ကို တွေးမိတိုင်း သူက အမြတ်ကြီးရသလို ခံစားနေရသည်။
သို့သော်လည်း ဤရေဒီယိုကို တပ်ဆင်ပြီးနောက်တွင်မူ ချီဖန့်ထံ၌ အပိုပစ္စည်းများ ကုန်သလောက် ဖြစ်သွားလေသည်။ ထို့ကြောင့် သူသည် လျိုဝေကောအား လောလောဆယ်တွင် အလုပ်သစ်များ ထပ်မယူလာရန် ပြောကြားလိုက်၏။ ရရှိလာသော ယွမ်ငါးဆယ်ကို ယန်ရွှယ်ထံသို့ တိုက်ရိုက်ပေးအပ်ရာ သူမက ပိုက်ဆံများကို ရေတွက်ရင်း မှတ်ချက်ပေးခဲ့သည်။ "ဒီလအတွင်း ရှင်ရှာလာတဲ့ ပိုက်ဆံတွေက မနည်းလှဘူး"
"အင်း" ချီဖန့်သည် ခပ်အေးအေးပင် ပြန်ထူးပြီး မေးလိုက်သည်။ "မလိုချင်လို့လား"
"အပိုဝင်ငွေရတာ ဘယ်သူက မလိုချင်ဘဲ နေမလဲ" ယန်ရွှယ် ပြောလိုက်သည်။ သူမသည် လက်တွေ့ကျသူဖြစ်ရာ ပိုက်ဆံကို တန်ဖိုးမထားသလိုမျိုး ဟန်ဆောင်ရန် ရည်ရွယ်ချက်မရှိပေ။
အကယ်၍ လွန်ခဲ့သောဘဝက သူမ၏မိသားစုမှာ ချမ်းသာကြွယ်ဝခဲ့လျှင် သူမနှင့် သူမ၏ ဖခင်မှာ ဤမျှ ဒုက္ခရောက်ခဲ့ကြမည် မဟုတ်ချေ။ ဤဘဝတွင်လည်း သူမ၌ ငွေကြေးရှိခဲ့လျှင် သူမနှင့် သူမမောင်လေး၏ အနာဂတ်အတွက် ဤမျှအရွယ်နုပျိုစဉ်တွင် အိမ်ထောင်ပြုခဲ့ရမည် မဟုတ်ပေ။ သို့သော်လည်း ပြန်စဉ်းစားကြည့်လျှင် ဤအိမ်ထောင်ရေးမှာ သူမအတွက် ထိုက်တန်လှသည်ဟု ဆိုရမည်ပင်။
မမျှော်လင့်ဘဲ နောက်ထပ်နှစ်ရက်အကြာတွင် ကျန်းကောကွမ်းသည် ရေဒီယိုကိုကိုင်ဆောင်ကာ သူတို့အိမ်တံခါးဝသို့ ရောက်လာပြီး သူ၏မျက်နှာမှာလည်း မကျေမနပ်ဖြစ်နေပုံရသည်။ ယန်ရွှယ်မှာ ပထမတော့ ချီဖန့်လုပ်ပေးလိုက်သော ရေဒီယိုမှာ ချို့ယွင်းချက်ရှိသဖြင့် ကျန်းကောကွမ်းက လာရောက်တိုင်တောခြင်းဖြစ်သည်ဟု ထင်လိုက်မိသည်။
သို့သော် သူမ ပြန်စဉ်းစားမိသည်မှာ သူမသည် မူရင်းဝတ္ထုကို ဖတ်ထားဖူးသူဖြစ်ရာ ချီဖန့်၏ ကျွမ်းကျင်မှုကို သံသယဝင်ရန် မလိုကြောင်း သိနေ၏။ ဝတ္ထုထဲတွင် ချန်ချင်း အကြီးစားစက်မှုလုပ်ငန်းသည် ထုတ်ကုန်အရည်အသွေးကြောင့် ကျော်ကြားပြီး ပြည်တွင်းဈေးကွက်ကို လွှမ်းမိုးကာ ပြည်ပသို့ပင် တင်ပို့နိုင်ခဲ့သည် မဟုတ်ပါလား။ ချီဖန့်ကလည်း မိမိလက်ရာအပေါ် ယုံကြည်မှုရှိရှိဖြင့် ဦးစွာမေးလိုက်၏။ "ဘာဖြစ်လို့လဲ"
ကျန်းကောကွမ်း၏ မျက်နှာမှာ ပို၍ပင် မဲမှောင်သွားကာ ပြောလာ၏။ "မနေ့ညက ကျန်းသဲ့ပေါက် တစ်ယောက် ရူးသွားပြီး ဒါကို ပစ်ပေါက်လိုက်လို့လေ"
***