ယန်ရွှယ်မှာ ထိုအခြင်းအရာကို ကြည့်ကာ သဘောကျနေသည်။ သူမက အနားသို့ လျှောက်သွားပြီး သူ၏လက်ထဲတွင် ကြေမွလုနီးပါး ဖြစ်နေသော ဗြောက်အိုးကို ကြည့်ကာ မေးလိုက်သည်။ "ဘယ်နှစ်ခု ကောက်ရလဲ"
"တစ်... တစ်ခုပဲ" ယန်ကျိအန်းသည် ရှက်ကိုးရှက်ကန်း ဝန်ခံလျက် သူ၏ လက်ဝါးလေးကို ဖြန့်ပြခဲ့၏။
"ကျွန်တော်က နှစ်ခုရတယ်" လျိုဝေပင်းကမူ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ချက်ချင်း ပြောလိုက်သည်။
"တကယ်လား၊ မင်းတို့နှစ်ယောက်လုံး တော်လိုက်တာ" ယန်ရွှယ်သည် ပြုံးလျက် ချီးကျူးလိုက်ပြီး သူမ၏ မောင်လေးဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "မနက်ဖြန်ကျရင် မင်းအတွက် ဗြောက်အိုးတစ်ကုံး ထပ်ဝယ်ပေးမယ်၊ ဝေပင်းနဲ့ အတူတူ ဆော့ကြပေါ့၊ ဘယ်လိုလဲ"
"တကယ်လား" လျိုဝေပင်းက ဦးစွာ မျက်လုံးများ ဝင်းပသွားကာ မေးလိုက်သည်။
ဗြောက်အိုးဆိုသည်မှာ သူတို့အတွက် ခဏခဏ ဆော့ကစားရသောအရာ မဟုတ်ပေ၊ နှစ်သစ်ကူးကာလတွင်သာ မိသားစုက တစ်ကုံး၊နှစ်ကုံး ဝယ်ပေးတတ်ခြင်း ဖြစ်သည်။ ယန်ကျိအန်းကမူ ခေတ္တမျှ တွန့်ဆုတ်နေသဖြင့် ယန်ရွှယ် သူ၏ ဆံပင်များကို ဖွကာ ပြောလိုက်သည်။ "ဒါက ငါတို့ရဲ့ ရဲရင့်တဲ့ ကျိအန်းလေးအတွက် ဆုပေးတာလေ"
ထိုအခါမှသာ သူက ပြုံးလိုက်နိုင်ပြီး လျိုဝေပင်းဘက်သို့ လှည့်လိုက်သည်။ "ငါ... ငါ မင်းကို တစ်ဝက် ပေးမယ်"
သူပြောပြီးသည်နှင့် သူ့ယောက်ဖ၏ လက်ကလည်း သူ၏ခေါင်းပေါ်သို့ ကျရောက်လာပြီး ပြောလာခဲ့သည်။"ငါလဲ မင်းအတွက် နောက်တစ်ကုံး ထပ်ဝယ်ပေးမယ်"
ထိုဇနီးမောင်နှံမှာ ကလေးများကို စကားအနည်းငယ်ပြောပြီးနောက် ဆက်ဆော့ကစားရန် ထားခဲ့ကာ ထွက်လာခဲ့ကြသည်။ လမ်းလျှောက်လာစဉ် ယန်ရွှယ်၏ နှုတ်ခမ်းဖူးဖူးလေးများမှာ ပြုံးရောင်သန်းနေဆဲပင်။ သူမ၏ ဖြူဖွေးသော အသားအရေမှာ ပန်းရောင်သန်းနေသော နှုတ်ခမ်းလေးများနှင့် လိုက်ဖက်နေပြီး ကြည့်ရသူအား တစ်ခုခု ဆိုးထားလားဟု စမ်းကြည့်ချင်စရာ ကောင်းလှ၏။
ချီဖန့်ကလည်း ထိုအတိုင်းပင် တွေးနေခဲ့သည်။ အိမ်ထဲသို့ ရောက်သည်နှင့် သူသည် သူမ၏ အောက်နှုတ်ခမ်းကို လက်မဖြင့် အသာအယာ ထိတွေ့လိုက်၏။
"ဘာဖြစ်လို့လဲ" ယန်ရွှယ်မှာ သူမ၏ ပါးစပ်ကို မသုတ်မိသေးဘူးဟု ထင်ကာ လက်ဆစ်လေးဖြင့် ပွတ်ရင်း မေးလိုက်သည်။
"မလှုပ်နဲ့" ချီဖန့်သည် သူမ၏ မေးကို မော့လိုက်ပြီး တည်ငြိမ်သော မျက်နှာထားဖြင့် သူမ၏ နှုတ်ခမ်းများကို ဆက်ပွတ်သပ်နေကာ အရောင်ကို ပိုသန်းသွားစေလိုက်သည်။ ထို့နောက် မမျှော်လင့်ဘဲ ထိုသူသည် ခေါင်းငုံ့ကာ သူမကို ခပ်မြန်မြန်ပင် နမ်းလိုက်တော့၏။
ယန်ရွှယ်မှာ ရှက်ကိုးရှက်ကန်းဖြင့် သူ့ကို တွန်းထုတ်လိုက်မိသည်။ "ခြံထဲမှာပဲ ရှိသေးတာလေ၊ ရှင် မူးနေတာလား"
ချီဖန့်ကမူ ဘာမှပြန်မပြောဘဲ သူမ တွန်းသည့်အတိုင်း နောက်သို့ တစ်လှမ်းဆုတ်ပေးလိုက်၏။ သူ၏ နက်မှောင်သော မျက်လုံးများဖြင့် သူမကို စိုက်ကြည့်လိုက်ပြီးမှ အိမ်ထဲသို့ ဝင်ကာ အဘွားဖြစ်သူ၏ အခန်းထဲသို့ လှမ်းခေါ်လိုက်သည်။ "အဘွား"
"ကျွန်တော်နဲ့ ယန်ရွှယ် ဒီည နောက်တစ်ပွဲ ရှိသေးတယ်၊ ပြန်လာတာ နောက်ကျလိမ့်မယ်" ထိုအခိုက်အတန့်တွင်မှ ယန်ရွှယ်သည် အဘယ်ကြောင့် သူက စောစောက လျိုဝေကော၏ ဖိတ်ကြားမှုကို ချက်ချင်း သဘောတူခဲ့သည်ကို နားလည်သွားတော့၏။
အဘွားဖြစ်သူကလည်း နွေးထွေးစွာ ပြန်ဖြေခဲ့သည်။ "ငါတို့ကို အားနာပြီး မလောနဲ့၊ လိုအပ်ရင် ကျိအန်းကို ဒီမှာပဲ အိပ်ခိုင်းလိုက်မယ်"
ယန်ရွှယ် ကလဲ့စားချေသည့်အနေဖြင့် ချီဖန့်၏၏ ခါးကို ဆိတ်လိုက်ရာ ထိုသူကမူ သူမ၏ လက်ကို ဖမ်းကိုင်ကာ စနောက်သကဲ့သို့ ညှစ်လာပြန်၏။ ထိုညနေခင်းတွင် ချီဖန့်သည် နေ့လယ်ကထက် ပိုမို၍ အရှိန်အဟုန်ဖြင့် သောက်ခဲ့သည်။ မကြာမီ သူ၏ ခန့်ညားသော မျက်နှာပေါ်တွင် နီမြန်းသော အရောင်များ သန်းလာပြီး အင်္ကျီ၏ အပေါ်ကြယ်သီးနှစ်လုံးကိုပင် ဖြုတ်လိုက်သည်။
ပန်းရောင်သန်းနေသော သူ၏ ညှပ်ရိုးလေးများကို မြင်လိုက်ရခြင်းမှာ ယန်ရွှယ်၏ အကြည့်များကို သံလိုက်ကဲ့သို့ ဆွဲဆောင်နေခဲ့၏။ သို့သော် တစ်စေ့တစ်စောင်းသာ မြင်ရသဖြင့် သူမ သေချာမမြင်ရချေ။ ထိုသူ တမင်သက်သက် လုပ်နေခြင်းဖြစ်မည်ဟု သံသယဝင်မိသည်။ မည်သို့ပင်ဖြစ်စေ သူမသည် အာရုံများ လွင့်ပါးသွားရကာ ရည်ရွယ်ထားသည်ထက် ပို၍ သောက်မိသွားတော့သည်။
မင်္ဂလာဦးဇနီးမောင်နှံကို အချိန်အကြာကြီး နှောင့်ယှက်၍ မသင့်ပေ။ နေဝင်ရီတရော အချိန်ရောက်သောအခါ လူစုခွဲလိုက်ကြသည်။ အိမ်သို့ တန်းမပြန်ဘဲ ချီဖန့်သည် ယန်ရွှယ်ဘက်သို့ လှည့်လိုက်၏။ "မြစ်ကမ်းနားမှာ လမ်းလျှောက်မလား"
သူ ဘာကို လိုချင်နေသည်အား သူမ ကောင်းစွာ သိသော်လည်း မငြင်းဆန်ခဲ့ပေ။ သူမ၏ မျက်တောင်လေးများ တုန်ယင်သွားကာ ပြောလိုက်သည်။ "ကောင်းသားပဲ၊ အမူးပြေတာပေါ့"
ထို့ကြောင့် တစ်ဦး၏ အကြံအစည်ကို တစ်ဦးက မသိချင်ယောင်ဆောင်ထားကြသော လူနှစ်ဦးသည် မြစ်ကမ်းနားသို့ လမ်းလျှောက်လာကြရာ ညလေပြည်က အရက်နံ့များကို သယ်ဆောင်သွားသော်လည်း သူတို့ကြားရှိ တိတ်ဆိတ်သော တင်းမာမှုကိုမူ မဖယ်ရှားနိုင်ခဲ့ပေ။ ညဘက် မြစ်ကမ်းနားမှာ နေ့ဘက်ထက် များစွာ တိတ်ဆိတ်လှပြီး ဆူညံသံများ ကင်းဝေးနေ၏။
လေပြေက ရေပြင်ကို ဖြတ်တိုက်လာပြီး သူတို့၏ အသားအရေကို အေးမြစေသော်လည်း တိုးပွားလာသော သံယောဇဉ်ကိုမူ မတားဆီးနိုင်ခဲ့ချေ။ ခေတ္တမျှကြာသောအခါ ချီဖန့်သည် သူ၏ လက်ဖမိုးဖြင့် ယန်ရွှယ်၏ လက်မောင်းကို အသာအယာ ထိလိုက်၏။ "အေးလား"
ထိုခဏတာ ထိတွေ့မှုလေးပင် သူမအတွက် ထူးဆန်းစွာ နွေးထွေးနေလေသည်။ "သြဂုတ်လလယ်ပဲ ရှိသေးတာ၊ ဘယ်လိုလုပ် အေးမှာလဲ"
သူတို့ကြားတွင် သူတို့၏ မင်္ဂလာဦးညကဲ့သို့ပင် တိတ်ဆိတ်ခြင်းများ ပြန်လည် စိုးမိုးသွားပြန်သည်။ သို့သော် ယခုတစ်ကြိမ်မှာမူ ကွဲပြားနေ၏။ ထိုစဉ်က သူတို့သည် စကားပြောရန် ခက်ခဲနေသော သူစိမ်းများ ဖြစ်ခဲ့ကြသော်လည်း ယခုအခါတွင်မူ ရိုးရှင်းသော စကားလုံးများပင်လျှင် လေးနက်သော အဓိပ္ပာယ်များ ပါဝင်နေသည်။
ထို့ကြောင့် သူတို့သည် ဘာမှမပြောဘဲ တိတ်ဆိတ်စွာ လမ်းလျှောက်လာခဲ့ကြရာ အဝေးမှ အိမ်မီးရောင်လေးများ မှိန်သွားသည်အထိပင်။ စိတ်ချင်းတိုက်ဆိုင်သွားသကဲ့သို့ သူတို့နှစ်ဦးလုံး တစ်ပြိုင်နက်တည်း ခြေလှမ်းများကို လျှော့လိုက်ပြီး တစ်ဦးကိုတစ်ဦး ကြည့်ကာ တစ်ပြိုင်တည်း မေးလိုက်ကြ၏။
"ပြန်ရအောင်"
"ပြန်တော့မလား"
တစ်ဖက်က ဝိုင်းစက်တောက်ပသော မျက်လုံးများ၊ အခြားတစ်ဖက်ကမူ နက်မှောင်နက်နဲသော မျက်လုံးများဖြစ်ရာ ထိုကွဲပြားမှုက ယန်ရွှယ်ကို ရယ်မောစေသည်။ "အင်း... ပြန်ရအောင်၊ ကျွန်မ ခြေထောက်တွေ နာနေပြီ"
"အင်း" ချီဖန့်ကမူ သူမ၏ ပြုံးနေသော မျက်နှာကို ကြည့်လိုက်ပြီးနောက် သူမ၏ ခြေထောက်များကို ကြည့်လိုက်၏။ "ခဏနေရင် ကိုယ် ပြန်နှိပ်ပေးမယ်လေ"
သူမက "အဲဒီ ခြေထောက်နှိပ်ပေးတာက ဘယ်လောက်အထိ အဆင်ပြေမှာလဲ" ဟု မေးလုနီးပါး ဖြစ်သွားသော်လည်း ထိန်းထားလိုက်သည်။ သူတို့သည် ခြံတံခါးဝတွင် ခေတ္တရပ်ကာ အိမ်ထဲရှိ မီးများ ငြိမ်းသွားသည်အထိ စောင့်ဆိုင်းပြီးမှ တိတ်တဆိတ် ခိုးဝင်ခဲ့ကြ၏။
ယခုတစ်ကြိမ်တွင်မူ အဘွားအိုသည် သူတို့ကို ကြိုဆိုရန် အပြင်သို့ ထွက်မလာတော့ဘဲ တံခါးကို အသာအယာဟကာ ယန်ကျိအန်း အိပ်ပျော်သွားပြီဖြစ်ကြောင်း အသိပေးပြီး သူတို့ကိုလည်း အမြန်ကိုယ်လက်သန့်စင်၍ အနားယူရန် တိုက်တွန်းခဲ့သည်။ အဘွားနှင့် ကလေးကို မနှောင့်ယှက်လိုသဖြင့် သူတို့သည် မျက်နှာသစ်အင်တုံကို ကိုင်ကာ ခြံဝင်းအတွင်းသို့ ထွက်လာခဲ့ကြ၏။
ကိစ္စဝိစ္စများ ပြီးစီး၍ ရေများကို သွန်ပစ်ပြီးနောက်မှသာ သူတို့အခန်းသို့ ပြန်လာခဲ့ကြသည်။ မီးကြိုးဆွဲသံ ခလောက်ခနဲနှင့်အတူ တံခါးဂျောက်ထိုးသံကလည်း ထပ်ချပ်မကွာ ထွက်ပေါ်လာ၏။ ရုတ်တရက် လင်းထိန်သွားသော မီးရောင်အောက်တွင် ချီဖန့်သည် မျက်နှာသစ်စဉ်ကအတိုင်းပင် အေးအေးဆေးဆေးဖြင့် လှုပ်ရှားနေပြီး ပထမဦးစွာ အိပ်ရာခင်းများကို ပြင်ဆင်လိုက်သည်။
ထို့နောက် သူက လှည့်လိုက်ရာ သူ၏လက်ချောင်းများက လက်တိုအင်္ကျီ၏ ကြယ်သီးများဆီသို့ ဦးတည်သွားသည်။ ယန်ရွှယ်၏ အကြည့်များကလည်း ထိုလက်ချောင်းရှည်များ ကြယ်သီးတစ်လုံးချင်းစီကို ဖြုတ်နေပုံနောက်သို့ လိုက်ပါသွားပြီး အင်္ကျီအောက်မှ ပန်းရောင်သန်းနေသော ဖြူဖွေးသည့် အသားအရေကို တွေ့မြင်လိုက်ရသည်။ သူ၏ မျက်နှာထားမှာ တည်ငြိမ်နေသော်လည်း နက်မှောင်သော မျက်ဝန်းများအတွင်း၌မူ တောက်လောင်နေသော အာသီသများက တိတ်ဆိတ်သော ကတိစကားတစ်ခုကဲ့သို့ ရှိနေ၏။
မကြာမီမှာပင် သူသည် အင်္ကျီကို ခါးထဲမှ ဆွဲထုတ်လိုက်သဖြင့် သန်မာထွားကျိုင်းသော ခန္ဓာကိုယ်အလှကို တွေ့လိုက်ရသည်။ ယန်ရွှယ် သေချာကြည့်ရန် ရှေ့သို့ အသာတိုးလိုက်စဉ်မှာပင် သူမ၏ အမြင်အာရုံမှာ အင်္ကျီတစ်ထည်ဖြင့် အုပ်မိုးခြင်း ခံလိုက်ရ၏။ အခုမှ လာပြီး ရှက်နေတာလားဟု သူမ တွေးမိသည်။
သူမ အင်္ကျီကို ဖယ်ရန် ကြိုးစားသော်လည်း ချီဖန့်ကမူ အဝတ်စကို မြှောက်ကာ သူတို့နှစ်ဦးလုံးကို အုပ်လိုက်ပြီး သူပါ ငုံ့ဝင်လာခဲ့သည်။ ထို့နောက် သူ၏လက်များမှာ သူမ၏ မျက်နှာကို အသာအယာ ဆုပ်ကိုင်လာပြီး တစ်ညနေလုံး စောင့်မျှော်ခဲ့ရသော အနမ်းများကို စတင်လိုက်တော့၏။
မှိန်ပျပျမီးရောင်နှင့် ကျဉ်းမြောင်းသော နေရာလေးက သူတို့ကြားရှိ ရင်းနှီးမှုကို ပိုတိုးပွားစေခဲ့သည်။ ယခုတစ်ကြိမ်မှာ ယခင်ကထက် ကွဲပြားနေကြောင်း ယန်ရွှယ် ခံစားမိသည် - သူတို့ကြားမှ အရှိန်အဟုန်မှာ အရင်ကထက် ပိုမြန်ဆန်လှပြီး အင်္ကျီအောက်မှ လျှို့ဝှက်ချက်တစ်ခုကို မျှဝေနေရသကဲ့သို့ ပူလောင်နေသော်လည်း နူးညံ့လှ၏။
ယခုတစ်ကြိမ်တွင် ချီဖန့်၏ အနမ်းများမှာ ပို၍ပင် ပြင်းပြကာ ပိုင်စိုးလိုစိတ်များ ပြည့်နှက်နေသည်။ မကြာမီမှာပင် ယန်ရွှယ်မှာ အိပ်ရာအနားသတ်သို့ ရောက်သွားပြီး လဲကျသွားရ၏။ သို့သော် ထိုအမျိုးသားမှာ သူမကို လွှတ်ပေးရန် ရည်ရွယ်ချက် မရှိပေ။ လက်တစ်ဖက်ဖြင့် အားပြုကာ သူမအပေါ်သို့ အုပ်မိုးလိုက်ပြီး သူတို့၏ အနမ်းများကို ပိုနက်ရှိုင်းစေခဲ့သည်။
...............
ကိစ္စများ ပြီးဆုံးသွားသောအခါ အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို သူတို့နှစ်ဦးလုံး မသိကြတော့ပေ။
ယန်ရွှယ်မှာ အိပ်ရာပေါ်တွင် လှဲလျောင်းနေပြီး သူမ၏ အသားအရေမှာ ပန်းရောင်သန်းနေဆဲဖြစ်၏။ သူမ၏ စိတ်ထဲတွင် "ဒီအရပ်အမောင်းကွာခြားချက်ကတော့ တကယ်ပဲ" ဟူသော အတွေးတစ်ခုသာ ရှိတော့သည်။ ချီဖန့်သည်လည်း ချွေးများဖြင့် ရွှဲနစ်နေကာ ပိုတည်ငြိမ်နေခဲ့သည်။
အိပ်ရာခင်းအသစ်များကိုပါ ဗီရိုထဲမှ ထုတ်ယူနိုင်သည့် အင်အားရှိနေသေး၏။ သူမ၏ ခြေချောင်းလေးများ တင်းနေသည်ကို သတိပြုမိသောအခါ သူက အောက်သို့ ငုံ့ကာ နှိပ်ပေးလေသည်။ "ကိုယ် ခဏနေရင် နှိပ်ပေးမယ်" ဟူသော သူ၏ စောစောက ကတိစကားကို ယန်ရွှယ် ချက်ချင်း သတိရမိသွားသည်။
စောစောက သူမသည် အလွန်အမင်း တင်းမာနေခဲ့သဖြင့် ယခုအခါ ခြေလက်များမှာ နာကျင်နေရှာသည်။ သူ၏ လက်ရာမှာ အနေတော်ဖြစ်သဖြင့် သူမ ဘာမှမပြောဘဲ နေနေလိုက်သည်။ ခေတ္တမျှကြာသောအခါ သူ၏ လက်များမှာ ရပ်တန့်သွားသော်လည်း သူမ၏ ခြေကျင်းဝတ်ကိုမူ နွေးထွေးတင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲဖြစ်သည်ကို သိလိုက်ရ၏။
သူမ မျက်လုံးတစ်ဖက်ကို ဖွင့်ကြည့်ကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"
ထိုသူကမူ မော့ကြည့်လာပြီး အိပ်ရာခင်းအသစ်ကို ဘေးသို့ ဖယ်လိုက်ကာ ပြောလာ၏။ "ဘယ်လိုပဲဖြစ်ဖြစ် ဒါကို ပြန်လဲရမှာပဲ" သူမ စကားကို နားမလည်မီမှာပင် ထိုသူသည် သူမအား ရုတ်တရက် ပွေ့ချီလိုက်သည်။
ချီဖန့်ကမူ ဘာမှပြန်မပြောဘဲ သဘောတူသည့်အလား ညည်းပြလိုက်ပြီး နောက်ထပ်အနမ်းတစ်ခုအတွက် ရှေ့သို့ တိုးလာပြန်၏။
ယခုတစ်ကြိမ်တွင် ယန်ရွှယ် ငြင်းဆန်လိုက်ပြီး သူ၏ နှုတ်ခမ်းကို လက်ဖြင့် ပိတ်ကာ "စိတ်ထိန်းစမ်းပါ၊ ရှင့်ကို တိုင်းရင်းဆေးခန်းတွေသွားပြီး ကျောက်ကပ်အားနည်းတယ်လို့ အပြောမခံစေချင်ဘူး"
"ကျောက်ကပ်အားနည်းခြင်း" ဟူသော စကားကြောင့် သူ၏ မျက်ဝန်းများမှာ ပို၍ပင် နက်မှောင်သွားလေသည်။
ဤအမျိုးသားမှာ မည်မျှ မာနကြီးပြီး ကလဲ့စားချေတတ်သည်ကို ယန်ရွှယ် ကောင်းစွာ သိထားသည်။ "အင်း အင်း ရှင်က အားမနည်းပါဘူး၊ နောက်ကျရင် ကျွန်မပဲ အားနည်းတယ်လို့ အပြောခံလိုက်မယ် ဟုတ်ပြီလား"
သူမသည် သမ်းဝေရင်း ညည်းတွားလိုက်၏။ "ဘယ်နှစ်နာရီရှိပြီလဲ မသိဘူး၊ မနက်ဖြန်ကျရင် အိပ်ရာမထနိုင်ရင်တော့ ဒုက္ခပဲ..."
"အကယ်၍" ဆိုသည်မှာ မရှိခဲ့ပေ။ သူမလည်း အိပ်ရာမထနိုင်သလိုချီဖန့်လည်း မထနိုင်ခဲ့ပေ။ သူ မျက်လုံးဖွင့်လိုက်ချိန်တွင် နေ့အလင်းရောင်မှာ လိုက်ကာများကြားမှ တိုးဝင်နေပြီပင်။ သူ၏ နာရီကို ကြည့်လိုက်သောအခါ ခြောက်နာရီကျော်နေပြီဖြစ်သဖြင့် သူ အံ့အားသင့်သွားရသည်။ ဤသည်မှာ သူ၏ မကြာသေးမီနှစ်များအတွင်း အလွန်ရှားပါးသော အဖြစ်အပျက်ပင် ဖြစ်သည်။
သူသည် အမြဲတမ်း အိပ်ပျော်ရခက်သူဖြစ်ပြီး မည်မျှပင် ပင်ပန်းပါစေ အိပ်ရာထဲတွင် လူးလှိမ့်နေတတ်သူဖြစ်၏။ သို့သော် သူ၏ နာရီမှ စည်းချက်ကျကျ မြည်သံနှင့် ဘေးနားရှိ အသက်ရှူသံလေးများမှာ တစ်စုံတစ်ခု ပြောင်းလဲသွားပြီဖြစ်ကြောင်း သက်သေပြနေသည်။
ယန်ရွှယ်မှာ အိပ်ပျော်နေဆဲဖြစ်ပြီး သူမ၏ ရှည်လျားသော မျက်တောင်လေးများနှင့် လှပသော မျက်နှာလေးမှာ တည်ငြိမ်အေးချမ်းနေ၏။ သူမကို မနှောင့်ယှက်လိုသဖြင့် ချီဖန့်သည် တိတ်တဆိတ် အဝတ်အစားလဲကာ အင်္ကျီနှင့် ဂါဝန်ကို သိမ်းကျုံးယူပြီး မြစ်ဆိပ်သို့ လျှော်ဖွပ်ရန် ထွက်လာခဲ့လိုက်သည်။
သူ တံခါးဖွင့်လိုက်စဉ်မှာပင် တစ်ဖက်အခန်းမှ ခြေဖျားထောက်ထွက်လာသော ဒုတိယအဘွားနှင့် တိုက်မိမလို ဖြစ်သွား၏။ အဘွားအိုမှာ ဤကဲ့သို့သော ကိစ္စများကို ရိပ်မိသူဖြစ်ရာ တစ်ချက်ကြည့်ရုံနှင့် သိလိုက်ပြီး ယန်ကျိအန်းအား အခန်းထဲသို့ ပြန်တွန်းလွှတ်ကာ ပြောလိုက်သည်။ "ပြန်အိပ်အုံး၊ မင်းအစ်မက မနေ့ညက အရက်တွေ အများကြီး သောက်ထားလို့"
ယန်ကျိအန်းမှာ အစ်မဖြစ်သူ အရက်သောက်ခြင်းနှင့် သူ အိပ်ရာထဲ ပြန်ဝင်ရခြင်းမှာ မည်သို့ပတ်သက်သည်ကို နားမလည်သော်လည်း စကားနားထောင်စွာဖြင့် အိပ်ရာထဲ ပြန်ဝင်သွားခဲ့သည်။ ဒုတိယအဘွားကမူ တစ်ခုခုကို ရှာနေသလို ဟန်ဆောင်လျက် ပြောလိုက်သည်။ "မှန်ဘယ်နားမှာ ထားမိပါလိမ့်၊ ငါလဲ အသက်ကြီးလာတော့ မေ့တတ်နေပြီ၊ အင်္ကျီတွေ သေချာဝတ်ထားရဲ့လားတောင် မကြည့်ရသေးဘူး"
ချီဖန့် သူမ၏ ဆိုလိုရင်းကို နားလည်သွားသဖြင့် အခန်းထဲသို့ ပြန်ဝင်ကာ နံရံမှမှန်ကို ဖြုတ်၍ မိမိကိုယ်ကိုယ် စစ်ဆေးလိုက်သည်။ ယန်ရွှယ် ကိုက်ထားခဲ့သော အမှတ်မှာ သူ၏ ဖြူဖွေးသော အသားအရေပေါ်တွင် ပိုင်ရှင်ရှိကြောင်း ပြသသည့်အလား ထင်ရှားနေ၏။ ၎င်းကို မြင်သူတိုင်း မနေ့ညက သူတို့ဘာလုပ်ခဲ့ကြသည်ကို သိနိုင်လိမ့်မည်။
သူ အရောင်မှိန်သွားပြီဟု ထင်ထားသော်လည်း အမှတ်မှာ ကျန်နေဆဲပင်။ သူသည် အင်္ကျီကြယ်သီးများကို အပေါ်ဆုံးအထိ တပ်လိုက်သည်။ သူ၏ မျက်ဝန်းထဲမှ ကျေနပ်ပီတိများကိုမူ ဖုံးကွယ်ရန် ခက်ခဲလှသဖြင့် သူ၏ ပုံမှန်အေးစက်သော မျက်နှာထားကိုသာ ထိန်းထားလိုက်ရ၏။ သူ ပြန်ထွက်လာသောအခါ ဒုတိယအဘွားမှာ အလိုက်တသိဖြင့် နေရာ ဖယ်ပေးထားပြီးသား ဖြစ်သည်။
***