တိတ်ဆိတ်မှောင်မိုက်တဲ့ည အမှောင်ထုအတွင်း 'အိမ်မွှေး' ရွာသုဿန်ထဲမှာ ကုပ်ချောင်းချောင်းနဲ့အလုပ်ရှုပ်နေသူတစ်ဦးရှိလို့နေတယ်။ ထိုသူက သုဿန်အလယ်မှာ မတ်တပ်ရပ် ခေါင်းကိုမော့ကာ ကောင်းကင်ယံကလမင်းကြီးကိုကြည့်ပြီး ပါးစပ်အတွင်းက စက်တွေကိုထုတ်နေတယ်။ ခါးကြားမှာအသင့်ပါလာတဲ့ ဓားမြှောင်တစ်ချောင်းကိုထုတ် လက်ညှိုးထိပ်ကိုဖောက်ပြီး ထွက်ကျလာတဲ့သွေးတွေနဲ့ လေထဲမှာ အင်းချပ်တစ်ခုကိုဆွဲလိုက်တယ်။ ထိုသူရဲ့လက်က ထွက်လာတဲ့သွေးတွေဟာ ပန်းချီကားတစ်ချပ်ကို ပုံဖော်လိုက်သလို လေထဲမှာစုစည်းသွားပြီး နီမြန်းတဲ့အင်းချပ်တစ်ခုပေါ်လာခဲ့တယ်။ အဲ့အချိန်မှာပဲ သုဿန်အလယ်မှာ ရပ်နေတဲ့လူရဲ့ရှေ့မှာ ယိုယွင်းပျက်ဆီးနေပြီး စက်ဆုပ်ရွံရှာဖွယ် မျက်နှာနဲ့မိစ္ဆာတစ်ကောင်ပေါ်လာခဲ့တယ်။
"ငါ့ရဲ့အသက်သွေးနဲ့ သွေးအင်းတည်ခဲ့ပြီ။ မင်းက သွေးအင်းရှင်ဖြစ်တဲ့ ငါ့ရဲ့အမိန့်ကိုနာခံရမယ်။ဟော့ဒီက သွေးအင်းရှင်ဖြစ်တဲ့ ငါ့ရဲ့အမိန့်ကိုနာခံရမယ်ကွ။ဟားးးဟားးးဟားးးး။"
ခြောက်ကပ်ကပ်အော်ရယ်သံက သုဿန်တခွင်ပျံ့နှံ့သွားပြီး ကြက်သီးထဖွယ်ကောင်းလွန်းလှတယ်။ နောက်တော့ အဲဒီလူဟာ 'အိမ်မွှေးရွာ' သုဿန်အတွင်းကနေ အမှောင်ထုထဲကို တိုးဝင်ပျောက်ကွယ်သွားတော့တယ်။
***