"အားးး။ ကျွတ် ကျွတ်။"
"ဆရာ သတိရပြီလား။ ရွှေခေါင်းလောင်းကြီးကို အသံမြည်အောင်လုပ်ပေးပြီးတာနဲ့ချက်ချင်းသတိမေ့သွားတာပဲဆရာ။ ကျုပ်တို့ဖြင့် စိတ်ပူလိုက်ရတာဗျာ။"
သတိပြန်ရလာတာနဲ့ စိတ်ပူနေကြတဲ့ ကိုဖိုးတေနဲ့ ကိုမိုးကြိုးတို့က ကျုပ်အနားတိုးကပ်လာကြတယ်။
" ကျုပ်အဆင်ပြေပါတယ်။ သိပ်လည်းစိတ်မပူကြပါနဲ့ဗျာ။"
" ကျုပ်တို့နှစ်ယောက်မှာက ဆရာပဲရှိတာလေဗျာ။ တကယ်လို့ဆရာတစ်ခုခုဖြစ်သွားရင် ကျုပ်တို့ဘာဆက်လုပ်ရပါတော့မတုန်း။"
" အဲ့ဒီတော့လည်း ကိုမိုးကြိုးနဲ့ ကိုဖိုးတေက မိန်းမယူပြီး အေးဆေးနေကြပေါ့ဗျာ။"
"ဟာ ဆရာကတော့မဟုတ်တာတွေကပြောပြန်ပြီ။ ကျုပ်တို့ကို ကြိုက်မဲ့လူတောင်မရှိပါဘူးဗျာ။"
ရှက်ကိုးရှက်ကန်းနဲ့ပြန်ဖြေတဲ့ကိုမိုးကြိုးကိုကြည့်ရင်း အော်ရယ်မိတယ်။ ကိုဖိုးတေကတော့ တစ်ဖက်ကိုမျက်နှာလွှဲထားတာပေါ့။
" သတိပြန်ရလာပြီလားဆရာ။ ကျုပ်တို့က စိတ်ပူနေကြတာဗျို့။ ဘာမှမဖြစ်တာပဲတော်ပါသေးရဲ့ဗျာ။"
ကျုပ်တို့ဆရာတပည့်တွေစကားကောင်းနေတုန်း ကျုပ်ရှိရာအခန်းထဲကို 'ယက္ခရာဇာ' နတ်ဘီလူးမင်း ဝင်လာတယ်။ သူ့နောက်မှာက 'ကာဠသူရ' နဲ့ 'အဂ္ဂိမုက္ခ' တို့လည်းပါလာသေးတာ။
"ကျုပ်သတိမေ့နေတဲ့အချိန်မှာ ပြုစုပေးထားလို့ကျေးဇူးတင်ပါတယ်။ ခဏလောက်အနားယူပြီးသွားရင်တော့ ကျုပ်တို့ ဒီနေရာကနေထွက်သွားမှာပါ။"
"ဘယ့်နဲ့စကားကြီးတုန်းဆရာရယ်။ ဒီနေရာမှာ ဆရာကြိုက်သလောက်သာနေ ၊ ပျော်သလောက်သာနေ။ အို ကုန်ကုန်ပြောမယ်ဗျာ။ တစ်သက်လုံး ဒီမှာနေချင်ရင်လည်း ရတယ်နော်။"
" နေ နေပါအုံးဗျာ။ ကျုပ်မှာလည်း ကျုပ်ရည်ရွယ်ချက်နဲ့ကျုပ်မို့ ဒီနေရာမှာတော့ တစ်သက်လုံးမနေပါရစေနဲ့။"
" ကျုပ်ကအလကားပြောတာပါဆရာရယ်။ ဟဲဟဲ။"
နတ်ဘီလူးမင်း လို့သာပြောတယ်။ အတော် ရွှတ်နောက်နောက် နိုင်တဲ့နတ်ဘီလူးမင်းပါ။ ကျုပ်တစ်သက်ဖြင့်တစ်ခါမှ မတွေ့ဖူးပေါင်။
"အဟမ်း။ အဟမ်း။"
'ယက္ခရာဇာ' ရဲ့နောက်မှာရှိတဲ့ 'ကာဠသူရ' နတ်ဘီလူးက ချောင်းဟန့်လိုက်တော့မှ ကျုပ်ကိုစနောက်နေတာတွေရပ်သွားတယ်။
"အသင် နတ်ဘီလူးမင်းကို ကျုပ်သိချင်တာလေးရှိလို့မေးချင်တယ်။"
"မေးပါဆရာ။ မေးပါ။ ဘယ်အကြောင်းအရာကိုများသိချင်လို့လဲ။"
"အခုကျုပ်တို့က နတ်ဘီလူးသိုက်နန်းကိုရောက်နေတာဆိုတော့ ဒီသိုက်နန်းက ဘယ်လိုသိုက်နန်းမျိုးလဲဆိုတာကျုပ်သိချင်တယ်။ပြီးတော့ 'ရတ္တဗလ'နဲ့ 'သုဗလ'တို့ ဘီလူးညီနောင်ထမ်းထားတဲ့ရွှေခေါင်းလောင်းကြီးရဲ့ အစွမ်းကိုလည်း မျက်ဝါးထင်ထင်တွေ့ချင်နေတာဗျ။"
"အော် ဒါလား။ ဆရာတို့ အခုရောက်နေတဲ့နတ်ဘီလူးသိုက်က 'ကုဝေရနတ်မင်းကြီး'ရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ သိုက်တွေထဲကတစ်ခုပေါ့။"
"ဒါဆို ကျုပ်တို့က အောက်ပညာသည်တွေဆိုတာသိနေတာတောင် ဒီနေရာအထိခေါ်လာခဲ့တာလား။"
'ယက္ခရာဇာ'ရဲ့စကားကြောင့် ကျုပ်ထပ်မေးမိပြန်တယ်။
" ဟုတ်ပါတယ်။ ဆရာတို့ကအောက်ပညာသည်တွေဆိုပေမဲ့ ဆရာတို့ရဲ့ ကိုယ်ကျင့်တရားနဲ့ အကျင့်သိက္ခာကို ကောင်းကောင်းသိထားတာမို့ ဒီလိုနေရာအထိခေါ်ဆောင်လာခဲ့တာပါ။ ကျုပ်တို့သိုက်နန်းရဲ့ ရတနာဖြစ်တဲ့ ရွှေခေါင်းလောင်းကြီးပျောက်ဆုံးသွားကတည်းက ကျုပ်တို့သိုက်ရဲ့ စစ်အင်အား ၊ ပညာစွမ်းအားတွေဟာ သိသိသာသာကို ကျဆင်းသွားခဲ့ပါတယ်။ အဲ့လိုအခြေအနေနဲ့ ကျုပ်တို့ဟာမကြာခင်မှာ နတ်မင်းကြီးရဲ့အမိန့်အရ အင်းစောင့်ဘီလူးတွေအဖြစ်နေရတော့မှာပါ။ အဲ့လိုမျိုးအခြေအနေကနေ ပြောင်းပြန်လှန်ပေးလိုက်တာကတော့ ဟော့ဒီကဆရာတို့ပါပဲ။"
"ဘယ်လိုဗျ။ ကျုပ်နားမလည်ဘူး။"
"ဆရာလည်း သက်သာနေပြီဆိုတော့ ရွှေခေါင်းလောင်းကြီးရှိရာကို သွားကြတာပေါ့လေ။"
ကျုပ်ပြောတာကို ပြန်မဖြေတော့ပဲ ကျုပ်တို့ဆရာတပည့်သုံးယောက်ကို ရွှေခေါင်းလောင်းကြီးရှိရာနေရာကိုခေါ်ဆောင်သွားတော့တယ်။ ရွှေခေါင်းလောင်းကြီးရှိရာအခန်းဆီရောက်တော့ အခြွေအရံများစွာကို ခေါင်းလောင်းကြီးအားရွှေ့စေတယ်။ နန်းဆောင်ကြီးရဲ့အပေါ်ဆုံးအထပ်ကိုရွှေ့ခိုင်းတာကိုမြင်လိုက်ရတယ်။ နတ်ဘီလူးစစ်သည်အင်အားတစ်ရာကျော်လောက်က ကြီးမားတဲ့ ရွှေခေါင်းလောင်းကြီးကို မပြီး ရွှေ့လာခဲ့ကြတယ်။ နန်းဆောင်ကြီးရဲ့နောက်ဘက်ဆီမှာက ကျယ်ပြောလှတဲ့ ကွင်းပြင်ကျယ်ကြီးတစ်ခုရှိနေတာကို အခုမှပဲသိရတော့တယ်။
" ဆရာက ဒီခေါင်းလောင်းကြီးရဲ့အစွမ်းကိုမြင်ချင်တာဆိုတော့ ကျုပ်ကပြရသေးတာပေါ့ဗျာ။"
'ယက္ခရာဇာ' နတ်ဘီလူးမင်းက သူ့ကိုယ်ပေါ်က အဆောင်အယောင်တွေကိုချွတ်ချလိုက်ပြီး အပေါ်ပိုင်းဗလာကျင်းနဲ့ ခေါင်းလောင်းကြီးရှိရာပြေးသွားကာ အားပြင်းလှတဲ့လက်သီးကြီးကိုသုံးပြီး ခေါင်းလောင်းကြီးအသံမြည်အောင်တီးတော့တယ်။
"ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင်။"
ငါးချက်လောက်ဆက်တိုက်တီးခတ်လိုက်ပြီးချိန်မှာတော့ စောနကမြင်ရတဲ့ကွင်းပြင်ကျယ်ကြီးထဲမှာ အဆုံးမရှိတဲ့ နတ်ဘီလူးစစ်သည်များစွာဟာ ထူးဆန်းစွာပေါ်ထွက်လာခဲ့တယ်။
"ဟာ နတ်ဘီလူးစစ်သည်တွေအများကြီးပါပဲလား။"
ကိုဖိုးတေနဲ့ ကိုမိုးကြိုးတို့နှစ်ယောက်သား အံ့ဩလွန်းလို့ ပြိုင်တူအော်လိုက်မိကြတယ်။ သူတို့မပြောနဲ့ ကျုပ်တောင် ထမအော်မိတာပဲကံကောင်း။ နည်းနည်းနောနော နတ်ဘီလူးစစ်သည်အင်အားကြီးမှမဟုတ်ပဲ။ မျက်စိတစ်ဆုံး မဲသဲနေအောင်ကိုများပြားလွန်းနေတာကိုး။
"ဒါက ဒီခေါင်းလောင်းကြီးရဲ့အစွမ်းလို့ပြောရမှာပေါ့။ အဲ့ဒီနတ်ဘီလူးစစ်သည်တွေက ခေါင်းလောင်းတီးသူရဲ့အမိန့်ကိုပဲနာခံလိမ့်မယ်။ ကျုပ်က ငါးချက်တိတိ တီးလိုက်တာမို့ နတ်ဘီလူးစစ်သည် အယောက် ငါးထောင်ဟာ ကျုပ်တို့ရှေ့မှာပေါ်လာခဲ့တာပေါ့လေ။"
"အော် ဒီလိုလား။ ဒီပစ္စည်းရဲ့တန်ဖိုးက အဖိုးမဖြတ်နိုင်အောင်ပါပဲလား။"
ခေါင်းလောင်းကြီးရဲ့အစွမ်းကိုလည်းသိလိုက်ရပြီ။ ကျုပ်ကလည်း အားအင်တွေပြန်ပြည့်လာပြီမို့ နတ်ဘီလူးသိုက်နန်းရှင် 'ယက္ခရာဇာ' တို့ကိုနှုတ်ဆက်ကာ ကျုပ်တို့ရှိသင့်ရှိထိုက်တဲ့ လူ့ဘုံဘက်ခြမ်းကိုပြန်လာခဲ့လိုက်တယ်။ ပြန်ခါနီးမှာ 'ယက္ခရာဇာနတ်ဘီလူးမင်း'က ကျုပ်ကို ရွှေခေါင်းလောင်းလေးတစ်လုံးကိုလက်ဆောင်ပေးလိုက်သေးတာ။ အဲ့ဒီခေါင်းလောင်းလေးက တကယ့်ကိုမှ အရွယ်အစားသေးသေးလေး။ ကျုပ်ရဲ့လက်သီးဆုပ်လောက်ကိုမရှိတဲ့ ခေါင်းလောင်းအသေးစားလေးပေါ့လေ။ အင်မတန်အရေးကြီးတဲ့အချိန် ၊ သေရေးရှင်ရေးဖြစ်နေတဲ့အချိန်မှသာ ဒီခေါင်းလောင်းလေးကို အသံမြည်အောင်လုပ်ဖို့ တဖွဖွလည်းမှာလိုက်သေးတာ။
***