"ဟေ့ကောင်ဂတုံး။ ရွာထဲက ကာလသားတွေကို ဒီညနေငါ့အိမ်လာခဲ့ကြဖို့ မှာလိုက်အုံးနော်။"
"ဟုတ်ကဲ့သူကြီး။"
'အိမ်မွှေးရွာ'သူကြီးဦးမင်းမောင်က အိမ်ထဲကထွက်သွားတဲ့ ကာလသားခေါင်း ကိုဂတုံးကို မှာလိုက်တယ်။ဒီလိုနဲ့ညနေရောက်တော့ 'အိမ်မွှေးရွာ'အတွင်းမှာရှိကြတဲ့ ကာလသားတွေ သူကြီးဦးမင်းမောင်ရဲ့အိမ်ကို စုရုံးရောက်ရှိလာကြတယ်။
"ဟေ့ ဟေ့။ တိတ်တိတ်နေကြစမ်း။ ရွာထဲက ကာလသားတွေစုံကြပြီလား။"
"စုံပါပြီသူကြီး။ အားလုံးရောက်ပါပြီ။"
သူကြီးအသံကိုကြားရတော့ ပေါက်ပေါက်ဖောက်သလို စကားပြောနေကြတဲ့ ကာလသားတွေဟာ မီးကျီးခဲကို ရေနဲ့ပက်လိုက်သလိုတိတ်ဆိတ်သွားတော့တယ်။
"အေး။ ဒါဆို ငါပြောစရာရှိတာပြောမယ်။ မကြာခင်မှာ ငါ့ရဲ့သား မင်းခေါင် ထောင်ကနေလွတ်လာတော့မယ်။ အဲ့ဒီတော့ မင်းတို့ကိုကြိုပြီးသတိပေးစရာရှိတာပေးထားလို့ရအောင် ခေါ်လိုက်တာပဲ။ ငါ့သားထောင်ကလွတ်လာလာချင်း ရွာကိုပြန်ရောက်တာနဲ့ မင်းတို့ကာလသားတွေက ရွာထိပ်ကနေကြိုဆိုရမယ်။ ပြီးရင် ငါ့သားကိုအဝေးတစ်နေရာပို့မှာဖြစ်တဲ့အတွက် ဒီရွာမှာနေတုန်းနေခိုက် သူစိတ်ချမ်းသာသလိုနေခိုင်းရမယ်။ ကြာကြလားဟေ့။"
"ကြား ကြားပါတယ်သူကြီး။"
"အေး။ အဲ့ဒါဆိုမင်းတို့ပြန်လို့ရပြီ။"
သူကြီးရဲ့စကားဆုံးတော့ ကာလသားတွေဟာ သူတို့ရဲ့အိမ်ရှိရာကို အလျှိုလျှိုပြန်ကုန်ကြတယ်။မကြာခင် ထောင်ကထွက်လာမဲ့ သူကြီးဦးမင်းမောင်ရဲ့သား မင်းခေါင်ဆိုသူက လွန်ခဲ့တဲ့ ၅ နှစ်က မဒိမ်းကျင့် လူသတ်မှုနဲ့ ထောင်ဒဏ်နှစ်ရှည်ကျနေခဲ့တာ။အင်္ဂလိပ်အရာရှိတွေကို သူကြီးရဲ့လာဘ်ထိုးမှုကြောင့် နှစ်မစေ့ပဲ ပြန်လွတ်လာခဲ့တာပေါ့။ သူကြီးဦးမင်းမောင်ရဲ့သား မင်းခေါင်အကြောင်းကိုလည်း အားလုံးသိအောင်ပြန်ပြောရအုံးမယ်။
လွန်ခဲ့တဲ့ ၅ နှစ်ကအချိန်ကိုပြန်သွားကြရအောင်။
'အိမ်မွှေးရွာ'ရဲ့ ဘေးကပ်လျက်ရွာဖြစ်တဲ့ 'သုံးကန်'ရွာမှာ နှစ်စဉ်နှစ်တိုင်း ရွာလုံးကျွတ်ကျင်းပတဲ့ ဘုရားပွဲရှိနေတယ်။ ဆယ့်နှစ်ပွဲဈေးသည်တွေအပြင် တရားမဝင် လောင်းကစားဝိုင်းတွေကလည်းရှိနေပြန်တယ်။ မင်းခေါင်တစ်ယောက် အဲ့ဒီလောင်းကစားဝိုင်းတွေမှာ ပတ်ပြီး ဖဲရိုက် ၊ ကြွေလှည့် လုပ်နေခိုက် 'သုံးကန်ရွာ' ရဲ့အချောဆုံးအလှဆုံးဖြစ်တဲ့ 'ပန်းမှုန်'ကိုမြင်မြင်ချင်းသဘောကျမိသွားခဲ့တယ်။ လောင်းကစားဝိုင်းတွေမှာ ထိုင်နေခိုက် ပွဲဈေးကိုလာတဲ့ 'ပန်းမှုန်'ကို မြင်မိတဲ့ မင်းခေါင်ဟာ နေမရထိုင်မရဖြစ်ကာ အလွန်စွဲလမ်းသွားတော့တယ်။
" ဟေ့ ။ 'ပန်းမှုန်' အစ်ကို့ကိုသိလားဟင်။"
"အို ရှင်ကဘယ်ကမို့ ကျုပ်ကသိရမှာတုန်းတော့်။ ရှုပ်ရှုပ်ရှက်ရှက်တွေမလုပ်ပါနဲ့။ကျုပ်သွားမဲ့လမ်းရှေ့ကဖယ်ပေးစမ်းပါ။"
ဘုရားပွဲပြီးသွားလို့နောက်ရက်မှာ မင်းခေါင်က ဘုန်းကြီးကျောင်းကိုဆွမ်းချိုင့်သွားပို့တဲ့ 'ပန်းမှုန်'ပြန်အလာကိုစောင့်ပြီး လူပျိုအပျိုသဘာဝရည်းစားစကားပြောတော့တယ်။ သူ့အပေါ်ကိုခါးခါးသီးသီးငြင်းလိုက်တဲ့ 'ပန်းမှုန်'ရဲ့အပေါ်ကို အငြှိုးအတေးကြီးစွာမှတ်ထားလိုက်တယ်။ နောက်ရက်တွေလည်း အမျိုးမျိုးနှောက်ယှက်နေတာမို့ 'ပန်းမှုန်'ခမျာ အိမ်ထဲက အိမ်အပြင်တောင်မထွက်ရဲဖြစ်လာရတယ်။ ဒီအကြောင်းတွေကိုသိသွားတဲ့ 'ပန်းမှုန်'ရဲ့ အစ်ကိုဖြစ်သူ 'ဖိုးခွား'က စတင်မေးမြန်းတော့တယ်။
" ညီမလေး။ ခုတလော ဘုန်းကြီးကျောင်းကို သိပ်မသွားတော့ပါလား။ တစ်ခုခုများဖြစ်လို့လား။တစ်ခုခုဖြစ်နေတာဆိုရင်လည်း ကိုကြီးကိုပြောနော်။"
"ဟို ညီမလေးဘာမှမဖြစ်ပါဘူးကိုကြီးရဲ့။ ဒီရက်ထဲ နေလို့သိပ်မကောင်းလို့မသွားဖြစ်တာပါ။"
'အိမ်မွှေးရွာ'သူကြီးရဲ့သားက လိုက်နှောက်ယှက်နေတယ်ဆိုတာကို မပြောရဲပဲ လိမ်ပြောနေတယ်ဆိုတာ 'ဖိုးခွား'သိပေမဲ့ ညီမဖြစ်သူစိတ်ဆင်းရဲရမှာစိုးလို့ ဘာမှဆက်မပြောခဲ့ဘူး။
***