"ဟေးးးးးး။ ငါ့သားပြန်လာပြီကွ။ ငါ့သားပြန်လာပြီ။"
"ဝေးးးးးး။ဟေးးးးးး။"
'အိမ်မွှေး'ရွာထိပ်မှာ ကာလသားတစ်အုပ်စုက အိုးစည်ဒိုးပတ်တွေ မြိုင်မြိုင်ဆိုင်ဆိုင်တီးရင်း ထောင်ကထွက်လာတဲ့ သားဖြစ်သူကိုလာကြိုတဲ့ သူကြီးဦးမင်းမောင်ကတော့ အပျော်ကြီးပျော်နေတော့တယ်။
"ငါ့သားလေး ပိန်သွားလိုက်တာများ အထဲမှာနေရတာအဆင်မပြေလို့နေမှာ။ အိမ်ရောက်မှ အေးဆေးနားလိုက်ကွာ။လာ သွားကြစို့။"
မင်းခေါင်ရဲ့ ပုခုံးကိုဖက်ကာ သားအဖနှစ်ယောက် ပြုံးရွှင်စွာနဲ့ရွာထဲဝင်သွားတာကို သစ်ပင်အကွယ်ကစောင့်ကြည့်နေတဲ့မျက်လုံးတစ်စုံကရှိနေပြန်တယ်။ ဒါကိုတော့ ဘယ်သူမှသတိမထားမိခဲ့ဘူး။
" ငါ့သား ပြန်ရောက်လာတာ အဖေတော့ဝမ်းသာတယ်ကွာ။"
"ဒါနဲ့အဘ ဟိုကောင် 'ဖိုးခွား'သတင်းရောဘာကြားမိသေးလဲ။"
"အဲ့ကောင်အကြောင်းတော့ ပြောမနေချင်တော့ပါဘူးကွာ။ မင်းအဖမ်းခံရပြီးကတည်းက အဲ့ကောင်ရွာကနေပျောက်သွားတယ်လို့ပြောတယ်။"
"အဲ့ကောင်အကြောင်းစုံစမ်းထားရမှာလေအဘရာ။တော်ကြာ ကျုပ်ကိုပြန်ပြီးလက်စားချေမှာစိုးရတယ်ဗျ။"
"အေး။ ငါလည်းအဲ့ဒါကိုတွေးမိလို့ မင်းကို မြို့ကငါ့သူငယ်ချင်းရဲ့သမီးနဲ့ လက်ဆက်ပေးပြီး မြို့မှာပဲနေခိုင်းတော့မှာကွ။ဒီရွာမှာနေရလဲ ၃ ရက်ပေါ့ငါ့သားရာ။"
"ကျုပ်က အဲ့လောက်ကြာအောင်ကိုမနေချင်တော့တာအဘရာ။ မြန်မြန်စီစဉ်လေကောင်းလေပဲ။"
"ရောက်တုန်းရောက်ခိုက် ခဏတော့နေအုံးမှပေါ့။ မင်းပြန်ရောက်လာပြီဆိုတာကို မြို့ကငါ့သူငယ်ချင်းဆီအကြောင်းကြားထားတယ်။ မနက်ဖြန်ပဲသူတို့လာကြလိမ့်မယ်။ မင်းဘက်ကဘာအမှားမှ မလုပ်မိစေနဲ့နော်။ ငါ့ကိုမျက်နှာပျက်အောင်မလုပ်နဲ့ကြားလား။သွား နားချည်တော့။"
"ဟုတ်ကဲ့ အဘ။"
တကယ်တော့ သူကြီးဦးမင်းမောင်နဲ့ သူ့ရဲ့သား မင်းခေါင်တို့က တစ်ကြိတ်တည်းတစ်ဉာဏ်တည်းတွေ။ 'ဖိုးခွား'ရဲ့ရှေ့မှာမို့သာ မင်းခေါင်ကိုရဲလက်အပ်လိုက်ရတာ။ မဟုတ်ရင် သူ့သားကို တစ်နေရာရာပြေးခိုင်းဖို့စဉ်းစားထားတဲ့လူ။ နောက်တစ်ရက်မှာ မြို့ကသူဌေးကြီးဦးကြည်သာနဲ့ သမီးဖြစ်သူ လမင်းမေတို့ 'အိမ်မွှေးရွာ'ကို ရောက်လာကြတယ်။ ရွာထဲကိုမဝင်ခင် သူတို့စီးလာတဲ့ကားရှေ့ကို အမည်မသိလူစိမ်းတစ်ယောက် ဝင်ရပ်လိုက်တယ်။
"ဟေ့ကောင်။ မင်းသေချင်နေတာလား။ ကားရှေ့ဝင်ရပ်မနေနဲ့။ဖယ်စမ်း။"
"ခင်ဗျားတို့က သူကြီးဦးမင်းမောင်ဆီလာကြတဲ့ ဧည့်သည်တွေမလား။"
"မင်း မင်းကဘယ်လိုသိတာလဲ။"
"ကျုပ်ဘယ်လိုပဲသိသိ အရေးမကြီးပါဘူး။ ခင်ဗျားမို့ ကိုယ့်သမီးအလှလေးကို လူယုတ်မာသားအဖေလက်ထဲကိုထည့်ဖို့စဉ်းစားမိတယ်။"
"ဘယ်လိုကွ။ မင်းပြောတာ ငါနားမလည်ဘူး။"
အမည်မသိလူစိမ်းက လွန်ခဲ့တဲ့ ၅ နှစ်ကအကြောင်းကို ဦးကြည်သာတို့သားအဖတွေသိအောင်ပြန်ပြောပြခဲ့တယ်။
"ဟာ ဟုတ် ဟုတ်ပါ့မလားငါ့တူရာ။"
"သိပ်ကိုဟုတ်တာပေါ့။ ကျုပ်ပြောပြတဲ့အကြောင်းအရာထဲမှာပါတဲ့ 'ဖိုးခွား'ဆိုတာ တစ်ခြားသူမဟုတ်ဘူး။ ကျုပ်ကိုယ်တိုင်ပဲ။"
မျက်ရည်တွေစီးကျနေရင်းပြောလိုက်တဲ့ ' ဖိုးခွား'ရဲ့စကားကိုကြားလိုက်ရတော့ စာနာသနားစိတ်တို့ယိုဖိတ်လာတဲ့ ဦးကြည်သာတို့သားအဖက အခုချက်ချင်းပဲမြို့ကို ပြန်ဖို့ဆုံးဖြတ်လိုက်ကြတယ်။
"အခုလို သတိပေးတာကျေးဇူးအထူးတင်တယ်ငါ့တူရာ။ဦးကြီးတို့ကိုခွင့်ပြုပါအုံးနော်။ မြို့ကိုရောက်ရင်လည်း ဦးကြီးတို့အိမ်ကို အချိန်မရွေးဝင်ထွက်သွားလာလို့ရပါတယ်။ဒါကတော့ ဦးကြီးတို့ရဲ့အိမ်လိပ်စာပေါ့။"
သူဌေးကြီးဦးကြည်သာက 'ဖိုးခွား'ရဲ့လက်ထဲကို စာရွက်အပိုင်းအစလေးတစ်ခုထိုးထည့်ပေးပြီးတာနဲ့ လာရာလမ်းအတိုင်း လှည့်ပြန်သွားတော့တယ်။
"ကျုပ်လာချင်ရင်တောင် လာလို့မရလောက်တော့ပါဘူးဦးကြီးရယ်။"
တစ်ယောက်တည်းတီးတိုးရေရွတ်ရင်း 'ဖိုးခွား'ဟာ 'အိမ်မွှေးရွာ'ထဲကို ဝင်ရောက်လာခဲ့ပါတော့တယ်။
***