" အဘ အဘပြောတဲ့လူက ဒီနေ့လာပါအုံးမလားဗျာ။ ညနေတောင်စောင်းနေပြီ။ အခုထိပေါ်မလာသေးဘူး။"
" မလောစမ်းပါနဲ့။ လာလိမ့်မယ်ပေါ့ဟ။ ကိုယ့်ဘာသာအေးဆေးနေစမ်းပါ။"
"ခင်ဗျားတို့မျှော်နေတဲ့လူက လာမှာမဟုတ်တော့ဘူး။ သူတို့အခုပဲ မြို့ကိုပြန်သွားကြပြီ။"
သူကြီးဦးမင်းမောင်တို့သားအဖနှစ်ယောက်စကားပြောနေခိုက် အိမ်ဝိုင်းထဲကိုဝင်လာပြီး သူဌေးကြီးဦးကြည်သာတို့ လာမှာမဟုတ်တဲ့အကြောင်းပြောလာတဲ့ ခေါင်းဆောင်းနဲ့လူစိမ်းကို သေချာစိုက်ကြည့်နေမိကြတယ်။
"နေပါအုံး။ မင်းကဘယ်ကကောင်လဲ။ ငါတို့အိမ်ထဲကိုဘယ်လိုဝင်လာတာလဲ။"
"အော် ကျုပ်အသံကိုမမှတ်မိမှတော့ လူကိုပဲမှတ်မိအောင်ပြရတာပေါ့။ကဲ ကြည့်ကြစမ်း။ကျုပ်ဘယ်သူလဲဆိုတာကို။"
အိမ်ဝိုင်းထဲဝင်လာတဲ့လူစိမ်းက သူ့ခေါင်းပေါ်က ခေါင်းဆောင်းကိုချွတ်ပြလိုက်တော့ သူကြီးဦးမင်းမောင်တို့သားအဖ အံ့ဩမှင်သက်သွားကြတယ်။ ဘာလို့ဆို သူတို့မြင်လိုက်ရတဲ့လူက တစ်ခြားသူမဟုတ်ပဲ လွန်ခဲ့တဲ့ ၅ နှစ်က 'သုံးကန်ရွာ' ကနေပျောက်သွားခဲ့တဲ့ 'ဖိုးခွား'ဖြစ်နေလို့ပေါ့။
"ဟင် မင်း မင်း 'ဖိုးခွား'မဟုတ်လား။"
'ဖိုးခွား'က သူကြီးရဲ့အမေးကိုပြန်မဖြေပဲ လက်ညှိုးထိပ်ကိုကိုက်ကာ သွေးထွက်အောင်ဖောက်လိုက်ပြီး ထွက်လာတဲ့သွေးတွေနဲ့ လေထဲမှာ အင်းကွက်တစ်ကွက်ကို သေသပ်စွာဆွဲလိုက်တယ်။ဖိုးခွားရဲ့လက်ကထွက်လာတဲ့သွေးတွေဟာ ပန်းချီကားတစ်ချပ်ကို ဆေးချယ်သလို နီမြန်းတဲ့အင်းတစ်ချပ်ပေါ်ပေါက်လာစေတယ်။ နောက်တော့ ဖိုးခွားရဲ့လက်ပါးစေဖြစ်တဲ့ မိစ္ဆာတစ်ကောင်ဟာ အင်းချပ်ထဲက ခုန်ထွက်လာခဲ့တယ်။ သူကြီးဦးမင်းမောင်တို့သားအဖေနှစ်ယောက်နဲ့ ဖိုးခွားကလွဲလို့ အဲ့ဒီမိစ္ဆာကိုမဆိုင်တဲ့သူတွေမမြင်ရအောင် သေချာစီရင်ထားခဲ့တယ်။
"ငါ့ ငါ့တူကြီး စိတ်ကိုအေးအေးထားပါကွာ။ ဦး ဦးကြီးတို့ အေးဆေးစကားပြောကြမယ်လေ။ နော် ငါ့တူကြီး။ ဦးကြီးပြောတာကို နားထောင်ပါအုံးကွာ။"
"သောက်အဘိုးကြီးနားငြီးလိုက်တာ။ ဟိုအကောင်ဘာရပ်လုပ်နေတာလဲ။ အဲ့အဘိုးကြီးကို မင်းစိတ်ကြိုက်လုပ်ပစ်လိုက်လို့ရတယ်နော်။ စားချင်စား သတ်ချင်သတ် စိတ်ကြိုက်လုပ်။"
"မ မလုပ်ပါနဲ့။ မလုပ်ပါနဲ့။ အားးးးးးး။"
ရုပ်ပျက်ဆင်းပျက်နဲ့ ကြောက်မက်ဖွယ်မိစ္ဆာကြီးကိုမြင်လိုက်ရတော့ သွေးပျက်မတတ်ထိတ်လန့်နေတဲ့ သူကြီးဦးမင်းမောင်အနားကို ဘယ်ကဘယ်လိုရောက်သွားလဲမသိရတဲ့ လက်ပါးစေမိစ္တာကောင်က ဦးမင်းမောင်ရဲ့ လည်ပင်းကို ကိုက်ခဲလိုက်ချိန် သွေးတွေမြင်မကောင်းအောင်ပန်းထွက်လာခဲ့တယ်။ ဒီမြင်ကွင်းကိုမြင်ပြီး သူကြီးသားမင်းခေါင် သွေးရူးသွေးတန်းနဲ့ထွက်ပြေးပါလေရော။
"မလာနဲ့။ ငါ့ဆီကိုမလာနဲ့။ မလာခဲ့နဲ့။ ထွက်သွား။ အဝေးကိုထွက်သွားစမ်း။"
ညနေစောင်းအချိန် ရွာလယ်လမ်းမအတိုင်းသွေးရူးသွေးတန်းတွေအော်ဟစ်ရင်းပြေးသွားတဲ့ မင်းခေါင်ရဲ့နောက်ကို တပ်ကြပ်မကွာလိုက်လာသူက အငြှိုးများစွာနဲ့ လက်စားချေမဲ့ 'ဖိုးခွား'။ 'ဖိုးခွား'ရဲ့ သွေးအင်းထဲကထွက်လာတဲ့ မိစ္ဆာကောင်ကို မင်းခေါင်ကလွဲလို့ ကျန်တဲ့လူတွေမမြင်ရတာမို့ ရွာထဲကလူတွေကတော့ မင်းခေါင်တစ်ယောက် ရူးသွပ်သွားပြီလို့ပဲ ထင်လိုက်ကြတယ်။ ရွာကိုတစ်ပတ်ပြည့်အောင်ပတ်ပြေးသွားပြီးချိန်မှာ မင်းခေါင်ဟာ လွတ်လမ်းကိုရှာရင်း 'အိမ်မွှေးရွာ'သုဿန်အတွင်းကို ရောက်ရှိလာခဲ့တယ်။
"ဟူးးးးးး။ ဒီထဲမှာဆို ဟိုကောင့်လက်ကလွတ်လောက်ပြီထင်ပါရဲ့။"
အုတ်ဂူတွေအကွယ်ကြားမှာ သက်ပြင်းချရင်း 'ဖိုးခွား'ရဲ့လက်ကနေလွတ်အောင်ပြေးလာခဲ့တဲ့ မင်းခေါင် ရှိနေတယ်။ ဒါကိုသိတဲ့ 'ဖိုးခွား'ကလည်း အသံပြုရင်း သုဿန်အတွင်းကိုဝင်လာခဲ့ပြီ။
" ဘယ်မှာလဲ မင်းခေါင်ရေ။ ငါမင်းကိုလိုက်ရှာနေပြီ။ လွတ်အောင်ပြေးထားနော်။ ဟားးးးဟားးးးဟားးးး။"
'ဖိုးခွား'ရဲ့အသံကိုကြားလိုက်ရတဲ့အချိန် ကြောက်လန့်တကြားအော်ဟစ်ရင်း သုဿန်ဇရပ်ရှိရာဘက်ကို ပြေးသွားတဲ့ မင်းခေါင်ကို 'ဖိုးခွား'မြင်လိုက်ရပြီ။ သုဿန်ဇရပ်ပေါ်မှာ လူသုံးယောက်ထိုင်နေတာကိုမြင်လိုက်ရတော့ မင်းခေါင်အားတက်သွားပြီး သုတ်ချေတင်ပြေးတော့တယ်။
"ကျုပ် ကျုပ်ကို လိုက်သတ်နေလို့ ကယ်ကြပါအုံးဗျာ။ ကယ်ကြပါအုံး။"
"ဟာ ဟေ့လူ ခင်ဗျားဘာဖြစ်လာတာလဲ။ တစ်ကိုယ်လုံးလည်းချွေးတွေ ရွှဲလို့။ ထ ထ ။"
အသက်ခပ်လတ်လတ် လူတစ်ယောက်က ဇရပ်ပေါ်ကပြေးဆင်းလာပြီး မင်းခေါင်ကိုဆွဲထူပေးတယ်။ အဲ့ဒီနောက် ဇရပ်ပေါ်မှာထိုင်နေတဲ့ လူနှစ်ယောက်ဆီခေါ်ဆောင်သွားတော့တယ်။
" ဆရာ ဒီလူဒုက္ခရောက်လာတာလားမသိဘူး။ သူ့ကိုတစ်ယောက်ယောက်က လိုက်ပြီးသတ်နေလို့တဲ့။"
"ဟုတ် ဟုတ်ပါတယ်ဆရာရယ်။ ကျုပ်ကိုကယ်ပါအုံးဗျာ။ ဖိုးခွားဆိုတဲ့ တစ်ယောက်က သူမွေးထားတဲ့သရဲကြီးကိုလွှတ်ပြီး ကျုပ် ကျုပ်ကိုလိုက်သတ်နေလို့ပါ။ ကျုပ် ကျုပ်အဖေလည်း အဲ့ဒီသရဲကြီးသတ်လိုက်လို့ သေ သေသွားပါပြီဗျာ။"
အသက်ငယ်ငယ်နဲ့ဥပဓိရုပ်ကောင်းတဲ့ လူငယ်ဆရာကို အမောတကောနဲ့ရှင်းပြနေခိုက် မင်းခေါင်တို့ရှိရာကို ဖိုးခွားရောက်လို့လာခဲ့တယ်။
"ဟေ့ကောင် မင်းခေါင် မင်းကပထွေးတွေအားကိုးနဲ့ ငါ့ကိုယှဉ်ချင်တာလား။"
"ဟေ့ ဟေ့ ခင်ဗျားတို့ဘာဖြစ်လာကြတယ်တော့ကျုပ်တို့မသိဘူး။ ဘာ့ကြောင့်အခုလိုလိုက်သတ်နေရတာလဲဆိုတာကိုတော့ ပြောပြသင့်တယ်မထင်ဘူးလား။"
မင်းခေါင်ကို ဇရပ်ပေါ်ခေါ်လာတဲ့လူက ဖိုးခွားကိုမေးလိုက်တယ်။
"ခင်ဗျားတို့သိချင်နေမှတော့ ပြောပြရသေးတာပေါ့။ ခင်ဗျားတို့ရှေ့က အဲ့ဒီလူယုတ်မာက ကျုပ်ညီမကို အဓမ္မကျင့် ရက်ရက်စက်စက်သတ်ပစ်ခဲ့တာကိုတောင် ထောင် ၅ နှစ်ပဲကျပြီး ပြန်လွတ်လာတဲ့ကောင်ဗျ။ ခင်ဗျားတို့ အနေနဲ့ရော ကျုပ်နေရာမှာဝင်ခံစားကြည့်ဖူးလား။"
သူ့ရဲ့စကားသံကြောင့် ဇရပ်ပေါ်ကလူငယ်ဆရာရဲ့ဘေးပတ်လည်မှာ အနက်ရောင်အခိုးအငွေ့တွေထွက်လာတာကို ဖိုးခွားမြင်လိုက်ရတယ်။ အဲ့ဒါကိုကြည့်ခြင်းအားဖြင့် ဇရပ်ပေါ်ကလူဟာလည်း ဘယ်လိုဆရာမျိုးလဲဆိုတာ ဖိုးခွားသိလိုက်တယ်။
"ဘယ်လိုပဲနေနေ။ ကျုပ်တို့ရှေ့မှာတော့ ခင်ဗျားကို လူသတ်ခွင့်မပြုနိုင်ဘူး။ ကျုပ်ရှေ့ကလူကိုတော့ ကျုပ်အတတ်နိုင်ဆုံး ကာကွယ်ရမှာပဲ။"
လူငယ်ဆရာဟာ ထိုင်နေရာကထလာပြီး ဇရပ်အောက်ကိုဆင်းမဲ့ဟန်ပြင်လိုက်တယ်။
" ဆရာ ကျုပ် ကျုပ်ကိုကယ်ပေးပါနော်ဆရာ။ ကျုပ်ဆရာတောင်းသလောက်ပေးနိုင်ပါတယ်ဗျာ။ ကျုပ်အသက်ကိုသာကယ်ပေးပါ။"
" ဘာမှစိတ်မပူပါနဲ့။ကျုပ်အတတ်နိုင်ဆုံး ကြိုးစားကြည့်ပေးပါ့မယ်။"
"အား အားကိုးပါတယ်ဆရာရယ်။"
လူငယ်ဆရာက ဇရပ်အောက်ကိုရောက်တော့ ဖိုးခွားကိုစတင် စိန်ခေါ်တော့တယ်။
"ဒီမယ်ဟေ့လူ။ ခင်ဗျားနဲ့ကျုပ်နဲ့ပညာပြိုင်မယ်။ ခင်ဗျားကျုပ်ကိုနိုင်ရင် အဲ့ဒီဇရပ်ပေါ်ကလူကို ခင်ဗျားစိတ်ကြိုက်လုပ်နိုင်တယ်။ ကျုပ်ကခင်ဗျားကိုနိုင်ရင် ခင်ဗျားအဲ့ဒီလူကို လက်ဖျားနဲ့တောင်မထိရဘူး။"
"ဖြစ်ပါ့မလားဆရာရယ်။ တကယ်ဆိုဟိုလူက ကယ်ဖို့တောင်မထိုက်တဲ့လူကို ဆရာကယ်မလို့လား။"
"ကျုပ်လုပ်နေတာကျုပ်သိပါတယ်ဗျ။ ဘေးဖယ်နေလိုက်တော့နော်။ ကျုပ်တို့စတော့မယ်။"
ခပ်ငယ်ငယ်ဆရာရဲ့ဘေးကို အသက်ခပ်လတ်လတ်လူက တီးတိုးလာပြောတာကိုလက်မခံပဲ ပညာပြိုင်ဖို့ကိုပဲ ပြင်ဆင်နေတာတွေ့ရတယ်။ဇရပ်ပေါ်မှာရှိနေတဲ့တစ်ယောက်ကတော့ မလှုပ်မရှက်ရပ်ကြည့်လို့နေတယ်။ တစ်ဖက်လူကစိန်ခေါ်နေပြီဆိုမှတော့ ဖိုးခွားကလည်း လက်ခံဖို့ကလွဲပြီး အခြားရှိမနေခဲ့ဘူး။
"ကောင်းပြီလေ။ စိန်လိုက်ကြတာပေါ့။"
ဖိုးခွားက သူ့ရဲ့လက်ချောင်းထိပ်ကို ကိုက်ပြီးသွေးထွက်အောင်လုပ်ကာ မင်းခေါင်တို့အိမ်မှာတုန်းကလုပ်သလို လေထဲမှာ သွေးအင်းကွက်ဆွဲလိုက်ပြန်တယ်။ ဒီတစ်ခါဆွဲတာက တစ်ကွက်တည်းမဟုတ်ပဲ အင်းကွက်တွေက အလိုလိုပွားလာခဲ့ပြီး သူ့ရဲ့ခန္ဓာကိုယ်ပတ်လည်မှာ ဝန်းရံထားလိုက်တယ်။ ပျောက်ဆုံးကွယ်ပျောက်နေတာကြာပြီဖြစ်တဲ့ သွေးအင်းပညာကို မျက်ဝါးထင်ထင်တွေ့လိုက်ရချိန်အသက်ငယ်ငယ်ဆရာရဲ့မျက်နှာမှာ အံ့အားသင့်မှုတွေက အတိုင်းသားထွက်ပေါ်လို့နေတယ်။ ဖိုးခွားရဲ့သွေးအင်းကွက်တွေထဲကနေ အစွမ်းထက်လွန်းတဲ့ ရုပ်ပျက်ဆင်းပျက်မိစ္ဆာကောင်တွေများစွာထွက်လာခဲ့တယ်။
"ဖောင်းး။ ဖောင်းး။ ဖြောင်း။ အုံး။"
အသက်ငယ်ငယ်ဆရာက သူ့ဆီပြေးဝင်လာတဲ့ မိစ္ဆာကောင်တွေကို အနားမကပ်နိုင်အောင် စက်တွေနဲ့တရစပ်ပစ်ရင်း အကာအကွယ်ပြုနေတယ်။ သို့ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အသက်ငယ်ငယ်ဆရာရဲ့သက်လုံအားလည်း ကျဆင်းလာဟန်တူပါရဲ့။ သူပစ်တဲ့စက်တွေက ပထမဆုံးပစ်လွှတ်တဲ့စက်တွေလောက် အားကောင်းမနေတော့ဘူး။ တဖြေးဖြေး ဖိုးခွားဘက်ကအသာစီးရလာပြီး အင်းကွက်ထဲကထွက်လာတဲ့ မိစ္ဆာတွေဟာ အသက်ငယ်ငယ်ဆရာကို လှုပ်မရနိုင်အောင် ချုပ်ထားလိုက်ကြတယ်။
"အခုတော့ အရှုံးကိုကျုပ်လက်ခံရတော့မယ်။ ဒီပညာပြိုင်ပွဲမှာကျုပ်ရှုံးပါပြီ။ဟိုလူကိုလည်း ခင်ဗျားစိတ်ကြိုက်စီရင်ပါတော့ဗျာ။"
အသက်ငယ်ငယ်ဆရာက သူ့ရဲ့အရှုံးကိုလက်ခံလိုက်ပြီး ဖိုးခွားထံ မင်းခေါင်ကို အပြည့်အဝအပ်နှင်းလိုက်တယ်။
"အယုတ်တမာကောင်။ သေပေတော့။ "
"မလုပ်ပါနဲ့။ မ မလုပ်ပါနဲ့ဖိုးခွားရာ။ ငါတောင်းပန်ပါတယ်။အားးးးးးးး။"
မင်းခေါင်ဟာ ဖိုးခွားရဲ့သွေးအင်းကွက်ထဲကထွက်လာတဲ့ မိစ္ဆာလက်ပါးစေတစ်ကောင်ရဲ့အစာအဖြစ်ကိုရောက်ရှိသွားပြီး အသံနက်ကြီးနဲ့အော်ဟစ်ကာ ပျောက်ကွယ်သွားတော့တယ်။
"ဒါနဲ့ ဒီကဆရာကိုကျုပ်မေးပါရစေ။"
"မေးပါ။ ဘာများတုန်းဗျ။"
"ဆရာ့ရဲ့ပညာအဆင့်နဲ့ ကျုပ်လိုလူကို အသာလေးနိုင်နေတာတောင် ဘာလို့များအရှုံးပေးဖို့ကိုရွေးချယ်လိုက်ရတာလဲဆိုတာကျုပ်သိချင်လို့ပါ။"
ဇရပ်ပေါ်ကိုပြန်တက်သွားတဲ့ အသက်ငယ်ငယ်ဆရာရှိရာကို သွားလိုက်ပြီး ဖိုးခွားသိချင်နေတာတွေမေးလိုက်တယ်။ အဲ့ဒီအခါမှာ အသက်ငယ်ငယ်ဆရာက အောက်ပါအတိုင်းပြန်ဖြေခဲ့တယ်။
"အတိတ်မှာတုန်းက ကျုပ်မှာလည်း သိပ်ချစ်ရတဲ့ညီမလေးတစ်ယောက်ရှိခဲ့ဖူးတာမို့ ကိုယ်ချင်းစာလို့ လို့ပဲမှတ်ပါ။ ကိုဖိုးခွား။"
"အော် ဒီလိုလား။ ဆရာ့ရဲ့အမည်နာမကို ကျုပ်သိခွင့်ရှိမလား။"
"ကျုပ်နာမည်က 'စိုင်းမောက်' ။ ဒါကတော့ ကျုပ်ရဲ့ပထမဆုံးတပည့် 'အာဋာဝကဖိုးတေ'တဲ့။ ဟော ဟိုဘက်ကတော့ ကျုပ်နဲ့အတူခရီးထွက်တာသိပ်မကြာသေးတဲ့ 'ကိုးမှော်ရှင် မိုးကြိုး'တဲ့ဗျာ။"
" အော် 'ဆရာစိုင်းမောက်'တဲ့လား။ ဆရာစိုင်းမောက်။ ဆရာစိုင်းမောက်။"
ဖိုးခွားက သူတွေ့ဆုံခဲ့ရတဲ့ ဆရာတစ်ယောက်ရဲ့နာမည်ကို တတွတ်တွတ်ရေရွတ်ရင်း ညအမှောင်ထုထဲကို တိုးဝင်ပျောက်ကွယ်သွားပါတော့တယ်။
***
ပြီး။
မှတ်ချက်။ ။စိတ်ကူးယဉ်ရေးသားထားသော ဇာတ်လမ်းဖြစ်ပါသဖြင့် အမှားများပါခဲ့သည်ရှိသော် နားလည်ခွင့်လွှတ်ပေးကြဖို့ မေတ္တာရပ်ခံတောင်းပန်အပ်ပါသည်။
သင်ဆရာ မြင်ဆရာ ကြားဆရာအပေါင်းအား
ဦးထိပ်ထားလျက်
လေးစားစွာဖြင့်
မောင်ပိုင်(ပုလဲ)