"မင်္ဂလာ နံနက်ခင်းပါ မစ္စတာ ကော်ရီပို..."
ရှေ့တွင် ရပ်နေသော ကော်ရီပိုအား ကြည့်ရင်း ချင်ဟန်က အနီးသို့ လျှောက်သွားကာ ရိုသေစွာ နှုတ်ဆက်လိုက်၏။
ကော်ရီပိုက ချင်ဟန်အား အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် လှမ်းကြည့်လာသည်။
"မင်းက ဘာလို့ ဒီလောက်စောစော ရောက်နေရတာလဲ..." သူက ချင်ဟန်ကို ကြည့်ရင်း မေးလိုက်သည်။ "အိပ်ရာထဲမှာ အချိန်ပိုလေး ဘာလေး မနေချင်ဘူးလား..."
"မလိုပါဘူး... ကျွန်တော်က ဒီလိုပဲ ကျင့်သားရနေလို့ပါ..." ချင်ဟန်က မထူးခြားနားပင်။
"မဆိုးပါဘူး..."
ကော်ရီပိုက ခေါင်းညိတ်ပြပြီး နောက်ထပ် ဘာမှ ဆက်မပြောတော့ချေ။
ချင်ဟန်ကလည်း ဘာမှပြန်မပြောတော့ဘဲ ဘေးတစ်ဖက်တွင် တိတ်တဆိတ် ဝင်ရပ်နေ၏။
သေချာသည်ကတော့ သူ ထိုနေရာတွင် ဘာမှမလုပ်ဘဲ အလကား ရပ်နေခဲ့ခြင်း မဟုတ်ပေ။
ကော်ရီပို၏ အနည်းငယ် အံ့အားသင့်နေသော အကြည့်များအောက်မှာပင် သူက ဓားကို ကောက်ကိုင်ပြီး လေ့ကျင့်ရန် နေရာလွတ် တစ်ခုအား ရှာဖွေလိုက်တော့သည်။
သူ လေ့ကျင့်နေသည်မှာ ယခင် ပုံရိပ်ယောင်ကမ္ဘာထဲတွင် ကိုယ်တိုင် ဖန်တီးခဲ့သော ဓားသိုင်းကွက်များပင် ဖြစ်သည်။
ခြောက်လတာ အချိန် ကုန်လွန်ပြီးနောက် သူက သူ့ သိုင်းကွက် အများစုအား ပြန်လည် ဆုပ်ကိုင်နိုင်ခဲ့ပြီ ဖြစ်ပြီး သူ့ဓားချက်များမှာ သိုင်းပညာရှင် အကျော်အမော် တစ်ဦးကဲ့သို့ ပြတ်သား အားကောင်းနေလေပြီ။
"အဲ့ဒီ ဓားသိုင်းတွေက..."
ဘေးတစ်ဖက်မှ အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက် ကော်ရီပိုလည်း မနေနိုင်တော့ဘဲ စကားစလာ၏။
"ဒီဓားသိုင်းတွေကို မင်း ဘယ်ကနေ သင်ယူလာခဲ့တာလဲ..."
ငါးစာ မိသွားခဲ့လေပြီ။
ထိုအသံကို ကြားလိုက်ရသဖြင့် ချင်ဟန်မှာ စိတ်ထဲ၌ အလွန် ဝမ်းမြောက်သွားသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်ကာ အနည်းငယ် အံ့အားသင့်သွားသည့် အမူအရာကိုသာ ဖော်ပြလိုက်သည်။
"ကျွန်တော့်အဖေရဲ့ ကိုယ်ရံတော် တပ်မှူးက သင်ပေးခဲ့တာပါ... ကျွန်တော် ငယ်ငယ်လေး ကတည်းက သူ့ဆီမှာ သိုင်းသင်ခဲ့တာ..." ချင်ဟန်က ရိုသေလေးစားသော အမူအရာဖြင့် ပြောပြီး အရာအားလုံးကို လက်တွေ့တွင် မရှိသော ထိုတပ်မှူး ဆိုသူထံသို့ လွှဲချလိုက်တော့၏။
"အရမ်းကို ကောင်းမွန်တဲ့ ဓားသိုင်းတွေပဲ..." ကော်ရီပို၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး မျက်လုံးထဲတွင် ချီးကျူးလိုသည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။ "ကြည့်ကောင်းရုံ သက်သက် ဖန်တီးထားတဲ့ ဟန်ပြဓားသိုင်းတွေထက် အများကြီး ပိုပြီး အသုံးဝင်တယ်..."
"မင်းအဖေရဲ့ တပ်မှူးက သေချာပေါက် အရမ်းကို ရဲရင့်တဲ့ စစ်သည်တော် တစ်ယောက် ဖြစ်ရမယ်..." သူက ချင်ဟန်အား စိုက်ကြည့်ရင်း မှတ်ချက်ပြုလိုက်၏။
ထိုသို့ ပြောနေရင်းမှ ရှေ့တွင်ရှိသော ချင်ဟန်ကို ကြည့်ကာ သူ့စိတ်ထဲ၌ မျက်နှာသာ ပေးလိုစိတ်များ ပိုဖြစ်ပေါ်လာတော့သည်။
သူ့ကဲ့သို့သော စစ်သည်တော် တစ်ယောက် အနေဖြင့် ဤမျှ ပြောင်မြောက်သည့် ဓားသိုင်းကွက် တစ်ခုအား ပိုင်ဆိုင်နိုင်ရန် မည်မျှ ပေးဆပ်ရမည်ကို ကောင်းစွာ နားလည်ထားသည်။
ဆရာကောင်း တစ်ယောက် ရှိနေသည့်တိုင် ချင်ဟန် အနေဖြင့် ဤကဲ့သို့သော ကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိလာရန်မှာ သူ့ မွေးရာပါ ပါရမီနှင့် ကြိုးစား အားထုတ်မှုတို့က လုံးဝကို ထူးကဲနေမှသာ ဖြစ်နိုင်ပေမည်။
ယခင်က သူတို့ ဆုံတွေ့ခဲ့ဖူးသော အဖြစ်အပျက်များနှင့် ပေါင်းစပ်လိုက်ချိန်တွင် လုံ့လဝီရိယ ရှိပြီး ရိုသေလေးစားတတ်သော လူငယ်တစ်ဦး၏ ပုံရိပ်က ကော်ရီပို၏ စိတ်ထဲ၌ ထင်ဟပ်လာခဲ့လေပြီ။
ဤသည်မှာ ချင်ဟန် လိုချင်နေသော အရာပင်။
ကော်ရီပိုထံမှ အကျိုးအမြတ်များ ရရှိရန်အတွက် အရင်ဆုံး သူနှင့် ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ရပေမည်။
ထိုကဲ့သို့ ခိုင်မာသော ဆက်ဆံရေး တစ်ခု တည်ဆောက်နိုင်မှသာ ကော်ရီပို၏ အရင်းအမြစ်များကို ရယူနိုင်မည် ဖြစ်ပြီး ထိုမှတစ်ဆင့် သူ့အနေဖြင့် လျင်မြန်စွာ ပိုသန်မာလာနိုင်မည် မဟုတ်ပါလား။
ကော်ရီပို၏ စိတ်ထဲတွင် ပုံရိပ်ကောင်း တစ်ခု ဖန်တီးနိုင်ခြင်းက ထိုအစီအစဉ်၏ ပထမဆုံး ခြေလှမ်းပင် ဖြစ်သည်။
ချင်ဟန်က ရပ်နေရင်းမှ ကော်ရီပိုအား တစ်ချက် အကဲခတ်ပြီး တဖက်လူမှာ ထပ်မံ စကားဆိုမည့် အရိပ်အယောင် မပြတော့သဖြင့် ပြန်လှည့်ကာ သူ့လေ့ကျင့်မှုကိုသာ ဆက်လုပ်နေလိုက်၏။
ထိုအချိန် တစ်လျှောက်လုံး ကော်ရီပိုကလည်း မည်သည့်စကားမှ မဆိုတော့ဘဲ တိတ်တဆိတ်သာ စောင့်ကြည့်နေခဲ့သည်။
ခဏအကြာတွင် ခြေသံများ ထွက်ပေါ်လာပြီး အခြား တစ်စုံတစ်ယောက် ရောက်ရှိလာ၏။
ထိုသူမှာ ချင်ဟန်နှင့် ရင်းနှီးကျွမ်းဝင်ပြီးသား လူပင်။
ချင်ဟန် လှည့်ကြည့်လိုက်ရာ ဖရူဒို တစ်ယောက် အလျင်စလို လျှောက်လာနေသည်ကို မြင်လိုက်ရသည်။
သူက ချင်ဟန်ကို မြင်သည်နှင့် အနည်းငယ် အံ့အားသင့်သွားပုံ ရပြီး အနီးသို့ လျှောက်လာခဲ့သည်။
ဤလုပ်ငန်းစဉ် တစ်လျှောက် ကော်ရီပိုက တစ်ခွန်းမျှ ဝင်မပြောဘဲ ဖရူဒို လျှောက်လာသည်ကိုသာ ခွင့်ပြုထားလိုက်သည်။
ထို့နောက် အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားတော့သည်။
ကောင်းကင်ယံ ပိုလင်းထိန်လာသည်နှင့်အမျှ အခြားလူများလည်း တစ်ယောက်ပြီး တစ်ယောက် စုရုံး ရောက်ရှိလာကြ၏။
သို့သော် ယခု ရောက်ရှိနေသူ အရေအတွက်မှာ ပြီးခဲ့သည့် အကြိမ်က ကော်ရီပို ရွေးချယ်ထားခဲ့သော လူအရေအတွက်ထက် လျော့နည်းနေသယောင် ထင်ရသည်။
ချင်ဟန်က ပတ်ပတ်လည်ကို အကဲခတ်ကြည့်လိုက်၏။
ပြီးခဲ့သော အတန်းချိန်တွင် ကော်ရီပိုက လူရှစ်ယောက်ခန့်ကို ရွေးချယ်ခဲ့သော်လည်း ယခုအခါတွင်မူ သူနှင့် ဖရူဒို အပါအဝင် လူငါးယောက်သာ ရှိနေခြင်း ဖြစ်သည်။
ကျန်ရှိနေသော သုံးယောက်ကိုမူ မည်သည့် နေရာတွင်မှ ရှာမတွေ့တော့ပေ။ မနေ့က ဖြစ်ရပ်များကြောင့် ကြောက်လန့်သွားကြခြင်းလော သို့မဟုတ် အချိန်နောက်ကျ နေကြခြင်းလော ဆိုသည်ကိုတော့ သေချာ မသိနိုင်ချေ။
သို့သော် အကြောင်းပြချက် မည်သို့ပင် ရှိစေကာမူ ကော်ရီပို၏ စကားများအရ သူတို့မှာ ယခုအခါ အတန်းထဲမှ နှင်ထုတ်ခံလိုက်ရပြီ ဖြစ်ပြီး နောက်ထပ် လာရောက်ခွင့်များပါ ဆုံးရှုံးသွားခဲ့လေပြီ။
ချင်ဟန်လည်း တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
လူတွေဆိုတာ ဒီလိုပါပဲလေ...
မျက်စိရှေ့မှောက်တွင် ကြီးမားလှသော အခွင့်အရေးကြီး တစ်ခု ရှိနေပါလျက်နှင့်ပင် အရေးတယူ တန်ဖိုးမထားတတ်ကြပေ။
"ကြည့်ရတာ လူအစုံ ရောက်ပြီထင်တယ်..."
ကော်ရီပိုက အချိန်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူ့ရှေ့ရှိ လူငါးယောက်ကို ကြည့်ကာ တည်ငြိမ်စွာ စကားစ၏။ ထို့နောက် သူက ခါးမှ ဓားကို ဆွဲထုတ်လိုက်သည်။
သူက မှိန်ဖျော့ဖျော့ နေရောင်ခြည်အောက်တွင် အလင်းပြန်နေသော ငွေရောင် ဓားကို အဆက်မပြတ် ဝှေ့ယမ်း ပြသသည်။ ထိုဓားကို ကြည့်ရင်း မနေ့က သွေးထွက်သံယို မြင်ကွင်းကို ပြန်လည် မြင်ယောင်လာသဖြင့် အချို့လူများ၏ မျက်နှာမှာ ဖြူရော်နေလေပြီ။
ချင်ဟန်ကတော့ ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေပြီး ဖရူဒို တစ်ယောက် ဘာလုပ်မည်လဲဟု အကဲခတ်နေလိုက်သည်။
သူ ကြည့်နေစဉ်မှာပင် ဖရူဒိုကလည်း လက်ကို ဆန့်ထုတ်လိုက်၏။
ကော်ရီပိုက ဓားကို ထူးခြားသော ကိုယ်နေဟန်ထားများဖြင့် ဝှေ့ယမ်းကာ လှုပ်ရှားမှု မျိုးစုံကို ပြသနေသည်။
ဓားချက်များမှာ လေထုကို ဖြတ်သန်းကာ အဆက်မပြတ် လင်းလက်သွားပြီး ငွေရောင် အလင်းတန်းများ ပျံ့လွင့်လာ၏။
"ငါ အခုလေးတင် လုပ်ပြသွားတဲ့ အတိုင်း လိုက်လုပ်ကြည့်ကြ..."
ကော်ရီပိုက သိုင်းကွက်များကို အဆုံးသတ်ပြီးနောက် တခြား ဘာမှ ထပ်မလုပ်တော့ဘဲ တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။
အောက်ဘက်ရှိ လူငါးယောက်မှာ ဘာလုပ်ရမှန်း မသိတော့ဘဲ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေမိကြသည်။
ကော်ရီပို၏ လှုပ်ရှားမှုများမှာ အရမ်း မမြန်သလို အရမ်းလည်း နှေးကွေး မနေခဲ့ပေ။ သို့သော် သူ့ သိုင်းကွက်များမှာ အတော်လေး ရှုပ်ထွေးနက်နဲပြီး ခိုင်မာသော အခြေခံ မရှိပါက ပုံတူကူးရန် လုံးဝ မဖြစ်နိုင်ချေ။
တစ်ကြိမ်တည်း မြင်ဖူးရုံဖြင့် သူ့လှုပ်ရှားမှုများ အတိုင်း တစ်ပုံစံတည်း လိုက်လုပ်ခိုင်းခြင်းက အနည်းငယ်တော့ လွန်ကျူးနေသလိုပင်။
သို့သော် မည်မျှပင် ခက်ခဲနေပါစေ သူတို့ကတော့ ကြိုးစားကြည့်ရမည်သာ။
ကော်ရီပို၏ အေးစက်စက် အကြည့်များအောက်တွင် သူတို့ငါးယောက်မှာ ကြိတ်မှိတ်၍သာ ထိုသိုင်းကွက်များကို ပုံတူကူးရန် ကြိုးစားလိုက်ကြရတော့သည်။
မျှော်လင့်ထားသည့် အတိုင်းပင် လူတိုင်း၏ လှုပ်ရှားမှုများမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီး မည်သူကမှ သိုင်းကွက် အစုံအလင်ကို မလုပ်ပြနိုင်ပေ။
သိုင်းကွက် အားလုံးကို အပြည့်အဝ မှတ်မိရန် အစွမ်းကုန် ကြိုးစားခဲ့သော ချင်ဟန်ပင်လျှင် တစ်စိတ်တစ်ပိုင်းကိုသာ ခက်ခက်ခဲခဲ လိုက်လုပ်နိုင်ခဲ့၏။
ဖရူဒိုမှာလည်း သူ့နည်းတူ အခြေအနေ ဆိုးနေခဲ့သည်။
လူငါးယောက်ထဲတွင် သူတို့နှစ်ယောက်က အကောင်းဆုံး လုပ်ပြနိုင်ခဲ့သော်လည်း အားလုံးကိုမူ မမှတ်မိနိုင်ကြချေ။
ကံကောင်းစွာဖြင့် ကော်ရီပိုက ဆူပူကြိမ်းမောင်းခြင်း မပြုဘဲ တိတ်တဆိတ်သာ စောင့်ကြည့်နေခဲ့သည်။
ထို့နောက် သူက သိုင်းကွက်များကို ထပ်မံ ပြသပေးပြီး သူတို့ကို လိုက်လုပ်စေကာ အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ လေ့ကျင့်စေခဲ့၏။
"သုံးရက်..." သူက ကျောင်းသား ငါးယောက်ကို ကြည့်၍ လက်ချောင်း သုံးချောင်း ထောင်ပြကာ အေးစက်စက် အသံဖြင့်...
"ငါ ဒီသိုင်းကွက်တွေကို သုံးရက်ပဲ ဆက်သင်ပေးမယ်..."
"သုံးရက် ပြည့်တာနဲ့ နောက်ထပ် သိုင်းကွက်အသစ် သင်မယ်..."
စကားအဆုံးတွင် သူက လှည့်ထွက်သွားတော့သည်။
သုံးရက်တဲ့လား...
တဖြည်းဖြည်း ဝေးကွာသွားသော ကော်ရီပို၏ ကျောပြင်ကို ကြည့်ရင်း ချင်ဟန် မျက်မှောင်ကြုတ်လိုက်မိ၏။
ဒီသိုင်းကွက် တစ်ခုတည်းကိုပဲ သုံးရက် သင်ပေးမှာလား...
ဆိုလိုသည်မှာ သူတို့သာ ထိုသုံးရက်အတွင်း မတတ်မြောက်ပါက နောက်ကောက်ကျ ကျန်ရစ်ခဲ့မည် ဖြစ်သည်။
ထိုအချိန်သို့ ရောက်လာပါက ဆက်လက် သင်ယူရန်မှာ ပို၍ပင် ခက်ခဲသွားပေလိမ့်မည်။
ထိုသည်ကို တွေးမိသည်နှင့် ချင်ဟန်၏ ရင်ထဲ၌ စိုးရိမ် ပူပန်မှုတို့ မြင့်တက်လာတော့၏။
သူက ရပ်နေရာမှနေ၍ ဖရူဒိုကို လှမ်းကြည့်လိုက်သည်။
ဖရူဒိုမှာလည်း ကော်ရီပို ထွက်ခွာသွားရာ လမ်းကြောင်းကို စိုက်ကြည့်နေပြီး မျက်နှာထက်တွင် ဆုံးဖြတ်ချက် ခိုင်မာနေသည့် အမူအရာများ ပေါ်လွင်နေ၏။
ကော်ရီပို ထွက်ခွာသွားပြီးနောက် ယနေ့အတွက် အတန်းချိန် ပြီးဆုံးသွားခဲ့လေပြီ။
အဆောင်သို့ ပြန်ရောက်သည်နှင့် ချင်ဟန်က အနားမယူတော့ဘဲ ချက်ချင်းပင် စတင် လေ့ကျင့်တော့သည်။
သူက ထိုသိုင်းကွက်များကို လုံးဝ မမေ့ပစ်နိုင်တော့သည် အထိ ကြွက်သား မှတ်ဉာဏ်များအဖြစ် အသွင်ပြောင်းလဲရန် အသည်းအသန် လေ့ကျင့်နေခဲ့၏။
အစပိုင်းတွင် သူက ထူးခြားမှု တစ်စုံတစ်ရာကို သတိမထားမိဘဲ အနည်းငယ် ပင်ပန်းနွမ်းနယ်နေသည်ကိုသာ ခံစားခဲ့ရသည်။
သို့သော် တဖြည်းဖြည်းနှင့် ချင်ဟန် တစ်ယောက် ထူးခြားသော တစ်စုံတစ်ရာအား စတင် ခံစားလာရတော့၏။
"ငါ့ခန္ဓာကိုယ်ထဲက သက်စောင့်စွမ်းအင်တွေ ဆူပွက်လာနေတယ်..."
နေရာလွတ် တစ်ခုပေါ်တွင် ရပ်နေသော ချင်ဟန်မှာ သူ့ခန္ဓာကိုယ် အတွင်းရှိ အပြောင်းအလဲများကို ခံစားမိလိုက်သဖြင့် အတော်လေး အံ့အားသင့်သွားခဲ့လေပြီ။
End
***