သက်စောင့်စွမ်းအင်မှ ထူးခြားသော တုံ့ပြန်မှုများ ဖြစ်ပေါ်လာခြင်းမှာ လုံးဝကို သာမန် မဟုတ်ချေ။
သက်စောင့်မျိုးစေ့ကို နိုးထစေပြီး အစစ်အမှန် သူရဲကောင်း တစ်ယောက် မဖြစ်လာမီတွင် သူရဲကောင်းများ အနေဖြင့် သူတို့၏ သက်စောင့်စွမ်းအင်ကို မထိန်းချုပ်နိုင်ကြပေ။
ပုံမှန်အားဖြင့် သူရဲကောင်းများ၏ သက်စောင့်စွမ်းအင်မှာ အကန့်အသတ်ရှိသော အခြေအနေများမှ လွဲ၍ သူတို့၏ ခန္ဓာကိုယ်အတွင်း၌ ငြိမ်းချမ်းစွာ ပုန်းအောင်းနေလေ့ ရှိပြီး တုံ့ပြန်မှု သိပ်မပြတတ်ချေ။
ချင်ဟန်အတွက်မူ သူ့ သက်စောင့်စွမ်းအင်မှာ သူရဲကောင်း အသက်ရှူကျင့်စဉ်ကို လေ့ကျင့်နေချိန်မှသာ တုံ့ပြန်လေ့ ရှိပြီး သူ့ ခန္ဓာကိုယ်အတွင်း အလိုအလျောက် လှည့်ပတ်နေမည် ဖြစ်သည်။
လက်ရှိတွင် သူက သူရဲကောင်း အသက်ရှူကျင့်စဉ်ကို လေ့ကျင့်နေခြင်း မဟုတ်သော်ငြား သက်စောင့်စွမ်းအင်များ ဆူပွက်လာနေ၏...
"ဖြစ်နိုင်တာက..."
ဖြစ်နိုင်ချေ တစ်ခုအား တွေးမိသွားသဖြင့် သူ့အမူအရာမှာ အံ့အားသင့်သွားတော့သည်။
"သူ ငါတို့ကို သင်ပေးနေတာက ရိုးရှင်းတဲ့ ဓားသိုင်း မဟုတ်ဘဲ ထူးခြားတဲ့ သူရဲကောင်း အသက်ရှူကျင့်စဉ်များ ဖြစ်နေမလား..."
ထိုဖြစ်နိုင်ချေအား တွေးမိသည်နှင့် ချင်ဟန် အနည်းငယ် တုန်လှုပ်သွားရ၏။
သူရဲကောင်း အသက်ရှူကျင့်စဉ်များ ဆိုသည်မှာ မယုံနိုင်လောက်အောင် အဖိုးတန်သော အမွေအနှစ်များ မဟုတ်ပါလား။ များသောအားဖြင့် အစွမ်းထက်သော ဘိုးဘေးများ ရှိသည့် ရှေးဟောင်း မိသားစုများတွင်သာ ထိုကဲ့သို့ အမွေအနှစ်မျိုး ရှိတတ်ကြသည်။
ဤကဲ့သို့သော အရာများကို အဖိုးမဖြတ်နိုင်သော ရတနာများဟု ခေါ်ဆိုကြပြီး ဝယ်ယူရန်မှာလည်း လုံးဝ မဖြစ်နိုင်ချေ။
ယခင် ပုံရိပ်ယောင်ကမ္ဘာထဲတွင် ချင်ဟန်က ကြေးစား တစ်ယောက်အဖြစ် နေရာအနှံ့ ခရီးသွားရင်း သူရဲကောင်း အသက်ရှူကျင့်စဉ်များကို ရှာဖွေရန် ကြိုးစားခဲ့ဖူးသော်လည်း တစ်ခုမျှ မရရှိခဲ့ပေ။
သူက ဆော်ရန်ဒိုကို သတ်ဖြတ်ပြီး သူ့ထံမှ ရယူနိုင်ခဲ့မှသာ သူရဲကောင်း အသက်ရှူကျင့်စဉ်ကို ပိုင်ဆိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
ထိုအရာများ ရရှိရန်မှာ အလွန်တရာ ခက်ခဲလှပြီး သာမန်လူ တစ်ယောက် တွေးကြည့်၍ပင် မရနိုင်သည့် အရာမျိုးပင်။
ယခုမူ ကော်ရီပိုက ဤမျှ အဖိုးတန်လှသော သူရဲကောင်း အသက်ရှူကျင့်စဉ်ကို အခြားသူများအား ပေါ့ပေါ့ပါးပါးပင် သင်ကြားပေးနေသည်တဲ့လား...
ချင်ဟန်က ရပ်နေရာမှနေ၍ အသက်ပြင်းပြင်း ရှူသွင်းကာ သူ့ကိုယ်သူ တည်ငြိမ်အောင် ထားလိုက်၏။
ယင်းနောက်ကွယ်ရှိ အဓိပ္ပာယ်မှာ မယုံနိုင်လောက်အောင် အရေးကြီးလှသည်။
မည်သို့ပင် ကြည့်စေကာမူ အဖိုးမဖြတ်နိုင်သော သူရဲကောင်း အသက်ရှူကျင့်စဉ်ကို ဤသို့ ပေးဝေနေသည့် ကော်ရီပို၏ နောက်ခံမှာ လုံးဝ ရိုးရှင်းမနေနိုင်ပေ။
သေချာသည်ကတော့ ဤကဲ့သို့ သူရဲကောင်း အသက်ရှူကျင့်စဉ်ကို စေတနာအလျောက် ပေးဝေနေခြင်း၏ နောက်ကွယ်တွင် ရည်ရွယ်ချက် တစ်ခုခုတော့ ရှိနေရမည်သာ။
'သူ ဘာလိုချင်နေတာလဲ...' ချင်ဟန် စိတ်ထဲ တွေးတောလိုက်မိသည်။
သူရဲကောင်း ပါရမီ ရှိသူတွေကို ရှာဖွေနေတာလား...
ဖြစ်နိုင်ချေတော့ ရှိ၏။
မည်သို့ပင်ဆိုစေ သူ့ လုပ်ရပ်များအရ ဤသည်မှာ သူ ပစ်မှတ်ထားနေသော အရာပင် ဖြစ်ပုံရသည်။
သူရဲကောင်း ပါရမီ ရှိသူများမှာ များသောအားဖြင့် ခန္ဓာကိုယ် ပိုသန်မာကြသဖြင့် အစပိုင်းတွင် ပြေးခိုင်းခဲ့ခြင်းမှာ သန်မာသော ခန္ဓာကိုယ် ပိုင်ဆိုင်ထားသူများကို ရွေးချယ်ရန် စစ်ထုတ်သည့် လုပ်ငန်းစဉ် တစ်ခု ဖြစ်ပေလိမ့်မည်။
ဒါက နောက်ထပ် စစ်ထုတ်တဲ့ အဆင့်များလား...
ချင်ဟန်၏ စိတ်ထဲတွင် အတွေးများစွာ လျှပ်တစ်ပြက် ဖြတ်သန်းသွား၏။
သူ မနေနိုင်တော့ဘဲ စိတ်လှုပ်ရှားလာသည်။
အကယ်၍ သူရဲကောင်း ပါရမီ ရှိသူများကို စစ်ထုတ်နေခြင်းသာ အမှန်တကယ် ဖြစ်ခဲ့ပါက ဤသည်မှာ ကြီးမားသော အားသာချက် တစ်ခုပင်။
မည်သို့ပင်ဆိုစေ သူ့တွင် သူရဲကောင်း ပါရမီ ရှိနေကြောင်း အတည်ပြုထားပြီး ဖြစ်သည်။ အချိန်ကိုက် ထုတ်ဖော်ပြသနိုင်သရွေ့ ကော်ရီပို အနေဖြင့် သူ့အား အလွန် တန်ဖိုးထားပြီး ပြုစုပျိုးထောင်ပေးဖို့ များလေသည်။
ထိုသည်ကို တွေးမိသည်နှင့် ချင်ဟန်က သွားကို တင်းတင်းကြိတ်၍ ဆက်လက် လေ့ကျင့်တော့၏။
နောက်ရက်များတွင် လူတိုင်း၏ ရှေ့မှောက်၌ ချင်ဟန်မှာ ပို၍ပင် ကြိုးစား အားထုတ်လာခဲ့သည်။
မူလကတည်းက သူက အလွန် လုံ့လဝီရိယ ရှိသူ ဖြစ်၏။ သူက အမြဲတမ်း ပထမဆုံး ရောက်လာသူ ဖြစ်သလို နောက်ဆုံးမှ ပြန်သူလည်း ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ် အတွင်း သူက ပို၍ပင် အစွန်းရောက်လာခဲ့လေပြီ။
ဘယ်အချိန်ပဲ ဖြစ်ဖြစ် လူတွေက သူ့ကို မြင်လိုက်သည်နှင့် အမြဲတမ်း လေ့ကျင့်နေသည်ကိုသာ တွေ့ရတတ်သည်။
သူက ပင်ပန်းနွမ်းနယ်မှုကို မခံစားရသည့်အလား အစွမ်းကုန် လေ့ကျင့်နေခဲ့၏။ ဤကဲ့သို့ မြှုပ်နှံထားမှုက အခြားသူများအား အားကျစွာဖြင့် သက်ပြင်းချမိစေသည်။
ဖရူဒိုမှာ အလွန် လုံ့လဝီရိယ ရှိသူ ဖြစ်နှင့်ပြီးသော်ငြား ချင်ဟန်နှင့် ယှဉ်လိုက်ပါက ဘာမှ မဟုတ်တော့သလိုပင်။
သေချာသည်ကတော့ ချင်ဟန် ဤသို့ လေ့ကျင့်နေရခြင်းမှာ အခြားသူများ မြင်စေရန် ဖြစ်ပြီး အထူးသဖြင့် ကော်ရီပိုအတွက် ဖြစ်သည်။ ကော်ရီပိုလို လူမျိုးအတွက် သူ့တွင် ထူးခြားချက် တစ်ခုမျှ မရှိပါက ကော်ရီပိုက သူ့အား အဘယ်ကြောင့် ပိုအာရုံစိုက်လာမည်နည်း။
လေ့ကျင့်မှုမှ ရရှိလာသော ပင်ပန်းနွမ်းနယ်မှုနှင့် နာကျင်မှုများမှာမူ ချင်ဟန်အတွက် ဘာမှ မဟုတ်ပေ။
ဤကမ္ဘာကြီးတွင် သေရေးရှင်ရေးမှလွဲ၍ အခြား မည်သည့်အရာမှ အရေးမကြီးချေ။
ထို့အပြင် ချင်ဟန်အတွက် သေရမည်ကို မကြောက်ရွံ့သော်ငြား ဘာတစ်ခုမှ မအောင်မြင်ဘဲ သေဆုံးသွားရမည်ကိုမူ အလွန် ကြောက်ရွံ့မိသည်။
ယခင်ဘဝတွင် သူက လူ့အသိုင်းအဝိုင်းထဲသို့ ဝင်ရောက်လာချိန်မှာပင် မထင်မှတ်ဘဲ အကြမ်းဖက်မှုကြောင့် သေဆုံးသွားခဲ့ရ၏။
ယခုအခါ နောက်တစ်ကြိမ် အသက်ရှင်ခွင့် ရရှိလာပြီ ဖြစ်သောကြောင့် သူက ဤအခွင့်အရေးကို အလွန် တန်ဖိုးထားလေသည်။
ပုံရိပ်ယောင်ကမ္ဘာထဲရှိ အရာအားလုံးမှာ သူ့အတွက် အစစ်အမှန် မဟုတ်သော်ငြား သူ ရရှိခဲ့သမျှ အရာအားလုံး၏ တစ်စိတ်တစ်ပိုင်းကို လက်တွေ့ကမ္ဘာသစ်ဆီသို့ ပြန်လည် သယ်ဆောင်သွားနိုင်မည် မဟုတ်ပါလား။
ထို့ကြောင့် သူ လုပ်ဆောင်သမျှ အရာအားလုံးမှာ အနာဂတ်တွင် ပိုကောင်းမွန်စွာ နေထိုင်နိုင်ရန် အတွက်ပင်။
ထိုအရာများ အတွက်ဆိုလျှင် ယာယီ ပင်ပန်းနွမ်းနယ်မှုနှင့် နာကျင်မှုများက သူ့အတွက် အရေးမကြီးတော့ချေ။
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွား၏။
သတိမထားမိလိုက်ခင်မှာပင် သုံးလတာ ကုန်လွန်သွားခဲ့လေပြီ။
လွန်ခဲ့သော သုံးလအတွင်း ကျောင်းသား ငါးယောက်ရှိသည့် အတန်းမှာ သုံးယောက်သာ ကျန်တော့သည် အထိ လျော့နည်းသွားခဲ့သည်။
ချင်ဟန်နှင့် ဖရူဒိုတို့ အပြင် နောက်ထပ် လူတစ်ယောက်သာ ခက်ခက်ခဲခဲ တောင့်ခံထားနိုင်ခဲ့၏။
သို့သော် ထိုသူမှာ အတော်လေး ရုန်းကန်နေရပြီး သူတို့နှင့် ရင်ပေါင်တန်းနိုင်ရန်ပင် ခက်ခဲနေလေပြီ။
သူလည်း မကြာမီ အတန်းထဲမှ ထွက်သွားရဖို့ များသည်။
မွန်းတည့်ချိန်တွင် နေမင်းကြီးက ကောင်းကင်ယံ၌ မြင့်မားစွာ သာယာနေပြီး ပြင်းထန်သော အပူရှိန်နှင့် အလင်းရောင်ကို ပေးစွမ်းနေ၏။
ချင်ဟန်က သူ့အတန်းများကို ပြီးဆုံးအောင် တက်ရောက်ပြီးနောက် ထွက်ခွာသွားသော ကော်ရီပိုအား ကြည့်ရင်း စိတ်ထဲ တွေးတောနေလိုက်သည်။
"အချိန်တန်ပြီ ထင်တယ်..."
လွန်ခဲ့သော သုံးလအတွင်း သူက အချက်အလက် များစွာကို သိရှိခဲ့ပြီး ဖြစ်သည်။
ကော်ရီပိုထံမှ သူရဲကောင်း အသက်ရှူကျင့်စဉ်မှာ အတော်လေး မပြည့်စုံသော်ငြား လွန်ခဲ့သော သုံးလအတွင်း အများစုကို သင်ကြားပေးခဲ့ပြီး ဖြစ်၏။
ဖရူဒိုနှင့် အပြန်အလှန် စကားပြောဆိုမှုများမှ တစ်ဆင့် ဖရူဒိုမှာလည်း ထူးခြားမှု အချို့ကို စတင် ခံစားနေရကြောင်း ကြားသိခဲ့ရသည်။
အချိန်ကို တွက်ချက်ကြည့်လျှင် အတော်လေး ကိုက်ညီနေပြီ ဖြစ်သည်။
သူက ရှေ့သို့ လျှောက်သွားပြီး ကော်ရီပိုနောက်သို့ အမီလိုက်သွားလိုက်၏။
"မစ္စတာ ကော်ရီပို..."
"ဘာကိစ္စလဲ..." ချင်ဟန်၏ အသံကို ကြားလျှင် ကော်ရီပိုက ရပ်တန့်သွားပြီး လှည့်ကြည့်ကာ တည်ငြိမ်စွာ မေးလာ၏။
ကော်ရီပိုကို ကြည့်ရင်း ချင်ဟန်က အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် အတော်လေး စိုးရိမ်နေဟန်ဖြင့်...
"မစ္စတာ ကော်ရီပို... ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ တစ်ခုခု မှားယွင်းနေသလိုပဲ..."
"မင်းခန္ဓာကိုယ်ထဲမှာ တစ်ခုခု မှားယွင်းနေတယ် ဟုတ်လား..." ကော်ရီပိုက တစ်စုံတစ်ရာကို တွေးမိသွားဟန်ဖြင့် ခဏတာ ရပ်တန့်သွား၏။
သူက ရပ်နေရာမှနေ၍ မျှော်လင့်ချက် ကြီးစွာဖြင့် ချင်ဟန်ကို ကြည့်ကာ...
"ပြဿနာက ဘာလဲဆိုတာ ငါ့ကို ရှင်းပြပြလို့ ရမလား..."
"ဟုတ်ကဲ့..." ကော်ရီပို၏ အကြည့်များနှင့် ဆုံတွေ့ချိန်တွင် ချင်ဟန်၏ အမူအရာမှာ အနည်းငယ် မငြိမ်မသက် ဖြစ်နေပုံရပြီး... "ခင်ဗျား သင်ပေးခဲ့တဲ့ ဓားသိုင်းတွေကို လေ့ကျင့်နေတုန်းက ရုတ်တရက် မသက်မသာ ဖြစ်လာသလို ခံစားလိုက်ရတယ်..."
"ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ အပူလှိုင်း တစ်ခုက အဆက်မပြတ် လှည့်ပတ် စီးဆင်းနေသလိုပဲ..."
သက်စောင့်စွမ်းအင် လှုံ့ဆော်ခံရခြင်း၏ အထင်ရှားဆုံး လက္ခဏာ အနည်းငယ်ကို ဖော်ပြနေစဉ် သူ့ အသံမှာ အနည်းငယ် တုန်ယင်နေခဲ့၏။
ချင်ဟန်၏ စကားများကို ကြားလျှင် ကော်ရီပို အမူအရာမှာ နောက်ဆုံး၌ ပြောင်းလဲသွားတော့သည်။
"အရမ်း ကောင်းတယ်..." ချင်ဟန်ကို ကြည့်ရင်း သူ့မျက်နှာထက်တွင် အပြုံးရိပ်တစ်ခု ပေါ်ထွက်လာပြီး အလွန် ပျော်ရွှင်နေသလို ထင်မှတ်ရ၏။
"မင်း ငါနဲ့ လိုက်ခဲ့..."
End
***