"မျှော်လင့်ထားတဲ့အတိုင်း သက်စောင့်စွမ်းအင်တွေ လှည့်ပတ် စီးဆင်းနေတဲ့ လက္ခဏာတွေ ရှိနေတာပဲ..."
ကွက်လပ်တစ်ခုတွင် အချိန်အနည်းငယ် ကြာပြီးနောက် ကော်ရီပိုက ချင်ဟန်အား စိတ်လှုပ်ရှားမှုနှင့် ဝမ်းမြောက်မှုတို့ ပြည့်နှက်နေသော အကြည့်များဖြင့် စိုက်ကြည့်နေ၏။
"ဒီကလေးက သူရဲကောင်း တစ်ယောက် ဖြစ်လာဖို့ ပါရမီ တကယ် ရှိတာပဲ..."
သူက ထီပေါက်သွားသကဲ့သို့ ဝမ်းသာလုံးဆို့ သွားခဲ့လေပြီ။
သူက သူရဲကောင်း အသက်ရှူကျင့်စဉ်၏ တစ်စိတ်တစ်ပိုင်းကို သင်ကြားပေးခဲ့သော်ငြား လက်တွေ့တွင်မူ သူရဲကောင်း ပါရမီရှင်များကို ရှာတွေ့နိုင်လိမ့်မည်ဟု မျှော်လင့်ချက် သိပ်မထားခဲ့ချေ။
မည်သို့ပင်ဆိုစေ ထိုကဲ့သို့သော လူမျိုးများမှာ အလွန်တရာ ရှားပါးလွန်းလှသည်။ သူတို့၏ ဘိုးဘေးများတွင် သူရဲကောင်း သွေးဆွေမျိုးဆက် မရှိခဲ့ပါက လူထောင်ပေါင်းများစွာ ကြားထဲတွင် သူရဲကောင်း ပါရမီရှင် တစ်ယောက်ကို ရှာတွေ့ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
ဤသည်ကပင် သူတို့ မည်မျှ ရှားပါးကြောင်း သိသာ ထင်ရှားစေ၏။
ကော်ရီပိုက ပေါ့ပေါ့ပါးပါးသာ သင်ကြားပေးခဲ့ခြင်း ဖြစ်ပြီး သူတို့ မည်မျှအထိ တတ်မြောက်မည် ဆိုသည်မှာ သူတို့အပေါ်တွင်သာ မူတည်သည်။
သူရဲကောင်း ပါရမီ မရှိသူများ အနေဖြင့် သူရဲကောင်း အသက်ရှူကျင့်စဉ်ကို အသုံးပြုပါက သူတို့၏ ခန္ဓာကိုယ်ကို သန့်စင်ပြီး ပိုသန်မာလာစေရန် ပြုလုပ်နိုင်မည် ဖြစ်သည်။
သို့သော် သူ အမှန်တကယ် ရွှေတွင်း တူးမိလိမ့်မည်ဟု တစ်ခါမှ မတွေးထားခဲ့ဖူးချေ။
ထိုအခိုက်အတန့်တွင် သူ အတော်လေး ဝမ်းသာ အံ့အားသင့်သွားခဲ့ရ၏။
"ဒီလောက် တိုတောင်းတဲ့ အချိန်လေး အတွင်းမှာ သက်စောင့်စွမ်းအင်ရဲ့ အပြောင်းအလဲတွေကို ခံစားသိနိုင်တယ် ဆိုတော့ သူ့ရဲ့ သူရဲကောင်း ပါရမီက အတော်လေး ကောင်းမွန်တာပဲ..."
ချင်ဟန်ကို ကြည့်ရင်း ကော်ရီပို စိတ်ထဲ တွေးတောလိုက်မိသည်။
ချင်ဟန်မှာ သူရဲကောင်း အသက်ရှူကျင့်စဉ်ကို သိရှိထားပြီးသား ဖြစ်ကာ ခြောက်လတိုင်တိုင် ကျင့်ကြံထားခဲ့ပြီး ဖြစ်ကြောင်း သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
ချင်ဟန်က နှစ်လခန့်သာ ကျင့်ကြံပြီးနောက် ဤအပြောင်းအလဲများကို ခံစားသိရှိနိုင်ခဲ့ခြင်း ဖြစ်သည်ဟုသာ သူ ထင်မှတ်ထားခဲ့၏။
ဤသည်မှာ ပါရမီရှင် တစ်ဦး၏ လက္ခဏာ ဖြစ်ကြောင်း သံသယ ဝင်စရာ မလိုချေ။
ထိုသည်ကို တွေးမိသည်နှင့် သူ မနေနိုင်တော့ဘဲ ပြုံးလိုက်မိတော့သည်။
လက်တွေ့တွင်လည်း ချင်ဟန်အပေါ် ထားရှိသော သူ့ အမြင်မှာ အတော်လေး ကောင်းမွန်နေခဲ့ပြီ ဖြစ်၏။
သူက သိမ်မွေ့သည်၊ နှိမ့်ချတတ်သည်၊ လုံ့လဝီရိယ ရှိပြီး သည်းခံနိုင်စွမ်းလည်း ရှိသည်။ ဆရာသမားများ အပေါ် ရိုသေလေးစားတတ်သလို အတန်းဖော်များ အပေါ်တွင်လည်း ကြင်နာတတ်သည်။ သူ့အား မြင်တွေ့ရသူတိုင်း သဘောကျ နှစ်သက်သွားကြမည်သာ။
လွန်ခဲ့သော အချိန်များ အတွင်း ချင်ဟန်၏ ကြိုးစား အားထုတ်မှု အားလုံးကို သူ မြင်တွေ့ခဲ့ရသည်။
ချင်ဟန်၏ အသည်းအသန် ကြိုးစားမှုများအား သူ အလွန် အသိအမှတ်ပြု ကျေးဇူးတင်မိ၏။
သို့သော် သူ့ နောက်ခံ အနေအထားအရ ချင်ဟန်တွင်သာ သူရဲကောင်း ပါရမီ မရှိခဲ့ပါက များစွာ အဓိပ္ပာယ် ရှိမည် မဟုတ်ပေ။ အလွန်ဆုံး ကူညီပေးနိုင်လျှင်ပင် ကိစ္စ အနည်းငယ်လောက်သာ ကူညီပေးနိုင်ပေလိမ့်မည်။
ထိုထက်ပို၍ ကူညီပေးရန်မှာမူ လုံးဝ ဖြစ်နိုင်မည် မဟုတ်ချေ။
သို့သော် ယခုအခါတွင်မူ သူရဲကောင်း တစ်ယောက် ဖြစ်လာရန် ပါရမီ ရှိနေပြီ ဖြစ်သောကြောင့် အရာအားလုံးက လုံးဝကို ကွဲပြား ခြားနားသွားခဲ့လေပြီ။
ထိုသည်ကို တွေးမိရင်း ကော်ရီပို မနေနိုင်တော့ဘဲ ပြုံးလိုက်မိပြီး ရှေ့သို့ လှမ်းကြည့်လိုက်သည်။
သူ့ရှေ့တွင်တော့ ချင်ဟန်က ရပ်နေရာမှ သူ့အား ပြန်လည် စိုက်ကြည့်နေဆဲပင်။
"မဆိုးဘူး..." ချင်ဟန်ကို ကြည့်ရင်း ကော်ရီပိုက ပြုံး၍... "အခုကစပြီး ညတိုင်း ဒီရင်ပြင်ကို လာခဲ့..."
ထိုသို့ ပြောပြီးနောက် သူက ဘာမှ ထပ်မံ ရှင်းပြမနေတော့ဘဲ တိုက်ရိုက်ပင် ထွက်ခွာသွားတော့၏။
ချင်ဟန် တစ်ယောက်သာ ထိုနေရာတွင် ကျန်ရစ်ခဲ့ပြီး သူ့ ကျောပြင်ကို လှမ်းကြည့်နေလိုက်သည်။
"ငါ အောင်မြင်သွားပြီ..."
ရပ်နေရာမှနေ၍ ချင်ဟန်၏ ပုံစံမှာ ကြောင်တောင်တောင် ဖြစ်နေသယောင် ရှိသော်ငြား စိတ်ထဲတွင်မူ ပြုံးရွှင်နေခဲ့လေပြီ။
လွန်ခဲ့သော နှစ်လတာ အတွင်း သူ့ ကြိုးပမ်း အားထုတ်မှုများက နောက်ဆုံးတွင် အရာထင်လာခဲ့ပြီ မဟုတ်ပါလား။
"ညဘက် ဟုတ်လား..."
ချင်ဟန် စိတ်ထဲ တွေးတောလိုက်ပြီးနောက် ထွက်ခွာလာခဲ့တော့သည်။
ညရောက်လာချိန်တွင် ကောင်းကင်ယံက တဖြည်းဖြည်း မှောင်မိုက်လာ၏။
လျှပ်စစ်မီးများ မရှိသေးသော ဤခေတ်ကာလတွင် သူတို့၏ ညဘက် နေထိုင်မှု ဘဝမှာ ခေတ်သစ် လူ့အဖွဲ့အစည်းလို စိုပြေလှပ မနေခဲ့ပေ။
ထို့ကြောင့် ညဘက် ရောက်လာသည်နှင့် မူလက စည်ကားနေသော နေရာများ အားလုံးမှာ တိတ်ဆိတ်သွားပြီး ပတ်ဝန်းကျင်တွင် လူသူ ကင်းမဲ့သွားတော့သည်။
ချင်ဟန်က ကော်ရီပိုနှင့် သဘောတူထားသည့် အတိုင်း ရင်ပြင်ဆီသို့ လာခဲ့၏။
ဤနေရာသို့ ရောက်ရှိလာပြီးနောက် ပတ်ဝန်းကျင် တခွင်လုံး အတော်လေး လင်းထိန်နေသည်ကို တွေ့လိုက်ရသဖြင့် သူ အံ့အားသင့်သွားရသည်။
ပတ်ပတ်လည်တွင် မီးတုတ်များ ကိုင်ဆောင်ထားသော လူများ ရှိနေပြီး ဤနေရာ တစ်ဝိုက်ကို လင်းထိန်နေစေ၏။
မီးရောင်၏ အလင်းအောက်တွင် ကော်ရီပိုက တစ်ယောက်တည်း ရပ်နေပြီး အလင်းရောင်ကြောင့် သူ့ အရိပ်မှာ ရှည်လျားစွာ ထွက်ပေါ်နေသည်။
သူက ချင်ဟန်ဘက်သို့ ကျောခိုင်းကာ တစ်ယောက်တည်း ရပ်နေ၏။ ကြည့်ရသလောက် သူ ထိုနေရာတွင် ရပ်နေခဲ့သည်မှာ အချိန်အတော် ကြာနေလောက်ပြီ ဖြစ်သည်။
"မစ္စတာ ကော်ရီပို..." ချင်ဟန်က ရိုသေသော အမူအရာဖြင့် နှုတ်ဆက်လိုက်သည်။
"မင်း ရောက်လာပြီပဲ..." ကော်ရီပို လှည့်လာပြီး ချင်ဟန်ကို ခေါင်းညိတ်ပြကာ... "ထိုင်..."
"ဟုတ်ကဲ့..." ချင်ဟန်က ဘေးတစ်ဖက်တွင် ထိုင်ချလိုက်၏။
"ကိုင်လင်း... သူရဲကောင်း ဆိုတာ ဘာလဲ မင်းသိလား..."
ချင်ဟန်ကို ကြည့်ရင်း ကော်ရီပိုက အချိန်အနည်းငယ် ကြာပြီးနောက် နောက်တစ်ကြိမ် စကားစကာ မေးလိုက်သည်။
ချင်ဟန် ပြန်မဖြေရသေးခင်မှာပင် သူက ဆက်၍...
"သူရဲကောင်းတွေ ဆိုတာ ထူးကဲတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ လူတစ်စုပဲ..."
"သူရဲကောင်းတိုင်းက သာမန်လူတွေရဲ့ အထက်မှာ စိုးမိုးထားပြီး သူတို့က အစွမ်းအထက်ဆုံး တည်ရှိမှုတွေပဲ..."
"လူတစ်ယောက်က သူရဲကောင်း တစ်ယောက် ဖြစ်ချင်တယ် ဆိုရင် ပထမဆုံး အနေနဲ့ သက်စောင့်စွမ်းအင်ကို ထိန်းချုပ်နိုင်ရမယ်... ဒါပေမဲ့ သက်စောင့်စွမ်းအင်ကို ထိန်းချုပ်ဖို့ ဆိုတာက ပါရမီ လိုအပ်ပြီး လူတိုင်း လုပ်နိုင်တဲ့ အရာတော့ မဟုတ်ဘူး..."
"တော်ဝင် မိသားစုတွေထဲမှာတောင် ဒီလို ပါရမီမျိုး ရှိတဲ့လူတွေက အရမ်းကို ရှားပါးတယ်..."
"ကိုင်လင်း... ငါ ပြောနေတာကို မင်း နားလည်လား..."
ထိုနေရာ အရောက်တွင် သူ ခဏတာ ရပ်တန့်သွားပြီး ချင်ဟန်ကို စိုက်ကြည့်လာ၏။
"ဖြစ်နိုင်တာက..." ချင်ဟန် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် မျက်နှာထက်တွင် ဝမ်းသာပျော်ရွှင်သည့် အရိပ်အယောင်များ ပေါ်ထွက်လာကာ... "ကျွန်တော်..."
"မှန်တယ်..." ချင်ဟန်၏ တုံ့ပြန်မှုကို ကြည့်ရင်း ကော်ရီပို ပြုံးလိုက်သည်။ "ကိုင်လင်း... မင်းက အဲ့ဒီ ရှားပါးတဲ့ ပါရမီရှင်တွေထဲက တစ်ယောက်ပဲ..."
"မင်းရဲ့ ပါရမီက မင်းရဲ့ တန်ဖိုးအကြီးဆုံး ရတနာ တစ်ပါးပဲ..."
"ဒီနေ့ကစပြီး ဒီရတနာကို ဘယ်လို အသုံးပြုရမလဲ ဆိုတာ ငါ မင်းကို သင်ပေးမယ်..."
"ဘယ်လို သဘောရလဲ..."
"ကျေးဇူးတင်ပါတယ် မစ္စတာ ကော်ရီပို..." ချင်ဟန် ချက်ချင်းပင် မတ်တပ် ထရပ်လိုက်ပြီး ကော်ရီပိုကို ရိုသေစွာ ဦးညွှတ်လိုက်တော့သည်။
ကော်ရီပိုက ထိုကဲ့သို့ တုံ့ပြန်မှုကို မမျှော်လင့်ထားခဲ့ပေ။
သူ ခဏတာ ကြောင်အမ်းသွားပြီးနောက် သတိပြန်ဝင်လာ၏။ သူက ပြုံး၍...
"ကောင်းပြီ... မင်း ထိုင်လို့ရပါပြီ..."
"ဒီနေ့ကစပြီး မင်းက ဝံပုလွေ သူရဲကောင်း ကျောင်းတော်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်သွားပြီ..."
"ဝံပုလွေ သူရဲကောင်း ကျောင်းတော်..."
ချင်ဟန် အတော်လေး အံ့အားသင့်သွားသည်။ "ကျောင်းတော်ဟုတ်လား... သူရဲကောင်းတွေမှာလည်း ကျောင်းတော်တွေ ရှိတာလား..."
"ရှိတာပေါ့..." ကော်ရီပိုက ခေါင်းညိတ်၍... "ကိုယ့်မိသားစုက လေ့ကျင့်ပေးတဲ့ သူရဲကောင်း တချို့ကလွဲရင် သူရဲကောင်း အများစုမှာ ကျောင်းတော်တွေ ရှိကြတယ်..."
"ကျောင်းတော် တစ်ခုနဲ့ တစ်ခုရဲ့ သူရဲကောင်း အသက်ရှူကျင့်စဉ်တွေက မတူညီတဲ့ အကျိုးသက်ရောက်မှုတွေနဲ့ အသုံးပြုပုံတွေ ရှိကြတာလေ... တိုက်ဆိုင်မှု တစ်ခုခုကြောင့် သူရဲကောင်း အသက်ရှူကျင့်စဉ်ကို ရရှိသွားတဲ့ လေလွင့် သူရဲကောင်း တချို့လည်း ရှိကြတယ်..."
"ဒါပေမဲ့ ဒီလို လေလွင့် သူရဲကောင်းတွေက များသောအားဖြင့် မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားသလို မှူးမတ် မျိုးနွယ်တွေလည်း ဖြစ်သွားတတ်ကြတယ်..."
ရပ်နေရာမှနေ၍ သူက ချင်ဟန်ကို ရှင်းပြပေးပြီး သူရဲကောင်းများ အကြောင်း များစွာကို ပြောပြခဲ့၏။
ယခင်က ချင်ဟန်မှာ ဤအကြောင်းများကို သိပ်မသိခဲ့ချေ။
သူ့တွင် သူရဲကောင်း အသက်ရှူကျင့်စဉ် ရှိနေသော်ငြား သူရဲကောင်းများနှင့် ပတ်သက်၍မူ သေချာ မသိခဲ့ပေ။
သေချာသည်ကတော့ ယခုမှ ဤအကြောင်းများကို ကြားသိရခြင်းက နောက်ကျမနေသေးချေ။
ဤသို့ဖြင့် သူက ကော်ရီပို၏ သင်ခန်းစာများကို တိတ်ဆိတ်စွာ နားထောင်နေလိုက်တော့သည်။
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားပြီး နှစ်နာရီခန့် ကြာပြီးမှသာ ကော်ရီပိုက ရပ်တန့်လိုက်၏။
သူက ငြိမ်းလုနီးပါး ဖြစ်နေသော မီးတောက်များကို တစ်ချက် ကြည့်လိုက်ပြီး ချင်ဟန်ဘက်သို့ ပြန်လှည့်ကာ ခေါင်းညိတ်၍...
"ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်ကြတာပေါ့... ပြန်ပြီး အနားယူတော့..."
ချင်ဟန် ရိုသေစွာ ခေါင်းညိတ်ပြလိုက်ပြီးနောက် လှည့်ထွက်လာခဲ့လေသည်။
ထိုနေ့မှစ၍ ချင်ဟန်မှာ ညတိုင်း ဤနေရာသို့ လာရောက်ကာ သင်ခန်းစာများကို တိတ်ဆိတ်စွာ နားထောင်လေ့ ရှိ၏။
ကော်ရီပိုထံမှ သင်ခန်းစာများကို သူ အလွန် တန်ဖိုးထားပြီး တစ်ခုမျှ လွတ်သွားမည်ကို မဝံ့ရဲခဲ့ပေ။ တစ်စုံတစ်ရာ မေ့လျော့သွားမည်ကို စိုးရိမ်သဖြင့် နေ့စဉ် မှတ်စုများစွာ ရေးမှတ်လေ့ ရှိသည်။
ဤသည်မှာ တရားဝင် သူရဲကောင်း သင်တန်းကို လက်ခံရရှိရန် အခွင့်အရေး တစ်ရပ် ဖြစ်ပြီး မယုံနိုင်လောက်အောင် ရှားပါး၏။ အကယ်၍ သူ ဤအခွင့်အရေးကို လက်လွှတ်လိုက်ရပါက နောက်ထပ် တစ်ကြိမ် ရရှိနိုင်တော့မည် မဟုတ်ဟုပင် ဆိုရပေမည်။
ကော်ရီပိုမှ တစ်ဆင့် ချင်ဟန်မှာ သူရဲကောင်းများ ကြားရှိ စစ်မှန်သော ကွာဟချက်ကို ကောင်းစွာ နားလည်သွားခဲ့လေပြီ။
သူ သိထားသကဲ့သို့ပင် သက်စောင့်စွမ်းအင် နိုးထလာပြီး ခိုင်မာသော ခန္ဓာကိုယ် ပိုင်ဆိုင်ထားသော်ငြား သက်စောင့်မျိုးစေ့ မနိုးထစေနိုင်သေးသူများကို ပညာသင် သူရဲကောင်းများဟု ခေါ်ဆိုကြသည်။
သက်စောင့်မျိုးစေ့ကို နိုးထစေပြီး သက်စောင့်စွမ်းအင်ကို ထိန်းချုပ်နိုင်သူများကိုသာ အစစ်အမှန် သူရဲကောင်းဟု ခေါ်ဆိုနိုင်သည်။ အစစ်အမှန် သူရဲကောင်းများ၏ အထက်တွင် ကြီးမြတ်သော သူရဲကောင်းများ ရှိပြီး သူတို့၏ သင်္ကေတမှာ ရှည်လျားသော သက်တမ်းကို ပိုင်ဆိုင်ထားခြင်းပင်။
ကြီးမြတ်သော သူရဲကောင်းများမှာ သူတို့၏ သက်စောင့်စွမ်းအင်ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီး သက်စောင့်စွမ်းအင်များက သူတို့၏ ခန္ဓာကိုယ်ကို မထိခိုက်စေရုံသာမက ခန္ဓာကိုယ်ကို လျင်မြန်စွာ ပြန်လည် ကုစားရန်အတွက်ပင် သက်စောင့်စွမ်းအင် အသုံးပြုနိုင်ကြသည်။
ထို့ကြောင့် ဤအဆင့်သို့ ရောက်ရှိပြီးနောက် သူရဲကောင်းများ၏ သက်တမ်းမှာ များစွာ ပိုရှည်လျားလာတော့သည်။
စစ်မှန်သော ကြီးမြတ်သည့် သူရဲကောင်း တစ်ယောက်မှာ များသောအားဖြင့် အသက် ၁၅၀ ဝန်းကျင်အထိ နေထိုင်နိုင်ကြသည်။ ထို့အပြင် ကြီးမြတ်သော သူရဲကောင်းများ အထက်တွင် ပိုအစွမ်းထက်သော တည်ရှိမှုများပင် ရှိနေသေး၏။
သို့သော် ကော်ရီပိုက ထိုကဲ့သို့သော တည်ရှိမှုများ အကြောင်းကိုမူ တစ်ခွန်းမျှ မဟခဲ့ပေ။
မည်သို့ပင်ဆိုစေ ထိုအရာများ အကြောင်းကို ပြောနေ၍လည်း အဓိပ္ပာယ် ရှိမည် မဟုတ်ချေ။
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။ ကော်ရီပို သင်ကြားပေးသည်နှင့်အမျှ ချင်ဟန်မှာလည်း တစ်နေ့တခြား တိုးတက်လာခဲ့လေပြီ။
သူ ဆော်ရန်ဒိုထံမှ ရယူခဲ့သော သူရဲကောင်း အသက်ရှူကျင့်စဉ်နှင့် နှိုင်းယှဉ်ပါက ကော်ရီပို လက်ဆင့်ကမ်း ပေးခဲ့သော သူရဲကောင်း အသက်ရှူကျင့်စဉ်မှာ ပိုပြည့်စုံပြီး အကျိုးသက်ရောက်မှုများလည်း ပိုကောင်းမွန်သည်။
ထို့အပြင် ကော်ရီပိုမှာ အလွန် ကောင်းမွန်သော ဆရာ တစ်ယောက် မဟုတ်သည့်တိုင် အတွေ့အကြုံများစွာ ရှိသည့် သူရဲကောင်း တစ်ယောက် ဖြစ်နေဆဲပင်။
ချင်ဟန်တွင် ရှိနေသော ပြဿနာ မှန်သမျှကို သူက ချက်ချင်း မြင်တွေ့ နားလည်နိုင်စွမ်း ရှိသည်။
ထို့ကြောင့် ကော်ရီပို ဘေးမှ စောင့်ကြည့်ပေးနေခြင်းဖြင့် ချင်ဟန်မှာ ယခင် ပုံရိပ်ယောင်ကမ္ဘာထဲတွင် ကြုံတွေ့ခဲ့ရသော ခက်ခဲသည့် အခြေအနေမျိုးကို ရှောင်ရှားနိုင်ခဲ့သည်။
ဤသို့ဖြင့် အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားတော့၏။
သတိမထားမိလိုက်ခင်မှာပင် နှစ်ဝက်တာ ကုန်ဆုံးသွားခဲ့လေပြီ။
End
***