နံနက်စောစော အချိန်… နေမင်းက ပုံမှန်အတိုင်းပင် ထွက်ပေါ်လာခဲ့၏။
အပြင်ဘက်တွင် မိုးဖွဲဖွဲ ရွာသွန်းနေပြီး နေရောင်ခြည်က မိုးစက်များကြားမှ တဆင့် ဖြာကျနေသည်။
ချင်ဟန် အိပ်ရာမှထပြီး ရင်းနှီးနေသော ကွင်းပြင်ကျယ်ဆီသို့ လျှောက်သွားလိုက်၏။
ကွင်းပြင်ကျယ်သို့ ရောက်သည်နှင့် သူက ခန္ဓာကိုယ် သန့်စင်ခြင်း မစတင်မီ ဓားသိုင်းများကို အရင်လေ့ကျင့်ပြီးနောက် ထူးဆန်းသော လှုပ်ရှားမှုအချို့ကို စတင် လုပ်ဆောင်တော့သည်။
ထိုလှုပ်ရှားမှုများမှာ အခြေခံ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်ပင်။
သိုင်းကွက် တစ်ဆက်စာ ပြီးဆုံးသွားပြီးနောက် ချင်ဟန် ရပ်တန့်လိုက်၏။
“နောက်ဆုံးတော့ ခန္ဓာကိုယ် သန့်စင်ခြင်းကို အောင်မြင်သွားပြီပဲ…”
ကွင်းပြင်ကျယ်တွင် ရပ်နေစဉ် ချင်ဟန် တစ်ကိုယ်လုံးမှ ချွေးများ တောက်တောက်ကျနေ၏။ ထိုခံစားချက်ကို သတိပြုမိသွားပြီးနောက် ချင်ဟန်က တိတ်တဆိတ် သက်ပြင်းချရင်း တွေးတောနေမိသည်။
သူ ဤလောကသို့ ရောက်ရှိလာခဲ့သည်မှာ တစ်နှစ်ခန့် ရှိနေလေပြီ။
ဤတစ်နှစ်တာ ကာလအတွင်း သူက အောင်မြင်မှုများစွာ ရရှိခဲ့၏။
တစ်နှစ်ကြာပြီးနောက် နောက်ဆုံးတွင်တော့ သူက ခန္ဓာကိုယ် သန့်စင်ခြင်းကို အပြည့်အဝ အောင်မြင်သွားခဲ့ခြင်း ဖြစ်သည်။
သူရဲကောင်း အသက်ရှူကျင့်စဉ်တွင်လည်း အများကြီး တိုးတက်လာခဲ့သည်။
မူလက အားနည်းနေသော သက်စောင့်စွမ်းအင်မှာ ခန္ဓာကိုယ် သန့်စင်ခြင်းကို လေ့ကျင့်လေလေ တဖြည်းဖြည်း ကြီးထွားလာလေပင်။ ယခုအခါတွင် သူက ထိုစွမ်းအင်ကို ရှင်းရှင်းလင်းလင်း ခံစားလာရသော်လည်း အပြည့်အဝတော့ မထိန်းချုပ်နိုင်သေးပေ။
ဤမျှဆိုလျှင်ပင် အတော်လေး ကောင်းမွန်နေပြီ ဖြစ်ရာ ကော်ရီပို ကိုယ်တိုင်ပင် ချင်ဟန်၏ တိုးတက်မှုအပေါ် အလွန်အမင်း အံ့အားသင့်နေခဲ့သည်။
ထိုသည်မှာ ချင်ဟန်တွင် ကောင်းမွန်သော ပါရမီ ရှိနေသောကြောင့် သက်သက်တော့ မဟုတ်ချေ။
ချင်ဟန် ကိုယ်တိုင်၏ ခံစားချက်အရ သူ့ သူရဲကောင်း ပါရမီမှာ သာမန်မျှသာ။
ဤမျှမြန်ဆန်စွာ တိုးတက်လာရခြင်း အကြောင်းရင်းမှာ သူ့တွင် ယခင်က အတွေ့အကြုံများ ရှိနေသောကြောင့်ပင်။
ယခင် ဇာတ်တိုက်လေ့ကျင့်မှုတွင် သူက သူရဲကောင်း အသက်ရှူကျင့်စဉ်ကို နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ဖူးသည်။ ပါရမီ အားနည်းချက်ကြောင့် နက်နက်ရှိုင်းရှိုင်း မလေ့လာနိုင်ခဲ့သည့်တိုင် အတွေ့အကြုံများတော့ ရှိနေဆဲပင်။
ဤသည်မှာ အကြောင်းရင်း တစ်ခုပင်။
အခြား အကြောင်းရင်း တစ်ခုကတော့ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်နှင့် သူရဲကောင်း အသက်ရှူကျင့်စဉ်တို့က တစ်ခုနှင့်တစ်ခု အထောက်အကူ ပြုနေသောကြောင့် ဖြစ်ပေမည်။
ပုံမှန် လေ့ကျင့်မှုများ ပြုလုပ်နေစဉ် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်က သူရဲကောင်း အသက်ရှူကျင့်စဉ် အတွက် အသုံးဝင်ကြောင်း ချင်ဟန် ခံစားမိ၏။
နှစ်ခုလုံးမှာ ခန္ဓာကိုယ်ကို သန့်စင်ပေးသော ကျင့်စဉ်များ ဖြစ်သောကြောင့် အချင်းချင်း ထောက်ပံ့ပြီး အားဖြည့်ပေးနေသည်မှာလည်း ယုတ္တိတန်လှသည်။
ကိုင်ဆန်မြို့စား၏ နယ်မြေတွင် လေ့ကျင့်ခဲ့သော နှစ်ဝက်တာ အချိန်များနှင့် လုံလောက်သော အခြေခံကောင်းများ ပေါင်းစပ်လိုက်ချိန်တွင် သူက အံ့မခန်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
သူ့ လက်ရှိပုံစံမှာ ဤနေရာသို့ စရောက်လာချိန်ကနှင့် လုံးဝ ကွဲပြားခြားနားသော လူတစ်ယောက် အလားပင်။
“ကိုင်လင်း… မင်း အစောကြီး ထလာပြန်ပြီလား”
အဝေးမှ အသံတစ်သံ ထွက်ပေါ်လာ၏။
ချင်ဟန် မော့ကြည့်ရာ မနီးမဝေးတွင် ရပ်၍ သူ့အား ကြည့်နေသော ဖရူဒိုကို တွေ့လိုက်ရသည်။
ဖရူဒိုက အနက်ရောင် အင်္ကျီအကျပ်ကို ဝတ်ဆင်ထားပြီး လက်ထဲတွင်လည်း ဓားတစ်လက် ကိုင်ဆောင်ထားရာ လေ့ကျင့်ရန် ပြင်ဆင်နေသည့်ပုံပင်။
ချင်ဟန်က ပြုံး၍…
“သိပ်လုပ်စရာ မရှိလို့ စောစော ထွက်လာတာပါ… မင်းလည်း စောတာပဲ”
ဖရူဒို၏ မျက်နှာမှာ ညှိုးငယ်သွားပြီး…
“မင်းကိုမင်းလည်း ကြည့်ဦးလေ… မင်းမှာ ကောင်းမွန်တဲ့ ပါရမီ ရှိနေပြီးသားကို ဒီလောက်တောင် ကြိုးစားနေတာ… ငါသာ နည်းနည်းလောက် ပျင်းလိုက်ရင် မင်းနောက်မှာ အပြတ်အသတ် ကျန်ခဲ့တော့မှာပေါ့…”
လွန်ခဲ့သော နှစ်ဝက်အတွင်း ဖရူဒို၏ သူရဲကောင်း ပါရမီများလည်း ထွက်ပေါ်လာခဲ့ပြီး ကော်ရီပိုက သူ့အား ဝံပုလွေ သူရဲကောင်း ကျောင်းတော်၏ တပည့်တစ်ယောက်အဖြစ် တရားဝင် လက်ခံခဲ့လေပြီ။
ချင်ဟန်နှင့် ယှဉ်လျှင် ပြီးခဲ့သည့် နှစ်ဝက်အတွင်း သူ့ တိုးတက်မှုက အများကြီး နှေးကွေးနေ၏။ သူလည်း သက်စောင့်စွမ်းအင်ကို နိုးကြားစေနိုင်ခဲ့သော်ငြား ချင်ဟန်ကိုမူ မယှဉ်နိုင်သေးပေ။
သေချာသည်က ဤသည်မှာ ပါရမီ ပြဿနာ သက်သက်ကြောင့်တော့ မဟုတ်ချေ။
ချင်ဟန်၏ အမြင်အရ ဖရူဒို၏ ပါရမီမှာ သူ့ထက်ပင် သာလွန်နေဖို့ များသည်။
ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်နှင့် သူရဲကောင်း အသက်ရှူကျင့်စဉ်တို့ကြားရှိ အပြန်အလှန် အထောက်အကူပြုမှုက အလွန် ကောင်းမွန်နေခြင်းကြောင့်သာ။ ထို့အပြင် ချင်ဟန်က အခြားလူများထက် ပိုကြိုးစားသူ ဖြစ်ရာ ဖရူဒိုထက် ပိုမြန်မြန် တိုးတက်လာခဲ့ခြင်း ဖြစ်ပေမည်။
ချင်ဟန်က ဖရူဒိုကို ကြည့်၍ ရယ်မောလိုက်သော်လည်း ဘာမှ ရှင်းမပြတော့ပေ။
“မနက်ဖြန် ကယ်လီရဲ့ စားသောက်ပွဲ ရှိတယ်… အတူတူ သွားကြမလား” အတန်ကြာပြီးနောက် ချင်ဟန်က မေးလိုက်၏။
ဖရူဒိုက မထီမဲ့မြင်ဟန်ဖြင့် ခေါင်းခါယမ်း၍…
“ကယ်လီ… ဟိုမိန်းမလျာလေးလား… ထားလိုက်ပါတော့… သူ့ကို မြင်တာနဲ့တင် ငါ စိတ်တိုလာတာ… အဲ့ဒီအချိန်ကို သိုင်းလေ့ကျင့်ဖို့ သုံးလိုက်တာကမှ မကောင်းဘူးလား”
ချင်ဟန်က အံ့ဩဟန် မပြဘဲ တည်ငြိမ်စွာ ခေါင်းညိတ်ရင်း…
“ကောင်းပြီလေ… ကြည့်ရတာ ငါတစ်ယောက်တည်း သွားရမယ့်ပုံပဲ”
“အဲ့ဒီ ပျင်းစရာကောင်းတဲ့ စားသောက်ပွဲတွေမှာ ဘာတွေများ စိတ်ဝင်စားစရာ ရှိနေလဲဆိုတာ ငါ တကယ် နားမလည်နိုင်ဘူး” ဖရူဒိုက ခေါင်းခါရင်း ညည်းတွားတော့သည်။
“လူတစ်စုက ကဗျာမျိုးစုံ ရွတ်ဆိုပြီး တစ်ယောက် ဘိုးဘေးကို တစ်ယောက် မြှောက်ပင့် ချီးမွမ်းနေကြတာလေ… အဲ့ဒါက ဘာအဓိပ္ပာယ် ရှိလို့လဲ”
ချင်ဟန်က ပြုံးယုံသာ ပြုံးပြီး ဘာမှ ဝင်မပြောတော့ချေ။
လွန်ခဲ့သော နှစ်ဝက်အတွင်း ချင်ဟန်မှာ ဤနေရာရှိ လူများနှင့် နေရာဒေသများကို ဘာမှမသိခဲ့ရာမှ ယခုအခါ အတော်လေး ရင်းနှီးကျွမ်းဝင်နေခဲ့လေပြီ။
သူက အဆင့်အတန်း မြင့်မားသူများ၊ ထူးကဲသော ခွန်အား ပိုင်ဆိုင်ထားသူများနှင့် ဖရူဒိုကဲ့သို့ အရည်အချင်းရှိသူ အများအပြားနှင့် ရင်းနှီးခဲ့၏။
လွန်ခဲ့သော တစ်နှစ်တာ ကာလအတွင်း သူက အများကြီး အောင်မြင်မှု ရရှိခဲ့သည်။
အဆင့်အတန်း မြင့်မားသူများက ချင်ဟန်ကို မငြင်းဆန်ခဲ့ကြပေ။ အကြောင်းမှာ သူက ကော်ရီပို၏ တပည့် ဖြစ်ရုံသာမက သက်စောင့်စွမ်းအင်ကို နိုးကြားစေခဲ့သော ပညာသင် သူရဲကောင်း တစ်ယောက် ဖြစ်နေသောကြောင့်ပင်။ သူက ကူတူး မင်းနေပြည်တော်တွင် အတော်လေး နာမည်ရနေခဲ့ပြီ ဖြစ်သည်။
သာမန် အဆင့်အတန်း ရှိသူများအပေါ်တွင်မူ ချင်ဟန်က အလွန် ဖော်ရွေပြီး မကြာခဏ ကူညီပေးတတ်သဖြင့် လူအများက သူ့အပေါ် အမြင်ကောင်းများ ရှိနေကြ၏။
နှစ်ဝက်မျှ အချိန်တိုအတွင်းမှာပင် သူက လူများစွာနှင့် ခင်မင်ရင်းနှီးနေခဲ့လေပြီ။
ဤကိစ္စတွင်တော့ ဖရူဒိုမှာ သူ့ထက် အများကြီး အားနည်းနေသည်။
မြောက်ပိုင်းမှ လာသူ တစ်ယောက် ဖြစ်သောကြောင့် ဖရူဒိုမှာ အခြားလူများ၏ ခွဲခြားဆက်ဆံခြင်းကို အလွယ်တကူ ခံရတတ်ပြီး လူရိုင်းဟုပင် မကြာခဏ အခေါ်ခံရတတ်သည်။
ချင်ဟန်၏ အမြင်တွင် ထိုသည်က ပြဿနာကြီး တစ်ခု မဟုတ်ပေ။ မြောက်ပိုင်း အုပ်ချုပ်သူများကို အခြား မှူးမတ်များက အထင်အမြင် သေးတတ်ကြသော်ငြား သူတို့မှာလည်း မှူးမတ်များပင် မဟုတ်ပါလား။ ဖရူဒို ကိုယ်တိုင်ကလည်း သူရဲကောင်း ပါရမီရှင် တစ်ယောက် ဖြစ်ရာ သူသာ အခြားလူများအပေါ် ဖော်ရွေမှု ပြသရန် ဆန္ဒရှိလျှင် သူ့ကို ခင်မင်ချင်သူများ သေချာပေါက် ရှိလာပေလိမ့်မည်။
သို့သော် ဖရူဒိုမှာ ဤအပိုင်းတွင် အတော်လေး အားနည်းပြီး ထိုလူများနှင့် ရင်းနှီးအောင် လုပ်ရန် လုံးဝ ဆန္ဒမရှိခဲ့ချေ။
ထို့ကြောင့် ချင်ဟန်နှင့် အခြား လူအနည်းငယ်မှလွဲ၍ ကူတူး မင်းနေပြည်တော်တွင် သူ့၌ အခြား မိတ်ဆွေများ မရှိပေ။
ချင်ဟန်နှင့် ယှဉ်လိုက်လျှင် ကွာခြားချက်မှာ ကြီးမားလွန်းလှ၏။
တစ်နေကုန် လေ့ကျင့်ပြီးနောက် ချင်ဟန်နှင့် ဖရူဒိုတို့လည်း နှုတ်ဆက်၍ သူတို့၏ ကိုယ်ပိုင် အခန်းများဆီ ပြန်လာကြတော့သည်။
ချင်ဟန်မှာ ကူတူး တော်ဝင် အကယ်ဒမီမှ ပြောင်းရွှေ့သွားပြီ ဖြစ်ပြီး သူ့ကိုယ်ပိုင် နေအိမ် ရှိနေလေပြီ။
သူ့နေအိမ်သစ်မှာ အတော်လေး ကျယ်ဝန်းသော အိမ်ကြီး တစ်လုံး ဖြစ်ပြီး လိုအပ်သည်များ အားလုံး ပြည့်စုံစွာ ရှိနေ၏။ သိပ်မခမ်းနားသော်ငြား ချင်ဟန်က နေချင့်စဖွယ် ကောင်းအောင် ဖန်တီးထားသည်။
အိမ်ကြီးထဲတွင် ချင်ဟန်ကို ခစားရန် အစေခံ အနည်းငယ်လည်း ရှိနေသေးသည်။
သေချာသည်က ဤအရာအားလုံးအတွက် ငွေကြေး အများအပြား ကုန်ကျပေမည်။
သူ့ လက်ရှိ လူနေမှုဘဝကို ထိန်းသိမ်းရန်ပင် ချင်ဟန်မှာ လစဉ် ငွေဒင်္ဂါးပြား အများအပြား သုံးစွဲနေရ၏။
ဤကဲ့သို့သော လူနေမှုဘဝမျိုးဖြင့် နေထိုင်နိုင်ခြင်းက သူ့လက်ရှိ ငွေကြေး အခြေအနေကို ဖော်ပြနေသည်။ လွန်ခဲ့သော နှစ်ဝက်နှင့် ယှဉ်လိုက်လျှင် အများကြီး တိုးတက်လာခဲ့ခြင်းပင်။
End
***