ချင်ဟန်၏ နေထိုင်မှု ဘဝအခြေအနေ တိုးတက်လာရခြင်း နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ မြို့စားကိုင်ဆန်ကြောင့်ပင်။
ချင်ဟန် တစ်ယောက် သူရဲကောင်း တစ်ဦး၏ တပည့် ဖြစ်လာပြီး သူရဲကောင်း ပါရမီ နိုးကြားလာကြောင်း ကြားသိပြီးနောက် မြို့စားကိုင်ဆန်က သူ့အား အပြည့်အဝ ထောက်ပံ့ရန် ဆုံးဖြတ်လိုက်ပုံရကာ အပြောင်းအလဲ များစွာ ဖြစ်ပေါ်လာခဲ့၏။
ယခင်ကတည်းက ချင်ဟန်အား များစွာ ထောက်ပံ့ခဲ့သော်လည်း ယခုအခါတွင်မူ ထိုပံ့ပိုးမှုများမှာ အတိုင်းအဆ မသိ ကြီးမားလာခဲ့လေပြီ။
မြို့စားကိုင်ဆန်၏ ပိုင်နက်နယ်မြေမှ အခွန်အခများ ပေးဆောင်ပြီးနောက် ရန်ပုံငွေ အများစုကို ကူတူးတော်ဝင်မြို့တော်၌ ချင်ဟန် နေထိုင်နိုင်ရေးအတွက် ပေးအပ်ခဲ့သည် ဆိုရပေမည်။
ဤငွေကြေး ပမာဏဖြင့် ချင်ဟန် တစ်ယောက် အတော်လေး သက်သောင့်သက်သာ နေထိုင်နိုင်ခဲ့၏။ ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေး လုပ်ငန်းများစွာကိုလည်း စတင်နိုင်ခဲ့သဖြင့် သူ့ဘဏ္ဍာရေး အခြေအနေမှာ ကြီးမားစွာ အချိုးအကွေ့ ပြောင်းလဲသွားတော့သည်။
သူ့စံအိမ်သို့ ပြန်ရောက်ပြီး အခန်းထဲ ဝင်ပြီးနောက် ချင်ဟန်က သန့်ရှင်းသော အဝတ်အစားများ လဲလှယ်ဝတ်ဆင်ကာ အခြားတစ်နေရာသို့ သွားရန် မြင်းလှည်းပေါ် တက်လိုက်၏။
မကြာမီမှာပင် သူစိမ်းဆန်သော စံအိမ်ကြီး တစ်ခုရှေ့သို့ ရောက်ရှိလာခဲ့သည်။ ဤနေရာမှာ အလွန် ကြီးမားကျယ်ဝန်းပြီး သူ့စံအိမ်ထက် များစွာ ပို၍ ခမ်းနားထည်ဝါလှသည်။
မြင်းလှည်းပေါ်မှ ဆင်းလိုက်သည်နှင့် ဝင်ပေါက်တွင် တစ်စုံတစ်ယောက် စောင့်ဆိုင်းနေပြီး ချင်ဟန်အား လာရောက် နှုတ်ဆက်၏။
"မစ္စတာကိုင်လင်း... နောက်ဆုံးတော့ ရောက်လာပြီပဲ"
အိုမင်းသော အိမ်တော်ထိန်းကြီးက ချင်ဟန်ကို ကြည့်၍ အနီးသို့ တိုးလာကာ ပြုံးရွှင်စွာ ဆီးကြိုလိုက်၏။
"သခင်လေး ကယ်လီ အတွင်းထဲမှာ စောင့်နေတာ အတော်လေး ကြာနေပါပြီ"
"တောင်းပန်ပါတယ်... လမ်းမှာ ပြဿနာ နည်းနည်း ကြုံလိုက်ရလို့ နည်းနည်း နောက်ကျသွားတယ်"
ချင်ဟန်က အားနာဟန်ဖြင့် ပြုံးပြပြီးနောက် လမ်းပြခိုင်းလိုက်သည်။
"ကျေးဇူးပြုပြီး အထဲကို လမ်းပြပေးပါဦး"
အိမ်တော်ထိန်းအိုကြီးက ပြုံး၍ ခေါင်းညိတ်ပြပြီးနောက် ရှေ့မှနေ၍ ဖြည်းညှင်းစွာ လမ်းပြ ခေါ်ဆောင်သွားတော့၏။
အတွင်းသို့ ဝင်ရောက်လာသည်နှင့် စံအိမ်အတွင်းရှိ အလှဆင်ထားမှုများက ချင်ဟန်၏ မြင်ကွင်းထဲ ဝင်လာခဲ့လေပြီ။ သူ့စံအိမ်နှင့် နှိုင်းယှဉ်လျှင် ဤနေရာက များစွာ ပို၍ သေသပ်လှပပြီး အလှဆင်ပစ္စည်းများစွာ ရှိနေ၏။ နိုင်ငံရပ်ခြားမှ ယူဆောင်လာသော ပစ္စည်းအမျိုးစုံ ရှိနေပြီး အတော်လေး လှပတင့်တယ်လှပသည်။
သူတို့ လျှောက်လှမ်းလာစဉ် ပတ်ဝန်းကျင်မှ မြက်ခင်းနှင့် ပန်းရနံ့ သင်းသင်းလေးများ ပျံ့လွင့်လာသည်။ မကြာမီမှာပင် သူတို့ ပင်မခန်းမဆောင်ကြီးဆီသို့ ရောက်ရှိလာကြ၏။
ခန်းမဆောင်ထဲတွင် လူအများအပြား ရပ်နေကြပြီး ဖြစ်သည်။ ထိုသူများက တိုးညှင်းသော အသံများဖြင့် စကားစမြည် ပြောဆိုနေပြီး အချို့မှာ အတူတကွ ကခုန်နေကြရာ အတော်လေး သက်သောင့်သက်သာ ရှိသော ပွဲတစ်ခုနှင့် တူလှ၏။
လူအများစုမှာ လူငယ်များ ဖြစ်ကြသောကြောင့် ပွဲမှာ ပေါ့ပေါ့ပါးပါး ရှိပြီး တရားဝင် ညစာစားပွဲကြီးများကဲ့သို့ တင်းကျပ်မှု မရှိချေ။
ချင်ဟန် ဝင်လာသည်ကို မြင်လျှင် လေထုမှာ အနည်းငယ် ပြောင်းလဲသွားသည်။ လူအများအပြား၏ အာရုံစိုက်မှုက ချင်ဟန်ထံ ကျရောက်လာ၏။ သူလာလိမ့်မည်ဟု မမျှော်လင့်ထားကြသည့်အလား အားလုံးမှာ အနည်းငယ် အံ့အားသင့်နေပုံရသည်။
"ကိုင်လင်း... ငါ့သူငယ်ချင်း"
အရှေ့ဘက်မှ ရွှေရောင် ဝတ်စုံ ဝတ်ဆင်ထားသော ရုပ်ရည်ချောမောသည့် လူငယ်တစ်ယောက်က မတ်တပ်ရပ်၍ လျှောက်လာပြီး သူ့အား တိုက်ရိုက် ဖက်လှဲတကင်း နှုတ်ဆက်လိုက်သည်။
"မင်း ဘာလို့ ဒီလောက် နောက်ကျနေရတာလဲ... မင်း မလာတော့ဘူးလို့တောင် ထင်နေတာ"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ချင်ဟန်က ပြုံးရင်းသာ တုံ့ပြန်သည်။ "ငါတို့က သူငယ်ချင်းကောင်းတွေပဲ... မင်းရဲ့ ညစာစားပွဲကို ငါ ဘယ်တော့မှ အပျက်ခံမှာ မဟုတ်ဘူး"
"ဒါပေါ့"
ထိုစကား ကြားလျှင် ကယ်လီ မျက်နှာပေါ်၌ အပြုံးရိပ်လေး တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူက ချင်ဟန်အား ရှေ့သို့ ဆွဲခေါ်သွားရာ အတော်လေး ကျေနပ်နေပုံရ၏။
သူ့ကဲ့သို့ အဆင့်အတန်းရှိသူ တစ်ယောက်အတွက် လက်ရှိ ချင်ဟန်မှာ အလွန် အရေးပါသော ဧည့်သည် တစ်ဦးပင်။ တကယ်တမ်း ဆိုရလျှင် အချို့သော အရေးပါသည့် ပုဂ္ဂိုလ်ကြီးများ၏ သားသမီးများလောက်နီးပါး အရေးပါလှပေသည်။ အကြောင်းရင်းမှာ အလွန် ရိုးရှင်း၏။
ချင်ဟန်၏ နောက်ခံမှာ သာမန်သာ ဖြစ်သော်ငြား သူ့ဆရာမှာ ကော်ရီပို ဖြစ်နေသည်။ ဤအချက် တစ်ချက်တည်းကပင် သူ့နောက်ခံ အားနည်းချက်ကို ဖုံးကွယ်ပေးနိုင်စွမ်း ရှိသည်။
ထို့အပြင် ချင်ဟန်မှာ ပညာသင် သူရဲကောင်း တစ်ယောက် ဖြစ်ပြီး ကူတူးတော်ဝင်မြို့တော် တစ်ခုလုံးက အသိအမှတ်ပြုထားသော ပါရမီရှင် တစ်ဦးလည်း ဖြစ်၏။ သူ့အား အလားအလာ အကောင်းဆုံး ပညာသင် သူရဲကောင်းများထဲမှ တစ်ယောက်အဖြစ် သတ်မှတ်ထားကြသည်။
ချင်ဟန်၏ အရည်အချင်းများနှင့် သူကိုယ်တိုင် တည်ဆောက်ထားသော ဂုဏ်သတင်းကောင်းတို့ပါ ပေါင်းထည့်လိုက်လျှင် အရေးပါသော ပုဂ္ဂိုလ်ကြီးများ၏ သားသမီးများထက် များစွာ ပို၍ အသုံးဝင်နေတော့သည်။
မည်သို့ပင်ဖြစ်စေ ထိုသူများမှာ မြင့်မားသော နောက်ခံများ ရှိကြသော်ငြား လူနည်းစု အနည်းငယ်မှလွဲ၍ အများစုမှာ အရည်အချင်း သိပ်မရှိချေ။ အစစ်အမှန် သူရဲကောင်းလောင်းလျာ တစ်ယောက်နှင့် မည်သို့ ယှဉ်နိုင်မည်နည်း။
လူအများအပြားက ဤအချက်ကို ရှင်းလင်းစွာ နားလည်ထားကြသည်။ လွန်ခဲ့သော နှစ်ဝက်အတွင်း လူများစွာက သူ့အား ညစာစားပွဲများ သို့မဟုတ် အခြား လှုပ်ရှားမှုများအတွက် ဖိတ်ကြားခဲ့၏။
ချင်ဟန်က ထိုပွဲများ အားလုံးကို မတက်ရောက်ခဲ့ပေ။ မည်သည့်အရာမဆို ပေါများလွန်းသွားလျှင် တန်ဖိုး ကျသွားနိုင်သည် မဟုတ်ပါလား။
ထိုသူများက အနာဂတ် သူရဲကောင်း တစ်ယောက်၏ မိတ်ဆွေဖွဲ့မှုကို ရရှိရန် ချင်ဟန်နှင့် ရင်းနှီးအောင် ကြိုးစားခဲ့ကြခြင်းပင်။ သို့သော် မိတ်ဆွေဖွဲ့ခြင်း ဆိုသည်မှာ အများအားဖြင့် အတုအယောင်သာ ဖြစ်လေ့ရှိ၏။
အကယ်၍ ချင်ဟန်သာ ညစာစားပွဲ အားလုံးကို တက်ရောက်ပြီး လူတိုင်းနှင့် ရင်းနှီးသွားပါက ကောင်းမွန်သော သက်ရောက်မှု ရှိမည် မဟုတ်ချေ။ လူတိုင်းက သူ့မိတ်ဆွေ ဖြစ်နေလျှင် ဤအရာမှာ တန်ဖိုး ရှိတော့မည် မဟုတ်ပေ။ ရှားပါးအောင် ဖန်တီးမှသာ တန်ဖိုး ကြီးမားလာမည် မဟုတ်လော။
ထို့ကြောင့် ချင်ဟန်က လူများလွန်းသူများနှင့် မရင်းနှီးဘဲ အများစုနှင့် အကွာအဝေး တစ်ခု ထားရှိခဲ့သည်။ သို့ဖြစ်၍ မည်သူမဆို ချင်ဟန်အား သူတို့၏ ညစာစားပွဲသို့ လာရောက်ရန် ဖိတ်ခေါ်နိုင်ခြင်း မရှိခဲ့ပေ။
သို့ဖြစ်ရာ ကယ်လီ အနေဖြင့် ချင်ဟန်ကို သူ့ ညစာစားပွဲသို့ လာရောက်စေနိုင်ခဲ့ခြင်းမှာ သူ့အတွက် အတော်လေး ဂုဏ်ယူ ကျေနပ်စရာ ကိစ္စတစ်ခု ဖြစ်နေခဲ့၏။
အခြားသူများ မျက်နှာပေါ်ရှိ ရှုပ်ထွေးမှုနှင့် အံ့အားသင့်မှုများကို ခံစားမိချိန်တွင် ကယ်လီ၏ အပြုံးမှာ ပိုတောက်ပလာပြီး ချင်ဟန်အပေါ် ပို၍ သဘောကျလာတော့သည်။
ခန်းမဆောင်ထဲတွင် သူက ရောက်ရှိနေသူ အားလုံးကို ချင်ဟန်နှင့် မိတ်ဆက်ပေးလိုက်သည်။ ထင်ထားသည့်အတိုင်း ချင်ဟန်အား သူရဲကောင်း တစ်ယောက်အဖြစ် မိတ်ဆက်ပေးလိုက်တိုင်း လူအများအပြားမှာ အံ့အားသင့်စွာ အော်ဟစ်လိုက်မိကြ၏။
ထိုဖြစ်စဉ် တစ်လျှောက်လုံး ချင်ဟန်၏ မျက်နှာထားမှာ တည်ငြိမ်နေပြီး အံ့အားသင့်နေသော အကြည့်များကို လျစ်လျူရှုထားပုံ ရသည်။ အတန်ကြာမှသာ သူ ဘေးဘက်တွင် ထိုင်ချလိုက်ပြီး ညစာစားပွဲ၏ အခြေအနေကို တိတ်ဆိတ်စွာ စောင့်ကြည့်နေတော့၏။
ဖရူဒို တစ်ယောက် ဤညစာစားပွဲများသို့ လာရန် မနှစ်သက်ဘဲ သူ့ဘာသာ လေ့ကျင့်ရန်သာ ရွေးချယ်ခဲ့သည်မှာ နားလည်နိုင်စရာပင်။ အနည်းဆုံးတော့ ချင်ဟန်အတွက် ဤကဲ့သို့သော ပွဲများမှာ မယုံကြည်နိုင်လောက်အောင် ပျင်းစရာ ကောင်းပေသည်။
ခေတ်မီဆန်းပြားသော ဝတ်စုံများကို ကျော့ရှင်းစွာ ဝတ်ဆင်ထားသည့် မှူးမတ်မျိုးနွယ်ဝင် လူငယ် ကောင်လေး၊ ကောင်မလေးများမှာ အချင်းချင်း စကားစမြည် ပြောဆိုခြင်း၊ ကဗျာအချို့ကို ချီးကျူးခြင်း သို့မဟုတ် အခြားသူများကို ကခုန်ရန် ဖိတ်ခေါ်ခြင်းများ ပြုလုပ်နေကြသည်။ ချင်ဟန် တစ်ယောက် အလွန်အမင်း ပျင်းရိမှုကို ခံစားနေရပြီး သူ့အား စိတ်ဝင်စားစေမည့်အရာ တစ်ခုမှ မရှိချေ။
သေချာသည်ကတော့ သူရဲကောင်း တစ်ဦးဟူသော အဆင့်အတန်းနှင့် ချောမောသော ရုပ်ရည်သွင်ပြင်တို့ကြောင့် အမျိုးသမီး များစွာက သူ့ထံ ချဉ်းကပ်လာပြီး ကခုန်ရန် ဖိတ်ခေါ်ခဲ့ကြသည်။ အကယ်၍ ချင်ဟန်သာ ဆန္ဒရှိပါက သူ့ပတ်ပတ်လည်ရှိ အခြားသူများကဲ့သို့ပင် အလှပန်းလေးများကို ဖက်တွယ်ကာ ဝိုင်းဝိုင်းလည်နေစေနိုင်ပေမည်။
သို့တိုင် ချင်ဟန်က တည်ငြိမ်ယဉ်ကျေးစွာဖြင့် အားလုံးကို ငြင်းပယ်ခဲ့၏။ ထိုသည်မှာ သူ မိန်းမများကို မနှစ်သက်၍ မဟုတ်ဘဲ နာမည်ကောင်း တစ်ခုကို ထိန်းသိမ်းလိုသောကြောင့်ပင်။
အများအားဖြင့် ဂုဏ်သတင်း ဆိုသည်မှာ ခွန်အား တစ်မျိုးပင်။ နာမည်ကောင်း ထိန်းသိမ်းနိုင်ရန် လွန်ခဲ့သော နှစ်ဝက်အတွင်း ချင်ဟန်က လူတိုင်းအပေါ် ကြင်နာစွာ ဆက်ဆံခဲ့သော်လည်း မည်သည့် အမျိုးသမီးနှင့်မျှ ပတ်သက်ခြင်း သို့မဟုတ် မည်သူနှင့်မျှ ပဋိပက္ခ ဖြစ်ပွားခြင်း မရှိခဲ့ပေ။ ဤသည်မှာ ဖြူစင်မြင့်မြတ်သော သူရဲကောင်း တစ်ဦး၏ ပုံရိပ်ကို တည်ဆောက်နိုင်ရန် ဖြစ်သည်။
ယခုလို ကြီးမားသော ကြိုးပမ်းအားထုတ်မှုဖြင့် ပုံရိပ်ကောင်း တစ်ခု တည်ဆောက်ထားပြီးမှ သူ ဘယ်လိုလုပ် လွယ်လွယ်ကူကူ စွန့်ပစ်နိုင်မည်နည်း။ ချင်ဟန်က တစ်နေ့တွင် လုံလောက်သော ပုံရိပ်ကောင်းတစ်ခု တည်ဆောက်ပြီးပါက အဆင့်အတန်း မြင့်မားသော မှူးမတ်အမျိုးသမီး တစ်ဦးကို ရှာဖွေနိုင်ရန် မျှော်လင့်ထားသည်။ သူ့အစီအစဉ်များကို ဘယ်လိုလုပ် ဒီအတိုင်း ဖျက်ဆီးပစ်နိုင်မည်နည်း။
သို့ဖြစ်ရာ ချင်ဟန်က အမျိုးသမီးများအား နွေးထွေးစွာ ပြုံးပြခဲ့သော်လည်း အားလုံးကို ငြင်းပယ်ခဲ့သည်။ သူ့ပတ်ဝန်းကျင်တွင် အမျိုးသမီးများ၏ ညည်းတွားသံများ ရံဖန်ရံခါ ထွက်ပေါ်လာရာ လူများစွာမှာ တစ်စုံတစ်ရာ လုပ်ဆောင်နေပုံ ရ၏။
ချင်ဟန်က လှည့်မကြည့်ဘဲ မတ်မတ်သာ ထိုင်နေပြီး လုံးဝ သက်ရောက်မှု မရှိပုံပေါ်သည်။ ညစာစားပွဲ၏ ဗြောင်းဆန်နေသော မြင်ကွင်းထဲတွင် သူက အထူးခြားဆုံး မြင်ကွင်းတစ်ခုပမာ ဖြစ်နေပြီး လူတိုင်းကို အံ့အားသင့်စေတော့သည်။
သူ့ပတ်ပတ်လည်တွင်တော့ ထိုင်ခုံပေါ် တည်ငြိမ်စွာ ထိုင်နေသော ချင်ဟန်အား ငေးကြည့်ရင်း ချောမောသော မျက်နှာထားနှင့် ကျော့ရှင်းသည့် အငွေ့အသက်တို့ကြောင့် အမျိုးသမီးများမှာ သူ့ထံသို့ အလိုအလျောက် ဆွဲဆောင်ခံနေရသည်။ အကြောင်းရင်း မသိသော်ငြား ချင်ဟန်က သူတို့ကို အာရုံမစိုက်သည့်တိုင် သူတို့မှာ စွဲလမ်းမိနေကြ၏။
"အဲ့ဒီ... အဲ့ဒီလူက ဘယ်သူလဲ"
နောက်ဆုံးတွင် ချင်ဟန်၏ အပြုအမူများက သီးခြား လူတစ်ယောက် အာရုံကို ဖမ်းစားသွားခဲ့လေပြီ။ ထောင့်တစ်နေရာတွင် အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော အသက် (၁၅) နှစ်၊ (၁၆) နှစ်အရွယ် မိန်းကလေး တစ်ယောက် ရှိနေသည်။ ထိုနေရာတွင် ထိုင်ရင်း သူမက ချင်ဟန်အား တိတ်တဆိတ် လှမ်းကြည့်နေပြီး မျက်နှာပေါ်၌ စူးစမ်းလိုသော အရိပ်အယောင်များ ထွက်ပေါ်လာ၏။
End
***