မတ်မတ်ကိုယ်ဟန်နှင့် ရင်းနှီးဖော်ရွေသော အပြုံးဖြင့် ထိုင်နေသော ချင်ဟန်ကို ကြည့်ရင်း မိန်းကလေးမှာ အလိုအလျောက် ရေရွတ်မိသွားသည်။ ချင်ဟန်မှာ အတော်လေး ထူးခြားနေကြောင်း သူမကိုယ်တိုင်ပင် ခံစားနေရ၏။
သူက ဘာစကားမှ မဆိုဘဲ ဒီအတိုင်း ထိုင်နေယုံမျှဖြင့် လူတိုင်း၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်နေပုံရသည်။ ဤညစာစားပွဲကို ကျင်းပသော အိမ်ရှင် ကယ်လီပင်လျှင် သူ့အရိပ်အောက်တွင် လုံးဝ မှေးမှိန်နေသကဲ့သို့ပင်။
ထို့အပြင် သူ့အငွေ့အသက်မှာ ဘေးပတ်ဝန်းကျင်ရှိ လူများနှင့် လုံးဝ ကွဲပြားခြားနားနေသည်။ ချင်ဟန်ကို ကြည့်ရင်း ဗာနာ တစ်ယောက် စူးစမ်းလိုစိတ်များကို မထိန်းချုပ်နိုင်တော့ချေ။
"သူက သူရဲကောင်း ကိုင်လင်းပါ... အသက်ငယ်ပေမဲ့ သူက ပညာသင် သူရဲကောင်း တစ်ယောက် ဖြစ်နေပါပြီ"
အစေခံ တစ်ယောက်က တိုးညှင်းစွာ ပြောရင်း ဗာနာအား ချင်ဟန်နှင့် မိတ်ဆက်ပေးလိုက်၏။
"သူက အဆင့်နိမ့် မြို့စား တစ်ယောက်ရဲ့ သားဆိုပေမဲ့ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် မစ္စတာကော်ရီပိုရဲ့ တပည့် ဖြစ်လာပြီး သူရဲကောင်း တစ်ယောက် ဖြစ်လာခဲ့တာ..."
ချင်ဟန်၏ ဇာတ်လမ်းကို ကြားလျှင် ဗာနာ မျက်လုံးများ တောက်ပသွားပြီး အလိုအလျောက် ညည်းတွားမိလိုက်သည်။
"အရမ်း အံ့ဩစရာ ကောင်းတာပဲ"
"ကူတူးတော်ဝင်မြို့တော်မှာ သူက အရမ်း နာမည်ကြီးပြီး အနာဂတ်မှာ အစစ်အမှန် သူရဲကောင်း တစ်ယောက် ဖြစ်လာဖို့ အလားအလာ အရှိဆုံး ပညာသင် သူရဲကောင်း အဖြစ် ချီးကျူးခံထားရတာပါ" အစေခံက ဆက်ပြောပြ၏။
နားထောင်နေရင်း ဗာနာ၏ မျက်လုံးများမှာ တစ်စထက်တစ်စ ပိုတောက်ပလာတော့သည်။
ထိုနေရာတွင် ထိုင်ရင်း သူမက ကျော့ရှင်းပြီး ချောမောသော ချင်ဟန်ကို ကြည့်ကာ သဘောကျမိစိတ်များ ဖြစ်ပေါ်လာသည်။ အထူးသဖြင့် အမျိုးသမီးများစွာ ချဉ်းကပ်လာသည့်တိုင် နွေးထွေးစွာ ငြင်းပယ်နေမှုကြောင့်ပင်။ သူက ဘေးပတ်ဝန်းကျင်ရှိ အခြားလူများ အားလုံးနှင့် လုံးဝ ခြားနားနေခဲ့လေပြီ။
ထိုင်နေရင်းမှ ခဏတာ တွေဝေသွားသော်လည်း မတ်တပ် မရပ်ဘဲ မနေနိုင်တော့ပေ။ ချင်ဟန်အား ကခုန်ရန် ဖိတ်ခေါ်ဖို့ မျှော်လင့်ရင်း သတ္တိမွေးလိုက်၏။ ဤဖြစ်စဉ်တွင် ငြင်းပယ်ခံရမည်ကို စိုးရိမ်နေသဖြင့် သူမမှာ အလွန် တွေဝေ တုံ့ဆိုင်းနေပုံရသည်။
မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင်မူ သူမက ထရပ်လိုက်ပြီး ဘေးပတ်လည်ရှိ မိန်းကလေးများ စောင့်ကြည့်နေစဉ် ချင်ဟန်ထံသို့ ဖြည်းညှင်းစွာ လျှောက်သွားတော့သည်။ သူမ၏ အပြုအမူကို မြင်လျှင် ထိုမိန်းကလေးများက ဘာစကားမှ မဆိုဘဲ ဗာနာ တစ်ယောက် ချင်ဟန်၏ ငြင်းပယ်ခြင်း ခံရမည်ကို မျှော်လင့်တကြီး စောင့်ကြည့်နေကြသည်။
သဘာဝကျစွာပင် ချင်ဟန်လည်း ဤသည်ကို သတိထားမိလိုက်သည်။ သူ လှမ်းကြည့်လိုက်ချိန်တွင် ဗာနာ၏ ရုပ်ရည်ကို သတိပြုမိသွား၏။ သူမမှာ အတော်လေး သာမန်ဆန်ပြီး သိပ်မလှပပေ။ အလွန်ဆုံးမှ နုနယ်ပြီး ချစ်စရာကောင်းသည်ဟုသာ ခေါ်ဆိုနိုင်လောက်သည်။
ရုပ်ရည်အပြင် သူမ ခန္ဓာကိုယ် အချိုးအစားမှာလည်း အလွန် သာမန်ဆန်လှ၏။ အပြစ်ပြောစရာ မရှိသော်ငြား အရပ်ရှည်ပြီး တောင့်တင်းသော အမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက သာမန်အဆင့်သာ ရှိပေမည်။
သေချာသည်ကတော့ ချင်ဟန်က အမျိုးသမီးများကို ကြည့်ရာတွင် ထိုမျှ တိမ်ယောင်သည့် လူစားမျိုး မဟုတ်ပေ။ သူ ဂရုစိုက်သည့် အရာများမှာ နောက်ခံ၊ အဆင့်အတန်း၊ အလားအလာ အစရှိသည့် ခိုင်မာသော အချက်များသာ။ ထိုရှုထောင့်မှ ကြည့်လျှင် ဤမိန်းကလေးမှာ လုံးဝ အရည်အချင်း ပြည့်မီနေလေပြီ။
သူမက အတော်လေး ဖုံးကွယ်ထားသော်လည်း သူမ၏ အဆင့်အတန်းမှာ လုံးဝ သာမန်မဟုတ်ကြောင်း ချင်ဟန် သိနိုင်သည်။ ကယ်လီနှင့် အခြားသူများ၏ တုံ့ပြန်မှုများမှတစ်ဆင့် ဤအချက်ကို ချင်ဟန် ရိပ်မိနေခြင်းပင်။
ယခင်ကတည်းက ကယ်လီ တစ်ယောက် ထောင့်ဘက်ရှိ ထိုမိန်းကလေးထံ ရံဖန်ရံခါ လှမ်းကြည့်နေခဲ့သည်။ ဤမိန်းကလေး၏ ရုပ်ရည်နှင့် ခန္ဓာကိုယ် အချိုးအစားအရ ကယ်လီ သူမအပေါ် စိတ်ဝင်စားနေဖို့ မဖြစ်နိုင်ပေ။ သူမ အဆင့်အတန်းက သာမန် မဟုတ်သောကြောင့် မမျှော်လင့်ထားသည့် ကိစ္စများ မဖြစ်ပေါ်စေရန် သူက အဆက်မပြတ် စောင့်ကြည့်နေရခြင်း ဖြစ်ဖို့ ပိုများသည်။
ကယ်လီကဲ့သို့ အဆင့်အတန်း ရှိသူတစ်ယောက်က ဤမျှ အလေးအနက်ထား စောင့်ကြည့်နေရသည်ကို ထောက်ဆလျှင် ဤမိန်းကလေး၏ အဆင့်အတန်းမှာ သေချာပေါက် အရေးပါလှပေမည်။ ချင်ဟန်က သူမကို ဆက်လက် အကဲခတ်နေမိ၏။
"ကြည့်ရတာ ၁၅ နှစ်၊ ၁၆ နှစ်လောက်ပဲ ရှိဦးမယ် ထင်တယ်..."
လျှောက်လှမ်းလာသော ဗာနာကို ကြည့်ရင်း သူက ခန့်မှန်းကာ စိတ်သက်သာရာ ရသွားသည်။
သူမက (၁၅) နှစ်၊ (၁၆) နှစ်အရွယ်သာ ရှိသေးသောကြောင့် ဗြောင်းဆန်နေသော မှူးမတ် အသိုင်းအဝိုင်းထဲတွင်ပင် အတော်လေး ဖြူစင်နေနိုင်ပြီး သူမနှင့် ပတ်သက်သည့် ရှုပ်ထွေးမှုများ ရှိနိုင်မည် မဟုတ်ချေ။ သူ့ပတ်ဝန်းကျင်ရှိ အမျိုးသမီးများနှင့် နှိုင်းယှဉ်လျှင် သူမက များစွာ ကွဲပြားခြားနားလှသည်။
သို့ဖြစ်ရာ ချင်ဟန်က သူမနှင့် ရင်းနှီးအောင် လုပ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအကြောင်း တွေးမိသည်နှင့် စိတ်ထဲ အကြံထုတ်နေတော့၏။
သူ ဤမိန်းကလေးနှင့် ဆက်သွယ်ချင်လျှင်ပင် အရမ်းကြီး အကျွံမဝင်နိုင်ပေ။
လူများစွာကို ငြင်းပယ်ခဲ့ပြီးမှ အခြားတစ်ယောက်နှင့် ပျော်ရွှင်စွာ ကခုန်နေမည် ဆိုလျှင် မည်သို့ ကြည့်ကောင်းမည်နည်း။ ထိုသို့ဆိုလျှင် သူက သွယ်ဝိုက်သော နည်းလမ်းကို ရွေးချယ်သင့်သလော။
ချင်ဟန်၏ စိတ်ထဲ အတွေးများ ဖြတ်ပြေးသွားသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်နေပြီး ပတ်ဝန်းကျင်ရှိ အရာများကို အေးချမ်းစွာ ငေးကြည့်နေဆဲပင်။ သူ့ရှေ့သို့ ထိုမိန်းကလေး ဖြည်းညှင်းစွာ လျှောက်လာခဲ့လေပြီ။
"မင်္ဂ... မင်္ဂလာပါ..."
ချင်ဟန် ရှေ့သို့ ရောက်ချိန်တွင် ဗာနာက သူ့ကို ကြည့်၍ ထစ်ငေါ့စွာ ပြောလာ၏။
"ကျွန်မ ရှင်နဲ့အတူ ကလို့ ရမလားဟင်"
သူမက အလွန် တိုးညှင်းစွာ ပြောဆိုလာပြီး အတော်လေး ရှက်ရွံ့နေပုံရသည်။
လက်ရှိတွင် ဗာနာ အမှန်တကယ်ပင် အလွန် ရှက်ရွံ့နေခဲ့သည်။ ယခင်က သူမက ချင်ဟန်အား အဝေးမှသာ လှမ်းကြည့်နေခဲ့သော်လည်း ယခု သူ့ရှေ့ ရောက်လာချိန်တွင်တော့ ရှင်းရှင်းလင်းလင်း မြင်တွေ့ခွင့် ရသွားခဲ့ပြီ ဖြစ်၏။
သူက သူမ ထင်ထားသည်ထက် များစွာ ပို၍ အရပ်ရှည်သည်။ ထိုနေရာတွင် ထိုင်နေသည့်တိုင် အလွန် အရပ်မြင့်ပုံ ရ၏။ သူက အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အရပ်ရှည်ကာ တောင့်တင်းသော ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသည်။ ရှည်လျားသော ဆံပင်များက လွတ်လပ်စွာ ကျဆင်းနေပြီး ထူးဆန်းသော အလှဆင်ပစ္စည်းများဖြင့် ဖြီးသင်ထားခြင်း မရှိပေ။ သဘာဝအတိုင်းသာ ကျဆင်းနေပြီး အလွန် နူးညံ့ကာ ကြည့်ကောင်းလှသည်။
သူ့ရုပ်ရည်သွင်ပြင်မှာ ချောမော သေသပ်ပြီး မယုံကြည်နိုင်လောက်အောင် ဆွဲဆောင်မှု ရှိလှသည်။ ယခင် နန်းတော်ထဲတွင် သူမက ထူးချွန်ပြီး ချောမောသော အမျိုးသား များစွာကို မြင်တွေ့ခဲ့ဖူး၏။
သူမ မိခင်တွင် အတိတ်က ချစ်သူများစွာ ရှိခဲ့ပြီး အများစုမှာ ဗာနာ မြင်တွေ့ခဲ့ဖူးသည့် ချောမောသော အမျိုးသားများ ဖြစ်ကြသည်။ သို့သော် ချင်ဟန်နှင့် နှိုင်းယှဉ်လျှင် ထိုအမျိုးသားများမှာ သိပ်မထူးခြားဘဲ သူ့ကို လုံးဝ မယှဉ်နိုင်ဟု သူမ ခံစားလိုက်ရသည်။
သူမ ရှေ့တွင်တော့ သူက ရဲရင့်သော မျက်နှာထားပေါ်ရှိ နူးညံ့သည့် အမူအရာဖြင့် ထိုင်နေကာ သူမကို ငေးကြည့်နေ၏။ ချင်ဟန်ကို ကြည့်ရင်း ဗာနာ တစ်ယောက် ရင်ခုန်သံ မြန်လာပြီး သူမ မျက်နှာ နီရဲလာသည်ကို မတားဆီးနိုင်တော့ချေ။ အလွန် ရှက်ရွံ့နေသဖြင့် သူ့ကိုပင် မော့မကြည့်ရဲလုနီးပါး ဖြစ်သွားသည်။
ထိုစကားများ ပြောပြီးနောက် သူမ ထပ်မပြောတော့ဘဲ မယုံကြည်နိုင်လောက်အောင် ရှက်ရွံ့နေကာ သူ ငြင်းပယ်မည်ကို စိုးရိမ်နေမိသည်။ တစ်စုံတစ်ယောက်က သူမအား ငြင်းပယ်မည်ကို စိုးရိမ်ရသည့် ဤခံစားချက်မျိုး သူမ ယခင်က တစ်ခါမှ မခံစားခဲ့ဖူးပေ။
ချင်ဟန်က ခဏတာ တိတ်ဆိတ်သွားပြီးနောက် စကားစလာ၏။
"မင်းက ငယ်ပါသေးတယ်... အဲ့ဒီလို အကမျိုး ကဖို့ မလိုအပ်သေးပါဘူး"
ချင်ဟန်၏ အမူအရာမှာ တည်ငြိမ်နေပြီး ခဏတာ ရပ်တန့်သွားကာ ပြုံး၍ မေးလိုက်သည်။
"ဒီတစ်ခါ မင်းနဲ့အတူ အကဖော် မခေါ်လာခဲ့ဘူးလား"
ထိုစကားများ ကြားလျှင် ဗာနာ အနည်းငယ် စိတ်ပျက်သွားကာ ခေါင်းခါပြလိုက်သည်။
"ဒီလိုဆိုမှတော့..." ချင်ဟန်က ခဏတာ စဉ်းစားပြီးနောက် ပြုံး၍...
"ဒီလို အကမျိုး ကတဲ့နေရာမှာ ငါက တော်တော်လေး ညံ့ပေမဲ့ မင်း စိတ်မရှိဘူးဆိုရင် ငါ မင်းကို အဖော်လုပ်ပေးနိုင်ပါတယ်... ဒါပေမဲ့ ငါ့ရဲ့ တောင်းဆိုချက် တစ်ခုကိုတော့ သဘောတူပေးပါ"
ညီမငယ်လေး တစ်ယောက်ကို စောင့်ရှောက်နေသည့်အလား ကြင်နာသော အပြုံးဖြင့် ဗာနာကို ကြည့်ကာ ညင်သာစွာ ဆက်ပြောလိုက်သည်။
"နောက်ဆိုရင် လူကြီးတွေအတွက် လုပ်တဲ့ ဒီလိုပွဲမျိုးကို မလာဖို့ ကြိုးစားပါ"
တိုးညှင်းသော အသံဖြင့် ပြောဆိုရင်း ဗာနာကို ကြည့်ကာ သူက ခပ်ရေးရေး ပြုံးပြလိုက်၏။
End
***