"ဒါဆို တခြား အကြောင်းပြချက်ကြောင့် မဟုတ်ဘဲ ဒီကလေးမလေးကို စောင့်ရှောက်ချင်လို့ပေါ့..."
ထိုအခိုက်အတန့်တွင် ချင်ဟန် မျက်နှာထက်ရှိ အပြုံးကို ကြည့်ရင်း လူအများစုမှာ တစ်ပြေးညီ တွေးတောမိကြ၏။ ရုပ်ရည် ချောမောပြေပြစ်ပြီး အေးချမ်းသော အမူအရာ ရှိသည့် ချင်ဟန်ကို ကြည့်ရင်း သူတို့ရင်ထဲ၌ လေးစားမှုတို့ အလိုအလျောက် ပေါ်ပေါက်လာတော့သည်။
ပွင့်ပွင့်လင်းလင်း ဆိုရလျှင် မှူးမတ် မျိုးနွယ်များ အနေဖြင့် သာမန်လူများ စိတ်ကူး၍ပင် မရနိုင်သော သွေးဆောင် ဖြားယောင်းမှု များစွာကို နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရခြင်းပင်။ ထိုကဲ့သို့ အခြေအနေမျိုးတွင် ကိုယ်ပိုင် မူဝါဒကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး သွေးဆောင်မှုများကို ကြံ့ကြံ့ခံနိုင်သူမှာ အမှန်တကယ်ပင် လေးစားထိုက်သည်။
သွေးဆောင်မှုများကို ငြင်းဆန်နိုင်ရုံသာမက သူစိမ်း ကလေးမလေး တစ်ယောက်အပေါ် ယခုလို ကြင်နာစွာ ဆက်ဆံနိုင်ခြင်းက သူ့မှာ ကိုယ်ကျင့်တရား ကောင်းမွန်သော သူရဲကောင်း ကိုင်လင်း အစစ်အမှန် ဖြစ်ကြောင်း သံသယ ဝင်စရာ မလိုတော့ချေ။
သူတို့အားလုံး တိတ်တဆိတ် သက်ပြင်းချရင်း ကိုယ်တွေးနှင့်ကိုယ် နစ်မြောနေကြ၏။
မည်သူကမျှ ချင်ဟန် အနေဖြင့် ဗာနာအပေါ် မကောင်းသော ရည်ရွယ်ချက် ရှိမည်ဟု မထင်မှတ်ထားကြပေ။ အဘယ်ကြောင့်ဆိုသော် ဗာနာထက် ရုပ်ရည်ရော၊ ကိုယ်လုံးကိုယ်ပေါက်ပါ ပိုသာလွန်လှပသော အမျိုးသမီးများစွာ ရှိနေသောကြောင့်ပင်။
ထိုအမျိုးသမီး အများစုက ချင်ဟန်အပေါ် စိတ်ဝင်စားကြောင်း ပြသခဲ့ကြသော်လည်း ချင်ဟန်က ယဉ်ကျေးစွာပင် ငြင်းဆန်ခဲ့သည် မဟုတ်ပါလား။ ယခု ဤကလေးမလေး၏ ကမ်းလှမ်းမှုကို လက်ခံလိုက်ခြင်းမှာ တခြားကြောင့် မဟုတ်ဘဲ သူမကို စိတ်မကောင်း မဖြစ်စေလိုသည့်အပြင် စောင့်ရှောက်ပေးလိုသော သဘောသာ ဖြစ်ကြောင်း သိသာ ထင်ရှားလှ၏။
ထိုသည်မှာ လူတိုင်း၏ စိတ်ထဲရှိ အတွေးများပင် ဖြစ်လေသည်။
ကယ်လီ ကိုယ်တိုင်ပင် အများကြီး တွေးတောမနေတော့ပေ။ ဗာနာ နောက်ခံမှာ သာမန် မဟုတ်မှန်း သူ သိထားသော်ငြား ချင်ဟန် အနေဖြင့် သူမ၏ ကိုယ်ပိုင် အထောက်အထားကို သိနိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထို့အပြင် ချင်ဟန် တည်ဆောက်ထားသော ပုံရိပ်မှာ အလွန် ကောင်းမွန်လွန်းနေသဖြင့် ကယ်လီမှာ မည်သည့် သံသယမှ မဝင်ခဲ့ခြင်း ဖြစ်သည်။
ဗာနာ အနေဖြင့်မူ ခေါင်းထဲတွင် ဗလာကျင်းနေပြီး သူမ မျက်နှာလေးမှာ ချက်ချင်းပင် ရဲတက်သွားတော့သည်။ ချင်ဟန်ကို မော့ကြည့်ရင်း သတ္တိမွေးကာ စကားစလိုက်၏။
"မစ္စတာ ကိုင်လင်းက... ညီမ ဒီလိုနေရာမျိုးတွေ လာတာကို သဘောမကျလို့လားဟင်"
"အဲ့ဒီလို မဟုတ်ရပါဘူး..." ချင်ဟန်က ပြုံး၍... "အသက်အရွယ် အပိုင်းအခြား တစ်ခုစီမှာ လုပ်သင့် လုပ်ထိုက်တဲ့ အရာတွေ ကွဲပြားနေလို့ပါ... ညီမလေးရဲ့ အရွယ်နဲ့ဆိုရင် ဒီလို ပွဲလမ်းသဘင်တွေ လာဖို့က နည်းနည်း စောလွန်းနေသေးတယ်လေ... ဒါက အကြံပေးရုံ သက်သက်ပါ"
ချင်ဟန်က ဗာနာကို ကြည့်ရင်း ခပ်ဟဟ ပြုံးလိုက်ပြန်သည်။
"ဘာပဲဖြစ်ဖြစ် ညီမလေးရဲ့ ကိုယ်ပိုင် ဆန္ဒအပေါ်မှာပဲ မူတည်ပါတယ်... ဘယ်သူကမှ ညီမလေး ကိုယ်စား ဆုံးဖြတ်ချက် ချပေးပိုင်ခွင့် မရှိဘူးလေ"
ချင်ဟန်ကို စူးစိုက်ကြည့်ရင်း ထိုစကားများ ကြားလိုက်ရချိန်တွင် ဗာနာ တိတ်တဆိတ် တွေးတောနေမိသည်။ ယခင်ကလည်း အခြားသူများထံမှ ဤကဲ့သို့ စကားမျိုး ကြားခဲ့ဖူး၏။ သူမ၏ အစ်မ တစ်ယောက်က အလားတူ စကားမျိုး ပြောခဲ့ဖူးသော်လည်း ချင်ဟန်ထက် အများကြီး ပို၍ တင်းမာ ကြမ်းတမ်းခဲ့သည်။
အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် စကားလုံးချင်း တူညီနေသည့်တိုင် ချင်ဟန် ပြောလာသောအခါ သူမစိတ်ထဲ ငြင်းဆန်လိုစိတ် မဖြစ်ပေါ်ခဲ့ပေ။ နားလည်သလို နားမလည်သလိုဖြင့် သူမ ခေါင်းလေးကို ဘေးသို့ အနည်းငယ် စောင်းလိုက်သည်။
ထိုစဉ် လက်တစ်ဖက် ဆန့်ထွက်လာပြီး သူမ လက်လေးအား ဆုပ်ကိုင်လာ၏။
အမျိုးသမီး အများအပြား အားကျ ငေးမောနေသည့် ကြားမှပင် ချင်ဟန်က မတ်တပ်ရပ်၍ ဗာနာ လက်ကို ညင်သာစွာ ဆွဲကိုင်လိုက်ခြင်းပင်။ သူတို့ နှစ်ယောက်သား ရှေ့သို့ လျှောက်သွားပြီး ထောင့်တစ်နေရာအရောက်တွင် စတင် ကခုန်ကြတော့သည်။
ကူတူးတိုင်းပြည်ရှိ မှူးမတ်များ၏ ကပွဲများမှာ အတော်လေး ထူးခြားလှ၏။ ချင်ဟန် ကိုယ်တိုင်ကလည်း မှူးမတ် တစ်ဦး ဖြစ်သောကြောင့် မြို့စားကိုင်ဆန်၏ နယ်မြေတွင် ဤအကများကို ယခင်ကတည်းက သင်ယူခဲ့ဖူးသည်။ သို့သော် အတိတ်ကမူ ဤကဲ့သို့ ပွဲလမ်းသဘင်များတွင် ပါဝင်လေ့ သိပ်မရှိခဲ့ချေ။ ထို့ကြောင့် သူပြောခဲ့သည့် အတိုင်းပင် သူ့ လှုပ်ရှားမှုများမှာ အနည်းငယ် အချိုးမကျသလို ဖြစ်နေသည်။
အသားမကျ ဖြစ်နေသော်ငြား အလွန်အမင်း ဆိုးရွားနေခြင်းတော့ မဟုတ်ပေ။ ဤအကများ၏ အခြေခံမှာ ခန္ဓာကိုယ်ကို လှုပ်ရှားခြင်း သက်သက်သာ။ ချင်ဟန်၏ လက်ရှိ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် ပျော့ပျောင်းမှုအရ ကောင်းမွန်စွာ ကခုန်နိုင်ရန် သိပ်ပြီး ခက်ခဲလှသည် မဟုတ်ချေ။
သူ့ အရှေ့တွင်တော့ ဗာနာက အတူတကွ လိုက်ပါ လှုပ်ရှားနေ၏။ ချင်ဟန်၏ အရှေ့တွင် ဗာနာမှာ အလိုအလျောက် လှုပ်ရှားနေရင်း သူမ မျက်လုံးများက ချင်ဟန်ထံမှ မခွာဘဲ ထိုချောမောသော မျက်နှာအား ငေးမော ကြည့်ရှုနေမိသည်။
ကပွဲ ပြီးဆုံးသွားချိန်မှသာ သူမ သတိပြန်ဝင်လာခဲ့တော့သည်။
"တော်ပါတယ်..." ချင်ဟန်က နွေးထွေးစွာ ပြုံးလိုက်ပြီး သူမ လက်ကို မလွှတ်ဘဲ ဆုပ်ကိုင်ထားရင်း ဖြည်းညှင်းစွာ တွဲလျှောက်လာခဲ့သည်။ "အချိန်လည်း နှောင်းနေပြီ..."
သူက ဗာနာကို ကြည့်ကာ ပြုံး၍...
"အိမ်ပြန်ရောက်ရင် စောစော အနားယူဖို့ မမေ့နဲ့ဦး"
စကားပြောပြီးသည်နှင့် ဗာနာ လက်လေးကို လွှတ်ပေးလိုက်ပြီး ယဉ်ကျေးစွာ နှုတ်ဆက်ကာ သူ့ ထိုင်ခုံဆီသို့ ပြန်လျှောက်သွားလေပြီ။
ဗာနာမှာမူ စိတ်လွင့်နေသူ တစ်ယောက်ပမာ သူမ ထိုင်ခုံဆီ ပြန်လျှောက်လာခဲ့သည်။ လမ်းတစ်လျှောက်လုံး အစောပိုင်းက ခံစားချက်ကို ပြန်မတွေးဘဲ မနေနိုင်ခဲ့ချေ။ ကိုင်လင်း၏ လက်ဖဝါးမှ နွေးထွေးမှုကို ခံစားနေရဆဲ ဖြစ်ပြီး သူတို့ နှစ်ယောက် ခဏတာမျှသာ တွေ့ဆုံခဲ့ရသော်လည်း ထိုပုံရိပ်လေးမှာ သူမ စိတ်ထဲ နက်ရှိုင်းစွာ စွဲထင်သွားခဲ့သည်။
ထိုခံစားချက်များကို ပြန်လည် တွေးတောရင်း သတိလက်လွတ်ဖြင့် သူမ နေရာသို့ ပြန်ရောက်လာခဲ့၏။
ရွှစ်...
ဓားအိမ်ထဲမှ ဓားဆွဲထုတ်လိုက်သကဲ့သို့ တိုးညှင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။
"သတိထား..."
အော်ဟစ် သတိပေးသံများနှင့်အတူ အမျိုးသမီးများ၏ စူးရှသော အော်သံများ ထွက်ပေါ်လာလေပြီ။ ထိုအသံများ ကြားလိုက်ရသဖြင့် ဗာနာ အလိုအလျောက် လှည့်ကြည့်လိုက်မိသည်။ ငွေရောင် ဓားမြှောင် တစ်လက် သူမဆီသို့ လျင်မြန်စွာ ပြေးဝင်လာသည်အား တွေ့လိုက်ရ၏။
"ဘယ်သူလဲ..."
သေဆုံးတော့မည့် ခံစားချက်က သူမ ရင်ထဲ အတိုင်းသား ပေါ်ပေါက်လာသည်။ ထိုအခိုက်အတန့်တွင် ဗာနာ တစ်ယောက် နှလုံးရပ်သွားသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ရေခဲတမျှ အေးစက်သွားတော့သည်။
ထိတ်လန့် ကြောက်ရွံ့မှုများက သူမ စိတ်ကို လွှမ်းမိုးသွားပြီး အသက်ရှူရန်ပင် ခက်ခဲလာ၏။ သူမ ရှေ့တွင် မီးခိုးရောင် ဝတ်စုံ ဝတ်ဆင်ထားသော သာမန် ရုပ်ရည်နှင့် အမျိုးသမီး အစေခံ တစ်ယောက်က ရုတ်တရက် ဓားမြှောင် ဆွဲထုတ်ကာ သူမဆီ ပြေးဝင်လာခြင်းပင်။
သူမ ပတ်ပတ်လည်တွင်လည်း လူအများအပြား စုရုံးရောက်ရှိလာပြီး စူးရှသော သတ်ဖြတ်လိုစိတ်များဖြင့် သူမအား စိုက်ကြည့်နေကြသည်။
"သူတို့က ငါ့ကို သတ်ချင်နေတာလား... ဘာလို့လဲ"
ဗာနာ တစ်ကိုယ်လုံး အေးစက်နေပြီး ဗလာကျင်းနေသော ခေါင်းထဲတွင် ထိုအတွေး တစ်ခုသာ ရှိတော့သည်။ ဤလူများ၏ လှုပ်ရှားမှုမှာ အလွန် လျင်မြန်လွန်းသဖြင့် ရုတ်တရက် ကျရောက်လာသော အန္တရာယ်ကို သူမ လုံးဝ တုံ့ပြန်နိုင်စွမ်း မရှိခဲ့ပေ။ ထိုသူများ လျင်မြန်စွာ နီးကပ်လာပြီး သူမထံ ရောက်ရန် လက်တစ်ကမ်းသာ လိုတော့သည်။
ကံကောင်းစွာဖြင့် ထိုအချိန်လေးမှာပင် တစ်စုံတစ်ယောက်က ဝင်ရောက် လှုပ်ရှားလာခဲ့သည်။
လေပြေ တစ်ချက် တိုက်ခတ်သွားပြီးနောက် လက်တစ်ဖက် ဆန့်ထွက်လာကာ ထိုဓားမြှောင်ကို ရိုက်လွှင့်ပစ်လိုက်သည်။ ထို့နောက် အရပ်မြင့်မြင့် ပုံရိပ်တစ်ခုက ဗာနာ အရှေ့တွင် ဝင်ရောက် ကာကွယ်ပေးလာသည်။
ဘန်း...
ပုံရိပ်တစ်ခု လျင်မြန်စွာ နောက်သို့ လွင့်စင်သွားသည်။ ထိုအခိုက်အတန့်တွင် လုပ်ကြံသူမှာ နောက်သို့ ပြင်းထန်စွာ လွင့်ထွက်သွားပြီး နံရံနှင့် သွားရောက် ရိုက်မိတော့သည်။
ချင်ဟန်က လူအုပ် အလယ်တွင် တိတ်ဆိတ်စွာ ရပ်နေ၏။ လက်တစ်ဖက်ဖြင့် ဗာနာကို ဖက်ထားပြီး ညာဘက် လက်တွင်မူ ဖယောင်းတိုင် မီးရောင်အောက်၌ မှိန်ဖျော့ဖျော့ တောက်ပနေသော ငွေရောင် ဓားရှည် တစ်လက်ကို ကိုင်ဆောင်ထားသည်။ သူ့ ပတ်ပတ်လည်မှ ပုံရိပ် အနည်းငယ်က တစ်ပြိုင်နက် ပြေးထွက်လာကြပြီး ဓားဆွဲထုတ်သံများ အဆက်မပြတ် ထွက်ပေါ်လာလေပြီ။
ထိုမြင်ကွင်းကို ကြည့်ရင်း လူအများအပြားမှာ အလွန်အမင်း စိုးရိမ် ထိတ်လန့်စွာ အော်ဟစ်လိုက်ကြသည်။
နောက်တစ်ခဏတွင် ချင်ဟန် စတင် လှုပ်ရှားတော့သည်။ တိတ်ဆိတ်စွာ ရပ်နေရင်း ပတ်ဝန်းကျင်မှ လှုပ်ရှားမှုများကို အာရုံခံနေသော သူ့ အမူအရာမှာ တည်ငြိမ် အေးဆေးနေ၏။ ရုတ်တရက် မရေမတွက်နိုင်သော ဓားချက်များကို အားပြင်းပြင်း ခုတ်ပိုင်းချလိုက်ရာ ဓားချက် အားလုံးက လေပြင်းများနှင့်အတူ ဝင်ရောက်လာသမျှ တိုက်ခိုက်မှု အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
သွေးများ အရပ်မျက်နှာ အနှံ့ ပန်းထွက်သွားပြီး ပုံရိပ် အနည်းငယ်မှာ တစ်ပြိုင်နက်တည်း မြေပြင်ပေါ် ပုံကျသွားတော့သည်။
ဆူညံသံ သိပ်မထွက်ဘဲ ကိုင်လင်း တစ်ယောက် သူရဲကောင်း တစ်ဦး၏ စွမ်းအားကို ထုတ်ဖော် ပြသလိုက်ခြင်းပင်။ တိုက်ခိုက်မှု တစ်လျှောက်လုံး အပို လှုပ်ရှားမှု တစ်ချက်မျှ မပါဝင်ဘဲ ဗာနာအား လက်တစ်ဖက်ဖြင့် ဖက်ထားရင်း ထိုလုပ်ကြံသူများကို အလွယ်တကူ ရှင်းလင်းပစ်ခဲ့သည်။
ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ ချင်ဟန်အား အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။ အအေးစက်ဆုံး ဆိုသည့် လူများပင် သူတို့ မျက်လုံးများ တောက်ပသွားသည် အထိ ငေးမော ကြည့်နေမိ၏။
"ကိုင်လင်း... ငါ့မိတ်ဆွေ... မင်း အဆင်ပြေရဲ့လား"
အရှေ့ဘက်မှ ကယ်လီ၏ အသံ ထွက်ပေါ်လာသည်။ သူ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာပြီး ချင်ဟန် ရင်ခွင်ထဲရှိ ဗာနာကို မြင်လိုက်ရချိန်တွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ထို့နောက် ဖြူရော်နေသော မျက်နှာဖြင့် ချင်ဟန်ကို အကဲခတ် စစ်ဆေးတော့သည်။
End
***