"ကျုပ် အဆင်ပြေပါတယ်..." ချင်ဟန် ခေါင်းညိတ်ပြပြီး သူ့ ရင်ခွင်ထဲရှိ ဗာနာကို ငုံ့ကြည့်ကာ မေးလိုက်သည်။
"ညီမလေးရော... အဆင်ပြေရဲ့လား"
"ညီမ... ညီမ အဆင်ပြေပါတယ်"
ချင်ဟန်၏ ဖက်တွယ်ထားမှုအောက်တွင် ဗာနာ မျက်နှာလေးမှာ နီမြန်းသွားပြီး ခေါင်းညိတ်ပြလာ၏။
ချင်ဟန်က ပြုံး၍ သူမအား လွှတ်ပေးလိုက်သည်။
ဗာနာ တစ်ယောက် စိတ်လွင့်နေသူပမာ ထွက်ခွာသွားပြီး သူမ ခေါင်းထဲတွင်တော့ ဗလာကျင်းလို့နေဆဲပင်။
အစောပိုင်းက မြင်ကွင်းနှင့် ချင်ဟန်၏ တိုက်ခိုက်ခဲ့ပုံများကို ပြန်လည် တွေးတောမိတိုင်း သူမ စိတ်အာရုံများ ကင်းမဲ့သွားရသည် မဟုတ်ပါလား။
ချင်ဟန်က သူ့ အရှေ့ရှိ ကယ်လီအား တည်ငြိမ်သော အမူအရာဖြင့် ကြည့်၍...
"သူတို့ အားလုံးက သာမန်လူတွေချည်းပဲ... ပညာသင် သူရဲကောင်း တစ်ယောက်မှ မပါဘူး... ဒါပေမဲ့ သူတို့ထဲက တစ်ယောက်မှ အားနည်းမနေဘူး... အားလုံးက သေချာ လေ့ကျင့်ထားတဲ့ အထက်တန်းစားတွေပဲ... သူတို့ ဘယ်ကလာသလဲ ဆိုတာတော့ ကျုပ်လည်း မသိဘူး"
ထိုနေရာအရောက်တွင် သူ အနည်းငယ် ရှုပ်ထွေးသွားဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်မိ၏။
"သူတို့ကို စစ်ကြောရေး လုပ်ပြီးရင် ဘယ်ကလာသလဲ ဆိုတာ သိရမှာပါ" ဖြူရော်နေသော မျက်နှာဖြင့် ကယ်လီက ဒေါသတကြီး ခံပြင်းစွာ ပြောလာသည်။
ဤသည်မှာ သူ့အား လူပုံအလယ်တွင် အရှက်ခွဲလိုက်ခြင်းပင်။
ဤကပွဲကို သူကိုယ်တိုင် ဦးစီး ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဤနေရာရှိ လူအများစုမှာလည်း မှူးမတ်များ ဖြစ်ကြသည်။ သူတို့ အားလုံးမှာ အရေးပါသော နောက်ခံ အသီးသီး ရှိကြပြီး သာမန်လူများ မဟုတ်ကြောင်း သိသာ ထင်ရှား၏။
အကယ်၍ ဤကပွဲတွင် တစ်စုံတစ်ယောက်သာ တစ်ခုခု ဖြစ်သွားခဲ့လျှင် သူ ဒုက္ခရောက်ပေတော့မည်။
လူအများစုက ကိစ္စရပ်များ မည်သို့ ဖြစ်ပျက်သွားသည်ကို ဂရုစိုက်နေမည် မဟုတ်ပေ။ ကယ်လီ၏ ကပွဲတွင် လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားခဲ့သည် ဆိုသည့် အချက်ကိုသာ သိကြမည် ဖြစ်သည်။
ထိုမျှသာဆိုလျှင် သိပ်ပြီး ပြဿနာ မကြီးမားလှ။ သို့သော် လုပ်ကြံသူများက ဗာနာအား ပစ်မှတ်ထားနေကြောင်း ကယ်လီ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။
ဗာနာ၏ အထောက်အထားနှင့်သာ သူမ တစ်ခုခု ဖြစ်သွားခဲ့မည် ဆိုပါက...
ကြောက်မက်ဖွယ် ကောင်းသော နောက်ဆက်တွဲ ဆိုးကျိုးများကို တွေးကြည့်ရုံနှင့်ပင် ကယ်လီ တစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။
အကယ်၍ သူတို့သာ ဗာနာကို လုပ်ကြံ အောင်မြင်သွားခဲ့လျှင် ကူတူး တော်ဝင်မြို့တော် တစ်ခုလုံး ကသောင်းကနင်း ဖြစ်သွားနိုင်ပြီး ကယ်လီလည်း သေချာပေါက် ကံဆိုးမိုးမှောင် ကျပေလိမ့်မည်။ သူ့ဖခင် မြို့စားကြီး ကိုယ်တိုင်ပင် သူ့အား ကာကွယ်ပေးနိုင်မည် မဟုတ်ချေ။
ကံကောင်းစွာဖြင့် သူရဲကောင်း ကိုင်လင်း ဤနေရာတွင် ရှိနေခဲ့၍သာ...
ထိုအခိုက်အတန့်တွင် ချင်ဟန်နှင့် မိတ်ဆွေ ဖြစ်ခွင့်ရပြီး ဤနေရာသို့ ဖိတ်ခေါ်နိုင်ခဲ့သည့် အတွက် ကယ်လီ အလွန်အမင်း ကံကောင်းသည်ဟု ခံစားလိုက်ရ၏။
သို့မဟုတ်ပါက အခြေအနေများ အလွန် ဆိုးရွားသွားပေလိမ့်မည်။
ထိုလုပ်ကြံသူများ၏ စွမ်းဆောင်ရည် အရသာဆိုလျှင် ချင်ဟန်ကဲ့သို့ သူရဲကောင်း တစ်ဦး ပါဝင် လှုပ်ရှားခြင်း မရှိပါက အချိန်မီနိုင်တော့မည် မဟုတ်ပေ။
ထိုအချက်ကို တွေးမိသည်နှင့် ချင်ဟန်မှာ သူ့အတွက် ပို၍ အရေးပါသော သူတစ်ယောက် ဖြစ်လာခဲ့လေပြီ။
"ဒီအခြေအနေ ကြည့်ရသလောက် ကပွဲ ဆက်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး ထင်တယ်"
ချင်ဟန်က ကယ်လီကို ကြည့်ရင်း ခပ်ဟဟ ပြုံး၍...
"ဒီလိုမှတော့ ကျုပ် အရင် ပြန်နှင့်တော့မယ်"
"ကောင်းပါပြီ" ကယ်လီ ခေါင်းညိတ်လိုက်ပြီး... "မင်းရဲ့ အကူအညီအတွက် အရမ်း ကျေးဇူးတင်ပါတယ်... အခုချိန်က စကားပြောဖို့ သိပ်မကောင်းသေးဘူးလေ..."
"ရက်အနည်းငယ် နေရင် မင်းကို သေချာ ကျေးဇူးဆပ်ဖို့ ငါကိုယ်တိုင် လာလည်ပါ့မယ်" သူက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
ချင်ဟန် ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီးနောက် လူတိုင်း၏ လေးစား အားကျနေသော အကြည့်များအောက်တွင် လှည့်ထွက်လာခဲ့တော့သည်။
မထွက်ခွာမီလေးတွင် ချင်ဟန်က ထောင့်တစ်နေရာဆီသို့ တိတ်တဆိတ် လှမ်းကြည့်လိုက်သေး၏။
ဖယောင်းတိုင် မီးရောင်များမှာ သိပ်မလင်းလှသဖြင့် ထိုထောင့်နေရာလေးမှာ မှိန်ဖျော့နေပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် မဖြစ်နိုင်ပေ။
သို့သော် ချင်ဟန်၏ အမြင်အာရုံဖြင့်မူ အဝေးမှနေ၍ ရှင်းလင်းစွာ မြင်တွေ့နိုင်စွမ်း ရှိသည်။
သူ့အား ငေးကြည့်နေသော မိန်းကလေး တစ်ယောက် ရှိနေပြီး သူမ ထွက်မသွားသေးချေ။
ထိုအကြည့်ကို အာရုံခံမိသော်လည်း ချင်ဟန် စိတ်ထဲမှသာ ပြုံးလိုက်ပြီး ရပ်မနေတော့ဘဲ တိုက်ရိုက်ပင် ထွက်ခွာလာခဲ့သည်။
"မင်းသမီး... သူ ထွက်သွားပါပြီ" အစေခံမလေးက ဖြူရော်နေသော မျက်နှာဖြင့် သတိပေးလာသည်။
ဗာနာ တစ်ယောက် သူမ အကြည့်ကို တွန့်ဆုတ်စွာ ရုပ်သိမ်းလိုက်၏။
"ငါ သူ့ကို ထပ်တွေ့နိုင်ဦးမယ် ထင်လား" သူမ အရှေ့ရှိ အစေခံမလေးအား ကြည့်ကာ မေးလိုက်သည်။
အစေခံမလေးမှာ ခဏတာ တွေဝေသွားပြီးမှ...
"မင်းသမီးက ဘုရင်မင်းမြတ်ရဲ့ သမီးတော်ပဲလေ... ခေါ်ယူ တွေ့ဆုံချင်တဲ့ သူမှန်သမျှကို တွေ့ခွင့် ရှိပါတယ်... ဒါပေမဲ့ မင်းသမီးက ငယ်ရွယ်သေးတော့ အမျိုးသားတွေနဲ့ သီးသန့် တွေ့ဆုံဖို့က သိပ်မသင့်တော်လှဘူးပေါ့"
"ဘာပဲဖြစ်ဖြစ် မင်းသမီးဘက်က ဆန္ဒရှိနေသရွေ့တော့ အနာဂတ်မှာ အခွင့်အရေးတွေ အမြဲတမ်း ရှိနေမှာပါ"
"ဒါလည်း ဟုတ်တာပဲ" ဗာနာ ခေါင်းညိတ်ပြီး နောက်ဆုံးတွင် ခပ်ရေးရေး ပြုံးလိုက်တော့သည်။
"အခွင့်အရေးဆိုတာ အမြဲတမ်း ရှိနေမှာပါ"
...
"ဒီည ငါ့ရဲ့ လုပ်ရပ်တွေက ဘယ်လောက်ထိ ထိရောက်မှု ရှိမလဲ မသိဘူး..."
မြင်းလှည်းပေါ်တွင် ထိုင်ရင်း ချင်ဟန်က တည်ငြိမ်သော အမူအရာဖြင့် ကိုယ်တွေးနှင့်ကိုယ် နစ်မြောနေမိသည်။
ဤကပွဲတွင် သူ ထင်မှတ်ထားသည်ထက် များစွာ ပိုအကျိုးအမြတ် ရရှိခဲ့လေပြီ။
ဤကပွဲသို့ သူ လာရောက်ခဲ့ခြင်းမှာ လူအချို့နှင့် မိတ်ဖွဲ့ရန်၊ သူ့ ပုံရိပ်ကို မြှင့်တင်ရန်နှင့် ဖြစ်နိုင်ပါက စီးပွားရေး ကိစ္စရပ်အချို့ ဆွေးနွေးရန်သာ ဖြစ်သည်။
ရည်မှန်းချက်ကောင်း တစ်ခုကို သိကျွမ်းခွင့် ရခဲ့ရုံသာမက သူ့စွမ်းရည်များကိုပါ ထုတ်ဖော် ပြသခွင့် ရလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။
လက်နက် တစ်ခုက မည်မျှပင် ကောင်းမွန်နေပါစေ အသုံးပြုရန် အခွင့်အရေး မရှိပါက အသုံးဝင်မည် မဟုတ်ချေ။
ချင်ဟန်မှာ သူရဲကောင်း တစ်ဦး ဖြစ်ပြီး သာမန်လူများထက် များစွာ သာလွန် အစွမ်းထက်နေသော်ငြား သူ့စွမ်းအားကို ပြသရန် အခွင့်အရေး မရှိခဲ့လျှင် သူ မည်မျှ အစွမ်းထက်ကြောင်း မည်သူကမျှ နားလည်နိုင်မည် မဟုတ်ပေ။
ယခုမူ ချင်ဟန်က သူ့ စွမ်းအားကို ထုတ်ဖော် ပြသနိုင်ခဲ့ပြီး ထိုသည်က အခြားသူများအား သူ့အပေါ် ပိုမျက်နှာသာ ပေးလာစေလိမ့်မည်။
ထိုအထဲတွင် ချင်ဟန် ကယ်တင်ခဲ့သော ဗာနာနှင့် ကယ်လီကဲ့သို့ လူများလည်း အပါအဝင်ပင်။
ချင်ဟန် အတွက်တော့ ဤသည်မှာ သူ့ အကြီးမားဆုံးသော အမြတ်အစွန်း ဖြစ်သည်။
အိမ်ပြန်ရောက်ပြီးနောက် ဗာနာ၏ စစ်မှန်သော အထောက်အထားကို စုံစမ်းရန် ချင်ဟန် ဆုံးဖြတ်ထားလိုက်သည်။
ရလဒ်များ ထွက်ပေါ်လာပြီးနောက် မည်သို့ ရှေ့ဆက်ရမည်ကို သူ ဆုံးဖြတ်ရပေမည်။
အကယ်၍ သူမသာ ချင်ဟန်၏ စံနှုန်းများနှင့် ကိုက်ညီနေပါက သူမအား သိကျွမ်းနိုင်ရန် ကိုယ်တိုင် အစပြု ကြိုးစားကြည့်ကောင်း ကြိုးစားကြည့်လိမ့်မည်။
မြင်းလှည်းပေါ်တွင် အထီးကျန်စွာ ထိုင်လိုက်ပါလာရင်း ချင်ဟန် တစ်ယောက် အတွေးပေါင်းစုံကို အဆက်မပြတ် စဉ်းစားနေမိတော့သည်။
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားခဲ့၏။
မကြာမီမှာပင် လဝက်ခန့် အချိန် ကြာမြင့်သွားခဲ့လေပြီ။
လွန်ခဲ့သော လဝက် အတောအတွင်း ချင်ဟန်က အတော်လေး တည်ငြိမ်စွာ ပြုမူနေထိုင်ခဲ့ပြီး သာမန်အတိုင်းပင် ရှိနေခဲ့သည်။ စာသင်တန်းများ တက်ခြင်း သို့မဟုတ် သိုင်းပညာ လေ့ကျင့်ခြင်းတို့ဖြင့် အလွန် လုံ့လဝီရိယ ရှိပုံရ၏။
ဤကာလ အတွင်း၌ ထိုညက ချင်ဟန်၏ လုပ်ရပ်များအပေါ် ရလဒ်များက ထင်ရှားစွာ ပေါ်ထွက်လာခဲ့သည်။
အချိန်တို အတွင်းမှာပင် ချင်ဟန်မှာ ပို၍ နာမည်ကျော်ကြားလာခဲ့ပြီး သူ့ ရဲရင့်မှု သတင်းများက ကူတူး တိုင်းပြည်၏ မှူးမတ် အသိုင်းအဝိုင်း တစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့လေပြီ။ ထိုညက ချင်ဟန်၏ လုပ်ရပ်များ အကြောင်းကို ဤနေရာရှိ လူမည်မျှလောက်က သတင်းဖြန့်ခဲ့ကြသည်ကို မည်သူကမျှ မသိနိုင်ချေ။
ချက်ချင်းပင် ချင်ဟန်၏ ဂုဏ်သတင်းမှာ ပိုကြီးမားလာခဲ့တော့သည်။
ထိုအချိန် အတောအတွင်း ကယ်လီက ချင်ဟန်ထံ လာရောက် လည်ပတ်ခဲ့ပြီး ကိစ္စတစ်ခု ပြောပြလာခဲ့သည်။ သူ ထိုလုပ်ကြံသူများ၏ နောက်ခံကို ရှာတွေ့ခဲ့ပြီ ဖြစ်ကြောင်းပင်။
အံ့အားသင့်စရာ ကောင်းသည်မှာ ထိုလုပ်ကြံသူများက ကူတူး တိုင်းပြည်မှ လာရောက်ခြင်း မဟုတ်ဘဲ အိမ်နီးချင်း တိုင်းပြည်ရှိ နာမည်ကြီး လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်း တစ်ခုမှ ဖြစ်နေခြင်းပင်။
ကယ်လီနှင့် အခြားသူများကို လုပ်ကြံရန် သူတို့ ငှားရမ်းခံခဲ့ရခြင်း ဖြစ်သည်။
ထိုသည်မှာ ကယ်လီ၏ ရှင်းပြပုံ သက်သက်သာ ဖြစ်ကြောင်း သေချာလှ၏။
လက်တွေ့တွင်မူ ချင်ဟန်က အမှန်တရားကို သိထားပြီး ဖြစ်သည်။
ထိုလုပ်ကြံသူများ သတ်ဖြတ်ချင်သော ပစ်မှတ်မှာ ဗာနာဟု ခေါ်သော မိန်းကလေးသာ ဖြစ်ကြောင်း သိသာ ထင်ရှားနေသည် မဟုတ်ပါလား။
ကယ်လီမှာ သူတို့၏ လုပ်ကြံမည့် စာရင်းထဲ ပါဝင်နေသည့်တိုင် ဗာနာလောက် အရေးပါမည် မဟုတ်ပေ။
End
***